အခန်း (၇၂) - ဘေးအခန်းမှာ အိပ်စက်ခြင်း
သူမက သူ့ကို တစ်သက်လုံး ကိလေသာကင်းတဲ့ ဘုန်းတော်ကြီးလို ကျင့်ကြံစေချင်နေတာလား။
ထိုအကြောင်းကို စဉ်းစားရင်း ကျိုးချင်းပိုင်သည် မျက်မှောင်ကြုတ်သွားသည်။ ဒါကို လုံးဝလက်မခံနိုင်ဘူး။ လင်မယားချင်း ထိတွေ့ဆက်ဆံမှု မရှိတာက လုံးဝ ပုံမှန်မဟုတ်ဘူး။
သံသယဖြစ်စရာ မလိုဘူး။ ဒါက ပုံမှန်မဟုတ်တာပဲ။
ဒါပေမယ့် သူ့ဇနီးဖြစ်သူ၏ ခွင့်ပြုချက်ကို သူ မရသေးဘူး။
ကျိုးချင်းပိုင်သည် ကောင်းစွာ ကြီးထွားဖွံ့ဖြိုးနေသော ဝက်နှစ်ကောင်ကို ငေးကြည့်ရင်း အနည်းငယ် စိုးရိမ်လာသည်။
ကျိုးချင်းပိုင်တစ်ယောက်တည်း စိုးရိမ်ပူပန်နေတာ မဟုတ်ပေ။ လင်းချင်းဟယ်က ပိုလို့တောင် စိုးရိမ်သောက ရောက်နေခဲ့သည်။ အခုတော့ အားလုံး ပြန်လည်လန်းဆန်းစိုပြေလာသည့် ရာသီအချိန်ခါကို ရောက်ရှိလာပြီ။ တမြန်နေ့က အသားသွားဝယ်ချိန်တွင် မိန်ကျဲက အသားကို ဘယ်အချိန် စပြီးယူမှာလဲလို့ သူမကို မေးမြန်းလာသည်။ အဲဒီဘက်က အဆင်သင့် ဖြစ်နေပေမယ့် ကျိုးချင်းပိုင်က သူမကို စီးပွားရေးလုပ်ခွင့်မပြုသေးဘူး။
ပြောရရင်တော့ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဒီအကြောင်းနဲ့ ပတ်သက်ပြီး အရမ်းသဘောကျနှစ်သက်သည်။ သူသည် ဤဒုက္ခအားလုံးကို ကြံ့ကြံ့ခံပြီး သူ့သဘောထားကို ဆက်လက် ထိန်းသိမ်းထားသေးသည်။ ဒါကလည်း အရည်အချင်းတစ်ခုပါပဲ။
သို့သော်လည်း သူမမှာ သူနဲ့ အချိန် ထပ်ဖြုန်းရန် အချိန်မရှိသောကြောင့် လင်းချင်းဟယ်သည် ဒီညမှာ သူ့အား ချိုမြိန်မှုအရသာ အနည်းငယ်ကို ခံစားစေပြီး သဘောတူခေါင်းညိတ်ခိုင်းရန် ကြံရွယ်ထားသည်။
ဟုတ်တာပေါ့… ရှေးခေတ်ကတည်းက ကာမဂုဏ်အာရုံသည် သူရဲကောင်း၏ သင်္ချိုင်းမြေပုံဆီသို့ ဦးတည်စေသလို ပျားရည်ထောင်ချောက် အကြံအစည်ကလည်း ဘယ်တော့မှ မကျရှုံးဘူး။ သူမက သူ့ကို အကျိုးတစ်စုံတစ်ရာ ပေးပြီး သူက သဘောတူဖို့ ငြင်းဆန်နေရင် စိတ်ပါလာအောင် မြူဆွယ်လိုက်မည်။
လင်းချင်းဟယ်သည် သူမစိတ်ထဲ၌ ဆုံးဖြတ်ချက်ချလိုက်ရင်း ကလေးများနှင့်အတူ အလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များကို ခြင်းအပြည့် ခူးထည့်နေသည်။
ဒီအလေ့ကျပေါက်သော ဟင်းသီးဟင်းရွက်များသည် အထူးသဖြင့် စားသုံးရန် သင့်တော်သလို ဝက်များကို ကျွေးမွေးရန်လည်း အထူးကောင်းမွန်ပါသည်။
နောက်ပိုင်း၌ သူတို့သည် ဝက်များအတွက် အကောင်းဆုံးအစာ ဖြစ်သော ဝက်စာများကို လိုက်ရှာနိုင်သည်။
အသင်းပိုင် ဖြစ်နေရင်တောင်မှ သူမကိုယ်ပိုင်အတွက် ဖြစ်သောကြောင့် လင်းချင်းဟယ်သည် ဝက်စာများကို စုဆောင်းရန် ဆန္ဒရှိခဲ့သည်။ အဓိက ကတော့ ကောက်ပဲသီးနှံများကို ချွေတာစုဆောင်းရန် ဖြစ်သည်။
အလေ့ကျပေါက် ဟင်းသီးဟင်းရွက်များကို ခြင်းအပြည့် ထည့်ပြီးနောက် လင်းချင်းဟယ်သည်
ကလေးများနှင့်အတူ အိမ်ပြန်လာသည်။ အချိန်က ကိုးနာရီတောင် ထိုးနေပြီ။ ထိုအချိန်တွင် ကျိုးချင်းပိုင်သည် အလုပ်ဝင်နေပြီ ဖြစ်သည်။
လင်းချင်းဟယ်သည် ဝက်သားနှင့် မုန့်ညင်းအချိုကို ရောကာ ဖက်ထုပ်လုပ်ပြီး ဒီနေ့ညစာအတွက် တစ်ချို့ကို ဖယ်ထားလိုက်သည်။ အော်ဂဲနစ်ဆားဓာတ်တစ်ချို့ ရရှိရန်အလို့ငှာ ကျန်အသီးအရွက်များအား ဝက်များကို ကျွေးလိုက်သည်။
အခုချိန်အိမ်၌ သူမ၊ လောင်အာ့နှင့် လောင်စန်းတို့သာ ရှိနေသည်။ ပြီးတော့ လောင်တကကော…?
နွေဦးရာသီမှာ ကျောင်းဖွင့်သည်နှင့် သူက ကျောင်းသွားသည်။ ကျိုးချင်းပိုင်က သူ့ကို အဖွဲ့၏ မူလတန်းကျောင်းသို့ ကိုယ်တိုင် ခေါ်သွားခဲ့သည်။
ဆောင်းရာသီအတွင်း၌ လင်းချင်းဟယ်က သူ့ကို လေ့ကျင့်ပေးထားပြီးနောက် လောင်တသည် သူ၏လက်ရှိအသိပညာဖြင့် အတန်းပညာရပ်ကို အမီလိုက်နိုင်သည်။ လင်းချင်းဟယ်က စိတ်မပူပါဘူး။
ကလေးက ကျောင်းသို့ အေးအေးချမ်းချမ်း သွားနိုင်စေရန်အတွက် သူမသည် သူ့အတွက် ကျောင်းလွယ်အိတ်ကို ချုပ်ပေးခဲ့သည်။ သူ့အဖေ၏ စစ်လွယ်အိတ်ကို သူ ဖျက်ဆီးပစ်မှာကို လင်းချင်းဟယ်က အလိုမရှိခဲ့ပါဘူး။
အသစ်စက်စက် လွယ်အိတ်သည် လောင်တအား အလွန်အမင်း ဝမ်းသာပျော်ရွှင်စေခဲ့သည်။ သူ့အမေ၏ တကျည်ကျည်ပြောဆိုခြင်း မရှိတော့ဘဲ သူသည် စာရင်းသွင်းရန် သူ့အဖေနှင့်အတူ ပျော်ရွှင်စွာ ထွက်လာခဲ့သည်။
နွေဦးရာသီအစမှ ယခုအချိန်အထိ သူသည် အလွန်ကောင်းမွန်စွာ လိုက်လျောညီထွေ ရှိလာခဲ့ပြီ။
နေ့လယ်တွင် လောင်တသည် ကျောင်းမှ ပြန်လာသည်။ တစ်ချိန်တည်းမှာပဲ ကျိုးချင်းပိုင်ကလည်း အလုပ်မှ ပြန်ရောက်လာသည်။
ဒီအချိန်ကာလမှာ အရမ်းပင်ပန်းသည်။ လင်းချင်းဟယ်သည် လောင်တကို သိပ်ဂရုမစိုက်ပေမယ့် တစ်မိသားစုလုံးကို ထောက်ပံ့ပေးနေသော ကျိုးချင်းပိုင်ကိုတော့ အလေးထားဂရုစိုက်သည်။
သူမသည် အေးမြသော မျက်နှာသစ်ရေအပြင် ရေနွေးပူပူကိုလည်း ပြင်ဆင်ပေးထားသည်။
ကျိုးချင်းပိုင် ပြန်လာကတည်းက သူ့ဇနီး၏ စိတ်သဘောထားကို သူ သိထားသည်။ သူက သူမကို ခေါင်းငုံ့ကာ ဦးညွှတ်စေချင်ရင် လုံးဝဖြစ်နိုင်ချေ မရှိပေ။
ယနေ့ သူမ၏ စဉ်းစားစရာ အပြုအမူကို အကဲခတ်ကြည့်ခြင်းဖြင့် သူမသည် တစ်စုံတစ်ခုကို တောင်းဆိုချင်နေသည်မှာ ထင်ရှားလှသည်။
သူ့ကို နောက်ဆုံးအကြိမ် တိုက်ခိုက်ရန် ရည်ရွယ်နေတာလား။ သူ့ဇနီးဖြစ်သူ၏ နူးညံ့သောဓားသွားကို သူ ခံနိုင်ရည် ရှိပါ့မလား။
ဒါပေမယ့် စိတ်ထဲတွင် ဘယ်လိုပဲ တွေးနေပါစေ အပြင်မှာတော့ သူသည် အလွန်တည်ငြိမ်ပြီး သူ့ဇနီး၏ အသေးစိတ်ဂရုစိုက်မှုကို နှစ်ခြိုက်မွေ့လျော်နေသည်။
ဝက်သားနှင့် မုန့်ညင်းအချို ဖက်ထုပ်များသည် နေ့လည်စာအတွက် ဖြစ်သည်။ တကယ့်ကို အရသာရှိပြီး လတ်ဆတ်သည်။
အခုအချိန်တွင် မုန့်ညင်းအချိုသည် တကယ့်ကို မွှေးကြိုင်ပြီး နူးညံ့သည်။ လင်းချင်းဟယ်ကလည်း စားရတာ ကြိုက်နှစ်သက်သည်။
မိသားစုသည် ဗိုက်ပြည့်သွားသောအခါ နေ့လည်ခင်း အနားယူကြသည်။ လင်းချင်းဟယ်သည် မနက်ခင်း၌ လောင်တ သင်ယူခဲ့ရသမျှကို စတင် အကဲဖြတ်ပြီးနောက် အသိပညာဗဟုသုတများကို ထပ်မံဖြည့်စွက်ပေးကာ နောက်ဆုံးတွင် သူ လုပ်ဆောင်ရန် မေးခွန်းတစ်ချို့ကို ပေးခဲ့သည်။
" အမေ… အမေက သားတို့ဆရာတွေထက် မေးခွန်းထုတ်တာ ပိုတော်တယ်လို့ သား ဘာလို့ ခံစားမိတာလဲ " ကျိုးလောင်တသည် ထိုခက်ခဲသော မေးခွန်းများကို မြင်သောအခါ သက်ပြင်းချရင်း မေးလိုက်သည်။
လင်းချင်းဟယ်က စိတ်ထဲက ပြန်ဖြေလိုက်သည်။ 'ဒါက မင်းအမေ…ငါရဲ့ ဘဝမှာ အရေးကြီးတဲ့ ကဏ္ဍတစ်ခုပဲ။ ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ငါရဲ့ စုစုပေါင်းရမှတ်က ခြောက်ရာကျော်တယ်။ ကောလိပ်ကျောင်းတက်နေတဲ့ အတောအတွင်း အလုပ်လေ့လာရေးအစီအစဉ်အောက်မှာ ပညာသင်ဆု ရရှိခဲ့တဲ့ ထိပ်တန်းပညာသင်တစ်ယောက် ဖြစ်ခဲ့တာ’
ဒါပေမယ့် လင်းချင်းဟယ်က ပြောသည်။ " အခု ပညာသင်ခွင့်ရတဲ့ အခွင့်အရေးကို တန်ဖိုးထားပါ…။ သားအမေက ဘယ်လောက်တောင် စာပြန်လေ့လာချင်နေလဲဆိုတာ သား မသိပါဘူး။ ဒါပေမယ့် သားတို့အဘိုးနဲ့အဘွားက အမေ့ကို ခွင့်မပြုပေးခဲ့ဘူး။ ဒီလောက်နည်းနည်းလေးကို အခက်အခဲတွေ အများကြီး ကြုံပြီးမှ သင်ယူခဲ့ရတာ။ ဒါကြောင့် မျက်လုံးဖွင့်ပြီး ကန်းနေသလို မဖြစ်တာပေါ့ "
ထိုအကြောင်းကို ကြားသောအခါ ကျိုးချင်းပိုင်သည် သူမကို လှမ်းမကြည့်ပဲမနေနိုင်တော့ဘူး။
သူ့ဇနီးက စာလုံးတွေကို ခွဲခြားသိနိုင်တယ်ဆိုတာ သူ အမြဲတမ်း သိထားသည်။ သူတို့တွေ လက်တွဲဖော်ဖြစ်ကာစက သူမ ဒီအကြောင်းကို ပြောပြဖူးပေမယ့် ဒီလောက်နှစ်တွေ ကြာတာတောင် သူမက သူ့ဆီ စာတစ်စောင်မှ မရေးခဲ့ဖူးဘူး။
သူ မြင်ဖူးသလိုဆိုရင် သူမရဲ့စာလုံးအရေးအသားက အရမ်းလှသည်။ အလယ်အလတ် ကောလိပ်ကျောင်းသားတစ်ဦးတောင်မှ သူမရဲ့စာလုံးတွေလို လှပအောင် ရေးနိုင်မည် မဟုတ်ပေ။
ကျိုးချင်းပိုင်က ဘာမှမပြောပေမယ့် လင်းချင်းဟယ်က သူ့အကြည့်တွေရဲ့ ဆိုလိုရင်းကို သဘောပေါက် နားလည်သည်။
လင်းချင်းဟယ်သည် ဖျတ်ခနဲလှမ်းကြည့်ရင်း ဘာမှမသိသလို အမူအယာဖြင့် နေလိုက်သည်။ သူမက ဒါကို ပြုလုပ်ခဲ့တာ မဟုတ်တာကြောင့် သူမက ဘာလို့ အပြစ်ခံယူရမှာလဲ။
ဒါပေမယ့် သူမနောက်က လူရဲ့အကြည့်တွေက ပြင်းထန်လွန်းတာကြောင့် သူမကို တုန်လှုပ်ခြောက်ခြားစေသည်။
" အခု ရာသီဥတုက အတော်လေး ပူနွေးလာပြီ။ သားတို့ညီအစ်ကိုတွေ ဘေးအခန်းမှာ အိပ်ရမယ် " လင်းချင်းဟယ်က တစ်ချက် ချောင်းဟန့်ရင်း ပြောလိုက်သည်။
ထိုစကားများ ထွက်ကျလာသည်နှင့်တစ်ပြိုင်နက် ထိုသူ၏အကြည့်က ပိုပြီး ပြင်းထန် နက်ရှိုင်းလာသည်ကို သူမ ခံစားမိလိုက်သည်။
လောင်တက ပထမဆုံး ကန့်ကွက်လာသည်။ " သား ဒီမှာပဲ အိပ်ချင်တယ် "
" ယန်ယန်က သူ့အဖေနဲ့ အမေတို့နှင့်အတူ အိပ်တယ်လို့ ပြောတာကို သား ကြားခဲ့တယ် " ဒါကတော့ လောင်အာ့၏ တုံ့ပြန်မှုဖြစ်သည်။
ယန်ယန်က အကြီးဆုံးမရီး၏သား ကျိုးယန် ဖြစ်သည်။
" ယန်ယန်မှာ ရွေးချယ်စရာ မရှိဘူးလေ။ သူတို့မှာ အနွေးကုတင်တစ်ခုပဲ ရှိတာ။ အမေတို့မှာ ကုတင်နှစ်ခုရှိတယ်။ ဘေးအခန်းက ကုတင်ကို အသုံးမပြုဘဲ ဖုန်တက်အောင် မထားသင့်ဘူးလေ " လင်းချင်းဟယ်က ရှင်းပြသည်။
" လောင်စန်းကကော " လောင်တက ထောက်ပြသည်။
" စကားကို ချောချောမွေ့မွေ့ မပြောနိုင်သေးတဲ့ ညီငယ်လေးနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာပေါ့ ဟုတ်လား " လင်းချင်းဟယ်က သူ့ကို သဘောမကျသလို ပြန်မေးလိုက်သည်။
တစ်ချိန်တည်းတွင် လောင်တသည် ပြောစရာမရှိသလို ဖြစ်သွားသည်။ သူက လောင်အာ့ကို ကန်ပြီး တစ်ခုခုပြောရန် အချက်ပြလိုက်သည်။
" အမေ… လောင်စန်းကိုပဲ ဘက်မလိုက်နဲ့လေ။ သားတို့အားလုံးကို အမေ မွေးခဲ့တာပါ " လောင်အာ့က ပြောသည်။
" ကောင်းပြီလေ… လောင်စန်းကို မင်းတို့နဲ့အတူ အိပ်ခိုင်းမယ်။ သူ အိပ်ရာပေါ် သေးပေါက်ချရင် သူ့ကို ရိုက်ရဲရိုက်ကြည့်…ငါ မင်းတို့ကို ပြန်ရိုက်မယ် " လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
သူမ ရောက်လာကတည်းက လောင်စန်းသည် အိပ်ရာပေါ် နှစ်ခါ သေးပေါက်ချဖူးသည်။ အဲဒါက နှစ်ကြိမ်ပဲ ဖြစ်ပြီး လောင်တနှင့် လောင်အာ့တို့၏ ဘောင်းဘီများကိုလည်း စွတ်စိုစေခဲ့သည်။ ညီအစ်ကိုနှစ်ယောက်သည် ဒေါသအရမ်းထွက်ပြီး လောင်စန်းကို ရိုက်ချင်ခဲ့ကြသည်။
လောင်တသည် ထိုကိစ္စကို မမေ့သေးသဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ " ထားလိုက်ပါတော့… ဒီမှာပဲ သူ အိပ်ပါစေ "
" ဒီမှာ လောင်စန်း အိပ်တာ အဆင်ပြေတယ်။ ကိုကြီးနဲ့ သားက ဘေးအခန်းမှာ အိပ်လိုက်မယ် " လောင်အာ့က ခေါင်းညိတ်ပြသည်။
လောင်စန်းသည် သူ့အမေကို ဖက်ပြီး သူ့အစ်ကိုနှစ်ယောက်နှင့်အတူ သူ မအိပ်ချင်ကြောင်း ပြသနေသည်။ သူက သူ့အမေနဲ့အတူ အိပ်ချင်နေတာ။
" ကောင်းပြီ ဒါဆို ပြေလည်သွားပြီနော် " လင်းချင်းဟယ်က ထုတ်ပြောသည်။
ထို့နောက် သူမ မော့ကြည့်လိုက်သောအခါ ကျိုးချင်းပိုင်၏ နက်နဲသောအကြည့်နဲ့ အကြည့်ချင်းဆုံမိလိုက်သည်။ လင်းချင်ဟယ်၏ နှလုံးခုန်သံသည် အနည်းငယ် မြန်ဆန်လာသည်။ တည်ငြိမ်သော မျက်နှာဖြင့် သူမက ပြောလိုက်သည်။ " ရှင်က ဘာကြည့်နေတာလဲ။ အရင်က မမြင်ဖူးဘူးလား "
" အိမ်စာကို ဘေးအခန်းမှာ သွားလုပ်လိုက် " ကျိုးချင်းပိုင်က လောင်တကို အမိန့်ပေးလိုက်သည်။
လောင်တက သူ့အဖေကို အကဲခတ် လေ့လာလိုက်သည်။ ဒီတစ်ခါတော့ မလိုက်နာရင် မဖြစ်ဘူးလို့ သူ ခံစားမိပြီး ချက်ချင်း အိမ်စာများကို သိမ်းယူလိုက်သည်။ လောင်အာ့သည် သူ့အဖေ လှမ်းကြည့်နေသည်ကို မြင်လိုက်သည်။ အလိုက်သတိဖြင့် အခန်းထဲမှ ထွက်ရန် ပြင်လိုက်စဉ် သူ့အဖေ လှမ်းပြောတာကို ကြားလိုက်ရသည်။ " ညီလေးကိုကော ခေါ်သွားလိုက် "
" မဖြစ်ဘူး… သူက သားကို နှောင့်ယှက်မှာ " လောင်တက ဘေးကနေ လှမ်းအော်လိုက်သည်။
ဒါပေမယ့် မည်သို့ပင် သူ ကန့်ကွက်စေကာမူ လောင်အာ့သည် လောင်စန်းကို ခေါ်လာခဲ့သည်။ လောင်စန်းသည် သူကိုယ်တိုင် ရေးခြစ်ရန်အတွက် ဘောပင်နှင့်စာအုပ်ကို တောင်းသည်၊ မဟုတ်လျှင် သူ ငိုလိမ့်မည်။
" အခုမှ သတိရတယ်။ အိုးမဆေးရသေးဘူးပဲ " လင်းချင်းဟယ်သည် ထွက်ပြေးချင်ခဲ့သည်။ ဒီလူ၏ အကြည့်က တောက်လောင်နေသဖြင့် လူကို လောင်ကျွမ်းစေနိုင်လောက်သည်။
" ကိုယ် ဆေးပြီးသွားပြီ " ကျိုးချင်ပိုင်က သူမလက်ကို ဆွဲလိုက်သဖြင့် လင်းချင်းဟယ်သည် လည်သွားပြီး သူ့လက်နှစ်ဖက်ကြား ဆိုက်ဆိုက်မြိုက်မြိုက် ကျရောက်သွားသည်။