အပိုင်း (၈၀)
Viewers 12k

Part 80


သူတို့နောက်တစ်နေ့တွင်နိုးလာသောအခါ  ကျိယန်က ထန်ထန်ကိုခေါ်၍ ဆေးရုံသို့မောင်းကာ ဆေးစစ်ချက်ကို သွားယူခဲ့သည်။ ရလဒ်က ထန်မိတွင်ရှိသော ဆေးစာရွက်နှင့် တစ်ပုံစံတည်းတူညီနေသည်။ ၎င်းက ထန်မိတွင်ရှိသည့် စာရွက်မှာ အစစ်အမှန်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။


ထန်ထန် ရလဒ်ကိုကြည့်ပြီး တောင့်ခဲသွားကာ ထိတ်လန့်သွားသည်။ သူ ကျိယန်၏ အင်္ကျီလက်ဖျားလေးကို ဆွဲကာပြောလိုက်သည်။


"ယောက်ျား... ထန်မိမှာရှိတဲ့ ဆေးစစ်ချက်က အစစ်တဲ့... ဒါပေမဲ့ အဲ့တာ ဘယ်ကနေရလာတာလဲ... ကျွန်မ ဆေးရုံကိုသွားပြီး ဆေးမှ မစစ်ဖူးတာ...."


ဘယ်သူလဲ... သူမတောင်မသိပဲ ဆေးစစ်ချက်ရအောင်လုပ်နိုင်တာ ဘယ်သူလဲ....


"မကြောက်နဲ့... ကိုယ်ရှိတယ်နော်..."


ကျိယန် သူမ၏ ခေါင်းလေးကို နူးညံ့စွာ ပုတ်ပေးလိုက်သည်။


"မင်း ဆေးရုံမှာတုန်းက ဒီဆေးစစ်ချက်ကို မလုပ်ရသေးပေမဲ့ တခြားစစ်ဆေးချက်ကို လုပ်ခဲ့မိတာ နေရင်နေမှာပေါ့...."


"ဟမ်...ဒါပေမဲ့ ကျွန်မ တခြား ဆေးစစ်ချက်တွေလဲ မလုပ်ဖူးပါဘူး... အဲ့ဒီ့တစ်ချိန်တုန်းက ကျွန်မ......"


ထန်ထန် ရုတ်တရက် စကားပြောတာကို ရပ်လိုက်သည်။ သူမ မတော်တဆဖြစ်ခဲ့သော အချိန်ကို မှတ်မိသွားသည်။ ၎င်းက သူမ ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်သော တစ်ခါတည်းသော အကြိမ်ဖြစ်သည်။ ဖြစ်နိုင်လောက်လား.....


ထန်ထန်၏ အသားအရည် ဖြူဖျော့သွားသည်။


"ယောက်ျား ကျွန်မ မှတ်မိပြီ.. နောက်ဆုံးအကြိမ်တုန်းက... ကျွန်မနဲ့ ကျီယွဲ့ မတော်တဆဖြစ်ခဲ့သေးတယ်... ကျွန်မ သတိမေ့နေတုန်း ဆေးရုံက စစ်ဆေးမှုအနည်းငယ် လုပ်သေးတယ်.... ကျွန်မနိုးလာတဲ့အချိန်ကြတော့ အကုန်လုံး စစ်ဆေးပြီးသွားပြီ... အဲ့ဒီ့အချိန်တုန်းက လုပ်လိုက်တယ်လို့ ရှင်ထင်လားဟင်...."


ကျိယန်က သူမ၏ စကားများကြောင့် ထိတ်လန့်မသွားပေ။ သူက အစကတည်းက ထိုအကြောင်းကို တွေးမိပြီးသားဖြစ်လေသည်။ သူ သူမ၏ ခေါင်းလေးကို သူ့ပခုံးပေါ်သို့ မှီချလိုက်ပြီး သူ၏ အုံ့မှိုင်းနေသော အမူအယာကို မမြင်ရစေရန် ပြုလုပ်လိုက်သည်။


"အဆင်ပြေပါတယ်... ကိုယ်စုံစမ်းလိုက်မှာမလို့ စိတ်ထဲ ထည့်မထားနဲ့တော့နော်... ဒီ ဆေးစစ်ချက်မကလို့ ဘာတွေပဲရှိနေပါစေ မင်းကို ဘာမှဖြစ်စေမှာမဟုတ်ဘူးဆိုတာ ကိုယ်ကျိပေးပါတယ်...."


သူမ ဘာမှ မကူညီနိုင်ကြောင်း သိလိုက်ရသောအခါ ထန်ထန်က သူ့ကို ဆွဲမထားတော့ချေ။ အင်း ဟူသောအသံကိုသာ ပြုလုပ်၍ သူမခံစားနေရသော အကြောက်တရားများကို ဖိနှိပ်လိုက်ရသည်။


ထိုနေ့မှစ၍ ကျိယန်က သူ၏ အိမ်တွင် ပြန်လည်ကုသနေသော နေ့ရက်လေးများ ကုန်ဆုံးသွားပြီး စတင်၍ အလုပ်များလာတော့သည်။ နေ့တိုင်း နေထွက်ပြီဆိုကတည်းက  သူထွက်သွားပေလိမ့်မည်။ ထို့နောက် ညမှောင်မှ ပြန်လာပေလိမ့်မည်။ ၎င်းက ထန်ထန်ကို ကလေးများက သူဘယ်သွားလဲဆိုသည်ကို ခဏခဏ မေးမိစေသည်။


ထန်ထန်က ကလေးများကို ကျိယန်အလုပ်သွားသည်ဟုသာပြောပြလိုက်သည်။ သို့သော် သူမစိတ်ထဲတွင် သေချာသိနေသည်က ကျိယန်သည် ဆေးစစ်ချက်ကိစ္စကို စစ်ဆေးပြီး ထန်မိသားစုကိစ္စကို ဖြေရှင်းနေကြောင်းသိလေသည်။ 


ကျိယန်က ထိုအရာများနှင့်အလွန် အလုပ်များနေသည်။ သူ ထန်ထန်ကို စစ်ဆေးပေးခဲ့သော ဆရာဝန်များ၊ သူနာပြုများသာမက ထန်ထန်၏ ကုသမှုတွေပါဝင်ခဲ့သော လူတိုင်းကို ဆက်သွယ်ခဲ့သည်။ သူအကုန်လုံးကို လျှို့ဝှက်စွာ စစ်ဆေးကြည့်သော့်လည်း သူမည်သည်ကိုမှ ရှာမတွေ့ပေ။ သူတို့အားလုံး ထိုဆေးစစ်ချက်နှင့် ဆက်နွယ်မှုပင် မရှိပေ။ ထို့ကြောင့် ဦးတည်ရာပင် ပျောက်သွားခဲ့သည်။ သို့သော် ကျိယန်က ၎င်းကို အဆုံးသတ်ဟုမယုံကြည်ပဲ တစ်နေရာရာတွင် လိမ်လည်လှည့်ဖျားနေသည်ဟု ယုံကြည်နေသည်။ သူ ရှာမတွေရသေးသော အရာတစ်ခု ရှိနေပေလိမ့်မည်။


ရွေးချယ်စရာမရှိပဲတော့ ကျိယန်က ယခင်က ရဲဘော်ရဲဘက်ဖြစ်ခဲ့သော်လည်း ယခုလက်ရှိတွင် ပြည်သူ့လုံခြုံရေးဌာန၌  အလုပ်လုပ်နေသော သူ၏ ညီအစ်ကိုကောင်းတစ်ယောက်ကို သွားရှာရတော့သည်။ ထိုသူငယ်ချင်းက စစ်ဆေးခြင်းနှင့် သဲလွန်စ ခြေရာကောက်ခြင်းတို့တွင် အလွန်တော်လေသည်။ သူက ဟက်ကာတစ်ယောက်လည်း ဖြစ်နေသေးသည်။ လူတိုင်းက သူ့သာ စစ်သားတစ်ယောက်မဟုတ်ခဲ့လျှင် ချမ်းသာသောမိန်းမများအတွက် ၎င်းတို့၏ယောက်ျား၏ အမြောင်မယားများကို ရှာဖွေဖော်ထုတ်ပေးသော လူတစ်ယောက်ဖြစ်လာမည်ဟု ပြောကြသည်။ ၎င်းက ဟာသသာဖြစ်သော်လည်း သူ၏စွမ်းရည်များက ထိပ်တန်းအဆင့်တွင်ရှိနေသည်။


ထိုသူငယ်ချင်းကောင်းက ချက်ချင်းသဘောတူလိုက်ပြီး ကျိယန်ကို သူ့ဆီက သတင်းစောင့်ရန် ပြောလိုက်သည်။


ကျိယန်က ထိုလူ၏စွမ်းရည်ကို ယုံကြည်မှုရှိပေသည်။ သူ၏ သူငယ်ချင်းကောင်းကို ကိစ္စအားလက်လွှဲပြီးနောက်တွင် နောက်ကျသည်နှင့် စောသည်သာ ကွာ၍ဖြေရှင်းပေးလိမ့်မည်ဖြစ်သည်။ ယခုတွင် ဖြေရှင်းရမည့် ကိစ္စတစ်ခုသာကျန်တော့သည်။


ကျိယန်က ကုကျန်းအန်းနှင့် ကျိုးကျိတို့ကို အပြင်ခေါ်လိုက်ပြီး အမျိုးသားသုံးယောက်က ဘားထဲရှိ သီးသန့်ခန်းထဲတွင် ဆုံကြသည်။


ကုကျန်းအန်းက အရက်အနည်းငယ်သောက်ပြီး အောက်ထပ်ရှိ အကကြမ်းပြင်ကို ကြည့်လိုက်သည်။ သူရုတ်တရက် အတိတ်ကို အောက်မေ့မိသွားသည်။


"ငါတို့ ဒီလိုမျိုးလူနည်းစုလေးနဲ့ အတူတူမသောက်ဖြစ်တာ အတော်လေးကို ကြာပြီပဲနော်... အခု ငါတို့ကျောင်းသား ဘဝကိုပြန်ရောက်သွားသလို ခံစားလိုက်ရတယ်..."


ကျိုးကျိပြုံးကာ ခေါင်းငြိမ့်လိုက်သည်။


"အဲ့ဒါ မင်းအမှားပဲ မဟုတ်ဘူးလား... မင်း ကျီယွဲ့နဲ့ အထက်တန်းမှာ တွေ့ကတည်းက ငါတို့အပြင်ထွက်ကစားတိုင်း သူမကိုခေါ်လာတာလေ... အဲ့ဒီ့ကစပြီးငါတို့ ညီအစ်ကိုတွေဆုံတဲ့ပွဲတိုင်း မိန်းကလေးတွေ ပါလာတော့တာပဲ..."


ကုကျန်းအန်း တခစ်ခစ်ရယ်လိုက်မိသည်။ သူ အပြစ်ရှိသလို မခံစားရရုံမှမက ပေါက်တတ်ကရပင်ပြောလာသည်။


"ငါဘယ်လိုလုပ် တတ်နိုင်မှာလဲကွ.. အဲ့တာမျိုးက တစ်ကိုယ်တည်းသမားတွေ နားမလည်နိုင်တဲ့ ဟာမျိုးပဲ...."


"သောက်ပါးစပ်ပိတ်လိုက်တော့..."


အကြီးဆုံး အစ်ကိုကြီးဖြစ်သော်လည်း တစ်ကိုယ်တည်းသမားသာဖြစ်နေဆဲဖြစ်သော ကျိုးကျီက သူ့ကို ခပ်ဖွဖွထိုးလိုက်သည်။


ကုကျန်းအန်း တိတ်တဆိတ်သောက်နေသော ကျိယန်ကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။


"ကျိယန်ရော အတူတူပဲ မဟုတ်ဘူးလား... သူက အမြဲတမ်း သူ့ရဲ့ အဖိုးတန်ထန်ထန်လေးကိုပဲ ကြည့်နေတာ... လေ့ကျင့်ရေးပြီးတာနဲ့ အိမ်ကိုတန်းနေအောင် ပြန်တော့တာပဲ..."


အရက်ကို ပါးစပ်အပြည့်တစ်ငုံမျိုချလိုက်ပြီး ကျိယန်က ပြောလိုက်သည်။


"ဘာလို့လဲဆိုတော့... ငါက ခင်ပွန်းကောင်းတစ်ယောက်မလို့လေ...."


"ကောင်းပါ့... မင်းက ငါ့ထက်တောင် အရှက်မရှိသေးတယ်... မိုက်ချက်ပဲ..."


ကုကျန်းအန်းက ကျိယန်ကို အလွန်လေးစားနေသော အမူအယာလုပ်ပြလိုက်သည်။


အမျိုးသားသုံးယောက်က ပျော်ရွှင်စွာသောက်ကြလေတော့သည်။ သူတို့ လုံလောက်အောင် သောက်ပြီးနောက်တွင် လုပ်ငန်းအကြောင်းကြောတော့သည်။


ကုကျန်းအန်းက လက်ဦးမှုယူ၍ မေးမြန်းလိုက်သည်။


"ယန် မင်းငါတို့ကို ကိစ္စတစ်ခုကြောင့်လာရှာတာမလား... ဘာများလဲ..."


ကျိယန်က သူတို့နှင့်အတူ ဟေးလားဝါးလားလုပ်မည့် လူမျိုးမဟုတ်ပေ။ သူ ဖုန်းကိုယူလိုက်ပြီး ဖုန်းထဲရှိ စာကိုဖွင့်လိုက်သည်။ ၎င်းက သူ စွန်းရီကို စုံစမ်းခိုင်းထားသည့် ထန်ကော်ပိုရေးရှင်း၏ ဘဏ္ဍာရေးနှင့် အခွန်စည်းကြပ်မှု မှတ်တမ်းဖြစ်ပြီး မကြာသေးမီကပို့ပေးခဲ့သော အချက်အလက်များဖြစ်သည်။


ထန်ကော်ပိုရေးရှင်း၏ အရည်အချင်းက မဆိုးလှပေ။ ၎င်းတို့တွင် ထောင်ပေါင်းများစွာသော ဝန်ထမ်းများ အလုပ်လုပ်နေကြသည်။ ထိုကဲ့သို့သော ကြီးမားလှသည့် ကော်ပိုရေးရှင်းကြီးတွင် ဘဏ္ဍာရေးပြဿနာများရှိလျှင် အလွန်ကြီးမားသည့် ပြဿနာကြီးဖြစ်ပေလိမ့်မည်။ မြို့တော်၏ ချိတ်ဆက်မှုက ကြီးမား၍ ရှုပ်ထွေးလှသည်။ လှုပ်ရှားမှုလေးတစ်ခုကပင် ချိတ်ဆက်မှုကြီးတစ်ခုလုံးကို သက်ရောက်လေသည်။ ဤကဲ့သို့ ကြီးမားလှသော ကော်ပိုရေးရှင်းကြီးတွင် ပျော့ကွက်မရှိသည်က မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ရေနက်လေ ပျော့ကွက်များလေဖြစ်ပြီး ထန်ကော်ပိုရေးရှင်းက ရေတိမ်တွင်ရှိနေသည် မဟုတ်ပေ။ ၎င်းက တစ်စုံတစ်ယောက်၏ စုံစမ်းနိုင်စွမ်းနှင့် မဖုံးကွယ်နိုင်စွမ်းတွင် မူတည်နေသည်။


ကုကျန်းအန်းနှင့် ကျိုးကျီတို့က ကျိယန်ပြသော အချက်အလက်များကို ကြည့်လိုက်ကြသည်။ ကုကျန်းအန်းက ကျိယန်၏ ပုခုံးကို ပုတ်လိုက်သည်။


"တော်ချက်ပဲ... မင်းက ဒါတွေတောင်ရှာနိုင်တယ်ဆိုတော့ မင်းဘယ်လောက်တောင် အံ့ဩဖို့ကောင်းကြောင်းပြနေတာပဲ...ကံကောင်းလို့ ငါတို့က မင်းနဲ့ရင်းနှီးနေလို့ပေါ့ မဟုတ်ရင် မင်းငါတို့ကို စုံစမ်းမှာကို စိတ်ပူနေရမှာ..."


ကျိုးကျိ ပါးစပ်အပြည့် အရက်တစ်ငုံသောက်လိုက်ပြီး ကျိယန်ကို လက်ညှိုးထိုးရင်း ရယ်နေသည်။


"အကြံအစည်လုပ်ရတာ ကြိုက်တဲ့လူအကြောင်းပြောရမယ်ဆိုရင် ကျိယန်နဲ့ ယွမ်လန်းက ထိပ်ဆုံးအဆင့်မှာပဲ... သူတို့က စစ်ယူနီဖောင်းဝတ်ထားရင် ဖြောင့်မတ်မှန်ကန်တဲ့ပုံတွေနဲ့... ဒါပေမဲ့ သူတို့သာ အကြံအစည်လုပ်ချင်ရင်တော့ ဘယ်သူမှ ပြေးမလွတ်ဘူးပဲ...""


ကုကျန်းအန်း အားပါးတရထောက်ခံလိုက်သည်။


"မှန်ပါ့.. မှန်ပါ့... မှန်ပါ့ကွာ.. အဲ့နှစ်ယောက်က သားရဲကြီးတွေအတိုင်းပဲ... မင်းမှတ်မိသေးလား ကျောင်းမှာတုန်းက ဘာပြဿနာဖြစ်ဖြစ် ဆရာမက ငါလုပ်တာလို့ပဲ သေချာပေါက်ကို ထင်နေတာလေ... ငါ့တို့အိမ်ကလူအိုကြီးကငါ့ကို လိုက်လိုက်ရိုက်တော့တာပဲ... ဒါပေမဲ့ အဲ့တာတွေက ကျိယန်က ယွမ်လန်းတို့လုပ်ခဲ့တာတွေလေ ဟုတ်တယ်မလား... အဲ့နှစ်ကောင်လုပ်တဲ့ ပြဿနာတွေ ငါ့ပခုံးပေါ်ကျလာတာ ဘယ်နှခါမှန်းကို မသိဘူး..."


ကျိယန် သူ၏ငယ်ဘဝကို တွေးမိသောအခါ မရယ်ပဲ မနေနိုင်တော့ပေ။ ထိုအချိန်က သူနှင့် ယွမ်လန်းတို့၏ အဆင့်များက အလွန်ကောင်းလှ၍ သူတို့က ကျောင်းသားကောင်းများနှင့်တူနေလေသည်။ ထို့ကြောင့် ဆရာများက ရန်ဖြစ်ခြင်းနှင့် မကောင်းတာလုပ်ခြင်းတို့ကို သူတို့နှင့် ဆက်စပ်မတွေးမိကြပေ။ ကုကျန်းအန်းက သူတို့၏ ပြဿနာများစွာအတွက် ခေါင်းပုံချခံခဲ့ရပေသည်။


"လာခဲ့... ဒါ အရင်က ငါ့အမှားတွေ မင်းပေါ်ပုံချခဲ့လို့ တောင်းပန်တာ..."


ကျိယန်၏ အရက်ခွက်နှင့် ကုကျန်းအန်း၏ အရက်ခွက်တို့ တိုက်လိုက်ကြသည်။


ခေါင်းမော့၍ အရက်သောက်လိုက်ပြီးနောက်တွင် ကုကျန်းအန်း ပြုံး၍မေးလိုက်သည်။


"ဆိုစမ်းပါဦး... မင်း ထန်မိသားစုကို ဘာလို့တိုက်ခိုက်ချင်ရတာလဲ... သူတို့ မင်းကို ဘယ်လိုများဆန့်ကျင်မိတာလဲ..."


ကျိယန်က မဖုံးကွယ်တော့ပဲ ထန်မိသားစုက ထန်ထန်ကို ခဏခဏလာရှာသည့်အကြောင်း ပြောပြလိုက်သည်။ ကုကျန်းအန်းနှင့် ကျိုးကျီတို့က ထန်ထန်၏ အတိတ်ကိုသိပြီးဖြစ်၍ နားထောင်ပြီးသောအခါမျက်မှောင်ကြုတ်သွားကြသည်။


ကုကျန်းအန်း အလွန်အမင်းဒေါသထွက်သွားခဲ့သည်။


"ထန်ထန် အရင်တုန်းက အရမ်းကိုအဆင်အခြင်မဲ့ခဲ့တယ်ဆိုပေမဲ့ သူမလည်း လွယ်ခဲ့တာ မဟုတ်ဘူးလေ... ဆယ့်ရှစ်နှစ်လောက် အခက်အခဲတွေ ကြုံခဲ့ရပြီးမှ နောက်ဆုံး သူမရဲ့ မိဘအစစ်တွေကို ခက်ခက်ခဲခဲ ရှာတွေ့ခဲ့ပေမဲ့ ထန်မိသားစုက သူမကို ဒီလိုဆက်ဆံခဲ့တယ်လေ... ဒီလောက်ကြီးတဲ့ ကော်ပိုရေးရှင်းကြီးက သူမကို ဘာမှပေးဖို့ မစဉ်းစားဘဲ စိတ်မဝင်စားတဲ့ပုံနဲ့ မိသားစုထဲကတောင် ကန်ထုတ်လိုက်သေးတယ်... အခု သူတို့ သူမကိုလည်း လိုအပ်လာရော ခဏခဏလာရှာတယ်တဲ့လား... သူတို့ရဲ့လုပ်ပုံက ရိုးရိုးသားသားနဲ့ အကူအညီတောင်းတာမျိုးမှ မဟုတ်တာ... အရေထူလွန်းတယ်... အကယ်ဤ ကျီယွဲ့မှာသာ ဒီလိုဖြစ်လာရင် ငါလည်း အရမ်းဒေါသထွက်မိမှာပဲ...."


"သူတို့ချစ်တဲ့လူကို ကယ်တင်ပေးဖို့စိတ်မရှည်တော့ပဲ ဘယ်မျှော်လင့်ချက်မဆို ဆုပ်ကိုင်တာမျိုးက နားလည်ပေးနိုင်ပါတယ်..."


ကျိုးကျီက ထန်မိသားစု၏စိတ်မရှည်ဖြစ်နေမှုကို နားလည်သော်လည်း ကျိယန်ဘက်တွင်သာ ရပ်တည်ပေးနေဆဲဖြစ်သည်။


"ကျောက်ကပ်တစ်ခုနဲ့ လူတစ်ယောက်ကို ကယ်ပေးနိုင်တယ်ဆိုပေမဲ့ ကျောက်ကပ်ပေးလိုက်တဲ့လူက အနာဂတ်မှာ ရောဂါဖြစ်နိုင်ချေတွေ အများကြီး တိုးလာနိုင်တယ်... ဘယ်သူမှ ပေးလိုက်တဲ့လူရဲ့ ကျန်းမာရေးကို အာမ မခံပေးနိုင်ဘူး... သူမရဲ့ခန္ဓာကိုယ်က သန်မာမှုမရှိရင် အသက်တောင်တိုနိုင်သေးတယ်... အထူးသဖြင့်မိန်းမတွေပဲ... သူတို့က ကျောက်ကပ်တစ်ခုဆုံးရှုံးပြီးရင် ကိုယ်ဝန်မဆောင်နိုင်တော့ဘူးလေ... ပြီးတော့ အကျိုးဆက်က အတော်လေးကြီးမားတယ်..."


ထန်မိသားစု၏ သဘောထားက ထန်ထန် ထိုကဲ့သို့သော ပြင်းထန်သည် အကျိုးဆက်များ ခံယူရလျှင်ပင် ဂရုမစိုက်သည့်ပုံ ဖြစ်နေသည်။


ကုကျန်းအန်းက အံကြိတ်လိုက်သည်။


"အဓိကအချက်က ခွဲစိတ်မှုအောင်မြင်ဖို့ ၅၀%ပဲရှိပြီး အောင်မြင်သွားခဲ့ရင်တောင် အဲ့လူက သုံးနှစ်ထက်ပိုပြီး အသက်မရှင်နိုင်ဘူး... ဒီလိုအခြေအနေမှာတောင် သူတို့ရဲ့ သမီးအရင်းက အကျိုးဆက်တွေ ခံစားရဖို့ ထိုက်တန်ရဲ့လား... ငါဖျက်လိုဖျက်ဆီးပြောတာမဟုတ်ပေမဲ့လည်း အဲ့လိုရောဂါမျိုးက ခွဲစိတ်မှုပြီးတာနဲ့ သုံးနှစ်ထက် ပိုပြီး မခံတတ်ဘူး... မခွဲစိတ်ရင်တောင် ဆေးကုသမှုခံယူပြီး စက်ပစ္စည်းအကူအညီနဲ့ဆိုရင် အသက်ရှင်နိုင်သေးတယ်.. သူတို့ဘာလို့ ကျန်းမာနေတဲ့လူတစ်ယောက်ကို အနစ်နာခံခိုင်းနေရတာလဲ... အဲ့မိသားစုက ထန်ထန်ကို လုံးဝတွေးမပေးတာပဲ..."


ကျိယန် ဆေးလိပ်တစ်လိပ်ထုပ်လိုက်ပြီး မီးညှိလိုက်ကာ အသာအယာရှိုက်လိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။


ကုကျန်းအန်းနှင့် ကျိုးကျိတို့နှစ်ယောက်စလုံး ကျိယန် ထန်မိသားစုကို အဘယ့်ကြောင့် တိုက်ခိုက်ချင်နေမှန်း နားလည်ပေသည်။ သဘာဝကျစွာဖြင့် သူတို့နှစ်ယောက်လုံး သူတို့၏မိသားစုကို ချစ်ပေသည်။ အကယ်၍ သူတို့သာဆိုလျှင်လည်း ထန်မိသားစုကို တိုက်ခိုက်မည်သာဖြစ်သည်။


ကျိုးကျီက ကျိယန်၏ ပြင်းထန်လှသော လှုပ်ရှားမှုများမှတဆင့် ကျိယန်၏ ပန်းတိုင်ကို သိသွားလေသည်။


"ဒီတော့ မင်းက မင်းလက်ထဲမှာရှိတဲ့ အချက်အလက်တွေကိုသုံးပြီး ထန်မိသားစုထဲ ပြဿနာလုပ်ပြီးတော့ ထန်ကော်ပိုရေးရှင်းလား သူတို့မိသားစုဝင်လား ဆိုတာကို ရွေးခိုင်းမလို့လား...."


"အင်း..."


ကျိယန် သဘောတူညီသည့်ဟန် ပြောလိုက်သည်။


"ငါကြည့်ချင်တာက သူတို့စိတ်ထဲ အမေထန်ကအရေးကြီးလား ထန်ကော်ပိုရေးရှင်းက အရေးကြီးလားဆိုတာကိုပဲ.. ဒီရွေးချယ်စရာနှစ်ခုထဲက သူတို့မိသားစုကို ရွေးချယ်မလား အတော်လေး သိချင်နေတယ်... သူတို့သာ ဇွဲကောင်းမယ်ဆိုရင် ငါသူတို့ကို ကျောက်ကပ်ပြဿနာကိုဖြေရှင်းပေးလိုက်မယ်... ဆုံးဖြတ်ချက်က သူတို့အပေါ်ပဲ မူတည်နေတယ်...."


ကုကျန်းအန်နှင့် ကျိုးကျိတို့ ရုတတ်တရက် အေးသွားသလို ခံစားလိုက်ရ၍ အချင်းချင်း ကြည့်လိုက်ကြသည်။ ကျိယန်က စာနာမှု ကင်းမဲ့လှသည်။ ထိုသို့သောအခြေအနေတွင် ဆုံးဖြတ်ချက်ချရသည်က အလွန်ခက်ခဲပေလိမ့်မည်။


သို့သော် ညီအစ်ကိုကောင်းများအနေဖြင့် သူတို့ သူ့ကို အတားအဆီးမရှိ ကူညီကြမည်သာ ဖြစ်သည်။ကုကျန်းအန်းနှင့် ကျိုးကျိတို့နှစ်ယောက်လူံး မေးလိုက်သည်။


"ပြောလေ... ငါတို့မင်းကို ဘာကူညီရမှာလဲ.."


ကျိယန် ယဉ်ကျေးမနေတော့ပဲ ပြောလိုက်သည်။


"ထန်မိသားစုရဲ့ ရှယ်ယာတွေ ကမောက်ကမဖြစ်နေချိန်မှာ မင်းတို့ကို မီးလောင်ရာ လေပင့်ပေးစေချင်တယ်... ထန်မိသားစုကို မီးတောက်အချို့ ခံစားခိုင်းလိုက်ကြတာပေါ့...."


လုံးဝတုံ့ဆိုင်းမှုမရှိပဲ နှစ်ယောက်လုံး သဘောတူလိုက်သည်။


"ကောင်းပြီလေ... မင်းကျေနပ်စေရမယ်...."


ကျိယန် နောက်ထပ်တစ်ပုလင်းဖွင့်ဖောက်လိုက်ပြီး သူတို့အရက်ခွက်ထဲ ဖြည့်ပေးလိုက်သည်။


"ကျေးဇူးတင်ပါတယ်... ညီအစ်ကိုတို့..."


ကုကျန်းအန်း သူ့ပေါင်သူ တဖြန်းဖြန်းချ၍ အားရဝမ်းသာပြောလာသည်။


"ဟေး... မင်းငါ့ကို ညီအစ်ကိုလို့ခေါ်တာ အတော်လေး ရှားတာကွ... မင်းက ဒီလိုခေါ်မှတော့ ငါတို့ဒီညသောက်ကြတာပေါ့... မမူးမချင်း မပြန်ကြေး..."


ကျိုးကျိပြုံးလိုက်ကာ မေးလိုက်သည်။


"မင်း မူးအောင်သောက်လို့ ကျီယွဲ့က မင်းကို အဝတ်လျှော်ဘုတ်ပြားပေါ် ဒူးထောက်ပြီး အပြစ်ပေးမှာ မကြောက်ဘူးလား..."


"ငါဆိုတဲ့လူက ကြောက်တတ်တဲ့ လူမျိုးလား...."


ကုကျန်းအန်း ခေါင်းမော့၍ တစ်ခွက်သောက်လိုကိသည်။


"ငါ အဝတ်လျှော်ဘုတ်ပြားပေါ် အကြိမ်ရေအများကြီး ဒူးထောက်ပြီးပြီ... အခုတော့ ငါကြောက်တာ ဘာမှ မရှိတော့ဘူးကွ..."


ကျိယန်နှင့် ကျိုးကျီတို့ လှောင်ပြောင်လိုက်သည်။


"ဘယ်လိုလဲ... ငါတို့ဆက်သောက်ဦးမှာလား... ကျိယန် မင်းလည်း မင်းမိန်းမကို ကြောက်တယ်လို့တော့ မပြောနဲ့နော်...."


ကုကျန်းအန်း တမင်သက်သက် ရန်စလိုက်သည်။


ကျိယန် စိတ်အနှောင့်အယှက်ဖြစ်စွာ ပြုံးလိုက်သည်။


"ငါသောက်လာလို့ ထန်ထန်က ငါ့ကိုအပြစ်ပေးမယ်ထင်တာလား...."


ကုကျန်းအန်းတစ်ယောက် ထန်ထန် သူမယောက်ျားကို မည်မျှအလိုလိုက် အကြိုက်ဆောင်ကြောင်း တွေးမိသောအခါ ချက်ချင်း မနာလိုဖြစ်သွားရသည်။ ကျိယန်သောက်လာလျှင် ထန်ထန်က လုံးဝအပြစ်ပေးမည် မဟုတ်ပေ။  ယင်းအစား သူမ ကျိယန်ကို ပိုမို ချစ်ခင်အလိုလိုက်ပေလိမ့်မည် ဖြစ်သည်။

ဘာလို့များ ကျီယွဲ့က ထန်ထန် ကျိယန်ကို ဆက်ဆံသလို သူ့အပေါ် နည်းနည်းလောက် ညင်ညင်သာသာမဆက်ဆံပေးရတာလဲ... မနာလိုလိုက်တာနော်....


၎င်းက တကယ့်ကို ရင်နာစရာကိစ္စပင်ဖြစ်သည်။ ကုကျန်းအန်း နောက်ထပ် သောက်ရန် ပြောလိုက်သည်။


"သောက်ကြမယ်... သောက်ကြမယ်... သောက်ကြမယ်ဟေ့... ဘယ်သူမှ မကြောက်ဘူးဆိုမှတော့... မမူးတဲ့အထိ သောက်လိုက်ကြမယ်...."


ကျိယန်နှင့် ကျိုးကျိတို့ ဘာမှ မပြောပဲ ဖန်ခွက်သာမြှောက်၍ သောက်လိုက်ကြသည်။


–––––––––


‌နှစ်ရီကျော်ကြာပြီးနောက်တွင် သီးသန့်ခန်းထဲရှိ အမျိုးသား သုံးယောက်လုံးက ယမကာဆိပ်တက်နေကြပြီဖြစ်သည်။ သူတို့သုံးယောက်လုံး ကိုယ့်ဘာသာ ကားမောင်း၍ အိမ်မပြန်နိုင်ကြတော့ချေ။ ရွေးချယ်စရာမရှိ၍ ဘားမန်နေဂျာက သုံးယောက်လုံး၏မိသားစုကို ဆက်သွယ်၍ လာခေါ်ရန် ပြောလိုက်သည်။


မူးနေသည့် ကုကျန်းအန်းက မန်နေဂျာလက်ကို ဘေးကို တွန်းလိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်သည်။


"ကြုံရာလူကို မခေါ်နဲ့... ငါ ငါ့မိန်းမကိုပဲ လိုချင်တယ်.... ငါ့မိသားစုရဲ့ ကျီယွဲ့လေး လာခေါ်တာကိုပဲ လိုချင်တယ်...."


မန်နေဂျာက စိတ်ရှည်သောလူတစ်ယောက်ဖြစ်ပြီး သူ ကျီယွဲ့ကို ဖုန်းခေါ်ရန် ကူညီပေးလိုက်သည်။ ကုကျန်းအန်းက ကောင်းကောင်းမွန်မွန်မပြောဆိုနိုင်တော့၍ မန်နေဂျာက ဘေးမှနေ၍ ကျီယွဲ့ကို အခြေအနေကိုရှင်းပြလိုက်သည်။ ကျီယွဲ့ အပြီးထိ နားထောင်ပြီးချိန်တွင် ခဏမျှ ငြိမ်သက်သွားပြီး ကျားတစ်ကောင်လို ဟိန်းဟောက်လာသည်။


"သွားသေလိုက်လေ... ကုကျန်းအန်း... ရှင်အခု ကျွန်မနဲ့ ဘယ်လောက်တောင် ဝေးတဲ့နေရာမှာရှိနေလဲသိလား... ကျွန်မ အခုပဲ ခရီးစထွက်လာရင် အဲ့ဒီ့ကို နေ့လည်မှရောက်မှာကိုရောသိလား... ရှင့်ဘာသာရှင် လမ်းပေါ်မှာပဲ အိပ်လိုက်တော့...."


သူမ ပြောဆိုပြီးနောက်တွင် ဂွပ်ကနဲမြည်အောင် ဖုန်းချလိုက်သည်။


ကုကျန်းအန်းက ထိုအော်ဟစ်မှုကြောင့် ကြောင်တောင်တောင်ဖြစ်သွားသည်။ ခဏအကြာတွင် သူနှာခေါင်းလေးတရှုံ့ရှုံ့ဖြင့် ခေါ်ဆိုမှုကို သနားစဖွယ် အဆုံးသတ်လိုက်သည်။ ထို့နောက် ကျိုးကျီဆီ တိတ်တဆိတ်ကပ်သွားပြီး သူ့အပေါ် မှီတွယ်လိုက်သည်။


"အစ်ကိုကြီး... ကျွန်တော် ကျားမကြီးတစ်ကောင်နဲ့ လက်ထပ်ထားတာသိလား.. ကျွန်တော် ဒီညအိမ်ပြန်လို့ မရတော့ဘူး... ကျွန်တော်ကို့ ပစ်သွားလို့မရဘူးနော်...."


ရီဝေဝေဖြစ်နေသော ကျိုးကျီက ကုကျန်းအန်းခေါင်းကို ပုတ်ပေးပြီး ပြောလိုက်သည်။


"ငါတို့က ကျိယန်အိမ်နားမှာလေ.. ငါ့ကိုလည်း လာခေါ်မယ့်လူ မရှိဘူး.. ငါတို့ ကျိယန်ကိုပဲ မှီခိုရမှာ..."


ကုကျန်းအန်း ထိုသည်ကိုကြားသောအခါ ကျိယန်ဘေးသို့ လှစ်ကနဲနေအောင်ပြေး၍ ကျိယန်ကို မလွှတ်တမ်း ဖက်ထားသည်။


"ယန် ....မင်းရဲ့ အစ်ကိုကြီးနှစ်ယောက်လုံး ဒီညအတွက် မင်းကိုပဲ မှီခိုရတော့မယ်..."


ကျိယန်က ခေါင်းကိုက်နေသော်လည်း ကုကျန်းအန်း၏ လုပ်ရက်ကြောင့် မအီမသာဖြစ်လာတော့သည်။ ထို့ကြောင့် ကုကျန်းအန်း၏ ခေါင်းကို အဝေးသို့ တွန်းဖယ်လိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။ သူ ထန်ထန်၏ ဖုန်းနံပါတ်ကို ခက်ခက်ခဲခဲရှာလိုက်ရပြီး ဖုန်းခေါ်လိုက်သည်။


လက်ရှိတွင် ထန်ထန်က အိမ်တွင် စိတ်ပူစွာ စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူမ သူဖုန်းခေါ်ကြောင်း မြင်လိုက်သည်နှင့် ချက်ချင်း ပြန်ဖြေလိုက်သည်။


"ယောက်ျား... ဘာလို့ပြန်မလာသေးတာလဲဟင်...ညစာရော စားပြီးပြီလား.. ဘယ်ရောက်နေလဲဟင်..."


ကျိယန် ပြုံးလိုက်ကာ ညင်ညင်သာသာပြန်ဖြေလိုက်သည်။


"ထန်ထန် ကိုယ် အတော်လေး သောက်ထားမိတယ်... ကိုယ့်ကို လာခေါ်ပေးနိုင်မလားဟင်..."


ထန်ထန် သူအတော်လေး သောက်ထားကြောင်း ကြားလိုက်သောအခါ ပိုမို စိုးရိမ်သွားခဲ့သည်။


"ယောက်ျား... နေရထိုင်ထ အဆင်ပြေရဲ့လား... မသက်မသာ ခံစားနေရသေးလား.. ကျွန်မ ချက်ချင်းလာခေါ်လှည့်မယ်နော်... ရှင်အခု ဘယ်ရောက်နေလဲ ပြောပြပေး..."


"ကောင်းပြီလေ... ဒါဆို တုန်းလီကို မင်းကိုလိုက်ပို့ခိုင်းချေ... တစ်ယောက်တည်း မလာခဲ့နဲ့... အလျှင်လိုစရာလည်းမလိုဘူး... မင်းရဲ့ လုံခြုံရေးကအဓိကပဲ..."


ဘား မန်နေဂျာက အနီးတွင်ရှိနေ၍ ထန်ထန်နှင့် ကျိယန်တို့၏ အပြန်အလှန်ပြောဆိုမှုကို အစအဆုံး ကြားလိုက်ရသည်။ သူ့စိတ်ထဲတွင် အတော်လေး မနာလိုဖြစ်သွားရသည်။


အိုင်းယား.... ဒီလူက ဇနီးကောင်းလေးကို လက်ထပ်ထားတာပဲ... သူမရဲ့အသံက နူးညံ့ညင်သာပြီးစိုးရိမ်မှု အပြည့်နဲ့... ကိုယ့်ယောက်ျားကို ဘယ်လောက်ချစ်လဲ သိသာချက်ပဲ...သူလည်း ဒီလို မိန်းမမျိုး လိုချင်လိုက်တာ....


သီးသန့်ခန်းထဲရှိ အမျိုးသားသုံးဦးက လာခေါ်မည်ကို စောင့်ဆိုင်းနေကြသည်။ သူတို့စောင့်နေရင်း ပျင်းလာ၍ ထပ်သောက်လိုက်ကြသည်။ ထို့ကြောင့် ထန်ထန်ရောက်လာသောအခါ ခြေပစ်လက်ပစ် ဖြစ်နေကြသောအမျိုးသားသုံးယောက်ကို မြင်လိုက်ရတော့သည်။


ထန်ထန်က အလွန်စိုးရိမ်သွားခဲ့သည။ ကံကောင်းစွာဖြင့် သူမ တုန်းလီကိုသာမက ကျန်းချန်းကိုပါ ခေါ်ခဲ့လေသည်။ မဟုတ်ပါက အမျိုးသားသုံးယောက်ကို သူမဘာသာ ရွှေ့နိုင်မည် မဟုတ်ပေ။


ပိုက်ဆံရှင်းပြီးနောက်တွင် တုန်းလီက ကုကျန်းအန်းကို တွဲပေးပြီး ကျန်းချန်းက ကျိုးကျိကို တွဲကာ ထန်ထန်က ကျိယန်ကို တွဲပေးလိုက်သည်။ သူတို့ အမူးသမားသုံးယောက်ကို ကားထဲထည့်လိုက်ကြသည်။


ကျိယန်က ထန်ထန်ကို မှတ်မိနေဆဲဖြစ်သည်။သူ ပြုံးနေရင်းဖြင့် သူမကို ဆွဲဖက်လိုက်သည်။ ထို့နောက် သူ၏နှုတ်ခမ်းများဖြင့် သူမ၏ နှဖူးနှင့် ပါးများကို အဆက်မပြတ် ပွတ်တိုက်နေသည်။


"မိန်းမ... မိန်းမလေး... အချစ်လေး..."


အခြားလူများလည်း ကားထဲတွင်ရှိနေ၍ ထန်ထန် အလွန်အမင်းရှက်သွားပြီး သူ့ပါးစပ်ကို ချက်ချင်းအုပ်လိုက်သည်။ ထို့နောက် အမူးသမားလေးကို ချော့မော့လိုက်သည်။


"ကျွန်မဒီမှာ... ဒီမှာရှိတယ်နော်... မကြာခင်အိမ်ပြန်‌ရောက်တော့မယ်... နည်းနည်းလောက် အိပ်လိုက်ဦးနော်..."


ကျိယန်က သူ့ပါးစပ်ကို အုပ်ခံထားရသော်လည်း စိတ်မရှည်မဖြစ်ပေ။ ယင်းအစား လျှာထုတ်လိုက်ပြီး ထန်ထန်၏ လက်ဖဝါးလေးကို လျက်လိုက်သည်။၎င်းက သူမကို ကြက်သီးထသွားစေပြီး သူ့အလိုလို လက်အောက်ချလိုက်မိသည်။


သူ့ပါးစပ် လွတ်သွားပြီဖြစ်၍ ကျိယန်က အနားတိုးလာပြီး သူ့ခေါင်းကို သူမ၏ လည်ပင်းဆီမှီထားပြီး သူမ၏ အရေပြားပေါ်တွင် အသက်ရှူနေသည်။ ၎င်းက ထန်ထန့် ခန္ဓာကိုယ်ကို ပူလောင်လာစေသည်။


ဤတစ်ကြိမ်တွင် ထန်ထန်က ကျိယန်မူးလာလျှင် ဖြစ်သည့် ပုံကို မြင်လိုက်ရပြီဖြစ်သည်။ ယခင်က သူ့ကို လိမ္မာသည့် အမူးသမားလေးဟု ထင်ခဲ့သော်လည်း ယခုတွင်သူက အရင်တစ်ခေါက်က လုံလောက်အောင် မသောက်မိ၍ ဖြစ်ကြောင်း သိလိုက်ရသည်။


သူတို့အိမ်ပြန်ရောက်လာကြသော်လည်း အိပ်ခန်းက အလုံအလောက် မရှိနေပေ။ ထို့ကြောင့် ထန်ထန်က ကျိးကျိနှင့် ကုကျန်းအန်းအတွက် ဧည့်သည်အိမ်ယာမှ နှစ်ယောက်အိပ်ခန်းကို ငှားလိုက်သည်။ သို့သော် သူမ စိုးရိမ်နေဆဲဖြစ်၍ တုန်းလီကို သူတို့နှင့်သွားအိပ်ပေးရန် အကူအညီတောင်းလိုက်သည်။ တုန်းလီက ချက်ချင်းပင် သဘောတူလိုက်သည်။


ထန်ထန်က ကျန်းချန်၏ အကူအညီဖြင့် ကျိယန်ကို အိမ်ထဲခေါ်သွင်းလိုက်သည်။ သူက ကျိယန်ကို ကုတင်ပေါ်သာ တင်ပေးခဲ့သည်။


ထန်ထန်က ကျန်းချန် ထွက်သွားသည်ကို မြင်လိုက်သောအခါ ရေချိုးခန်းထဲသွား၍ ကျိယန်ကို ရေပတ်တိုက်ပေးရန် ရေနွေးတစ်ဇလုံယူလိုက်သည်။ ကျိယန်က အပူမကြိုက်ပေ။ ထို့ကြောင့် ထန်ထန် သူ့ကို ရေပတ်တိုက်ပေးချိန်တွင် သူ၏ အဝတ်များအားလုံးကို ချွတ်ချလိုက်သည်။ သူက သူမကို သူ့ခန္ဓာကိုယ်တစ်ခုလုံး လွတ်လွတ်လပ်လပ် ရေပတ်တိုက်ခိုင်း၍  သူမရှက်လာလေသည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသို့ တိုက်ပေးသောအခါ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုက ထောင်မတ်လာခဲ့သည်။ သူမ ဘယ်ကစရမလဲပင် မသိတော့ပေ။


အမူးသမားတစ်ယောက်ကို ခက်ခက်ခဲခဲသန့်ရှင်းပေးပြီးချိန်တွင် ထန်ထန် သူမကိုယ်သူမ သပ်ရပ်အောင်ပင် မလုပ်နိုင်ခင် ကျိယန်က သူမကို ကုတင်ပေါ် ဆွဲချလိုက်သည်။ သူမ ရုတ်တရက်ကြီး သူ၏ ဖက်တွယ်မှုထဲ ကျရောက်သွားသည်။


"ယောက်ျား ရှင်ဘာတွေလုပ်နေတာလဲ... လိမ္မာတယ် ကျွန်မကို လွှတ်ပေးနော်... ဟုတ်ပြီလား... ကျွန်မ ကျန်တာတွေ မရှင်းရသေးဘူးလေ..."


ထန်ထန် သူ့ကို ဂရုတစိုက်တွန်းလိုက်သည်။ သို့သော် သူက သန်မာလွန်း၍ အဆုံးတွင် မလွတ်မြောက်နိုင် ဖြစ်နေရသည်။ ယင်းအစား ရုန်းကန်နေရ၍ ချွေးထွက်ပြီးမောပန်းလာရသည်။


ကျိယန် သူမလည်ပင်းကို နမ်းလာပြီး တတွတ်တွတ်ပြောလာသည်။


"ထန်ထန်..ကိုယ့်မိန်းမလေး... စိတ်မပူနဲ့နော် ဘယ်သူမှ မင်းကို အနိုင်မကျင့်စေရဘူး... ကိုယ်က ကာကွယ်ပေးမယ်နော်... မင်းက သူများတွေမျက်လုံးထဲ ဘာမှ မဟုတ်ဘူးဆိုရင်တောင် ကိုယ့်မျက်လုံးထဲမှာတော့ ကိုယ့်နှလုံးသားထဲက ရတနာလေးပဲ... အဖိုးအနဂ္ဃထိုက်တဲ့ ရတနာလေး..." 


ထန်ထန် ရုတ်တရက် တောင့်ခဲသွားသည်။ ထိုစကားလုံးများက သူမနှလုံးသားထဲ ပျားရည်လေးများစီးလာသလို ခံစားသွားရစေသည်။ ချိုလွန်း၍ ငိုလုနီးနီးပင်ဖြစ်သွားသည်။ ဤသည်က တစ်စုံတစ်ယောက် သူမကို၌ကဲ့သို့ ပြောသော ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ အထိန်းတော်ပင် သူမကို ဤကဲ့သို့ တစ်ခါမှ မပြောဖူးပေ။ သူက သူမကို တုန်နေအောင်ချစ်သော်လည်း သူ၏ခံစားချက်များကိုစကားဖြင့် မဖော်ပြခဲ့ဖူးပေ။ ယနေ့မတိုင်ခင်အထိ သူ ထိုသို့ ထုတ်ပြောသည်မျိုး မရှိဖူးပေ။


သူမက သူ၏ရတနာလေးဖြစ်သည်။ အဖိုးအနဂ္ဃထိုက်သောသော ရတနာလေးဖြစ်သည်။


ထန်ထန်၏ မျက်လုံးထောင့်လေးများ ရဲရဲနီလာသည်။


"အချစ်လေး မငိုပါနဲ့... "


ကျိယန် သူမ၏မျက်လုံးများကို နမ်းလိုက်သည်။


"မကြောက်နဲ့... ထန်မိသားစုက မင်းကို မထိခိုက်စေရဘူး... ဘယ်သူမှ မင်းကို မနာကျင်စေရဘူး... ကိုယ် ကာကွယ်ပေးမယ်..."


ထန်ထန် ခေါင်းငြိမ့်လိုက်ည်။


"အွန်းပါ.... ‌ယောက်ျား ကျွန်မကို ကာကွယ်ပေးမှာမှန်း သိပါတယ်...ကျွန်မ လုံးဝမကြောက်တော့ဘူး"


ကျိယန် ပြုံးလိုက်ကာ သူမ၏ နှဖူးလေးကို နမ်းပြီး စိတ်ချလက်ချ အိပ်သွားသည်။


သူအိပ်သွားသည်ကို ကြည့်ပြီး ထန်ထန်က သူ့ကို အတုခိုး၍ သူ့နှဖူးလေးကို နမ်းလိုက်သည်။ ထို့နောက် သူ့နားရွက်နားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။


"ယောက်ျား... ရှင်နဲ့ ပေါင်ပေါင်ကလည်း ကျွန်မ နှလုံးသားထဲမှာ အဖိုးအနဂ္ဃထိုက်တဲ့ ရတနာလေးတွေပါပဲ..."