အပိုင်း ၇၉၇-၇၉၈
Viewers 36k

Part 797


ချီးးးလင်းလန်၏ရင်ထဲတွင် ဒုန်းခနဲအသံမြည်သွား၏။ သွေးများက ခေါင်းဆီထိုးတက်လာကာ သူမကိုယ်က မသိမသာတုန်ရင်လာလေသည်။ သို့သော်ငြား သူမအသံက ချော့မွေ့နေဆဲဖြစ်ကာ မသိလျှင် ပုံမှန်အတိုင်းတည်ငြိမ်နေသလိုပင်။


လင်းလန်:“ ပြန့်လောင်ရှီး ရှင်ရဲ့ အသိအမှတ်ပြုပေးမှုအတွက် ကျေးဇူးတင်ပါတယ်၊ ဒါကကျွန်မတို့ စန်းဝမ်အတွက် အခွင့်အရေးတစ်ခုပါဘဲ။ ရှင်ကသူ့ရဲ့ ပင်စည်ကြီးပါ။အဲ့ဒါက ..”


သူမခနရပ်လိုက်သည်။ တစ်ဖက်တွင်လူအများကြီးရှိနေသောကြောင့် စိတ်လှုပ်ရှားနေကြသည်ကို သူမကြားနေရ၏။


သူမ ခွင့်မပြုဘူးလား။


လင်းလန်က ဆက်ပြော၏။


“ပြန့်လောင်ရှီး စန်းဝမ်ကငယ်သေးတယ်၊ ကျွန်မတို့ငယ်ငယ်တုန်းကလဲ နည်းနည်းပါးပါးတော့ စိတ်ရှုပ်ခဲ့ကြတာဘဲလေ။ ကိုယ့်ကိုကိုယ်သိပ်ဂရုမစိုက်တတ်ကြဘူး။  နည်းပြ ရှင်သူ့ကိုအာရုံစိုက်ပေးမှရမယ်နော်။ နိုင်ငံခြားကိုသွားတဲ့အခါ ပျောက်မသွားစေပါနဲ့”


“စိတ်မပူပါနဲ့ နောက်ကလိုက်ဖို့ အထူးဝန်ထမ်းတွေခေါ်ထားသလို ဘာသာပြန်ပေးသူတွေလည်း ပါပါတယ်”


လင်းလန်က သိသော်လည်း မေးရမည်ဖြစ်သည်။ နည်းပြက စိတ်လွင့်သွားတာမျိုးလည်းဖြစ်သွားနိုင်၏။


နည်းပြက ရယ်လိုက်သည်။


“ဒီတကြိမ် မိဘတွေကို ဖုန်းခေါ်လိုက်တာက ခွင့်ပြုချက်တောင်းမလို့ပါ။ နောက်ဆက်တွဲ စားစရာတံဆိပ်ခေါင်းနဲ့  ထောက်ပံ့ကြေးတွေကိုတော့ စီရင်စုအားကစားကျောင်းက အကြီးအကဲတွေ လုပ်ပေးပါလိမ့်မယ်။ ဟန်ဝမ်မင်က တကယ်တော်တဲ့ ကျောင်းသားတစ်ယောက်ပါ၊ အဲ့ဒါကြောင့် ကျွန်တော်သူ့ကို စားစရာတံဆိပ်ခေါင်းနဲ့  ထောက်ပံ့ကြေးပေးဖို့ စီစဉ်ထားတယ်၊သူက တလကို စားစရာတံဆိပ်ခေါင်း 34ကတ်တီနဲ့......”


စားစရာတံဆိပ်ခေါင်းနှင့်  ထောက်ပံ့ကြေးအများကြီးဖြစ်သော်ငြား လင်းလန်က အလွန်စိတ်မလှုပ်ရှားနေပေ။


သူမသိချင်မိသည်။ စန်းဝမ်ကို ရေပေးကူးလိုက်ခြင်းသည့် သူဝါသနာပါ၍ဖြစ်ကာ ထောက်ပံ့ကြေးကြောင့် မဟုတ်ပေ။ ဒီလိုအဖိုးတန်တဲ့ ဖုန်းပြောချိန်လေးမှာ ရှင်ကဘာလို့စန်းဝမ်နဲ့ ပေးမပြောတာလဲ။ အဲ့ဒီအကြောင်းတွေ ပြောမနေနဲ့။


နည်းပြပြန့်ပြောပြီးသည်အထိ စောင့်လိုက်ပြီးနောက် လင်းလန်က ပြောရန်အချိန်ရလာ၏။


“ ပြန့်လောင်ရှီး ကျွန်မသားနဲ့ပေးပြောလို့ရမလား”


သူက လင်းလန်ကို ခနစောင့်ခိုင်းလိုက်သည်။


လင်းလန်နားစွင့်ထားသော်လည်း တစ်ဖက်တွင် ဘာအသံမှမကြားရပေ။ စကားပြောခွက်ကို အုပ်ထားသည့်ပုံပေါ်၏။


မကြာခင်တွင် ဖုန်းခွက်ကိုပြန်ကိုင်လိုက်ရာ စန်းဝမ်၏စူးရှရှအသံကို ကြားလိုက်ရလေသည်။


“မားမား သားက သတိရနေတာ”


လင်းလန်နားအူသွားကာ နားကိုအုပ်လိုက်ရသည်။

“ သားလေး အသံလျော့ပြောလေ”


စန်းဝမ်က ချက်ချင်းပင် အသံသေးသေးလေးဖြင့် ပြောလာ၏။


“ မားမား သားသိတယ် သားကိုတိုးတိုးလေးပြောပြ၊ သားလည်းတိုးတိုးလေးပြောမယ် သူတို့ကြားရမှာ မဟုတ်ဘူး”


သူမသား၏ မြေအောက်လောက ခေါင်းဆောင်လို အသံကိုကြားလိုက်ရသောအခါ စိတ်ရှုပ်ထွေးသွား၏။


“.......ဘာဖြစ်လို့လဲ”


လင်းလန်:“ သားလေး အခုကစီရင်စုမြို့တော်ကိုသွားတော့မှာပေါ့၊ ကောင်းကောင်းစား၊ကောင်းကောင်းအိပ်ရရဲ့လား”


“မားမား သားကကောင်းကောင်းစားနေပါတယ်။မားမားလည်း အိမ်မှာ ကောင်းကောင်းစားသင့်တယ်”


စန်းဝမ်အသံတွင် ငိုသံများစွက်လာ၏။


လင်းလန်:“ မားမားက အဆင်ပြေပါတယ်။ တစ်နေ့သုံးကြိမ်ကောင်းကောင်းစားတယ်။ သားအိပ်တဲ့အခါမှ သတိထားဦးနော် အပေါ်ကုတင်မှာ မအိပ်နဲ့၊ အောက်ကုတင်မှာဘဲအိပ်”


“မားမား သားကကောင်းကောင်းအိပ်တတ်နေပါပြီ ပြုတ်မကျတော့ဘူး”


စန်းဝမ်က အသံတိုးတိုးဖြင့်ပြောလာ၏။


“ မားမား အခုဆို သားရဲ့ထောက်ပံ့ကြေးက တိုးလာပြီ၊ ကောင်းကောင်းစားလို့ရတယ်။ သားထောက်ပံ့ကြေးတွေ ပြန်ပို့လိုက်မယ်။ သွားယူဖို့ သတိရဦးနော်။ 56ယွမ်နဲ့ စားစရာကူပွန် 34ကတ်တီရှိတယ်၊ သွားယူဖို့ မမေ့ရဘူးနော် အခြားသူတွေယူသွားမှာကြောက်ရတယ် ”


လင်းလန်က ပြုံးလိုက်မိသည်။


“ သားအဖေက ပြည်သူ့လုံခြုံရေးဗျူရိုကပါ၊ ဘယ်သူယူရဲမှာလဲ။ သားကမြို့တော်ကို သွားရမယ့်အပြင် နိုင်ငံခြားကိုလည်း သွားရဦးမယ်။ မြို့တော်ကိုသွားဖို့ လိုချင်တာရှိရင် ဝယ်သွားလေ၊ ကိုယ့်ကိုကိုယ်အငတ်မထားနဲ့”


စန်းဝမ်က ငိုချမိတော့မည်ဖြစ်သည်။


လင်းလန်က သူအိမ်လွမ်းနေသည်ဟု ထင်သောကြောင့် အလျင်အမြန်နှစ်သိမ့်လိုက်သည်။


“သားမြို့တော်ကို ဘယ်အချိန်သွားမှာလဲ။ မားမား သားအတွက်ဆွယ်တာထိုးပေးထားတယ်။ ဒီနှစ်ရက်အတွင်းမှာ ပို့လိုက်မယ်နော်”


“မားမား ချည်မထိုးနေပါနဲ့တော့။ ပင်ပန်းတယ်လေ သားမှာ ဝတ်စရာရှိပါတယ်”


လင်းလန်:“ မားမား ထိုးလို့ပြီးတော့မှာပါ အနားသတ်ဖို့ဘဲကျန်တော့တာ။ မားမားသားအတွက် ထိုးပေးထားတာက အခြားသူတွေဝတ်လို့မရဘူးနော်၊ တော်မှာ မဟုတ်ဘူး”


လင်းလန်က သူမတစ်ဝက်ဘဲ ထိုးရသေးသည်ဟု ပြောရန် ရှက်နေမိ၏။ သေချာပေါက်ပင် သူမပြီးလုနီးပါးဖြစ်နေပြီဟုကြားလိုက်ရသောအခါ စန်းဝမ်ကသဘောတူလာ၏။


သူက လိပ်စာတောင်းကာ လင်းလန်ကိုပြန်ပြောပြလိုက်သည်။ အထူးသဖြင့် စာတိုက်ကုဒ်ဖြစ်သည်။


“မားမား ဗိုက်ပြည့်အောင်စားရမယ်နော် ဗိုက်ဆာမခံနဲ့”


လင်းလန်က စန်းဝမ်ငိုနေသည်ကိုကြားလိုက်ရသောအခါ သူမကိုယ်သူမမထိန်းနိုင်တော့ပေ။


“ မားမားလည်း သားကို သတိရနေတာ။

ကြိုးစားပြီးလေ့ကျင့်နော်၊ နိုင်ငံခြားသွားရင် ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့မမေ့နဲ့ ၊ တစ်ခုခုလုပ်စရာရှိရင် နည်းပြကိုပြောနော်။ လျှောက်သွားမနေနဲ့။ နိုင်ငံခြားသားတွေက သားပြောတာကို နားလည်ကြမှာမဟုတ်ဘူး၊ တတ်နိုင်သလောက် ဘာသာပြန်ကြည့်.......”


ဤအချိန်တွင် တစ်ဖက်မှ စန်းဝမ်ကို လောဆော်လာ၏။


နည်းပြပြန့်က သူ့ကိုအချိန်ပြည့်နေပြီဖြစ်ကာ လုပ်ရိုးလုပ်စဉ်များကို လုပ်ရတော့မည်ဟု အချက်ပြလာ၏။


စန်းဝမ်က ခေါင်းညိတ်ပြလိုက်ကာ လင်းလန်ကိုတိုးတိုးပြောလိုက်သည်။


“ မားမား အချိန်ကျလာရင် ထျန်းအန်မန်ရင်ပြင်ကိုပို့လိုက်မယ်”


လင်းလန်က ထျန်းအန်မန်ရင်ပြင်၏ဓာတ်ပုံဟုထင်သွားသည်။


“ သားလိမ္မာလေး မားမားက အဲ့ဒါကိုသဘောကျတယ်”


အခုချိန်တွင် လူတိုင်းကထျန်းအန်မန်ရင်ပြင်ရောက်ဖူးသည်ကို အလွန်ဂုဏ်ယူကြ၏။


“ မားမား ကောင်းကောင်းစားနော်၊ အသားလည်းဝယ်စား....”


သူကဖုန်းမချခင် ပြောသွား၏။


ဖုန်းချလိုက်ပြီးနောက်တွင် လင်းလန်ကအနည်းငယ်စိတ်ငြိမ်းချမ်းသွားသလို ခံစားလိုက်မိသည်။ သူမ၏ကလေးက အခုလိုအသက်ငယ်ငယ်လေးတွင် စီရင်စုမြို့တော်ဆီရောက်သွားကာ အာရှအားကစားပြိုင်ပွဲ၌ ဝင်ပြိုင်မည်ကို တွေးကြည့်လိုက်သောအခါ  အမှန်မဟုတ်သလို ခံစားနေရသည်။ စန်းဝမ်ကဘယ်လိုတောင်တော်နေတာလဲ။ သို့သော် တွေးကြည့်လိုက်ပါက သူ၏အတိတ်ဘဝတွင်လည်း တကယ်တော်ခဲ့၏။ သူက ပရော်ဖက်ရှင်နယ်အားကစားသမားများနှင့် ယှဉ်မည်ဆိုလျှင်တောင် မရှူံးနိမ့်နိုင်ပေ။


စန်းဝမ်က အံ့ဩစရာကောင်းလိုက်တာ။


လင်းလန်က ကိုယ့်ကိုကိုယ်အားပေးလိုက်သည်။ အာရှအားကစားပြိုင်ပွဲက တရုတ်ပြည်တွင် ထုတ်လွင့်ပါ့မလား ဆိုတာကို သူမမပြောနိုင်ပေ။


အိုးးး အိမ်ပြန်ပြီး ဆွယ်တာထိုးရဦးမှာဘဲ။ နှစ်ရက်အတွင်း ပြီးအောင်လုပ်ပြီး နောက်တစ်နေ့ကျပို့ရမှာ။ ထိုအချိန်တွင် သူမနှင့်တော်လှန်ရေးကော်မတီကြား ဆက်ဆံရေးကို အခြေခံကာ ပို့ခိုင်းလိုက်၍ရ၏။ သာမာန်ပို့ဆောင်မှုများထက် ပိုမြန်မည်ဖြစ်ကာ ရထားနှင့်ဆိုပါက နှစ်ရက်အတွင်း ရောက်သွားနိုင်၏။


သူမက အခြားအရာများကို ဂရုမစိုက်နိုင်တော့ဘဲ ဆွယ်ထားထိုးရန်ပြန်လိုက်သည်။ဒီရက်ပိုင်းအတွင်းတွင် အလွန်အလုပ်များနေသောကြောင့် ကလေးများကိုလည်း ကောင်းကောင်း ချက်မကျွေးဖြစ်ချေ။ ဟန်ချင်စုန့်က ကောင်တီတွင် ဘယ်လိုအခြေအနေရှိသည်ကိုလည်း မသိရသေးပေ။


ထို့ကြောင့် သူမက ထောက်ပံ့ရေးနှင့် ဈေးကွက်တင်ပို့ရောင်းချရေးသို့သွားကာ သားသတ်သမားအသင်းတွင် အသားဝယ်လိုက်သည်။


စန်းဝမ်က သူ့ကို အသားစားခိုင်းလာ၏။ ဒီကလေးကတော့လေ။


Xxxxxx

Part 798


သို့သော် သူနှင့်ဖုန်းပြောလိုက်ရသဖြင့် လင်းလန်ပျော်နေ၏။


သူမက အာရှအားကစားပြိုင်ပွဲကျင်းပသည့် နိုင်ငံထိရောက်သွားနိုင်လောက်အောင် အလွန်ပျော်နေခဲ့ပေသည်။


ဒါကြောင့်မလို့ ဂုဏ်ပြုပွဲလုပ်သင့်တယ်။


အခြားတစ်ဖက်တွင် တော်လှန်ရေးကော်မတီ၊ စီရင်စုအားကစားကျောင်း၌ စန်းဝမ်ကငိုနေ၏။


“ သားမားမားက သားကိုအရမ်းချစ်တာဘဲ မိသားစုကစားသောက်ဖို့ မတတ်နိုင်တာတောင်မှ သားအတွက် ဆွယ်တာထိုးပေးနေသေးတယ်၊ ရေကောင်းကောင်းကူးပြီး သားအဆင့်တွေကိုပြန်ယူရမယ်”


နည်းပြပြန့်က အခြေအနေကို နားမလည်နိုင်ပေ။ မသိပါစန်းဝမ်မိသားစုက ဆင်းရဲလွန်း၍ သူ့ကိုဒီပို့လိုက်ခြင်းဖြစ်သည်ဟု ထင်သွားနိုင်သော်လည်း သူတော့ မထင်ပေ။ စန်းဝမ်၏ဖခင်က ပြည်သူ့လုံခြုံရေးဗျူရိုမှ ညွှန်မှူးတစ်ယောက်ဖြစ်သည်ကို သူသိထား၏။


ညွှန်မှုးမိသားစုကလည်း မစားနိုင်၊မသောက်နိုင်ဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။


ဘယ်လိုတောင် ကောင်းတဲ့ကေဒါလဲ ။


“ စန်းဝမ်ရာ လုပ်စမ်းပါကွာ၊ ဒီတစ်ကြိမ်မှာ မင်းအရွေးခံရရင် စားစရာကူပွန်နဲ့ ထောက်ပံ့ကြေးက တဖြေးဖြေးမြင့်လာမှာနော်၊ ဆုလည်းရဦးမှာ”


စန်းဝမ်က မျက်ရည်သုတ်လိုက်သည်။

“ သားကြိုးစားမှာပါ နည်းပြ၊ စိတ်မပူပါနဲ့။ ”


သူ့ကိုယ်ထဲရှိသွေးများက ဆူပွက်တော့မလိုဖြစ်နေ၏။


နည်းပြပြန့်က သူ့ကိုထုပ်ပိုးခိုင်းလိုက်ကာ 

“ငါတို့ မြို့တော်ကိုသွားရတော့မယ်၊ တစ်လလေ့ကျင့်ရေးဆင်းပြီးရင် တီဟီရန်မြို့ကို သွားရမယ်”


“ ဒီနေ့သွားတော့မှာလား”


စန်းဝမ်က စိတ်ရှုပ်သွား၏။


“ ကျွန်တော့်မားမားက စွယ်တာတစ်ထည် ပို့ပေးမလို့တဲ့။ စွယ်တာကို ကျွန်တော်မယူရင် မားမားက ထမင်းမစားချင်ဖြစ်သွားလိမ့်မယ်”


နည်းပြပြန့်“ ဘာမှမဖြစ်ပါဘူး မင်းဆွယ်တာရောက်လာရင် နည်းပြချူးကို မြို့တော်ဆီယူလာခိုင်းလိုက်မယ်”


သူတို့က  အချိန်ပိုင်းလောက်တော့ ချူယွင်ဖုန်းကို မြို့တော်သို့ခေါ်ထားရပေလိမ့်မည်။ စန်းဝမ်နှင့် နည်းပြသစ်အသားကျလာရန် သူကူညီပေးမှဖြစ်ပေမည်။


စန်းဝမ်က စိတ်သက်သာရာရသွား၏။


“ ကျေးဇူးပါနည်းပြ၊ နည်းပြက အရမ်းကောင်းတာဘဲ။ မြို့တော်ရောက်ရင် ထျန်းအန်မန်ရင်ပြင်ကို လိုက်ပို့ပေးလို့ရမလား၊ မားမားဆီပို့ပေးချင်လို့”


နည်းပြပြန့်ကရယ်ကာ ပြန်ပြော၏။

“ ဟုတ်ပါပြီ၊ ထျန်းအန်မန်ရင်ပြင်မှာ ဓာတ်ပုံရိုက်လို့ရတယ်”


စန်းဝမ်က ရင်ထဲတွင် ရေရွတ်လိုက်သည်။


ငါသာသမ္မတမော်နဲ့ ဓာတ်ပုံရိုက်လိုက်ရင် မားမားတော့ အရမ်းပျော်သွားမှာဘဲ။


အစပိုင်းတွင် သူကအိမ်လွမ်းသောကြောင့် မြို့တော်ဖြစ်စေ၊ နိုင်ငံခြားဖြစ်စေ  မသွားချင်သော်လည်း အခုချိန်တွင်မူ အရိုက်ခံရမည်ဆိုလျှင်တောင်မှ အာရှအားကစားပြိုင်ပွဲသို့ရောက်အောင်သွားကာ ဘယ်လိုပုံစံရှိသည်ကို ကြည့်မှာဖြစ်သည်။


နည်းပြပြန့်က ဒီရိုးသားသောကလေးကို တကယ်သဘောကျမိသည်။ သူကလူကောင်ကြီးကာ ထက်မြက်သော်လည်း ထက်မြက်နေသည့်အပြင် စိတ်ရှုပ်ထွေးနေပုံပေါ်၏။ သို့သော် ဘယ်ကိစ္စတွင်မဆို ဒီကလေးက စစ်မှန်ကာ ကြင်နာတတ်သည်ဟု သူ့ကိုခံစားစေမိသည်။ လူတစ်ကိုယ်လုံးက အတွင်း၊ အပြင်မကျန် ကြင်နာတတ်သောသဘောထားရှိနေလေသည်။


သူသဘောကျတယ်။


နည်းပြပြန့်က ဤကဲ့သို့ ရေကူးတတ်သည့် မျိုးစေ့ကောင်းလေးကို ရှာလိုက်နိုင်သဖြင့် အလွန်ဂုဏ်ယူနေမိသည်။ ယနေ့ခေတ်တွင် ပြည်တွင်းရေကူးသမားများက လုံလောက်အောင်မတော်ကြကာ ပြိုင်ဆိုင်လိုစိတ်လည်း မရှိကြပေ။ ထို့ကြောင့် ခရိုင်Dတွင် ငါးပျံလေးဟုခေါ်သည့် ရေကူးသမားရှိသည်ကို ကြားလိုက်ရသောအခါ နည်းပြပြန့်က အလွန်သိချင်မိသွား၏။ ထို့ကြောင့် စီရင်စုအားကစားကျောင်းနှင့် ဆက်သွယ်ကာ သတင်းစုံစမ်းခိုင်းလိုက်ခြင်းဖြစ်သည်။


အမှန်တွင် သူက ဤကလေးအား အခြေအနေဘယ်လိုရှိသည်လောက်ကို လာကြည့်ခြင်းဖြစ်သည်။ သို့သော် စန်းဝမ်၏ လေ့ကျင့်ရေးနှင့် စံချိန်များကို မြင်လိုက်ရပြီးနောက်တွင် သူ့ကိုမေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူ့ကို လောကကြီးနှင့် ထိတွေ့ရန် ခေါ်သွားပေးရုံသာမ အာရှအားကစားပြိုင်ပွဲကိုပါ ဝင်ပြိုင်စေချင်မိသည်။


အမျိုးသားအသင်း၏ လူဦးရေနှင့် ပွဲစဉ်များကို အရင်တလောတုန်းက တင်ပြထားပြီးသားဖြစ်ကာ အထူးအားကစားသမား စာရင်းကိုမူ ပြိုင်ပွဲမစခင် တစ်လအလိုတွင် ဆုံးဖြတ်မည်ဖြစ်သည်။ နည်းပြပြန့်က  ဒီကာလအတွင်းတွင် စန်းဝမ်ကို လေ့ကျင့်ပေးကာ သူ၏ရလဒ်များကို အထွေထွေ အားကစားအစည်းအရုံးသို့ ပြချင်မိသည်။ထို့နောက် စန်းဝမ်ကို ဝင်ပြိုင်ခွင့်ပြုလာလိမ့်မည်။


ဒီတစ်ကြိမ်တွင် ဆုမရနိုင်လျှင်တောင်မှ အတွေ့အကြုံရမည်ဖြစ်ကာ အနာဂတ်အတွက် အခြေခံကိုတည်ဆောက်နိုင်လိမ့်မည်။ သူက ဒီကလေးတွင် ကြီးမားသည့် စွမ်းအင်ရှိကာ အောင်ပွဲကိုရယူနိုင်မည်ဟု ယုံကြည်နေမိ၏။


ညနေခင်းတွင် နည်းပြက စန်းဝမ်ကို မှန်လုံကားအိပ်ခန်းဆီသို့ ခေါ်သွားလိုက်သည်။ သူပြုတ်ကျမှာကို တားဆီးရန် စန်းဝမ်ကို အထူးတလယ် အောက်ထပ်တွင် အိပ်ခိုင်းလိုက်သည်။ စန်းဝမ်က သွားဖို့ ဆုံးဖြတ်လိုက်သည်နှင့် ညစာစားလိုက်ကာ ကားပေါ်တက်သွားပြီး အိပ်လိုက်သည်။ ကားပေါ်ရောက်သောအခါတွင်လည်း နည်းနည်းလေးမှ စိုးရိမ်မနေပေ။


နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေ၏။


နည်းပြပြန့်က အပြင်ဘက်မှနေ၍ ကြင်နာစွာကြည့်နေလိုက်သည်။ ဒီကလေးက တကယ်အံ့ဩစရာပင်။ အသက်11နှစ်သာ ရှိသေးသော်လည်း လုပ်နိုင်စွမ်းအပြည့်ရှိ၏။ ထို့နောက် သူက စန်းဝမ်ယောင်နေသည်ကို ကြားလိုက်ရ၏။


“ ဆော့စ်ကင် တံတောင်ဆစ်၊ ခရစ်စတယ်တံတောင်ဆစ်၊ သိုးကောင်လုံးကင် မူးးးလာစမ်းပါ၊ မြန်မြန်စားလိုက်...ရှောင်ဝမ်တိတိ၊ ဖေဖေ၊.....မားမား၊ အစ်ကိုကြီး၊ အစ်မကြီး”


နည်းပြပြန့်:“...”


ဒီကလေးက တကယ်သိတတ်တာဘဲ။ အိမ်မက်ယောင်နေတာတောင်မှ သူ့မိဘတွေကို ထည့်ပြောလာတယ်။


လူကောင်းလေး။


စန်းဝမ်နိုးလာချိန်တွင် နေ့ဘက်ရောက်နေပြီဖြစ်ကာ ပေကျင်းသို့ရောက်နေ၏။ နည်းပြပြန့်က သူ့ကိုဦးဆောင်ကာ ကားတစ်စီးခေါ်ရန် စီစဉ်လိုက်သည်။


စန်းဝမ်က ဂျစ်ကားထဲတွင် ထိုင်လိုက်ကာ သူ့ပါးစပ်က မပိတ်သွားပေ။ ဂျစ်ကားက ကြီးရုံသာမက လမ်းများက ကျယ်ဝန်းကာ သန့်ရှင်းနေပြီး ပန်းများကို စီတန်းစိုက်ပျိုးထား၏။ သူ့ခေါင်းကို ထွက်ကြည့်လိုက်ရုံသာမက တစ်ကိုယ်လုံးကပါ ထွက်သွားတော့မလိုပင်။


နည်းပြပြန့်က မပြုတ်ကျစေရန် သူ့ကိုပြန်ဆွဲချလိုက်သည်။


“ စန်းဝမ် ကားစီးနေတဲ့အချိန်ဆို သတိထားလေ၊ မဟုတ်ရင် အခြစ်ခံရလိမ့်မယ်”

နည်းပြပြန့်က လမ်းဘေးရှိ သစ်ပင်များကို ညွှန်ပြလိုက်သည်။ 


စန်းဝမ်က မတော်တဆမဖြစ်စေရန်အတွက် နာခံစွာပင် ငြိမ်ငြိမ်ထိုင်လိုက်သည်။


နည်းပြပြန့်က ဒရိုင်ဘာကိုပြောလိုက်သည်။

“ဦးလေးတု ထျန်းအန်မန်ရင်ပြင်နားကနေ ပတ်မောင်းပေးပါ”


သူတို့၏ ကားလိုင်စင်က အတွင်းပိုင်းလိုင်စင်ဖြစ်သောကြောင့် ပတ်မောင်းနိုင်ခွင့်ရှိ၏။


သူတို့ ပတ်မောင်းနေစဉ်တွင် စန်းဝမ်က အဝေးကနေ မြင်သွားကာ စိတ်လှုပ်ရှားစွာပြောလာ၏။


“ တံခါး၊ တံခါး......”


Xxxxx