အခန်း (၇၃) - အနမ်းတစ်ပွင့် တောင်းခံခြင်း
လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ရဲ့ လက်မောင်းကြားတွင် မှီနွဲ့နေသည်။ အမြဲတမ်း တည်ငြိမ်နေသော သူမသည် အနည်းငယ် ရှက်သွေးဖြာနေခဲ့သည်။ သူမ ဒီလိုမျိုး မနေချင်ပေမယ့် ကျိုးချင်းပိုင်က သူမကို ချုပ်နှောင်ထားခဲ့ပါသည်။
“ရှင် ဘာလုပ်နေတာလဲ။ နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေသေးတယ်လေ။ သူများတွေ ဝင်လာနိုင်တယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။
“ကလေးတွေကို သူတို့ဖာသာသူတို့ အိပ်တတ်အောင် လွှတ်ထားလိုက်ပါလား၊ ဟမ်” ကျိုးချင်းပိုင်က သူမပြောတာကို မကြားချင်ယောင်ဆောင်ပြီး သူမကို စိုက်ကြည့်နေခဲ့သည်။
အနည်းငယ် အလေးပေးထားသော “ဟမ်” သည် လင်းချင်းဟယ်အား လွှမ်းမိုးချုပ်ကိုင်လိုသော စီအီးအိုတစ်ယောက်ကို ကြုံတွေ့ရသည့် ခံစားချက်မျိုး ခံစားရစေခဲ့သည်။
“သူတို့ ကြီးပြင်းလာကြပြီ၊ သူတို့သီးသန့်အိပ်စက်ရမှာ သဘာဝပဲ။ အဲ့တာ အမှန်ပဲ။ ရှင် သူတို့နဲ့ အတူအိပ်ပေးလိုက်လေ။” လင်းချင်းဟယ်သည် သူမပါးစပ်မှ သူမနှလုံးသားနှင့် ဆန့်ကျင်သော စကားလုံးကို ထုတ်ပြောလိုက်သည်။
“မိန်းမ ကိုယ် မင်းကိုလိုချင်တယ်” ကျိုးချင်းပိုင်က သူမလည်တိုင်က အနမ်းခြွေရင်း အသံအက်အက်ဖြင့် ပြောလိုက်သည်။
“ရှင် ထိန်းထားသင့်တယ်၊ အပြင်မှာ မမှောင်သေးဘူး” လင်းချင်းဟယ်သည် နှုတ်မှ လွှတ်ခနဲ ထုတ်ပြောလိုက်မိသည်။
သူ့ရင်ခွင်ထဲတွင် ထိုင်နေရင်း သူမသည် ထိုအမျိုးသား၏ စိတ်အားထက်သန်မှုကို အလွန်ရှင်းလင်းပြတ်သားစွာ ခံစားနေရသည်။ ဒါပေမယ့် ဘယ်အချိန် ရှိသေးလို့လဲ။ ဘေးခန်းတွင် ကလေးသုံးယောက် ရှိနေပြီး ဘယ်သူမဆို အချိန်မရွေး ဝင်လာနိုင်သည်။
ကျိုးချင်းပိုင်က ဘာမှ ပြန်မပြောပေမယ့် သူ့လက်တွေက သူမခါးလေးကို တင်းကြပ်စွာ ပွေ့ဖက်ထားသည်။
လင်းချင်းဟယ်က သူ့ပုခုံးကို ပွတ်သပ်ရင်း သရုပ်ဆောင်လိုက်သည်။ “ကျွန်မ မြန်မြန်လွှတ်ပေးပါတော့။ ရှင့်ရဲ့ချွေးစိုနေတဲ့ ခန္ဓာကိုယ်က ကျွန်မကို အသက်ရှုကြပ်စေတယ်။”
ကျိုးချင်းပိုင်သည် သူ့ကိုယ်သူ နှာခေါင်းရှုံ့၍ အနံ့ခံလိုက်သည်။ သေချာပေါက် ချွေးနံ့တွေ ရနေသောကြောင့် သူမကို မကျေမနပ်နဲ့ လွှတ်ပေးလိုက်ရုံသာ တတ်နိုင်သည်။
သို့တိုင် သူ ဝမ်းသာပျော်ရွှင်မိသည်။ သူ့ဇနီးသည်က ညအချိန်ထိ စောင့်လို့ ပြောခဲ့သည်။
“ရှင် ရေသွားချိုး၊ အဝတ်အစားတွေ လှဲပြီးမှ ကုတင်ပေါ် ပြန်လာခဲ့” လင်းချင်းဟယ်က စီစဥ်ညွှန်ကြားခဲ့သည်။
ဒီညတွင် သူ အသားစားရတော့မယ်လို့ သိလိုက်ရတော့ ကျိုးချင်းပိုင်သည် သဘာဝအတိုင်း ကန့်ကွက်ခြင်းမရှိ လက်ခံခဲ့သည်။ ကျိုးချင်းပိုင်သည် ခြံထဲသို့ ပြန်ထွက်သွားကာ ရေအေးဖြင့် ရေမိုးချိုးကာ အဝတ်အစားများကို လှဲလှယ်ဝတ်ဆင်ခဲ့သည်။ လင်းချင်းဟယ်က သူ့အတွက် ဆေးကြောပေးမယ့်အစား သူ့ကိုယ်သူ ဆေးကြောသန့်စင်ကာ နေပူဆာလုံလိုက်သည်။
ကျိုးချင်းပိုင် သူ့ဇနီးသည်နှင့် ထပ်မံရင်းနှီးကျွမ်းဝင်ဖို့ သူ့အခန်းကိုပဲ ပြန်သွားချင်မိသည်။ နေ့ခင်းအချိန်အခါဖြစ်၍ ဘာမှ မလုပ်နိုင်ဘူးဆိုရင်တောင် သူမအနားမှာ နေရတာက အရမ်းကောင်းနေသေးသည်။
သို့ပေမယ့် သူ အခန်းထဲသို့ ပြန်ရောက်သွားသည်နှင့် သူ့ဇနီးသည်က ဘေးအခန်းတွင် ရှိနေတာကို တွေ့လိုက်ရသည်။
“မြန်မြန် သွားအိပ်တော့။ ရှင် သိပ်မကြာခင် အလုပ်ပြန်သွားရဦးမှာ” ဟု လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းကာ သူ့ကို အဝေးသို့ နှင်လွှတ်ခဲ့သည်။
ကျိုးချင်းပိုင်သည် သူမကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ လင်းချင်းဟယ်သည် ထိုအကြည့်များကို မမြင်ဟန်ဆောင်ထားခဲ့သည်။ ထို့ကြောင့် ကျိုးချင်းပိုင်သည် သူတစ်ယောက်တည်း အနားယူဖို့သာ တတ်နိုင်ခဲ့သည်။
စမတ်ကျသော ဘောင်းဘီကို ဝတ်ဆင်ထားသည့် လောင်အာ့က တခစ်ခစ်ရယ်ပြီး “အမေ အဖေက အမေ့ကို သူနဲ့အတူ လိုက်လာစေချင်တာ” လို့ ပြောလိုက်သည်။
“အဖေက အသက်ကြီးနေပြီ၊ သူက ဘာလို့ အဖော်မင်နေရတာလဲ” လို့ လောင်တက အံ့အားသင့်စွာ ပြောသည်။
“အပေါင်းအဖော်လိုချင်တယ်” လောင်စန်းက မော့ကြည့်ကာ လေးလေးနက်နက် ထပ်ခါတလဲလဲ ပြောဆိုသည်။
လင်းချင်းဟယ်၏ မျက်နှာသည် 囧သို့ ဖြစ်သွားသည်။ ထို့နောက် သူမမျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ “အမေက သားတို့နဲ့အတူ နေရမလား ဒါမှမဟုတ် မင်းတို့အဖေနဲ့အတူ နေရမလား။ မင်းတို့ကိုယ်တိုင် ရွေးချယ်ပေး” လို့ ပြောလိုက်သည်။
“သားနဲ့နေ” လောင်စန်းက သူမကို ကြည့်နေသည်။
“သားလည်း အမေ့ကို သားတို့နဲ့အတူ ရှိစေချင်တယ်” လို့ လောင်အာ့က အပြုံးလေးဖြင့်ဆိုသည်။
လောင်တကတော့ သူ အရွယ်ရောက်နေပြီဖြစ်လို့ သူ့အမေ အဖော်ပြုပေးဖို့ မလိုအပ်ဘူးလို့ ကြော်ငြာခဲ့သည်။
“မင်းအိမ်စာတွေကို မြန်မြန်ရေး၊ မဟုတ်ရင် မင်းကို အိပ်ခွင့်မပေးဘူး” လို့ လင်းချင်းဟယ်က စူးစူးရဲရဲ ကြည့်ရင်း စကားဆိုလိုက်သည်။
လောင်တက မေးခွန်းများကို ဖြေဆိုရန် သူ့ဦးနှောက်ကို အပြင်းအထန် အလုပ်ပေးခဲ့သည်။ မေးခွန်းငါးခုထဲမှ သုံးခုကို ဖြေရှင်းနိုင်ခဲ့တာကိုတောင် သူ့အမေရဲ့ မေးခွန်းတွေက သူ့ဆရာပေးလိုက်တာထက် ပိုခက်ခဲတယ်လို့ သူ ပြောရဲသေးသည်။ လင်းချင်းဟယ်က သူ့ကို တစ်ခါတည်း သင်ပေးပြီးတော့ အမှန်ပြင်ပေးခဲ့သည်။
“ဒီတစ်ပတ် ခရိုင်မြို့ပေါ် သွားမယ်လို့ စိတ်ကူးထားတယ်။ မင်း စာကြိုးစားရင် မင်းညီတွေအတွက် ငါ ဝယ်ထားတဲ့ နို့မှုန့် ဝေစုကို မင်း ရလိမ့်မယ်။ မင်း အဲ့တာကို ဒီအတိုင်း စားရင်စား မဟုတ်ရင် ဖျော်သောက်လို့ ရတယ်။” လို့ လင်းချင်းဟယ်က တွန်းထိုးရင်း စကားဆိုလိုက်သည်။
“သား နေ့တိုင်း စာကြိုးစားတယ်၊ ပြီးတော့ သားက အတန်းရဲ့ ကော်မတီအဖွဲ့ဝင်တစ်ယောက်ပါ” လို့ လောင်တက ထောက်ပြသည်။
“နောက်စာသင်နှစ်ဝက်မှာ အတန်းခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားသင့်တယ်။ ကော်မတီအဖွဲ့ဝင်တစ်ယောက် ဖြစ်ရုံနဲ့ မင်း ဂုဏ်ယူဝံ့ကြွားဖို့ လုံလောက်နေပြီလား” လို့ လင်းချင်းဟယ်က ပြောသည်။
“အတန်းခေါင်းဆောင် လုပ်တာက ဘာအကျိုးကျေးဇူးရှိလို့လဲ” လောင်တက မေးသည်။
“အတန်းခေါင်းဆောင်ဖြစ်ရင် မင်း အခန်းထဲမှာ လေးစားခံရမယ်။ ဒါပေမယ့် အဲ့တာက ငါ့အတွက် အကျိုးကျေးဇူး မရှိဘူး။ အရေးပါအရာရောက်တဲ့သူ တစ်ယောက် ဖြစ်ချင် မဖြစ်ချင်ကို မင်းကိုယ်တိုင် စဥ်းစားဆုံးဖြတ်ပေါ့။ တကယ်လို့ မင်းက ဘာမှမဟုတ်ဘူးဆိုရင်တောင် ငါက ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူး” လို့ လင်းချင်းဟယ်က သနားဟန်ဆောင်ပြီးပြုံးသည်။
လောင်တက သူ့အမေကို လိမ်ဖို့ မလွယ်ကူဘူးလို့ ခံစားလိုက်ရသည်။
“ဒါပေမယ့် နင် ဒီလိုဖြစ်နေတာကို မြင်လိုက်ရတော့ ငါလည်း ပညာဆက်သင်ဖို့ အခွင့်အလမ်း ရှိသေးလား လေ့လာဖို့ အစီအစဥ်ဆွဲထားတယ်။” ဟု လင်းချင်းဟယ်က မှတ်ချက်ချသည်။
“အမေတစ်ယောက်ဖြစ်ပြီးတော့ အမေက စာသင်ချင်သေးတာလား” လို့ လောင်တက သူမကို အံ့အားတကြီး ကြည့်ရင်း ပြောသည်။
လောင်အာ့လည် ထိုနည်းလည်းကောင်းပင်။ လောင်စန်းကတော့ သူ့အရုပ်လေးများကိုသာ ဆက်လက်ဆော့ကစားနေသည်။
“လူတွေက အသက်ကြီးတဲ့အထိ လေ့လာသင်ယူလို့ ရတယ်။ မဟုတ်ရင် လူမှုအဖွဲ့အစည်းက ဖယ်ထုတ်ခံရလိမ့်မယ်၊ ဘဝမှာ ဆက်ပြီး လေ့လာသင်ယူနေမယ်ဆိုရင် လေ့လာသင်ယူလိုက်တဲ့အရာတွေက ကိုယ်ပိုင်အရည်အချင်းတွေ ဖြစ်လာလိမ့်မယ်။ ကိုယ်ပိုင်ကျွမ်းကျင်မှုတွေရှိရင် ဘယ်နေရာကိုသွားသွား သူတို့ကို အသုံးပြုနိုင်တယ်။ နင်တို့သုံးယောက်က ငါ့ကို မကျွေးမွေးနိုင်ဘူးဆိုရင်တောင် ငါ့ကိုယ်ငါ ကျွေးမွေးနိုင်တဲ့ စွမ်းရည် ရှိနေပါသေးတယ်။” လို့ လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။
“အမေ အဖေ့ကို ဂရုမစိုက်တော့ဘူးလား” လို့ လောင်တက ချက်ချင်းပြောလိုက်သည်။
“မင်းအဖေက လယ်ယာမြေ စိုက်ပျိုးရတာကို ကြိုက်တော့ သူ့ကို ဆက်ပြီး စိုက်ပျိုးခိုင်းတာပေါ့။ သူက စိုက်ပျိုးရတာကို ကြိုက်တယ် မဟုတ်လား။ သူ့ တစ်သက်လုံး စိုက်ပျိုးမွေးမြူနေပေါ့။ ငါက ပန်းလေးတစ်ပွင့်လို နုပျိုနေတဲ့အချိန် သူက လူအိုကြီးတစ်ယောက်လို ဖြစ်နေလိမ့်မယ်။ သူနဲ့အတူ အပြင်ကိုတွဲထွက်ခဲ့ရင် သူ အရှက်ရလိမ့်မယ်။ လူတွေက ငါ့ကို သူ့သမီးလို့တောင် ယူဆကြလိမ့်မယ်” လို့ လင်းချင်းဟယ်က လက်ကိုဝှေ့ယမ်းကာ ဆိုလိုက်သည်။
သူ့ဘာသာသူ အိပ်မပျော်နိုင်သည့် ကျိုးချင်းပိုင်သည် သူ့ဇနီးသည်နဲ့ သူ့ကလေးတွေကို အဖော်ပြုရန် စီစဥ်ပြီး ရောက်လာချိန်တွင် ထိုစကားများကို ကြားလိုက်ရသည်။ (T/N: တစ်ယောက်ယောက်က သူ့အတင်းကို ပြောနေချိန်တိုင်း... အချိန်ကိုက် ရောက်ရှိလာတယ် 🤣)
ကျိုးချင်းပိုင် ဒီစကားကို ကြားလိုက်ရတော့ အံ့အားသင့်သွားခဲ့သည်။
“ပြီးတော့ ကျိုးလောင်တ မင်းမှားတဲ့ကိစ္စကို ငါတို့ ပြောနေတာ မဟုတ်ဘူးလား။” လင်းချင်းဟယ်က လောင်တရဲ့နားရွက်ကို ဆွဲကာ ပြောလိုက်သည်။
လောင်တသည် သူ့အိမ်စာကို ပစ်ချရင်း အော်လိုက်သည်။ “နာတယ်၊ နာတယ်။ အမေ သားနာနေပြီ”
“မင်းမှားတာကို မင်း သိပြီလား” လင်းချင်းဟယ်က မေးခွန်းထုတ်သည်။
“သား သိပါပြီ” လောင်တက ချက်ချင်း ပြန်ဖြေသည်။
“ဘယ်နေရာက မှားတာလဲ။ ငါ့ကို ပြောကြည့်” ဟု လင်းချင်းဟယ်က မတုန်မလှုပ်မေးလိုက်သည်။
“ကျွန်တော့်ညီငယ်တွေ သားသမီးဝတ္တရား ကျေ မကျေကို ကျွန်တော်မသိပေမယ့် ကျွန်တော်ကတော့ သေချာပေါက် သားသမီးဝတ္တရား ကျေပွန်စေရမယ်” လို့ လောင်တက ကျိန်ဆိုလိုက်သည်။
“အစ်ကိုကြီး အဓိပ္ပာယ်မရှိတာ မပြောနဲ့။ နောင်အနာဂတ်မှာ ကျွန်တော် သေချာပေါက် သားသမီးဝတ္တရားကို ကျေပွန်ပြမယ်” လို့ လောင်အာ့က သူ့ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။
“သား အမေ့ကို ချစ်တယ်” လောင်စန်းကလည်း မြှောက်ပင့်ပြောဆိုခဲ့သည်။
လင်းချင်းဟယ်က လောင်တကို တွန်းထုတ်လိုက်သည်။ လင်းချင်းဟယ်သည် လောင်စန်းကို ပွေ့ဖက်ကာ သူ့ကို အနမ်းပေးလိုက်သည်။ “မင်းက အမေ့သားလိမ္မာလေးပဲ။”
ကျိုးချင်းပိုင်သည် အထဲသို့ မဝင်လာပဲ နေ့လည်ခင်း အနားယူလှဲလျောင်းရန် ပြန်သွားခဲ့သည်။ ဒီဖက်အခန်းမှာတော့ လင်းချင်းဟယ်က သူ့သားသုံးယောက်နဲ့အတူ အနားယူ အိပ်စက်နေခဲ့သည်။ သူမသည် သူ့ဘေးသို့ ပြန်မသွားတဲ့အပြင် သူ့ကို ရန်စလိုက်သေးသည်။ ဒီလိုမှမဟုတ်ရင် နေ့ခင်းအချိန်အခါကတောင် အချိန်အကြာကြီး ထိန်းချုပ်ရသည့် ဒီလူကို တစ်ခုခု မလုပ်ဘူးလို့ အာမ မခံရဲဘူး။
သူ နေ့လည်ခင်း အိပ်စက်ရာမှာ နိုးလာသည့်နှင့် ကျိုးချင်းပိုင်ဟာ အလုပ်သွားခဲ့သည်။ သူ အလုပ်မသွားခင်မှာ လင်းချင်းဟယ်ထံမှ အနမ်းတစ်ပွင့်တောင်းခံခဲ့သည်။
လင်းချင်းဟယ်သည် သူမ အမှန်တကယ် ခြေချုပ်မိနေတာကြောင့် သူမကိုယ်သူမ အနည်းငယ် မကျေမနပ်ဖြစ်မိသည်။
သူမခေါင်းကို လှည့်လိုက်သည်နှင့် လောင်အာ့က သူမကို မျက်လုံးပြူးများဖြင့် စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။ ထို့နောက် အပြေးလာပြီး အနမ်းတောင်းခဲ့သည်။
“အဟွတ် အဟွတ်” လင်းချင်းဟယ်သည် လောင်အာ့ရဲ့ နဖူးကို မနမ်းခင် ချောင်းခြောက်ဆိုးလိုက်မိသည်။ သူမက “တစ်ခါပဲ” လို့ ပြောလိုက်သည်။
လောင်အာ့က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “သား အဖေက အမေ့ကို နမ်းနေတာ ပထမဆုံး မြင်ဖူးတာပဲ” လို့ ပြောလိုက်သည်။
“မင်းအဖေ အမေ့ကို နမ်းတာက အမေတို့ ဆက်ဆံရေးကောင်းနေတယ်လို့ ဆိုလိုတာပဲ။ မင်း ဒါကို အပြင်သွားတဲ့အခါကျရင် မပြောရဘူးနော်၊ နားလည်လား” လို့ လင်းချင်းဟယ်က သတိပေးခဲ့သည်။
“ဒါပေါ့၊ သားမပြောပါဘူး။ ကန်းထျဲက သူ့မိဘတွေ အနွေးကုတင်ပေါ်မှာ လူသားပိရမစ်တစ်ခုဆောက်ဖို့ လုပ်နေတယ်လို့ ပြောလိုက်တုန်းက လူတွေက သူ့ကို အချိန်အတော်ကြာ လှောင်ပြောင်ရယ်မောခဲ့ကြတယ်” လို့ လောင်အာ့က နားလည်ကြောင်း ခေါင်းညိတ်ထောက်ခံလိုက်သည်။
လင်းချင်းဟယ်သည် သူ့ခေါင်းလေးကို ပုတ်ပေးကာ ဆုချီးမြှင့်လိုက်သည်။ “ဒါဆို အမေတို့ ဒီညစာအတွက် ချက်ပြုတ်ပြင်ဆင်ဖို့ သားစိတ်ကြိုက် ဟင်းလျာတစ်ပွဲကို တောင်းဆိုနိုင်တယ်။”
“အဲ့တာဆို သား ခေါက်ဆွဲပြုတ် စားချင်တယ်” လောင်အာ့ရဲ့ မျက်လုံးလေးများက တလက်လက် တောက်ပလာခဲ့သည်။
“ဟင်းသီးဟင်းရွက်ချဥ်နဲ့ မွှေးကြိုင်တဲ့ ကြက်ဥတွေကိုပါ ထည့်ရင်ရော ဘယ်လိုလဲ။” လို့ လင်းချင်းဟယ်က အကြုံပြုသည်။
“ကောင်းတယ်” လောင်အာ့က စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ခေါက်ဆွဲပြုတ်ရတာက အရေးကြီးကိစ္စ မဟုတ်ပေ။ ဒီည သူတို့အားလုံး ခေါက်ဆွဲပြုတ်ပဲ စားကြတာပေါ့။
လင်းချင်းဟယ်သည် မီးဖိုချောင်ထဲသို့ ဝင်သွားကာ အလုပ်ရှုပ်နေခဲ့သည်။ ဂျုံမှုန့်ဖြင့် မု့န်နယ်ပြီးနောက် မုန့်သားကို ခဏနပ်ထားခဲ့သည်။ သူမသည် အိမ်နောက်ဖေးသို့ သွားရောက်ကာ လှည့်ပတ် ကြည့်ရှုခဲ့သည်။
အိမ်နောက်ဖေးဥယျာဥ်ခြံထဲတွင် ကြက်သွန်မြိတ်၊ တရုတ်နံနံ အပင်ကြီးမျိုး၊ ကြက်သွန်နီ၊ ပဲတီစိမ်း၊ သခွားသီးများနှင့် နှစ်သက်ရာ သီးပင်စားပင်များကို စိုက်ပျိုးထားပြီး ဒီနှစ်တွင် ဒီစိုက်ပျိုးမြေကို တိုးချဲ့နိုင်သည်။
သူမခြံထဲတွင် သခွားသီးများကို အများဆုံး စိုက်ပျိုးထားသည်။ သူမမိသားစုက သခွားသီး စားရတာကို အတော်လေး ကြိုက်နှစ်သက်ကြသည်။
ဒီခေတ်အချိန်အခါမှာ စိုက်ပျိုးထားသည့် ခရမ်းချဥ်သီးများသည် သဘာဝအော်ဂဲနစ်စစ်စစ် ခရမ်းချဥ်သီးများပင် ဖြစ်သည်။ သူတို့သည် ဟင်းသီးဟင်းရွက်မျိုးနွယ်ဝင် ဖြစ်ရုံသာမက အသီးအနှံဟုလည်း ခေါ်ဆိုနိုင်ကာ အရသာအရမ်းရှိသည်။ ချိုချိုချဥ်ချဥ် အရသာအပြည့်ရှိသည်။
စိုက်ပျိုးပြီး သိပ်မကြာခင် အသီးများ သီးပွင့်ရန် နှစ်လ သုံးလခန့်သာ ကြာမြင့်ပါသည်။