အခန်း (၇၅) – ရန်မစရဲဘူး
လင်းချင်းဟယ်သည် သူမရဲ့အစီအစဥ် ဘယ်လိုမျိုး လွဲချော်သွားခဲ့မှန်းကို သူမ မပြောနိုင်ပေ။
လိုရင်းတိုရှင်းပြောရရင် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အား သူမကို ဝက်သားကို ပြန်လည်ရောင်းချခွင့်ပြုရန် ဖိအားပေးတောင်းဆိုဖို့အတွက် ဒီလိုနည်းဗျူဟာမျိုးကို အသုံးချခဲ့တာ ဖြစ်သည်။
ဒီအချိန်တွင် ကျိုးချင်းပိုင်တစ်ယောက် ချွေးပြန်နေလေပြီ။ သူ့ဇနီးသည်က သူ့ကို ဖြစ်မြောက်အောင်မြင်စေမှာ မဟုတ်ဘူး။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်က သူမကို ဖိအားပေးခဲ့သောကြောင့် သူ သူမကို စိတ်ကြိုက်လုပ်ခွင့်ပြုမယ်လို့ ခေါင်းညိတ် သဘောတူခဲ့သည်။
အလှတရားရဲ့ ညှင်းပန်းနှိပ်စက်မှုကို ခံနိုင်ရည်ရှိတဲ့ ယောကျာ်းတစ်ယောက်လို့ သူ့ကို အမည်တပ်နိုင်မလား။
တစ်ခုမှ မဟုတ်ပေ။
ကျိုးချင်းပိုင်သည် သာမန်သေမျိုးဖြစ်ပြီး သူ့ဇနီးသည်၏ ဖြားယောင်းသွေးဆောင်မှုကို မခုခံနိုင်ပါ။
သူ့ရဲ့ ဖိအားပေးမှုကြောင့် သဘောတူလက်ခံလိုက်သော်လည်း အောက်ပါပြစ်ဒဏ်ကြောင့် ဒီအမျိုးသားကို ဖြားယောင်းသွေးဆောင်ဖို့ လုပ်ခဲ့ခြင်းကို လင်းချင်းဟယ် အမှန်နောင်တရခဲ့သည်။
ညအချိန်အခါတွင် အကြိမ်ပေါင်းများစွာ အိပ်ရာနိုး နိုးလာခဲ့ပြီး မောပန်းနွမ်းနယ်မှုကြောင့် သူမ ဘယ်အချိန်မှ အိပ်ပျော်သွားခဲ့မှန်းကို မသိခဲ့ပါ။ တိုတိုပြောရရင် သူက မရပ်တန့်ခဲ့ဘူး။ ညအတော်နက်မှ သူ အနားယူသွားခဲ့တာ ဖြစ်သည်။
နောက်တစ်နေ့တွင် မနက်ရှစ်နာရီအချိန်မှ လင်းချင်းဟယ် အိပ်ရာနိုးလာခဲ့သည်။ သူမ အိပ်ရာနိုးလာသည့်အချိန်တွင် မနေ့ညတုန်းက တိုက်ပွဲကို တွေးမိတော့ သူမ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။
သေချာတာပေါ့၊ မိန်းမနှင့် အချိန်အကြာကြီး ကင်းဝေးနေသည့် ယောကျာ်းတစ်ယောက်ရဲ့ စိတ်ဆန္ဒကို နှိုးဆွဖို့ မလုပ်သင့်ဘူး။
ဒီအချိန်တွင် အပြင်ဖက်မှ လောင်အာ့နှင့် အမေကျိုးတို့ရဲ့ စကားပြောသံကို ကြားလိုက်ရသည်။ လောင်တသည် ကျောင်းသို့သွားပြီဖြစ်ကာ ကျိုးချင်းပိုင်ကလည်း လုပ်ငန်းခွင်သို့ ဝင်ရောက်သွားခဲ့ပြီ။
လင်းချင်းဟယ်သည် အနွေးကုတင်ပေါ်မှ အမြန်ဆင်းလိုက်သည်။
မနေ့ညက မောပန်းနွမ်းနယ်သွားသောကြောင့် သူမ ချက်ချင်း အိပ်ပျော်သွားခဲ့သည်။ ကျိုးချင်းပိုင်က သူမကို သန့်ရှင်းသွားအောင် ဆေးကြောပေးခဲ့သည်။ အနွေးကုတင်ပေါ်မှ သူမ ဆင်းလိုက်သည့်အချိန်တွင် သူမခြေထောက်တွေ အနည်းငယ် အားနည်းသွားသလို ဖြစ်နေမှန်း တွေ့လိုက်ရသည်။
ကျိုးချင်းပိုင်နဲ့ မနေ့ညက အဖြစ်အပျက်တွေကို ပြန်ပြောင်းသတိရသွားမိတဲ့အခါ လင်းချင်းဟယ်ရဲ့ မျက်နှာဟာ ရှက်သွေးဖြာသွားခဲ့သည်။
လင်းချင်းဟယ်သည် သူမရဲ့ ဘဝတစ်လျှောက်လုံး ပျော်ရွှင်မှု (သို့မဟုတ် လိင်ဆက်ဆံခြင်း)အတွက် စိုးရိမ်စရာမလိုကြောင်း ဝန်ခံမိသည်။ သူမရဲ့ အမျိုးသားက တကယ့်ကို သန်မာပြီး အရိုင်းဆန်သည်။
နွေဦးဆန်သော အငွေ့အသက်များကို ပြန်လည်တွေးတောမိပြီးနောက် လင်းချင်းဟယ်ဟာ လန်းဆန်းတက်ကြွလာခဲ့သည်။
အမေကျိုးသည် လောင်အာ့၊ လောင်စန်းတို့နှင့် စကားစမြည် ပြောဆိုနေကာ မြေပဲအခွံချွတ်နေခဲ့သည်။
“အမေ ရောက်နေတာလား” လင်းချင်းဟယ်က ရှက်ရွံ့မနေခဲ့ပါ။ သူမ ဘာဖြစ်လို့ အိပ်ရာထ နောက်ကျသွားရတာလဲ။ မနေ့ညက ကျိုးချင်းပိုင်ရဲ့ လုပ်ရပ်တွေရဲ့ ကျေးဇူးကြောင့်ပဲ။ အပြစ်တင်စကားဆိုချင်ရင် ကျိုးချင်းပိုင်ကိုပဲ အပြစ်သွားတင်လိုက်၊ ဒီကိစ္စက သူမနဲ့ မသက်ဆိုင်ဘူး။
“အာ... နင် အိပ်ရာနိုးလာပြီလား။” အမေကျိုးသည် အနည်းငယ် ဒေါသထွက်နေပုံရသည်။ ယောကျာ်းဖြစ်သူက လုပ်ငန်းခွင်သို့ သွားရောက်ရပြီး ကလေးတွေက ငယ်သေးသည်။ သူမက အခုအချိန်မှ အိပ်ရာထလာခဲ့သည်။ အဲ့လိုအပြုအမူမျိုး လုပ်သင့်လား။
“အင်း၊ မနေ့ညက လောင်စန်းရဲ့အဖေကြောင့် မသက်မသာဖြစ်နေလို့ပါ။ ကျွန်မ တစ်ညလုံး သူ့ကို အသုံးတော်ခံနေရတာ။ ညဆယ့်နှစ်နာရီကျော်မှ အိပ်ရတော့ ကျွန်မ အိပ်ရာထနောက်ကျရတာ” လင်းချင်းဟယ်သည် ရှက်ရွံ့တုန်လှုပ်ခြင်း အလျဥ်းမရှိ ရှင်းပြခဲ့သည်။
အမေကျိုးသည် ပြန်လည်မတုံ့ပြန်နိုင်ခင်မှာ ခဏလောက် အသံတိတ်သွားသည်။ “ဒါဆို မင်း တော်တော်ပင်ပန်းသွားမှာပဲ။ စတုတ္ထလေးကတော့ ဒီမနက်ခင်း ပိုပြီးလန်းဆန်းတက်ကြွနေတဲ့ပုံပဲ။”
သူမပြောသလိုပဲ၊ ဒီအကြောင်းကြောင့် ဖြစ်နိုင်သည်။ ဆောင်းရာသီမှာ ဒီထက် ပိုအိပ်စက်လို့ ကောင်းမွန်ရမည်။ ဒါဆိုရင် ဒီအချိန်ကိုရောက်မှ သူမက ဘာဖြစ်လို့ အိပ်ရာထနောက်ကျရတာလဲ။”
“သူ့ကို လယ်ယာအလုပ်နဲ့ လိုက်လျောညီထွေ မဖြစ်သေးရင် သူ့ကို ဒီနေ့ အလုပ်မဆင်းပဲ တစ်ရက်လောက် အနားယူဖို့ ကျွန်မ ပြောလိုက်သေးတယ်၊ ဒါပေမယ့် သူက ကျွန်မပြောစကားကို နားမထောင်ခဲ့ဘူး။” လင်းချင်းဟယ်က ဝေဖန်ပြောဆိုသည်။
“မိသားစုကို ထောက်ပံ့ရတာ မလွယ်ကူဘူး” အမေကျိုးက ပြောသည်။
“တကယ်ကို မလွယ်ကူဘူး။ ဒါ့ကြောင့် ကျွန်မ သူ့ကို အိမ်မှာ ဝက်တွေ ကြက်တွေ မွေးဖို့ ခွင့်ပြုလိုက်တာ” လို့ လင်းချင်းဟယ်က ခေါင်းညိတ်ထောက်ခံသည်။
အမေကျိုး ဆို့နင့်သွားသည်။
“မင်းတို့ စားပြီးကြပြီလား” လင်းချင်းဟယ်က လောင်အာ့နှင့် လောင်စန်းတို့ဖက်လှည့်၍ မေးလိုက်သည်။
“သားတို့စားပြီးပြီ။ အမေ သွားစားတော့” လောင်အာ့က ပြောသည်။
မနက်စာကို ကျိုးချင်းပိုင်က ချက်ပြုတ်ထားတာ သိသာထင်ရှားသည်။ သူက ဂျုံယာဂုကို ချက်ပြုတ်ထားသည်။ အရံဟင်းပွဲတွေက ပိုမိုရိုးရှင်းတယ်၊ ချဥ်ဖတ်တွေပင် ဖြစ်လေသည်။
အဆင်ပြေရုံပဲ၊ သူမ မနက်စာ ထမချက်နိုင်သည့်အတွက် အရာအားလုံးက ရိုးရိုးရှင်းရှင်းပဲ ဖြစ်သွားသည်။
လင်းချင်းဟယ်က ဒါကို စိတ်ထဲမထားပေ။ လင်းချင်းဟယ်သည် ဂျုံယာဂုနဲ့ ချဥ်ဖတ်ကို စားနေရင်း ကျိုးချင်းပိုင်အကြောင်းအား မတွေးပဲ မနေနိုင်ဘူး။ မနေ့ညက သူ စွမ်းအင်တွေ အများကြီး သုံးခဲ့ပြီးတော့ မနက်စာကို ဒါလေးပဲ စားလိုက်တာက သူ့အတွက် ဘယ်လိုလုပ်ပြီး အဆင်ပြေနိုင်ပါ့မလဲ။
“အမေ အိမ်မှာ အသားမရှိတော့လို့ သွားဝယ်ကြည့်ချင်တယ်။ ကလေးတွေရဲ့အဖေကို အာဟာရရှိစေဖို့ အသားအနည်းငယ်လောက် ဝယ်လို့ ရ မရ ကျွန်မ သွားမေးကြည့်ချင်တယ်။ အမေ လောင်အာ့နဲ့ လောင်စန်းကို ကြည့်ထားပေးပါဦး။” လင်းချင်းဟယ်က မနက်စာကို အမြန်စားသောက်ပြီး ပန်းကန်ဆေးကြောပြီးချိန်မှာ ပြောလိုက်သည်။
“သွားကြည့်လေ” အမေကျိုးလည်း သူမ သားအငယ်ဆုံးလေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေတာကြောင့် သဘောတူလိုက်သည်။
ဒီနေ့ အမေကျိုးက အလုပ်မသွားဘူး။ အဆုံး၌ သူမမှာ သားတွေနဲ့ ချွေးမတွေ အများကြီး ရှိသည်။ ဒီအရိုးအိုကြီးက ဘာမှမလုပ်ချင်ဘူးဆိုရင် ဘယ်သူကမှ မပြောရဲကြဘူး။
လင်းချင်းဟယ်က စက်ဘီးစီးရင်း မိန့်ကျဲထံသို့ ထွက်လာခဲ့သည်။
အဓိကကတော့ သူမ မနက်ဖြန်ကျရင် အသားယူရောင်းမယ်ဆိုတဲ့ အချက်ကို အတည်ပြုဖို့ပဲ ဖြစ်သည်။ လင်းချင်းဟယ်သည် အားလုံးကို အစီအစဥ်ဆွဲထားခဲ့ပြီး ဖြစ်သည်။ သူမသည် အသားတွေကို စုဆောင်းပြီးရင် သူမနေရာလွတ်ထဲမှာ သိမ်းထားမည်။ ခရိုင်မြို့ကိုသွားတိုင်း သူမ ကျင်းအနည်းငယ်ခန့်သာရရှိ၍ သူမ ယခုအချိန်မှာ တကယ်မသွားချင်သေးပေ။
မိန့်ကျဲက သူမ ရောက်လာတာကိုမြင်တော့ ဝမ်းသာသွားသည်။ သူမဖက်မှာတော့ အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်သည်။ “မင်းအမျိုးသားက သဘောမတူဘူးထင်တယ်။” လို့ သူမက လင်းချင်းဟယ်ကို တီးတိုးပြောခဲ့သည်။
“ဟုတ်တယ်၊ သူ သဘောမတူဘူး။ သူက အရမ်းဖြောင့်မတ်လွန်းတယ်။ ကျွန်မ နောက်ဆုံးတော့ သူ့ဆီက ခွင့်ပြုချက် ရခဲ့ပြီ။ သူ့ဆီက ခွင့်ပြုချက် ရရချင်း ကျွန်မ အစ်မကို ချက်ချင်း လာရှာတာပဲ၊ မိန့်ကျဲရေ” လို့ လင်းချင်းဟယ်က ရှင်းပြသည်။
“သူက ခွင့်မပြုဘူးလား” မိန့်ကျဲက မပြောရ မနေနိုင်ပဲ ပြောလိုက်မိသည်။
“အခု သူခွင့်ပြုလိုက်ပြီ။ အစ်မဖက်မှာ ပြဿနာမရှိဘူးဆိုရင် ကျွန်မဖက်ကလည်း ပြဿနာ မရှိတော့ဘူး။” လင်းချင်းဟယ်က အေးအေးဆေးဆေးလေး ပြောသည်။
“မင်း စိတ်ချလို့ရတယ်” လို့ မိန့်ကျဲက ခေါင်းညိတ်လိုက်သည်။
“မနက်ဖြန် ကျွန်မ ဘယ်အချိန်လောက် လာယူရမလဲ” လို့ လင်းချင်းဟယ်က မေးသည်။
“မနက်သုံးနာရီလောက် လာခဲ့။ အဖိုးကြီးလောင်ချန်က မင်းကို အဲ့နေရာမှာ စောင့်နေလိမ့်မယ်” လို့ မိန့်ကျဲက ချက်ချင်း ပြန်ဖြေသည်။
မနက်သုံးနာရီလား။
လင်းချင်းဟယ်က စိတ်ထဲမှရေရွတ်ရင်း ရင်ထဲမှာ တကယ်နာကျင်မိသည်။
ဒါပေမယ့် သူမ သဘောတူလက်ခံတုန်းပါပဲ။ မနက်သုံးနာရီမှာ အသားလာယူပြီး လေးနာရီထိုးခါနီးလောက် ရွာကိုပြန်ရောက်နိုင်မည်။ ဒါက တော်တော်လေး အဆင်ပြေပါတယ်။
လင်းချင်းဟယ်က ပစ္စည်းတချို့ဝယ်ယူပြီး စက်ဘီးဖြင့် ပြန်လာခဲ့သည်။ လမ်းတစ်ဝက်အရောက်မှာ လူရှင်း မရှင်းကြည့်ကာ သူမနေရာလွတ်ထဲမှ ဝက်သား၊ နံရိုးနဲ့ ကြက်ဥအချို့ကို ထုတ်ယူလိုက်သည်။
အိမ်မှာ ကြက်ဥတွေ အများကြီး မရှိတော့ဘူး။
သူမ ဒီပစ္စည်းတွေကို သယ်ပြီး အိမ်ပြန်ရောက်တော့ “ဒါဆိုရင် ငါ အိမ်ကို အရင်ပြန်တော့မယ်” လို့ အမေကျိုးက ပြောသည်။
လင်းချင်းဟယ်က ခေါင်းညိတ်ကာ အမေကျိုးလက်ထဲ ၂၀၀ဂရမ်လောက်ရှိမည့် အသားတစ်ပိုင်းကို ထည့်ပေးလိုက်သည်။ “နင်တို့စားဖို့ပဲ သိမ်းထားစမ်းပါအေ” လို့ အမေကျိုးက ငြင်းပယ်လိုက်သည်။
“အမေ ဒါကိုယူသွား။ အမေက ဒီကလေးတွေကိုကြည့်ဖို့ အိမ်ကို ခဏခဏ လာနေရတာ၊ ဒီလိုဆိုရင် အမေ့ကို ကျိုးအိမ်တော်ဟောင်းက ဘယ်သူ့မှ စကားအပိုပြောရဲမှာ မဟုတ်တော့ဘူး” လို့ လင်းချင်းဟယ်က လင်းချင်းဟယ်က အခိုင်အမာပြောခဲ့သည်။
အမေကျိုးက ပြောသည်။ “ငါက ငါ့မြေးတွေကို ကြည့်ပေးတာကို ဘယ်သူက အပိုစကား ပြောရဲမှာလဲ။”
“အဲ့တာ ပြောရခက်တယ်။ အမေ ဒါကိုယူသွား။ ကျွန်မမှာ နည်းနည်းကျန်သေးတယ်” လင်းချင်းဟယ်က သူမလက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည်။
အမေကျိုးက သူမကို ပိုက်ဆံနည်းနည်းလောက် စုဆောင်းဖို့ နားချရန် ကြံစည်ခဲ့ပေမယ့် အခုအချိန်မှာတော့ သူမ အဲ့ဒီအကြံကို စွန့်လွှတ်လိုက်ရသည်။ လင်းချင်းဟယ်က သူမသားနဲ့ သူမမြေးသုံးယောက်အတွက်ပဲ အမြဲတမ်း ပြန်ဝယ်လာခဲ့တာ ဖြစ်သည်။
“အမေ အိမ်မှာ လုပ်စရာတွေ အများကြီးရှိနေတာကို အမေက ဘယ်က ပြန်လာတာလဲ” လို့ ဒုတိယမရီးက သူမ ပြန်ရောက်ရောက်ချင်း မပြောရမနေနိုင်ပဲ ပြောလိုက်မိသည်။
အကြီးဆုံးမရီးရဲ့ကိုယ်ဝန်က လတော်တော်ရင့်နေပြီး သိပ်မကြာခင်မှာ ကလေးမွေးတော့မှာ ဖြစ်သည်။ ဒါ့ကြောင့် သူမက အလုပ်မသွားနိုင်ပဲ အိမ်မှာသာ နေရသည်။
တတိယမရီးတော့ အလုပ်သွားပြီဖြစ်သည်။ ကျိုးတုန်လေးက ငယ်သေးပေမယ့် အကြီးဆုံးမရီးက စောင့်ရှောက်ပေးမှုအောက်တွင် အိမ်မှာ ကျန်ရစ်ခဲ့ရသည်။ သူမက အနားယူချိန်မှာ အိမ်ပြန်လာပြီး သူလေးကို နို့တိုက်ရသည်။
ဒုတိယမရီးက ဒီနေ့ အလုပ်မသွားဘူး။ သူမ ဓမ္မတာလာနေချိန်ဖြစ်ပြီး အရမ်းနာကျင်နေသောကြောင့် သူမ အလုပ်မသွားခဲ့ပေ။
သူမရဲ့ ယောက္ခမဖြစ်သူကလည်း အိမ်မှာ ရှိနေသည့်အတွက် ဒုတိယမရီးက အိမ်မှုကိစ္စတွေလုပ်ဖို့ မစီစဥ်ထားဘူး။ မထင်မှတ်ပဲ သူမရဲ့ ယောက္ခမဖြစ်သူ စတုတ္ထရဲ့အိမ်ကိုသွားကာ ကလေးသွားထိန်းပေးခဲ့သည်။
“ဒါက စတုတ္ထရဲ့ဇနီးပေးလိုက်တာ” အစကတော့ အမေကျိုးဟာ စတုတ္ထလေးရဲ့ ဇနီးသည်က အတွေးလွန်နေတာလို့ ထင်ခဲ့ပေမယ့် အခုကြည့်ရတော့ သူမအထင် မှန်နေတဲ့ပုံပဲ။
ဒုတိယရဲ့ ဇနီးသည်၏ တုံ့ပြန်မှုကို ကြည့်လျှင် မကျေမနပ်ဖြစ်နေတာ အသိသာပဲ။
အသားတစ်ပိုင်းကို မြင်လိုက်တော့ ဒုတိယမရီးက မကျေမနပ် ထပ်မပြောတော့ဘူး။ “စတုတ္ထယောင်းမလေးက ဒီလောက်ကြီးတဲ့ အသားတစ်ပိုင်းကို ပေးလောက်တဲ့အထိ အရမ်းရက်ရောတာပဲ” လို့ အားရပါးရပြုံးကာ ပြောလိုက်သည်။
“ငါ လောင်အာ့နဲ့ လောင်စန်းကို ကူထိန်းပေးတော့ ဒါကို ပြန်ယူသွားဖို့ သူမ ပြောတယ်လေ” လို့ အမေကျိုးက ရှင်းပြသည်။
ဒုတိယမရီးက ဒီစကားကို ကြားတော့ သူမနှုတ်ခမ်းက ကွေးညွှတ်သွားသည်။