အခန်း(၇၇)နင်မပင်ပမ်းတာအံ့ဩစရာမရှိပါဘူး
Viewers 43k

အခန်း (၇၇) - နင် မပင်ပန်းတာ အံ့သြစရာမရှိပါဘူး


“အတိတ်က အတိတ်ပဲ။ ယခုပစ္စုပ္ပန်က ယခုပစ္စုပ္ပန်ပဲ။ ခေတ်တွေ ပြောင်းလဲသွားခဲ့ပြီ မဟုတ်လား။ လူတွေက ပိုင်းခြားသိမြင်ဖို့ လိုအပ်တယ်၊ ဂုဏ်ယူသင့်တဲ့အခါ ဂုဏ်ယူတတ်ရမယ်၊ ဒါပေမယ့် ဂုဏ်ယူဝံ့ကြွားရမယ့် အခိုက်အတန့်တွေ ပြီးဆုံးသွားတဲ့အခါကျရင် နောက်ကြောင်းပြန်ဖို့ အချိန်တန်ပြီလေ။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။


“အင်းပေါ့။ အခု မင်း ဂုဏ်မယူနိုင်တော့ဘူးလေ” အမျိုးသမီးက လှောင်ရယ်ရယ်ခဲ့သည်။


“အရင်တုန်းက ဂုဏ်ယူမဝံ့ကြွားဖူးတဲ့သူတွေထက်စာရင် ပိုကောင်းနေပါသေးတယ်” လင်းချင်းဟယ်က သူမကို ပြုံးပြလိုက်သည်။


ဒီစကားတွေက ဝမ်လင်းဟု အမည်ရှိသော အမျိုးသမီးရဲ့ မျက်နှာအမူအရာအား ပျက်ယွင်းသွားစေခဲ့သည်။ “နင် ဘာကို ဆိုလိုချင်တာလဲ။”


“ရှင့်မှာ ဦးနှောက်မရှိဘူးလား။ ဒါကို ဘာဖြစ်လို့ နားမလည်နိုင်ရတာလဲ။ ရှင်က ကျွန်မကို လှောင်ပြောင်ဖို့ ထိုက်တန်တယ်လို့များ ထင်နေတာလား။ ကျွန်မမိသားစုဝင် ချင်းပိုင်က သူ ပင်စင်ယူသွားခဲ့တာတောင် ကျွန်မကို လယ်အလုပ် မလုပ်စေရဘူး။ သူက ကျွန်မကို အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေခိုင်းတာ။ ရှင်က ကျွန်မလိုမျိုး သာသာယာယာ နေနိုင်လို့လား။” လင်းချင်းဟယ်က သရော်ပြုံးပြုံးပြလိုက်သည်။


ဝမ်လင်းသည် ဒေါသစိတ်ကြောင့် ပြောစရာစကားလုံးများပင် ပျောက်ဆုံးသွားခဲ့ရသည်။


 “ကျွန်မသာ ရှင့်လိုဘဝမျိုးနဲ့ဆိုရင် ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ရှင် ကျွန်မရှေ့မှာ ကျည်ကျည်ကျာကျာ ပြောရဲတဲ့မျက်နှာ ရှိသေးတယ်နော်။ ရှင့်မိသားစုက မှန်တစ်ချပ်ကိုတောင် မတတ်နိုင်လို့ ရှင်က ရှင့်ကိုယ်ရှင် မှန်ထဲ မကြည့်မိတာလား။ ရှင်က ကျွန်မနဲ့ သက်တူရွယ်တူလောက်ပဲ ရှိသေးတာကိုတောင် ရှင်က ကျွန်မထက် အသက်ဆယ်နှစ်‌လောက် ပိုကြီးတဲ့ပုံပေါက်နေပြီ။ ရှင့်ကို ဒီလိုပြောရဲဖို့ ဘယ်သူကများ သတ္တိတွေပေးခဲ့တာလဲ။ လောင်အာ့ ငါတို့မိသားစု နေ့လည်စာ ဘာစားခဲ့တာလဲ ဆိုတာကို သူမကို ပြောပြလိုက်” ဟု လင်းချင်းဟယ်က ပြောသည်။


“ဝက်ဗိုက်သားနဲ့ ကြက်ဥတွေကို ထမင်းဖြူနဲ့ စားခဲ့ရတယ်။ အထူးသဖြင့် အရမ်းအရသာရှိတယ်။” ဟု လောင်အာ့က ချက်ချင်း ပြန်ဖြေလိုက်သည်။

 

“ရှင် ကြားလိုက်တယ်မလား” လင်းချင်းဟယ်က ဝမ်လင်းကို အကြည့်တစ်ချက် ပစ်ခွင်းလိုက်သည်။


ဝမ်လင်းသည် ဒေါသကြောင့် တုန်တုန်ယင်ယင် ဖြစ်နေသော်လည်း လင်းချင်းဟယ်ကို အနိုင်ကျင့်ရန် မလွယ်ကူကြောင်းကိုလည်း သူမ သိသည်။ ဆက်လက်ငြင်းခုန်နေပါက သူမကသာ ဒုက္ခရောက်သွားမယ့်သူ ဖြစ်သည်။ အဲ့တာကြောင့် သူမက လှည့်ထွက်သွားခဲ့သည်။


အခြားအမျိုးသမီးတွေလည်း အနည်းငယ် ရှက်ရွံ့သွားခဲ့ကြသည်။ လင်းချင်းဟယ်က သူတို့ကို ပြဿနာမရှာပဲ ဟင်းသီးဟင်းရွက်ရိုင်းများကို တူးရန် လောင်အာ့နဲ့ လောင်စန်းတို့ကို ခေါ်သွားခဲ့သည်။ 


ဒီအဖြစ်အပျက်က သူတို့ကို အသက်ရှုချောင်သွားစေခဲ့သည်။


“ဝမ်လင်းက ဘာတွေးနေတာလဲ။ သူမ အကြောင်းပြချက်မရှိ ပြဿနာရှာဖို့ ဘယ်သူ့ကိုရွေးသင့်တယ် ဆိုတာ နှစ်ခါပြန် မစဥ်းစားခဲ့ဘူးလား။ ဒီအမျိုးသမီးက ရန်စဖို့လွယ်ကူတဲ့ ပစ်မှတ်လို့များ ထင်နေတာလား။” ဟု သူတို့ထဲမှတစ်ယောက်က ရေရွတ်လိုက်သည်။


“ဒါက သိသာနေတာပဲလေ၊ သူမက လင်းချင်းဟယ်ကို မနာလိုဖြစ်နေတာလေ။” တစ်စုံတစ်ယောက်ရဲ့ နှုတ်ခမ်းတွေက ကွေးညွှတ်သွားကာ ဆိုလိုက်သည်။


“ဘာရယ်စရာရှိလို့လဲ။ ကျိုးချင်းပိုင်က အနားယူသွားတယ်ဆိုရင်တောင် ရွာထဲက အခြားအမျိုးသမီးတွေက သူမနဲ့ ဘယ်မှာယှဥ်နိုင်လို့လဲ၊ သူမက ကျိုးချင်းပိုင်နဲ့ လက်ထပ်ပြီးကတည်းက ဘယ်တုန်းကမှ လယ်ထဲ မဆင်းခဲ့ရဘူး။” ဟု တတိယတစ်ဦးမှ ကြားဝင်ပြောခဲ့သည်။


“ဒါကို ဘယ်သူက မဟုတ်ဘူးလို့ ငြင်းနိုင်မှာလဲ။ သူမက သုံးရက်တစ်ကြိမ်လောက် အသားစားဖို့ သွားဝယ်တယ်လို့ ငါကြားတယ်။ သူမက တကယ်ကို အရင်တိုင်း ဟန်မပျက်နေနိုင်တယ်။”


“လောင်တနဲ့ သူ့ညီတွေကို ကြည့်လိုက်ရင် ဒါက အမှန်ပဲ ဆိုတာကို နင်တို့ပြောနိုင်မှာပဲ။ သူတို့ ဒီနှစ်မှာ တော်တော်ထွားလာကြတယ်။ လောင်စန်းဆို ကောင်းချီးပန်းချီကားထဲက က‌လေးလေးလိုမျိုး ပိုထွားလာခဲ့တယ်လေ။”


 

Blessed Baby

"..."


ဒီနေရာတွင် အမျိုးသမီး အများအပြားသည် ဟင်းရွက်ရိုင်းတွေကို တူးနေစဥ် စကားပြောနေကြသည်။

 

လင်းချင်းဟယ်ကမူ တစ်ဖက်ကမ်းတွင် ဝက်စာတူးရန် လောင်အာ့နှင့် လောင်စန်းတို့ကို ခေါ်လာခဲ့သည်။ ဝမ်လင်းကိုမူ သူမစိတ်ထဲမှ ထုတ်ပစ်လိုက်သည်။ ဝမ်လင်းသည် ဒုတိယမရီးနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး အတင်းအဖျင်းများ ပြောလေ့ရှိသည်။ သူမရှေ့ ထုတ်မပြောသရွေ့ သူမ ဂရုမစိုက်ခဲ့ဘူး။ ဒီတစ်ခါတော့ သူမက သတ္တိပိုကောင်းလာပြီး သူမ အပြစ်တင်လာခဲ့သည်။ ထုံးစံအတိုင်း သူမက ယဥ်ကျေးပြလိမ့်မည် မဟုတ်ပေ။


သားအမိသုံးယောက်သား ဟင်းရွက်ရိုင်းများကို စုဆောင်းခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က နွေဦးမိုးရွာသွန်းခဲ့ပြီး နောက်လေး၊ ငါးရက်ခန့် မိုးဖွဲဖွဲလေးများ ရွာသွန်းခဲ့သောကြောင့် လင်းချင်းဟယ်သည် မှိုကောက်ရန် တောင်ပေါ်သို့ တက်လာခဲ့သည်။


လောင်အာ့နှင့် လောင်စန်းတို့သည် ထုံးစံအတိုင်း သူမနှင့်အတူ ပါလာခဲ့၍ မှိုကောက်ရန် ဝေးဝေးလံလံသို့ မသွားခဲ့ကြပေ။ သူတို့ဟာ မှိုများကို အစွန်းတစ်ဖက်မှာသာ ရှာဖွေခဲ့ကြသည့်တိုင် သူတို့ အများအပြား ရှာတွေ့ခဲ့ကြသည်။


တစ်နာရီကျော်ကြာမှ သားအမိသုံးယောက်သား ပြန်ထွက်လာကြပြီး သူတို့ များများ ရိတ်သိမ်းလာနိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။


မကျိုးပဲ့သေးတဲ့ မှိုများကို ဗန်းပေါ်တွင်တင်ပြီး နေလှန်းအခြောက်ခံကာ သိမ်းဆည်းထားဖို့ ပြင်ဆင်လိုက်သည်။ ကျိုးပဲ့နေတဲ့မှိုများကို ရေစင်စင်ဆေးကာ ဒီနေ့ညစာအတွက် ကြော်ထားလိုက်သည်။ ဒီမှိုတွေက အရမ်းလတ်ဆတ်ပြီး အရသာရှိလှသည်။


ဟင်းသီးဟင်းရွက်ရိုင်းများကို မကြော်ခင် ရေသေသေချာချာဆေးဖို့ လိုအပ်သည်။ နေ့လည်စာအတွက် ဝက်သား၊ နံရိုးနှင့် ကြက်ဥအချို့ ကျန်သေးသည်။ ညစာအတွက်မူ သူမ ဟင်းလျာနှစ်ပွဲလောက် ချက်ပြုတ်ရမယ်။ ထို့နောက် ပြောင်းဖူးပေါက်စီအချို့ကိုပေါင်းပြီး စွပ်ပြုတ်တစ်ပန်းကန်စီနဲ့ဆို လုံလောက်သွားပြီ။


လင်းချင်းဟယ်သည် လောင်အာ့နဲ့ လောင်စန်းတို့နှင့်အတူ အိမ်ပြန်ရောက်တော့ သူတို့ကို ရေတစ်ခွက်ထည့်ပေးပြီး သောက်ခိုင်းကာ သူတို့ ပြေးလွှားမကစားခင် နို့သကြားလုံးတွေ ပေးလိုက်သည်။


လင်းချင်းဟယ်သည် ဝက်စာအား စတင်ကျိုထားလိုက်သည်။


ဟင်းရွက်ရိုင်းအများစုသည် ဝက်များအတွက် ဖြစ်သည်။ သူမတို့မိသားစုမှ ဝက်များဟာ တကယ့်ကို မျိုးကောင်းလှသည်။ နှစ်ကုန်ကျရင် ကျင်းနှစ်ရာလောက်ကတော့ အသာလေး ရနိုင်ပေသည်။


သူတို့ထံမှ အသား ကျင်းနှစ်ရာလောက် ထွက်ရှိမယ်ဆိုရင် ဒီဖက်ခေတ်တွင် အကြီးဆုံးဝက်ဖြစ်သည်ဟု ဆိုရမည်ဖြစ်ကာ အလုပ်ရမှတ် အပိုများ ရရှိနိုင်ပေလိမ့်မည်။


ပြီးတော့ အသားခွဲဝေသည့်အချိန်ကိုရောက်ရင် သူတို့ကို မွေးမြူခဲ့သည့် မိသားစုကိုလည်း အသားများ ခွဲဝေပေးသေးသည်။


ဝက်စာအနံ့က နည်းနည်းပြင်းပေမယ့် လင်းချင်းဟယ်ကတော့ သည်းခံနိုင်ပါသေးသည်။ အဆုံး၌ သူမဟာ ဝက်စာအတွက်သာ တာဝန်ယူထားသည်။ ကျိုးချင်းပိုင်ကမူ ဝက်စာကျွေးပြီး ဝက်များနှင့် ဝက်ခြံကို သန့်ရှင်းရေးလုပ်ရသည်။


တကယ်တော့ သူမသည် ဝက်များကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ် တစ်နေ့လျှင်နှစ်ကြိမ်ခန့် ကျွေးပေးခဲ့သည်။ ကျန်တာကိုတော့ ကျိုးချင်းပိုင်က ကျွေးမွေးခဲ့သည်။

 

ထို့အပြင် ဝက်မွေးမြူခြင်းအတွက်သာ အမှတ်များ ရရှိတာ မဟုတ်ပေ။ ဝက်မစင်များကို အသင်းများပေးလျှင် အမှတ်အဖြစ် ရေတွက်ပေးလိမ့်မည်ဖြစ်သည်။ ဒါတွေအားလုံးကို ကျိုးချင်းပိုင်က ကိုင်တွယ်ဖြေရှင်းပေးသည်။ လင်းချင်းဟယ်က ဒီကိစ္စတွေကြား ဘယ်တော့မှ ဝင်ပါမှာ မဟုတ်ဘူး။


သူမမှာ အားကိုးစရာ အမျိုးသားတစ်ယောက်ရှိသောကြောင့် သူမ ဒါကို မလုပ်ဘူး။ သူမသည် သူတော်ကောင်းယောင်ဆောင်သော လူတစ်ယောက်ဖြစ်သည် ဆိုတာကို ပြောစရာမလိုလောက်အောင်ပင် သူမစိတ်ထဲတွင် သိနားလည်ထားသည်။


ဒီလိုမှမဟုတ်လျှင် သူမဟာ ဒီဆင်းရဲသား ကျိုးချင်းပိုင်ကို ဘာလို့ ဂရုစိုက်နေရမှာလဲ။


ဝက်စာကျွေးပြီးနောက် ခြံထဲရှိ ဟင်းသီးဟင်းရွက်အပင်များကို ရေလောင်းခဲ့ပြီး သူမရဲ့အလုပ်အများစုဟာ ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။


လင်းချင်းဟယ်သည် သူမလက်နှင့် မျက်နှာကို ဆေးကြောသန့်စင်ခဲ့ပြီး မုန့်ညက်များ အဆင်သင့် ဖြစ် မဖြစ် ကြည့်ရှုရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ မုန့်ညက်များ အဆင်သင့်ဖြစ်လုနီးပါးသာ ဖြစ်နေသေး၍ သူမ အဲ့တာတွေကို မကိုင်တွယ်တော့ပေ။ သူမသည် မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့ပြီး အိမ်တွင် ကျန်ရှိနေသေးသော အထည်စများကိုထုတ်ကာ ကျိုးချင်းပိုင်အတွက် အိမ်နေရင်း ဝတ်ဆင်ဖို့ ဖိနပ်တစ်ရံကို ပြုလုပ်ခဲ့သည်။

 

လေးနာရီထိုးတော့ လောင်တ ကျောင်းကပြန်လာသည်။ သူ အိမ်ပြန်ရောက်တာတဲ့ ရေသောက်ပြီး အပြင်မှာကစားဖို့ ပြေးထွက်သွားသည်။ လင်းချင်းဟယ်က သူတို့ညီအစ်ကိုတွေ ရံဖန်ရံခါ အပြင်ထွက်ကစားတာကို စိတ်ထဲ မထားဘူး။ သူတို့ကို တာဝန်ပေးထားတဲ့အတိုင်း လုပ်ကိုင်ပြီး အန္တရာယ်မရှိသရွေ့ သူတို့ကစားနေသမျှကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပေ။


ညနေစောင်းသောအခါတွင် လင်းချင်းဟယ်သည် တစ်ဝက်မျှသာ ပြီးသေးသည့် အထည်စ၊ အပ်၊ အပ်ချည်ကြိုးနှင့် ကတ်ကြေးတို့ကို သိမ်းဆည်းလိုက်သည်။


သူမသည် မီးဖိုချောင်ဝင်ကာ မိသားစုအတွက် ညစာကို စတင်ချက်ပြုတ်ခဲ့သည်။


ပြောင်းဖူးပေါက်စီတွေပဲ ဖြစ်သည်။


လင်းချင်းဟယ်သည် သတ်သတ်လွတ် ဂျုံပေါက်စီကိုလည်း ပြုလုပ်ဖို့ ရည်ရွယ်ထားသည်။ သေချာတာကတော့ ကလေးတွေက ဒါကို သိပ်ကြိုက်မှာ မဟုတ်ဘူး။ ကျိုးချင်းပိုင်က မငြင်းပယ်သရွေ့ သူမအတွက် အဆင်ပြေသည်။


ကလေးတွေက ဒါကို သိပ်မကြိုက်သောကြောင့် တစ်ကြိမ်တည်း စားဖို့ရာသာ ပြုလုပ်ခဲ့သည်။ ဒါပေမယ့် နောက်လမှာ အကြိမ်အနည်းငယ်ခန့် စားသောက်ဖို့အတွက် ထပ်လုပ်ရပေဦးမည်။ ဤနည်းအားဖြင့် သူတို့ဟာ ခါးသီးမှုမခံစားရပဲ သတ်သတ်လွတ် ပေါက်စီနှင့် ပြောင်းဖူးပေါက်စီတို့ကို စားသောက်ရတာကပင် ဘယ်လောက်ကောင်းမွန်လဲ ဆိုတာကို သူတို့ သိသွားကြပေလိမ့်မည်။


မိထွေးဖြစ်သူ လင်းချင်းဟယ်က ဤကဲ့သို အစီအစဥ်ဆွဲခဲ့ပြီး ညနေစာ ပြင်ဆင်ချက်ပြုတ်ဖို့အတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်ရန် သူမလက်တွေကို အလုပ်ပေးခဲ့သည်။


မှိုတွေရှိနေသည့်အတွက် ဝက်သားကို မလိုအပ်ပါ။ စွပ်ပြုတ်လက်ကျန်အနည်းငယ်နဲ့ ရောမွှေလိုက်ရုံဖြင့် အဆင်သင့်ဖြစ်သွားခဲ့ပြီ။ ဟင်းသီးဟင်းရွက်ရိုင်းတွေကလည်း အရမ်းလတ်ဆတ်သည်။ ဒါ့အပြင် အခြားစွပ်ပြုတ်ကိုလည်း ပြင်ဆင်ထားသေးသည်။


ဟင်းလျာ နှစ်ပွဲ သုံးပွဲ ပြင်ဆင်ရတာက လွယ်ကူသည်။ အချိန်ခဏလေးအတွင်း ချက်ပြုတ်လို့ ပြီးစီးသွားခဲ့ပြီ။


ကျိုးချင်းပိုင်က ညနေခြောက်နာရီထိုးတဲ့အထိ ပြန်မလာသေးချေ။ အဲ့ဒီလူက အလုပ် ပင်ပင်ပန်းပန်း လုပ်ကိုင်ရပေမယ့် ဘယ်တော့မှာ မညည်းညူခဲ့ပေ။ လင်းချင်းဟယ်သည် သူ့မျက်ခုံးများကြားမှ ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်များကို သတိပြုမိသည်။


အချိန်အကြာကြီး အလုပ်လုပ်နေပြီးတော့ မပင်ပန်းဘူးလို့ဆိုရင် ထူးဆန်းပေလိမ့်မည်။


“ခြေလက်ဆေးပြီးရင် ညစာစားဖို့ လာခဲ့တော့” လင်းချင်းဟယ်က ပြောသည်။


“ကောင်းပြီ” ကျိုးချင်းပိုင်သည် အမှန်တကယ် ဗိုက်ဆာနေပြီ။


ကျိုးချင်းပိုင်သည် သူ့မျက်နှာနှင့် ခြေလက်များကို ဆေးကြောပြီးနောက် ထမင်းစားပွဲတွင် ဝင်ထိုင်ခဲ့သည်။ ညီအစ်ကိုသုံးယောက်သားဟာ ညစာစားချိန်တွင် ပြန်ရောက်လာခဲ့ကြသည်။


ညစာစားပြီးတဲ့အခါမှာ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ‌မေးသည်။ “ကျွန်မအတွက် စာအုပ်ဝယ်ပေးဖို့ အချိန်ခဏလောက် ရရဲ့လားဟင်”


“နောက်နှစ်ရက်ကျရင် အသင်းက ကိုယ့်ကို ပိုးသတ်ဆေး ဝယ်ခိုင်းထားတယ်။ အဲ့ကျရင် ကိုယ် မင်းအတွက် စာအုပ်ဝယ်လာပေးမယ်။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


“ကောင်းပြီ” လင်းချင်းဟယ်က အသိအမှတ်ပြုလိုက်သည်။


ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်စတဲ့အခါမှာ သူမ အသက်ငယ်တော့မှာ မဟုတ်ပေမယ့် ဒါက ဘာအရေးလဲ။ ပထမအသုတ်တွင် အသက်အရွယ် ကန့်သတ်ချက် မရှိပေ။ အဲ့အချိန်ရောက်တာနဲ့ သူမ စာမေးပွဲဝင်ဖြေနိုင်ဖို့ ပြင်ဆင်ထားရမည်။


“ရှင် ပင်ပန်းသွားပြီ။ ရေချိုးပြီးရင် အနားယူတော့။ ကျွန်မပဲ ဝက်နှစ်ကောင်ကို ဝက်စာကျွေးလိုက်မယ်။ မနက်ဖြန်ကျမှ ဝက်ခြံကို သန့်ရှင်းရေးလုပ်လိုက်တော့” လင်းချင်းဟယ်က သူ့အတွက် စဥ်းစားပေးပြီး ပြောလိုက်သည်။