အခန်း(၇၆)ထေ့ငေါ့ခြင်း
Viewers 40k

အခန်း (၇၆) - ထေ့ငေါ့ခြင်း


ကျိုးအိမ်တွင် ကြုံတွေ့ဖြစ်ပျက်မည့် ကိစ္စမှန်သမျှကို လင်းချင်းဟယ်သည် လုံးဝ စိတ်ဝင်စားချေ။

ထိုအသားများသည် ကျိုးအဖေနှင့် ကျိုးအမေတို့အား သားသမီးတို့၏ တာဝန်ဝတ္တရားအရ ပေးအပ်ခြင်း ဖြစ်သလို ဒုတိယမရီး၏ ပါးစပ်ကို ပိတ်ဆို့ရန်အတွက်လည်း ဖြစ်သည်။ ကျောက်ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကို သတ်သကဲ့သို့ပင်။


နေ့လည်ခင်းအတွက် သူမသည် ထမင်းပေါင်း စားရန် စီစဉ်ထားသည်။ လင်းချင်းဟယ်သည် ကြက်ဥ ရှစ်လုံး- ကိုးလုံးကို ပြုတ်ပြီး အခွံခွာလိုက်သည်။ ထို့နောက် ဝက်နံရိုးကို ခုတ်ပိုင်းပြီး ဝက်ဗိုက်သားကို လှီးဖြတ်သည်။ ပြီးနောက် အိုးစောက်ထဲ ထည့်ကာ ပဲငံပြာရည်ဖြင့် ချက်လိုက်သည်။


ထို့ပြင် ဟင်းသီးဟင်းရွက်ကြော်နှင့် ပုဇွန်ဆိတ်ပင်လယ်ရေညှိစွပ်ပြုတ်တို့လည်း ပါရှိသည်။


ကျိုးချင်းပိုင် အိမ်သို့ ပြန်ရောက်လာမည့်အချိန်နှင့် အချိန်ကိုက်ပင်။ ကျိုးချင်းပိုင် အိမ်မှာ မရှိသောကြောင့် လင်းချင်းဟယ်တွင် လုပ်စရာအလုပ် များစွာ ရှိနေသည်။ သူက မနက်စောစောတွင် တစ်ကြိမ် အစာကျွေးခဲ့သော်ငြား နောက်တစ်ကြိမ် သူမ ထပ်ကျွေးရမည်။


ဝက်နှစ်ကောင်၏ အစာ စားချင်စိတ်က ပိုကြီးလာသည့်နှင့်အမျှ အစာလိုအပ်ချက်ကလည်း တိုးမြှင့်လာသည်။


လင်းချင်းဟယ်သည် နေ့ခင်း တရေးတမောအိပ်ရန် စီစဉ်စိတ်ကူးထားသဖြင့် သူမသည် ဟင်းရွက်ရိုင်းများ တူးဖော်ရန် လောင်အာ့နှင့် လောင်စန်းကို ခေါ်သွားခဲ့သည်။


ကျိုးချင်းပိုင်သည် မွန်းတည့်မှ ပြန်ရောက်လာသည်။ သူ့ပါးပြင်တွေက နေရောင်ကြောင့် နီရဲနေသည်။ 


ထိုအရာကို မြင်သောအခါ လင်းချင်းဟယ်သည် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။ သူမသည် သူ့အတွက် မျက်နှာသစ်ရန် ရေယူပေးပြီးနောက် ရေချိုးပြီး အဝတ်အစားများကို လဲလှယ်စေသည်။ ထို့နောက် တစ်မိသားစုလုံး နေ့လည်စာ စားကြသည်။


ဝက်သား၊ နံရိုးနှင့် ကြက်ဥပြုတ်များကို ပဲငံပြာရည်ဖြင့် ချက်ထားပြီး စွပ်ပြုတ်ကလည်း ထမင်းနှင့် လိုက်ဖက်လှသည်။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို များများစားရန် တိုက်တွန်းလိုက်သည်။ ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးများသည် ကြယ်ကဲ့သို့ပင် တလက်လက် တောက်ပနေသည်။ လင်းချင်းဟယ်သည် သူ ဘယ်အကြောင်းကို သဘောကျ ကျေနပ်သွားမှန်း နားမလည်သဖြင့် ထမင်းစားပြီး တရေးအိပ်ရန် ပြောလိုက်သည်။


မျှော်လင့်ထားသကဲ့သို့ပင် ကျိုးချင်းပိုင်သည် သူ၏ နေ့လည်စာကို အားရကျေနပ်သည်။ သူ့ဇနီး၏ အချက်အပြုတ်အစွမ်းက ဘယ်လောက်ကောင်းသည်ကို ပြောစရာပင် မလိုပေ။


"လောင်တ… ပန်းကန်တွေကို ဆေးကြောလိုက်ဦး။ ပြီးရင် လောင်အာ့က စားပွဲကို ရှင်းလိုက် " 

လင်းချင်းဟယ်သည် ထမင်းစားပြီးနောက် သူတို့ကို အလုပ်လုပ်ရန် တာဝန်ခွဲပေးလိုက်သည်။

ညီအစ်ကိုနှစ်ယောက်သည် အလေ့အကျင့် ဖြစ်နေပြီးသား ဖြစ်ပြီး အလုပ်များကို စတင်လုပ်ကြသည်။ လောင်စန်းက ဖေးယင်းဖြင့် ဆော့ကစားနေစဉ် လင်းချင်းဟယ်သည် သူမ၏အခန်းထဲသို့ ဝင်သွားလိုက်သည်။


ကျိုးချင်းပိုင်က သူမကို စောင့်နေသည်။ သူမ ဝင်လာသောအခါ သူ့အကြည့်တွေက သူမနောက်သို့ လိုက်ကြည့်နေသည်။ လင်းချင်းဟယ်သည် ချောင်းဟန့်ကာ ပြောလိုက်သည်။ " ကျွန်မ အစ်မမိန်နဲ့ ကိစ္စအားလုံး ညှိပြီးပြီ၊ ရှင့်စကားကို ရှင် ပြန်မရုပ်သိမ်းရဘူးနော် "


ကျိုးချင်းပိုင်သည် သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပြောလိုက်သည်။ " ကိုယ် မင်းကို အခွင့်အရေး တစ်ခါပဲ ပေးမှာ။ မတော်တဆ တစ်ခုခု ဖြစ်တာနဲ့ အဲဒါကို လုံးဝလုပ်ခွင့်မရှိတော့ဘူး "


" ကောင်းပြီ " လင်းချင်ဟယ်က ဝမ်းသာအားရ သဘောတူလိုက်သည်။ ကိုယ်ပိုင်နယ်မြေနဲ့ဆိုရင် ဒီဘဝမှာ ဘာမှ ဖြစ်လာလိမ့်မည် မဟုတ်ပေ။


" မနေ့ညက ကိုယ် မင်းကို နာကျင်စေခဲ့တယ်။ သက်သာသွားပြီလား " ကျိုးချင်းပိုင်က နူးညံ့သောအသံဖြင့် မေးသည်။


လင်းချင်းဟယ်၏မျက်နှာမှာ အနည်းငယ် ရှက်ရွံ့နီရဲသွားသည်။ သူမ ဒဏ်ရာရခဲ့ရဲ့လား? သူမကတော့ မခံစားမိပေ။


သို့သော်ငြား ညဘက်တွင် ဝံပုလွေအဖြစ် ပြောင်းသွားခြင်းအား ကာကွယ်ဟန့်တားရန် သူမက ပြောလိုက်သည်။ " ခုထိတော့ မသက်သာသေးဘူး "


" ကိုယ် ကြည့်ပေးမယ်လေ " ကျိုးချင်းပိုင်သည် သူမအား ကြည့်ရှုစစ်ဆေးပေးရန် ရည်ရွယ်ခဲ့သည်။

လင်းချင်းဟယ်သည် မျက်နှာနီမြန်းသွားပြီး " နေခင်းကြောင်တောင် ရှင် ဘာလုပ်တာလဲ။ ကလေးတွေ 

အပြင်မှာရှိတယ် "


" တံခါးပိတ်ထားတယ်၊ သူတို့တွေ မဝင်လာပါဘူး " ကျိုးချင်းပိုင်က ပြောသည်။ ဒါပေမယ့် လင်းချင်းဟယ်က သူ့ကို ဘယ်လိုလုပ် စစ်ဆေးခွင့်ပေးရမှာလဲ။ သေချာပေါက် လုံးဝခွင့်မပြုနိုင်ဘူး။ အဆုံးမှာတော့ ကျိုးချင်းပိုင်သည် သူမကို ကုတင်ပေါ် ဖိချလိုက်ပြီး မူးဝေကာ အသက်ရှုမဝလောက်သည့်အထိ နမ်းရှိုက်လိုက်သည်။


" မိန်းမ " ကျိုးချင်းပိုင်က တိုးတိုးလေး ခေါ်လိုက်သည်။


လင်းချင်းဟယ်သည် သူ့မျက်လုံးထဲက ပြင်းပြသော လိုအင်ဆန္ဒကို မြင်ပြီး ရှေ့နောက်မစဉ်းစားဘဲ ပြောချလိုက်သည်။ " မနေ့ညက ရှင် အကြာကြီး လုပ်ခဲ့တာ၊ ဒီနေ့လည်း တစ်မနက်ခင်းလုံး အလုပ်လုပ်ခဲ့တယ်။ ရှင့်မှာ အား ကျန်နေသေးတယ်ပေါ့ "


" အင်း " ကျိုးချင်းပိုင်က သူမကို စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်နေသည်။


" ရှင် လုပ်နိုင်ရင်တောင် အနားယူဖို့ ရှင့်ကို ကျွန်မ အမိန့်ပေးတယ် " လင်းချင်းဟယ်က စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။


ဤကြမ်းတမ်းသောသူသည် ကာယဗလ အားကောင်းသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သူ့ခန္ဓာကိုယ်ကို ကြည့်ရုံနဲ့ပင် သိနိုင်ပေသည်။ ရွာထဲ၌ သူနှင့်ဆင်တူသော ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်မျိုး မရှိပေ။


ရွာထဲရှိ မိန်းကလေးကြီးငယ်များနှင့် ငယ်ရွယ်သောဇနီးသည်များက သူ့ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်နေကြပြီး သူမအပေါ် မနာလိုဝန်တို ရန်လိုစိတ်များ ကြီးမားလွန်းနေသည်ကို သူမ မသိဘူးဟု မယူဆလိုက်ပါနှင့်။


ဒီတော့ ရန်လိုစိတ်တွေ ကြီးမားနေလျှင်လည်း ဘာများတတ်နိုင်မှာလဲ? ဒီလူက သူတို့တွေ ငမ်းငမ်းတက် လိုချင်တပ်မက်နိုင်မည့်သူ မဟုတ်ပေ… သူက လင်းချင်းဟယ်၏ အပိုင်ပင်။


" ကိုယ်က အနားမယူရလည်း အဆင်ပြေတယ် " ကျိုးချင်းပိုင်သည် သူမကို နမ်းလိုက်ပြီး သူမအပေါ် အုပ်မိုးရန် ကြိုးစားလိုက်သည်။


" ကျွန်မ ကောင်းကောင်း အနားမယူရသေးဘူး။ မနေ့ညက ရှင်က နှစ်ရာချီလောက် အသားမစားခဲ့ရတဲ့သူနဲ့ တူနေတယ်။ ကျွန်မ မသက်သာသေးဘူး " လင်းချင်းဟယ်သည် အားပျော့နေသော မျက်နှာဖြင့် ထုတ်ဖော်ပြောလိုက်သည်။


ဒီအချိန်မှာတော့ ကျိုးချင်းပိုင်သည် လက်လျှော့ရုံသာ တတ်နိုင်တော့သည်။ " ဒါဆို ကောင်းကောင်း အနားယူလိုက်ဦး "


မနေ့ညက ဖြစ်ပျက်ခဲ့သမျှကို တွေးရင်း ကျိုးချင်းပိုင်လည်း အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ မနေ့ညက အမှန်တကယ်ပင် သူ မဆင်မခြင် သောင်းကျန်းခဲ့သည်။ ဒါပေမယ့် သူလည်း မထိန်းသိမ်းနိုင်ခဲ့ပေ။ သူ့ဇနီးက ဆွဲမက်စရာ ကောင်းလွန်းသဖြင့် မနေနိုင်အောင် ထပ်ခါ ထပ်ခါ စွဲလန်းလိုချင်နေမိသည်။


လင်းချင်းဟယ်သည် စိတ်သက်သာရာရသွားပြီးနောက် သူ့ရင်ခွင်ထဲသို့ ညင်ညင်သာသာ မှီတွယ်လိုက်သည်။


မနေ့ညက နှစ်ယောက်သား တကယ့် အကြင်လင်မယားအဖြစ် ပြောင်းလဲသွားပြီးနောက်မှာတော့ သူမသည် ဒီသူက သူမ၏လူ ဟူသော ခံစားချက်ကို ပိုင်ဆိုင်လိုက်ရသည်မှာ အမှန်ပင်။


" ရှင်က အလုပ်မှတ်ကို စုဆောင်းနေလည်း ရှင့်စိတ်နဲ့ ခန္ဓာကိုယ်ကို အရမ်း အပင်ပန်းခံစရာ မလိုဘူး။ အလုပ်မလုပ်ချင်လည်း မလုပ်လို့ရတယ်။ ကျွန်မတို့မိသားစုက ငတ်ပြတ်သွားမှာ မဟုတ်ဘူး။ ဒီလောက်ထိ ပင်ပင်ပန်းပန်းတွေ လုပ်စရာ မလိုဘူး " လင်းချင်းဟယ်က ပြောသည်။


" မပင်ပန်းပါဘူး " ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။


သူလို သန်မာတဲ့လူတစ်ယောက်အတွက် လယ်လုပ်ရသည်မှာ အမှန်တကယ်ပင် ဘာမှမဖြစ်ချေ။


" ဘာလို့ မပင်ပန်းရမှာလဲ။ ဒီအလုပ်တွေကို ပင်ပန်းတဲ့အလုပ်လို့ ခေါ်တာ လုံးဝမမှားဘူး။ ကျွန်မ ရှင့်ကို အခုတစ်ခါတည်း ပြောထားမယ်… ရှင့်ခန္ဓာကိုယ်ကို ကောင်းကောင်း မကာကွယ်လို့ နောက်ပိုင်း မသန်မစွမ်း ဖြစ်လာရင် ကျွန်မက ရှင့်ကို မောင်းထုတ်မှာ " လင်းချင်းဟယ်က မာဆတ်ဆတ် ပြောလိုက်သည်။


" ဒါဆို ကိုယ့်ကို မောင်းထုတ်နိုင်မလား မင်းလေး ကြိုးစားစောင့်ကြည့်ပေါ့ " ကျိုးချင်းပိုင်က သူမကို ကြည့်လိုက်သည်။


လင်းချင်းဟယ်သည် သူမလက်ကို မြှောက်ပြီး သူ့ပါးကို ပွတ်သပ်ရင်း " ရှင်က ငယ်ရွယ်သန်မာသေးတယ်… အခုတော့ မဖြစ်သေးဘူးပေါ့။ ဒါပေမယ့် ကျိုးချင်းပိုင်… အပြင်မှာ လေဒဏ်၊ နေဒဏ်ကို တောက်လျှောက် ကြုံတွေ့လာရရင် ရှင့်မျက်နှာက ဘယ်နှစ်နှစ်လောက်ထိ ငယ်ရွယ်နုပျိုနိုင်ဦးမှာလဲ "


" ယောကျ်ားတစ်ယောက်က တာဝန်ကျေပွန်နိုင်ရင် လုံလောက်ပြီလေ။ သူ့မျက်နှာက အရေးမကြီးပါဘူး " ကျိုးချင်းပိုင်က သူ့ခံယူချက်ကို ပြောပြသည်။


သူက ထိုအကြောင်းကို ယောကျ်ားဆန်စွာ ပြောခဲ့သည်။ လင်းချင်းဟယ်သည် စိတ်အားထက်သန်စွာဖြင့် အနမ်းတစ်ပွင့် ပေးလိုက်သည်။ ကျိုးချင်းပိုင်သည် သူမကြောင့် ဆန္ဒမီး တောက်လောင်သွားသည်။


သို့သော်ငြား သူမ အဆင်မပြေသေးသည်ကို သိနေသဖြင့် သူမကို ထိတွေ့ရန် စိတ်ကူးမရှိပေ။

" ကျွန်မက ရုပ်ရည်ကို အလေးထားတာမို့ ရှင့်ကိုယ်ရှင် အဘိုးကြီးဖြစ်အောင် မပြောင်းလိုက်နဲ့။ ကျွန်မ မကြိုက်ဘူး " လင်းချင်းဟယ်က ထုတ်ပြောသည်။


ကျိုးချင်းပိုင်က ' အင်း ' ဟု ရေရွတ်လိုက်ပြီး ၎င်းကို ကတိတစ်ခုအဖြစ် မှတ်ယူနိုင်သည်။


ထိုထက်ပိုပြီး သူ့စိတ်ထဲတွင် သိနေခဲ့သည်။ သူ့ဇနီးက သူ့ကို သဘောကျနှစ်သက်ရသည့် အကြောင်းရင်းက သူ ရုပ်ချောကြည့်ကောင်းနေလို့ ဖြစ်ကောင်းဖြစ်နိုင်သည်။


အဘယ်ကြောင့်ဆိုသော် မကြာမကြာ သူမသည် တစ်ခါတစ်ရံတွင် သူ့ကို ငေးမောမှင်တက်စွာ ကြည့်နေတတ်ပြီး ရံဖန်ရံခါ သူမ၏မျက်ဝန်းများသည် သူ၏ ကိုယ်ခန္ဓာပုံပန်းကို မြင်သောအခါ တလက်လက် တောက်ပသွားသောကြောင့်ပင်။


ထို့ကြောင့် သူ့ဇနီးအား မည်သို့ ဆွဲဆောင်ရမည်ကို သူ ကောင်းကောင်း သိနေသည်။


" အိပ်တော့ " ကျိုးချင်းပိုင်သည် သူမခါးအား ပွေ့ဖက်ထားပြီး တိုးတိုးလေး ပြောသည်။


လင်းချင်းဟယ်သည် သူ့ကို သူ့ဘာသာ တစ်ရေးတစ်မော အိပ်စေသည်။ သူမသည် လောင်တ၏ အိပ်စာများကို ကြီးကြပ်ရန် ထွက်လာခဲ့သည်။ လောင်အာ့က မနေ့က ရေတွက်ခြင်းကို ပြန်ရွတ်ဆိုခဲ့ရပြီး လောင်စန်းသည် တစ်ရေးအိပ်ရန်အတွက် မျက်နှာနှင့် လက်ကို ဆေးကြောရန် လိုအပ်သည်။


ကျိုးချင်းပိုင်သည် အမှန်တကယ်ပင် ပင်ပန်းနေသောကြောင့် ဇနီးဖြစ်သူ၏ သင်းပျံ့သောရနံ့ဖြင့် အခန်းထဲ၌ အိပ်ပျော်နေလေသည်။


နေ့လည်တစ်နာရီမှာ အလုပ်ပြန်စမည် ဖြစ်သည်။


လင်းချင်းဟယ်သည် စိတ်ပျက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ရာသီဥတုက ကောင်းနေခဲ့သည်။ နေရောင်ခြည်ကလည်း သိပ်မပြင်းပေ။ သို့သော် ဇွန်လ သို့မဟုတ် ဇူလိုင်လ ရောက်လျှင်တော့ လွယ်ကူတော့မည် မဟုတ်ပေ။ သေလောက်အောင် ပင်ပန်းလိမ့်မည်။


လောင်တ ကျောင်းသွားသောအခါ လင်းချင်းဟယ်သည် လောင်အာ့နှင့် လောင်စန်းတို့ကို တောရိုင်း ဟင်းသီးဟင်းရွက်များ တူးဖော်ရန် ခေါ်လာခဲ့ပြီး ဖေးယင်းအား အိမ်စောင့်ရန် ထားခဲ့သည်။


ဖေးယင်းကဲ့သို့သော အလွန် ကောင်းမွန်သည့် အိမ်စောင့်ခွေး ရှိနေခြင်းကြောင့် လင်းချင်းဟယ်သည် အပြင်ထွက်ရန် ပို၍ စိတ်ချလက်ချရှိသည်ဟု ဆိုနိုင်ပေသည်။


မိသားစု၏ အရေးကြီးသော အဖိုးတန်ပစ္စည်းများ အားလုံးကို သူမ၏ ကိုယ်ပိုင်နယ်မြေထဲ၌ သိမ်းဆည်းထားသော်လည်း အခြားအရာများလည်း ရှိနေသေးသည်။


ယခုအချိန်တွင် လူအများသည် ဟင်းရွက်ရိုင်းတွေကို လိုက်ရှာရန် ထွက်လာကြသည်။ လင်းချင်းဟယ်သည် လောင်အာ့နှင့် လောင်စန်းတို့ကို ဦးဆောင်ကာ ထွက်လာရင်း တောရိုင်း ဟင်းသီးဟင်းရွက်များ ရှာရန် ထွက်လာသည့် အခြားအမျိုးသမီးများစွာနှင့် တွေ့ဆုံမိသည်။


" အိုး… ချင်းပိုင်ရဲ့ ဇနီးလည်း ဟင်းရွက်ရိုင်းတွေ ရှာဖို့ ထွက်လာတယ်ပေါ့။ ဟင်းရွက်ရိုင်းတွေကို အထင်အမြင်သေးပြီး တစ်ခါမှ မစားဖူးဘူးမလား " လင်းချင်းဟယ်နဲ့ အသက်အရွယ် တူသော်လည်း လင်းချင်းဟယ်ထက် အသက်ပိုကြီးဟန် မျက်နှာသွင်ပြင်ရှိသော အမျိုးသမီးတစ်ယာက်က ပြောလိုက်သည်။


ဤသည်မှာ လင်းချင်းဟယ်သည် ယခုအခါတွင် ကြွေလွင့်သွားသော ဖီးနစ်ငှက်သဖွယ် ဖြစ်နေကြောင်း သိသာထင်ရှားစွာ ငေါ့တော့တော့ မှတ်ချက်ချလိုက်ခြင်း ဖြစ်သည်။