အပိုင်း (၈၁)
Viewers 12k

Part 81


နောက်တစ်နေ့တွင် ကျိယန်တွင်ရှိသော သတင်းအချက်အလက်များက တိတ်တဆိတ်ပျံ့နှံ့သွားသည်။ ပူးပေါင်းဆောင်ရွက်ထားခဲ့သော ဌာနများအားလုံးက လျှင်မြန်စွာ လုပ်ဆောင်ကြပြီး ထန်ကော်ပိုရေးရင်းကို စုံစမ်းစစ်ဆေးမှုက ချက်ချင်း ကျရောက်လာသည်။ သတင်းများ ပြန့်သွားပြီး ရှယ်ဈေးများထိုးကျသွားသောအခါ ထန်မိသားစု၏ လူယုံများက ငြိမ်ငြိမ် မနေနိုင်တော့ပေ။


ထိုအချိန်တွင် ကုကျန်းအန်းနှင့် ကျိုးကျီတို့က အတူတူအလုပ်လုပ်ပြီး တရားဝင်တိုက်ခိုက်လေတော့သည်။ စီးပွားရေးလုပ်ငန်းစဉ်များကို မဆုပ်မနစ်တိုက်ခိုက်ရုံမျှမက အဓိကရှယ်ယာရှင်များထံမှ ထန်မိသားစု၏ ရှယ်ယာများကို စုစောင်းလေတော့သည်။ အဆိုးဆုံးက သူတို့ ထန်ကော်ပိုရေးရှင်း၏ အကြီးဆုံး ရှယ်ယာပိုင်ရှင်ကို သွားဆွပေးခြင်းဖြစ်သည်။


လျှပ်တပြက်အတွင်း ထန်ကော်ပိုရေးရှင်းတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့သည်။ 


အဖေထန်နှင့် အမေထန်တို့ ဆေးရုံတွင်ရှိစဉ် ထိုသတင်းများကို ကြားရသောအခါ ဖြူဖျော့ကာ ထိတ်လန့်သွားကြပြီး ကုမ္ပဏီကို ဒုန်းဆိုင်းပြေးလေတော့သည်။ သို့သော် ကျိယန်အခြေအနေကြီးက အထိန်းအချုပ်ပင် လွတ်သွားပြီဖြစ်ပြီး စကားလုံးအနည်းငယ်ဖြင့် ဖြေရှင်း၍ မရတော့ပေ။ စီးပွားရေးနယ်ပယ်တွင် အတွေ့အကြုံများစွာရှိသော အဖေထန်ပင် ချက်ချင်းလက်ငင်း အခြေအနေကို မထိန်းသိမလိုက်နိုင်ပေ။ သို့သော် ဤပြဿနာများက တစ်စုံတစ်ယောက်ဆီမှ သက်ဆင်းလာပြီး ပန်းတိုင်က ထန်ကော်ပိုရေးရှင်းကို တိုက်ခိုက်ရန်ဖြစ်ကြောင်း သိနေပေသည်။ သို့သော် အဖေထန်က ဤသို့ကဲ့ကိစ္စများဖြစ်လာစေရန် စွမ်းဆောင်နိုင်သည့် သူကို တွေးမရဖြစ်နေသည်။


အခြေအနေက ပိုမိုကြီးထွားလာပြီး ထန်ကော်ပိုရေးရှင်းက ပိုမို ပရမ်းပတာဖြစ်လာသည်။ အဖေထန်ရော ထန်မိပါ ပြဿနာကို ဖြစ်နိုင်သမျှ မြန်အောင် ဖြေရှင်းပစ်လိုက်ချင်၍ ကျိမိသားစုကိုအကူအညီသွားတောင်းခဲ့ကြသည်။ ကျိမိသားစုပိုင်ဆိုင်သော ကျိကော်ပိုရေးရှင်းက လက်ရှိတွင် ကျိရှစ်ယွဲ့နှင့် လင်းလန်တို့က စီမံအုပ်ချုပ်လျက်ရှိသည်။ ပုံမှန်အတိုင်းဆိုလျှင် သူတို့ ထိုင်ကြည့်နေမည်မဟုတ်ပဲ ကူညီပေးကြမည်ဖြစ်သည်။


 သို့သော် အဘိုးကျိက ရုတ်တရက်ကြီး သူတို့ကိုခေါ်၍ ထန်ကော်ပိုရေးရှင်းကို မကူညီရန် အမိန့်ပေးလာသည်။ ထန်ကော်ပိုရေးရှင်းကို ကူညီပေးသည့် မည်သူ့ကိုမဆို ကျိကော်ပိုရေးရှင်းက ကန်ထုတ်ပစ်မည်ဟု ဆိုလာသည်။


ကျိကော်ပိုရေးရှင်းက အဘွားကျိတည်ထောင်ခဲ့သည့် အရာဖြစ်သည်။ ၎င်းကို အဘွားကျိတစ်သက်လုံး ကြိုးစား၍တည်ဆောက်လာခဲ့ခြင်းဖြစ်သည်။ အဘွားကျိ မသေဆုံးခင်က  အဘိုးကျိကို ကော်ပိုရေးရှင်းတစ်ခုလုံးကို စီမံအုပ်ချုပ်ရန် အခွင့်အာဏာပေးခဲ့ပြီး မဟုတ်ပါက ရောင်းစားပစ်မည်ဟု ဆိုခဲ့သည်။


ကျိဝေ့ဖန်းက တရားဝင်လုပ်ငန်းကိုရွေးချယ်ပြီး လက်ရှိတွင် လုံခြုံရေးဌာနတွင် ခေါင်းဆောင်ဖြစ်နေသည်။ ထို့ကြောင့် သူက ကျိကော်ပိုရေးရှင်းကို မစီမံနိုင်ပေ။ ကျိယန်ကလည်း အဘိုးကျိခြေရာကိုနင်း၍ စစ်တပ်ထဲဝင်ခဲ့သဖြင့် ကျိကော်ပိုရေးရှင်းက်ို စီမံနိုင်စွမ်းမရှိပေ။ ထို့ကြောင့် ကျိဝေ့ဖန်းက ကျိရှစ်ယွဲ့နှင့် လင်းလန်ကို ကော်ပိုရေးရှင်းကို စီမံခိုင်းမည်ဟု အဆိုပြုလာစဉ်က မမြင်ချင်ယောင်ဆောင်ခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာအတွင်း ထိုသားအမိက ကုမ္ပဏီကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ခဲ့သဖြင့် အဖိုးကျိက ဘာမှမပြောခဲ့ပေ။


သို့သော် ၎င်းက ကျိကော်ပိုရေးရှင်းက ကျိရှစ်ယွဲ့နှင့် လင်းလန်တို့ ပိုင်ဆိုင်သည်ဟု မဆိုလိုပေ။ အဘိုးကျိက ဖိုင်နယ်ဘော့စ်ဟု ခေါ်၍ရပေသေးသည်။ သူ့တွင် မည်သူ့ကိုမဆို ကန်ထုတ်နိုင်စွမ်း ရှိနေလေသည်။ထို့ကြောင့် အဘိုးကျိ အမိန့်ပေးလိုက်သောအခါ ကျိရှီယွဲ့နှင့် လင်းလန်တို့က သူတို့ မည်မျှပင် ဆန္ဒရှိနေစေ မလွန်ဆန်ဝံ့ကြပေ။ အဆုံးတွင် ကော်ပိုရေးရှင်း၏ ပိုင်ရှင်က သူတို့မဟုတ်ချေ။


ကျိကော်ပိုရေးရှင်း၏ အကူအညီမရ၍ ထန်ကော်ပိုရေးရှင်း၏အခြေအနေက ပိုမိုဆိုးရွားလာသည်။ ထန်မိသားစုက ဤကိစ္စနောက်ကွယ်ရှိလူကို ခန့်မှန်းမိသွားကြသည်။ သူတို့ ကျိယန်ကို ချက်ချင်းတွေးမိသွားကြသည်။


ထန်မိဖြူဖျော့သွားပြီး အဖေထန်ကို ဒေါသတကြီးပြောလိုက်သည်။


"အဖေ... ဒါတွေလုပ်တာ ကျိယန်ဖြစ်နိုင်တယ်... မဟုတ်ရင် အဘိုးကျိက ကျိရှစ်ယွဲ့ကို သမီးတို့ကို မကူညီဖို့ တားမှာမဟုတ်ဘူး... အဘိုးကျိက ကျိယန်ဘက်မှာပဲ အမြဲရပ်တည်နေတာ...."


အဖေထန်လည်း ထိုသို့တွေးသော်လည်း ဘေးတွင် တိတ်တဆိတ်ရပ်နေသော ကျိရှီယွဲ့ကို အတည်ပြုဟန် မေးလိုက်သေးသည်။


"ရှစ်ယွဲ့... ဒီကိစ္စက မင်းရဲ့ အစ်ကိုနဲ့ တကယ်သက်ဆိုင်တာလား..."


မည်သည့် အမူအယာမှထုတ်မပြပဲ သူမည်သို့ ခံစားနေရကြောင်း မဖော်ပြနိုင်သည့် အသံသေကြီးဖြင့် ပြန်ဖြေလာသည်။


"ခန့်မှန်းစရာကို မလိုဘူး... ကျွန်တော်တို့ကို ဆန့်ကျင်ဖို့နဲ့ တိုက်ခိုက်ဖို့ စွမ်းနိုင်တဲ့လူက သူကလွဲလို့ မရှိဘူး..."


သူ၏ ထိုအစ်ကိုကြီးဆိုသူက စီးပွားရေးကိစ္စများတွင် ပတ်သတ်ခြင်း မရှိသော်လည်း ထိုသို့ လုပ်နိုင်လေသည်။ သူ ကျိရှစ်ယွဲ့ပင်လျှင် ကျိယန်၏ ပြိုင်ဘက်ဟု မပြောရဲပေ။


အဖေထန်က ချက်ချင်း ဒေါသထွက်လာခဲ့သည်။


"သူဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ... သူက ငါတို့ ထန်ထန်ကို သူ့အမေအရင်းကို ကျောက်ကပ်လှူပေးဖို့ပြောလို့ လုပ်နေတာလား... သူ့မှာ စာနာစိတ်ဆိုတာရော ရှိသေးရဲ့လား..."


ထန်မိ ဒေါသတကြီး မတ်တတ်ရပ်လိုက်သည်။


"အရမ်းလွန်သွားပြီ... ကိုယ့်အမေကိုယ် မကယ်ပေးတဲ့အပြင် အခုဆိုကိုယ့်မိသားစုကိုပါ ပစ်မှတ်ထားနေပြီ... ဒီလိုတွေလုပ်လို့ သူတို့ကို ကောင်းကင်ဘုံက အပြစ်ပေးမှာ မကြောက်ဖူးလား မသိဘူး..."


"ဒီ မသိတတ်တဲ့ ကလေးကတော့...သူကို အရင်ဆုံး မမွေးလိုက်သင့်ဘူး..."


အဖေထန်က ဒေါသထွက်လွန်း၍ သူ၏ရင်ဘတ်တစ်ခုလုံး နိမ့်ချည်မြင့်ချည်ဖြစ်နေသည်ကို ကြည့်ပြီး ထန်မိ စိတ်ပူသွားမိပြီး သူ့ကို စိတ်လျှော့ခိုင်းလိုက်သည်။


"အဖေ အရမ်းဒေါသမထွက်ပါနဲ့.... သမီးသူတို့ကို ဒါတွေ ဖြေရှင်းခိုင်းဖို့ သွားရှာလိုက်မယ်..."


အဖေထန်ကို နှစ်သိမ့်ပေးပြီးနောက် ထန်မိ ကျိရှီယွဲ့ကထုဆွဲကာ ကျိယန်နှင့် ထန်ထန်တို့ကို သွားရှာလိုက်သည်။


––––––––––

လမ်းတွင် ကျိရှစ်ယွဲ့က စကားတစ်လုံးမှမပြောပဲ တိတ်တဆိတ်လိုက်ပါလာသည်။


ထန်မိက တစ်စုံတစ်ခုလွဲချော်နေသည်ကို သတိထားမိ၍ သူ့လက်ကို ဆွဲပြီးမေးလိုက်သည်။


"ဘာဖြစ်နေတာလဲ ရှစ်ယွဲ့... ရှင့်အဘိုးက ရှင့် အစ်ကိုကြီးကို အရမ်းဘက်လိုက်လို့ဒီလိုဖြစ်နေတာလား...."


ကျိရှီယွဲ့ သူမကို တစ်ချက်ကြည့်လိုက်ပြီး ကားဆက်မောင်းလေသည်။ ခဏအကြာတွင် သူမေးလိုက်သည်။


"မိမိ အဘိုးကျိက မင်းတို့မိသားစုကော်ပိုရေးရှင်းကို ဘာလို့ မကူညီခိုင်းတာလို့ထင်တာလဲ..."


ထန်မိ ရပ်တန့်သွားသည်။ သူမ သူ့ကို မေးခွန်းထုတ်ဟန်ဖြင့် ကြည့်လိုက်သည်။


"ဘာအကြောင်းများရှိဦးမှာလဲ... ရှင့်အစ်ကိုကြီးက သူ့ကို အဲ့လိုလုပ်ပေးဖို့ တောင်းဆိုထားလို့ပေါ့.. ရှင့်အစ်ကိုက ထန်ထန်ကို ကျွန်မအမေကို မကယ်ပေးစေချင်ဘူးလေ...."


သူမ၏ အဖြေက ကျိရှစ်ယွဲ့ကို အသာအယာ မျက်မှောင်ကြုတ်မိသွားစေသည်။


"မင်းက အဘိုးကို အမှားအမှန် မခွဲခြားတတ်တဲ့လူလို့များ ထင်နေတာလား... ငါ့အစ်ကိုကြီးသာ အမှားလုပ်ရင် အဘိုးက သူစိတ်ချမ်းသာအောင်ဆိုပြီး ခွင့်လွှတ်ပေးမယ်ထင်တာလား..."


"ရှင်......."


ထန်မိ၏အမူအယာ ပြောင်းလဲသွားသည်။


"ရှစ်ယွဲ့..... ရှင် ဘာပြောချင်နေတာလဲ... ရှင့်စိတ်အခြေအနေက အခုတလော မူမမှန်ဘူး... ဘာတွေဖြစ်နေတာလဲ...."


"မိမိ... မင်း ထန်ထန်ကို ကျောက်ကပ်လှူခိုင်းတာက အတော်လေး လွန်သွားတယ် မထင်ဘူးလား...."


"ဘာ... ရှစ်ယွဲ့ ... ရှင်ဘာပြောတာလဲ..."


ထန်မိ မျက်လုံးများ ပြူးကျယ်သွားပြီး  သူ့ကိုမယုံကြည်နိုင်ဟန် ကြည့်လိုက်သည်။ 


"ရှင်က ကျွန်မတို့ လွန်တယ်ပြောနေတာလား.... ရှင်ဘာပြောတာလဲ.

 ကျွန်မတို့က အမေ့ရဲ့ အသက်ကိုကယ်ချင်ရုံပဲလေ ဘာများမှားနေလို့လဲ... ကျွန်မအမေက ရှင့်အမေပါပဲ.. ရှင် သူ့ကို မကယ်ချင်လို့များလား...."


"ငါ သူ့ကို မကယ်ချင်ပဲ နေမလား... ငါသာမကယ်ချင်ရင် နေရာတိုင်းမှာ ကျောက်ကပ်ရှာပေးနေပါ့မလား..."


ကျိရှစ်ယွဲ့  ကားစတီရာယင်ဘီးကို တင်းတင်းကြပ်ကြပ်ကိုင်လိုက်သည်မှာ သူ၏ လက်များပင် ဖြူဖျော့သွားလေသည်။


"ဒါပေမဲ့ ကျောက်ကပ်လှူတယ်ဆိုတာ အရမ်းကို စွန့်စားလွန်းရာကျတယ်လေ... ငါတို့သူများ ဆန္ဒမရှိတာကို အတင်းအကျပ်ပြောလို့မှမရတာ... လူတွေရှေ့မှာ ဒူးထောက်ပြီးတောင်းဆိုတာမျိုးက ဖြစ်သင့်လို့လား...."


"ဒါပေမဲ့ သူသာ ဆန္ဒရှိလာရင် ကျွန်မအမေကို ကယ်နိုင်ပြီလေ... ကျွန်မအမေသေတာကို ဘယ်လိုလုပ် ကြည့်နိုင်မှာလဲ.. ပြီးတော့ ကျွန်မအမေဆိုတာ သူ့အမေအရင်းပါ.. ကိုယ့်အမေကို မကယ်ပဲ သေတာကို ဘယ်လိုလုပ်ထိုင်ကြည့်နိုင်မှာလဲ... သူကပဲ အတော်လေး လွန်တဲ့လူလို့ ရှင် မထင်မိဘူးလား......"


သူမ အလွန်အမင်းစိတ်ခံစားချက် ပြင်းထန်နေသည်ကို မြင်သောအခါ ကျိရှစ်ယွဲ့ အသက်ပြင်းပြင်းရှူလိုက်ရသည်။ သူ သူမနှင့် တည်ငြိမ်စွာပြောနိုင်ရန် ကြိုးစားလိုက်သည်။


"ဒါပေမဲ့ အဖေနဲ့အမေ မင်းကိုဆက်ဆံတာနဲ့ သူ့ကိုဆက်ဆံတာမှာ အကွာကြီး ကွာနေတယ်လေ... ထန်မိသားစုရဲ့ အရာရာတိုင်းက သူမပိုင်ရမဲ့အရာတွေပဲ.. ဒါပေမဲ့ တကယ်တော့ မင်းကပဲ အရာအားလုံးကို ပိုင်သွားခဲ့တယ်... အဆုံးမှာတော့ သူ့ကို မင်းကြောင့်ပဲ အဖေနဲ့အမေက မိသားစုထဲက ထုတ်လိုက်တယ်... သူက ထန်မိသားစုရဲ့ သမီးတစ်ယောက်ရသင့်တဲ့ ဘယ်အရာကိုမှ မခံစားလိုက်ရဘူး... ဒါပေမဲ့ အခုတော့ ထန်မိသားစုရဲ့သမီးဖြစ်နေလို့ဆိုပြီး တာဝန်ယူရမယ်တဲ့.. မင်းပြောကြည့် ဒါကရောတရားလား.. သူ့နေရာမှာ မင်းသာဆိုရင် ဘာလုပ်မှာလဲ...."


ထန်မိ ဤအခြေအနေတွင် သူမှားသည်ဟုမပြောနိုင်ပေ။ သူမ နှုတ်ခမ်းကိုကိုက်ကာ အကြည့်ရွှေ့လိုက်သည်။ သူမ သူ့ကိုမကြည့်ချင်ပေ။ အချိန်အတော်ကြာမှ ပြန်ပြောလိုက်သည်။


"အဲ့ဒါ သူ့အမှားပဲလေ... သူသာ ရှင်နဲ့ ကျွန်မရဲ့ဆက်ဆံရေးကို ထပ်ခါထပ်ခါ မဖျက်ဆီးနေရင် အဖေနဲ့ အမေက သူ့ကို ကန်ထုတ်မှာတဲ့လား..."


"ထန်မိ... မင်းအမှားလုပ်မိရင် အဖေနဲ့အမေက မင်းကို မိသားစုထဲက ထုတ်ပစ်လား..."


ကျိရှီယွဲ့ သူမကိုယ်သူမနှင့် အခြားလူများကို လှည့်စားနေသည်ကိုမကြည့်နိုင်တော့ပေ။


"မင်းအမှားလုပ်တိုင်း အဖေနဲ့ အမေက မင်းကို အပြစ်ပေးလား... အလွန်ဆုံးမှ မင်းကိုဆူတယ်ဆိုရုံပဲဆူတာ... ဒီလောက်ကွာခြားတဲ့ဆက်ဆံမှုမျိုးက မင်းသာထန်ထန်ဖြစ်နေရင် မနာလိုပဲ နေနိုင်မယ်ထင်လို့လား..."


ထန်မိ မွန်းကြပ်သွားပြီး ဘာမှပြန်မပြောနိုင်တော့ပေ။ သူမ၏ အရှက်တရားများက ဒေါသအဖြစ်သာ ပြောင်းလဲသွားရတော့သည်။


"အဲ့လို့ဆိုရင်တောင် သူက လူတစ်ယောက်သေတော့မှာကို ဒီတိုင်းထိုင်ကြည့်နေတာလေ... မနာလိုမှုတွေက အသက်တစ်ချောင်းနဲ့ ယှဉ်ရအောင် အရေးပါလို့လား...."


"ဒါပေမဲ့ ဆရာဝန်တွေက ခွဲစိတ်မှုအောင်မြင်နိုင်နှုန်းက ၅၀%ပဲရှိတယ်တဲ့လေ... ကံကောင်းလို့ အောင်မြင်သွားရင်တောင် အမေက သုံးနှစ်ထက်ပိုပြီး အသက်ရှင်မှာ မဟုတ်ဘူး... ဒီလိုအခြေအနေမျိုးမှာ လုပ်သင့်ရဲ့လား.. ပြီး‌တော့ လှူဒါန်းပေးလိုက်သူရဲ့ ကျန်းမာရေးကိုလည်း သက်ရောက်မှုရှိတယ်... သူ နောက်ထပ်ကလေးတစ်ယောက် ထပ်မမွေးနိုင်တော့တာတောင် ဖြစ်နိုင်တယ်...."


"ဒီတော့ ရှင်ပြောချင်တာ အမေက သေတာ ထိုင်ကြည့်သင့်တယ်လို့လား..."


ထန်မိ စိတ်လှုပ်ရှားပြီး ဒေါသထွက်သည်။ သူဒေါသတကြီး အော်ဟစ်ပစ်လိုက်သည်။


"ကျိရှစ်ယွဲ့... ရှင်အခုဘာတွေကြံနေတာလဲ... ရှင် ထန်ထန်ကို စိတ်ပူနေတာလား....အဲ့တုန်းက သူ့ကို မရွေးမိလို့ နောင်တရနေတာလား... အဲ့ဒာဆိုလည်း အခုပဲ သူ့ကို သွားရှာလိုက်တော့...."


"ထန်မိ..."


ကျိရှစ်ယွဲ့ ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး မျက်လုံးထဲတွင် ဒေါသများအပြည့်ဖြင့်အော်လိုက်သည်။


"အဓိပ္ပါယ်မရှိတာနဲ့ ပြဿနာမရှာနဲ့..."


သူ အမှန်တကယ် ဒေါသထွက်နေသည်ကို မြင်သောအခါ ထန်မိ သူ့ကို မျက်လုံးများနီနီများဖြင့် လှမ်းဖက်လိုက်သည်။


"ကျွန်မတောင်းပန်ပါတယ် ရှစ်ယွဲ့.... ကျွန်မကို ဒေါသမထွက်ပါနဲ့ ....ကျွန်မအရမ်း စိတ်လိုက်မာန်ပါဖြစ်သွားလို့ပါ.... ကျွန်မအဲ့တာကို မစဉ်းစားမိဘူး.. ကျွန်မ တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ သိပါတယ် ဒါပေမဲ့ ကျွန်မမှာ အခြားဖြေရှင်းချက် မရှိဘူးလေ... အမေ  ကျွန်မတို့ကိုခွဲသွားတာ တကယ် မခံနိုင်ဘူး သုံးနှစ်လေးဆိုရင် ကျွန်မ မရရအောင် လုပ်ချင်သေးတာ... ထန်ထန်အတွက် မတရားမှန်းလည်း ကျွန်မသိပါတယ်... ဒါပေမဲ့ ကျွန်အသူ့ကို လျော်ကြေးပေးမှာပါ.. သူ့ကို ပိုက်ဆံတွေအများကြီး ပေးနိုင်တယ်...."


ကျိရှစ်ယွဲ့ စိတ်အတွင်းမှ သက်ပြင်းချလိုက်သည်။ ထန်ထန်တွင် ကျိယန်ရှိနေသည်။ ကျိယန်၏ ပိုင်ဆိုင်မှုက ထန်မိသားစုထက်လည်း မနည်းပေ။ သူတို့ ထန်မိသားစု၏ ပိုက်ဆံကို စိတ်ပင်ဝင်စားမည် မဟုတ်ပေ။ သို့သော် ယခုတွင် ထိုစကားများပြောမည်ဆိုလျှင်ပင် ထန်မိက နားထောင်မည် မဟုတ်ပေ။


သူမကို ကျိယန်၏ လှုပ်ရှားမှုနှင့် တိုက်ရိုက်ကြုံခိုင်းမှသာ ကြောက်မည့် ပုံပေါ်လေသည်။


ကျိရှစ်ယွဲ့၏ နှလုံးသား ပိုမိုလေးလံလာသလို ခံစားလိုက်ရသည်။ သူတို့သွားလိုသည့် နေရာကိုသာ တိတ်တဆိတ်ကားမောင်းထွက်လာခဲသည်။


သူတို့နှစ်ယောက် စစ်တပ်အိမ်ယာဝင်းသို့ ရောက်သောအခါ အစောင့်များက သူတို့ကို ပေးမဝင်ခဲ့ပေ။ သူတို့နှစ်ယောက် တစ်နေ့လည်လုံးစောင့်ပြီး နောက်တစ်နေ့မနက်ရောက်သည်အထိ စောင့်ခဲ့ကြသော်လည်း မည်သူမှထွက်မလာခဲ့ပေ။ အဆုံးတွင် ထန်မိ၏ ခန္ဓာကိုယ်က မခံနိုင်တော့သဖြင့် ပြန်လာလိုက်ရသည်။


နောက်တစ်နေ့တွင် ထန်ကော်ပိုရေးရှင်းအထဲရှိ အခြေအနေက ပိုမိုပြင်းထန်လာသည်။ စီမံ အုပ်ချုပ်ရေးအပိုင်းမှလူများစွာက နှုတ်ထွက်စာ တင်လာကြသည်။ ထန်မိနှင့် အဖေထန်တို့က သူတို့ကို လုံးဝမစည်းရုံးနိုင်တော့ပေ။ ထန်ကော်ပိုရေးရှင်း၏ ရှယ်ယာများက တဟုန်ထိုးကျဆင်းလာကာ ဤသို့ဆက်သွားပါက ထန်ကော်ပိုရေးရှင်း အန္တရာယ်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။


အဖေထန်က ဆယ်နှစ်စာမျှ ပိုမိုအိုမင်းသွားဟန် ဖြစ်နေသည်။ သူနှဖူးသူ ကိုင်၍ ပင်ပန်းစွာပြောလာသည်။


"မိမိ... ကျိယန်က ထန်ကော်ပိုရေးရှင်းကို ထန်ထန်ကြောင့် ဖျက်ဆီးချင်နေတာ...."


ရက်အနည်းငယ်အတွင်း ထန်မိလည်း အတော်လေး ဝိတ်ကျသွားသည်။ သူမ အတော်လေး ပိန်လှီသွားပေသည်။


"အဖေ သမီးတို့ အခု ဘယ်လိုလုပ်ကြတော့မလဲ..."


အဖေထန် သက်ပြင်းချလိုက်သည်။


"အဆုံးသတ်ကြတာပေါ့... ကျိယန်ကိုရှာပြီး အဖေတို့ ထန်ထန်ကို တွန်းအားမပေးတော့ပါဘူးလို့ သွားပြောချေ.. သူ့ကို ထန်ကော်ပိုရေးရှင်းကို လွှတ်ပေးပါလို့ ပြောခဲ့လိုက်...."


"အဖေ..."


ထန်မိ အနည်းငယ် တုံ့ဆိုင်းသွားကာ မေးလိုက်သည်။


"အမေ့ကိုရော မကယ်တော့ဘူးလား...."


အဖေထန် အင်အားမဲ့စွာ မေးလိုက်သည်။


"ဒါဆို ထန်ကော်ပိုရေးရှင်းကို စွန့်လွှတ်ကြမလား... အဖေက ကိစ္စမရှိပေမဲ့ ထန်ကော်ပိုရေးရှင်းက အနာဂတ်မှာ သမီးရဲ့ဟာဖြစ်လာမှာ... သမီးထန်ကော်ပိုရေးရှင်းကို စွန့်လွှတ်ဖို့ ဆန္ဒရှိလို့လား..."


ထန်မိ ခေါင်းတွင်တွင်ငုံ့၍ သွေးထွက်မတတ် နှုတ်ခမ်းကို ဖိကိုက်ထားသည်။ သို့သော် သူမဆန္ဒရှိပါသည်ဟု မပြောနိုင်ပေ။


အဖေထန် ခါးသီးစွာပြုံးလိုက်သည်။ သူဖော်ပြရန် မစွမ်းသာသောခံစားချက်တစ်ခုကို ခံစားလိုက်ရ၍ ပြောလိုက်သည်။


"အစက အဖေက သမီးအမေနောက်ထပ် တစ်နှစ် နှစ်နှစ်လောက် အသက်ရှင်ရင်တောင် ရှိသမျှ အကုန်ပေးဆပ်ဖို့ပဲ... အခုတော့ အခွင့်အရေး မရှိတော့ဘူး ထင်ပါတယ်... အဲ့ကောင်မလေးက သူ့ဘာသာသူ ဖြစ်နေပြီ အဖေတို့ ကြိုက်သလို ဆက်ဆံလို့ မရတော့ဘူး..."


ထန်မိ အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။


"ဟုတ်ကဲ့... သမီး ကျိယန်ကို ပြောပြလိုက်ပါ့မယ်...."


"မိမိ... သတင်းတွေဖယ်ပြီး အခြေအနေကို ရှင်းပြလိုက်... ထန်ထန်ရဲ့ အပြစ်ကင်းစင်မှုကို ပြန်ယူပေးလိုက်..."


ယခင်က ထန်ထန်၏ သဘောတူညီမှုကို ရရှိရန် သူတို့ ပြည်သူလူထု၏ အမြင်ကိုပင် ချသုံးခဲ့သေးသည်။ အွန်လိုင်းပေါ်ရှိ လူအများစုက ထန်ထန်ကိုကျေးဇူးမသိတတ်ဟု ဆူပူကြိမ်းမောင်းနေကြသည်။


လက်သီးတင်းတင်းဆုပ်၍ ထန်မိအပြင်သို့ထွက်သွားလိုက်သည်။ သူ ဤနေရာတွင် နောက်ထက်တစ်စက္ကန့်ပင် မနေချင်တော့ချေ။


ထန်မိထွက်သွားသောအခါ အဖေထန်က အံဆွဲထဲမှ လွန်ခဲ့သည့်နှစ်နှစ်ဆယ်က ဓာတ်ပုံဟောင်းလေးကို ထုတ်ကြည့်လိုက်သည်။ ၎င်းက သူနှင့် အမေထန်၏ ဓာတ်ပုံဖြစ်သည်။ ထိုစဉ်က အမေထန်က ကိုယ်ဝန်လရင့်နေပြီဖြစ်သည်။ သူမ ဗိုက်ထဲရှိကလေးက ထန်ထန်ဖြစ်သည်။


ထိုအချိန်က သူတို့နှစ်ယောက်လုံး မွေးမလာသေးသည့် ကလေးကို အကောင်းဆုံးအရာများပေးချင်ခဲ့သည်။ သို့သော် သူတို့အရာတိုင်းကို အခြားကလေးတစ်ယောက်ဆီကို ပေးခဲ့သည်။ အမှန်အတိုင်းပြောရလျှင် သူနှင့် သူ့ဇနီးက အလွန်ဘက်လိုက်ခဲ့သည်ဟု ပြောလို့ရသော်လည်း သူတို့လည်း ဘာမှ မတတ်နိုင်ခဲ့ချေ။ သူတို့အချိန်အကြာကြီး ပြုစုပျိုးထောင်ပေးခဲ့သော ထန်မိကိုသာ ချစ်နိုင်လေသည်။ သူတို့ ထန်ထန်ကို ချစ်ရန်ပင် မကြိုးစားနိုင်ကြခဲ့ပေ။


၎င်းက သူတို့၏အမှားသာဖြစ်သည်။  

အရာတိုင်းက သူတို့ကြောင့်သာဖြစ်ခဲ့ရသည်။ ဤကိစ္စကလည်း ဝဋ်ပြန်လည်လာသည်ဟု ပြော၍ရပေသည်။


––––––––––.


ကျိယန် သတင်းများ လက်ခံရရှိသောအခါ ရယ်မောလှောင်ပြောင်ခဲ့သည်။

 ဒီတော့ ဒီလိုပဲဖြစ်သွားတယ်ပေါ့လေ... ထန်ကော်ပိုရေးရှင်းနဲ့ အမေထန်ကြားမှာ အမေထန်က ဒုတိယနေရာကို ရောက်သွားခဲ့တယ်ပေါ့...


ကျိယန် ကျိုးကျီနှင့် ကုကျန်းအန်းတို့ကို သီးခြားဆီခေါ်တွေ့ပြီး ရပ်ရန်ပြောလိုက်သည်။


ထန်ထန်သည်လည်း ထန်မိဆီမှ သတင်းကြားသောအခါ ကျိယန်ကိုမေးလိုက်သည်။


"ယောက်ျား... ထန်မိသားစုက အခုကစပြီး ကျွန်မကို လာမရှာတော့ဘူးပေါ့နော်..."


"အင်း...."


ကျိယန် သူမကို ဆွဲဖက်၍ သူ့အပေါ် ထိုင်ခိုင်းလိုက်သည်။


"သူတို့က ထန်ကော်ပိုရေးရှင်းကို ရွေးလိုက်တယ်လေ.... ထန်ကော်ပိုရေးရှင်းအတွက် မင်းကို ထပ်လာရှာရဲမှာ မဟုတ်တော့ဘူး...."


ထန်ထန် ပျော်သလို မခံစားရပေ။ ခဏအကြာတွင် သူမ စိတ်ပျက်သလို ခံစားလိုက်ရသည်။


"ငါးရက်ပဲ ရှိသေးတယ်... သူတို့ တစ်လတောင် မတောင့်ခံနိုင်ကြဘူး...ကျွန်မက သူတို့ အမေထန်ကို တကယ်ချစ်ကြတယ်ထင်တာ... တကယ်တော့ သူက ထန်ကော်ပိုရေးရှင်းလောက် အရေးမပါဘူးပဲ..."


ကျိယန်က သူမ၏မျက်နှာလေးကို ပွတ်သပ်လိုက်လာ ရက်စက်သည့် အမှန်တရားကိုပြောလိုက်သည်။


"ထန်ကော်ပိုရေးရှင်းကို ဆုံးရှုံးတာနဲ့ သူတို့ရဲ့ စည်းစိမ်နဲ့ အဆင့်အတန်းပါ ပြုတ်သွားမှာလေ.. ပုံမှန်ပါပဲ... လူတွေက အဲလိုဆို အလျှော့ပေးလိုက်ကြတာချည်းပဲ...."


သို့သော် ထန်ထန်က ယုံကြည်မှုရှိရှိပြောလာသည်။


"ကျွန်မတို့သာ နေမကောင်းဖြစ်ရင် ပေါင်ပေါင်က သူ့မှာဘာမှမကျန်တော့တဲ့အထိဖြစ်ရင်တောင် သေချာပေါက်ကုပေးမယ်လို့ ကျွန်မယုံတယ်...."


ကျိယန်ရယ်လိုက်ပြီး သူမ၏စကားများကို သဘောတူလိုက်သည်။


"ကျိရှောင်ကျိုးက သေချာပေါက်လုပ်လိမ့်မယ်..."

အဘယ်ကြောင့်ဆိုသော် သူက သူတို့၏ အဆုံးအစွန်သော ဂရုစိုက်များဖြင့် ပျိုးထောင်ခဲ့ရသည့် သူတို့၏ ကလေးဖြစ်နေ၍ ဖြစ်သည်။


ထန်ထန် သူ၏ လည်ပင်းကို လက်ကလေးများဖြင့် တွဲချိတ်၍ သူ့ပခုံးပေါ် မျက်နှာအပ်လိုက်သည်။


"ယောက်ျား... သူတို့ ကျွန်မကို ထပ်လာမရှာတော့ဘူးဆိုရင် သူတို့ကို ခက်ခဲအောင် ဆက်မလုပ်ပါနဲ့တော့...."


"ဒါပေမဲ့ မင်းဒေါသမထွက်ဘူးလား... သူတို့ကြောင့် မင်းကို လိုင်းပေါ်မှာ လူတွေအများကြီးက ဆဲနေကြတာလေ...."


ထန်ထန်နှုတ်ခမ်းဆူလိုက်သည်။


"ဒေါသထွက်တာပေါ့... ဒါပေမဲ့ ကျွန်မက ဘာလုပ်နိုင်မှာလဲ.. အမေထန်က အတော်လေး နေမကောင်းဖြစ်နေတာလေ... သူတို့ကို နည်းလမ်းမှန် မရှာနိုင်လို့ပဲ အပြစ်ပြောနိုင်မယ်လေ... ဒါပေမဲ့ အဲ့နေရာမှာ ကျွန်မရဲ့ မိသားစုဝင်သာဆိုရင် ဘယ်လောက်ပဲ ပေးဆပ်ရပေးဆပ်ရ ရအောင်ကယ်မှာပဲ... ဒီတော့ သူတို့ကို မနှောင့်ယှက်ကြရအောင်လေနော်....'


ကျိယန် သူမကို နမ်းလိုက်သည်။


"ထန်ထန် မင်းက အရမ်းကြင်နာတတ်တာပဲ...."


ဒါပေမဲ့ သူကတော့ လုံးဝ မကြင်နာနိုင်ဘူး...


သူထန်ထန်ကို အိပ်ပျော်အောင်ချော့သိပ်ပြီးချိန်တွင် ကျိယန်ဖုန်းကိုင်လိုက်ပြီး လူတစ်ယောက်၏ အချက်အလက်ကို ကျိုးကျီဆီ လွှဲပေးလိုက်သည်။


ကျိုးကျီက ထို အချက်အလက်ကို မြင်သောအခါ ချက်ချင်းဖုန်းခေါ်လာသည်။


"ကျိယန် မင်းကတော့လေ လုံးဝစံပဲသိလား... မင်းသင့်တော် ကိုက်ညီတဲ့ အလှူရှင်တောင် တွေ့လိုက်သေးတယ်.... ငါတကယ် အံ့ဩသွားခဲ့တာ...."


ကျိယန်က ကျိုးကျီကို ထောင်ထွက်တစ်ယောက်၏ အချက်အလက်များ ပေးခဲ့ခြင်းဖြစ်သည်။ သူနှစ်သုံးဆယ်ကျော် ထောင်ကျခဲ့သည်။ ထောင်မှထွက်လာသောအခါလည်း ကောင်းကောင်းမနေရပေ။ သူ့မိသားစုအတွက် ပိုက်ဆံရှာနိုင်ရန် သူကကျောက်ကပ်ကို လှူပေးမည်ဖြစ်သည်။ ထန်မိသားစုက ထောင်ထဲမှ အလှူရှင်များကို လုံးဝမစဉ်းစားခဲ့မိချေ။ ထို့ကြောင့် မတွေ့ခြင်းဖြစ်သည်။


"မင်း အရင်ကထက်တောင်ပုပ်တဲ့ ကြက်ဥဖြစ်လာတာပဲ..."


ကျိုးကျိက သူ့ကိုရယ်မောရင်း စနောက်လေသည်။ ထို့နောက် သူမေးလိုက်သည်။


"မင်း ဒီလူကို ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ရှာပေးခဲ့တာ မဟုတ်လောက်ဘူး... ပြောစမ်းပါဦး မင်းဘာတွေကြံနေတာလဲ...."


ကျိယန် ပြန်ဖြေလိုက်သည်။


"အစ်ကိုကြီး... ကျွန်တော့်ကို ဒီလူကို ထန်မိသားစုဆီခေါ်သွားပြီး ထန်မိသားစုရှယ်ယာရဲ့ နှစ်ဆယ်ရာခိုင်နှုန်းနဲ့ လဲခဲ့ပေး.... ရှယ်ယာပိုင်ရှင် နာမည်မှာ ထန်ထန်လို့လည်း ရေးပေးခိုင်းလိုက်...."


"လောလောဆယ် ထန်မိနဲ့ အဖထန်နှစ်ယောက်ပေါင်းမှ ရှယ်ယာ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတာလေ... မင်းက တစ်ဝက်လိုချင်တယ်ဆိုတော့ ထန်မိသားစု အတော်လေး ခက်ခက်ခဲခဲဆုံးဖြတ်ရမှာပဲ...."


ကျိယန် ပြုံးလိုက်သည်။


"ကျွန်တော် သူတို့ကို အခွင့်အရေးပေးဖို့ ကူညီပြီးပြီလေ...လိုချင်တယ် မလိုချင်ဘူးကတော့ သူတို့အပိုင်းဖြစ်သွားပြီ..."


ထို့အပြင် သူ ထိုရှယ်ယာ ၂၀%ကို လက်ရှိ ထန်ထန်အတွက် ယူပေးချင်ခြင်းမဟုတ်ပေ။ ၎င်းက မူလထန်ထန်အတွက်ဖြစ်သည်။ ၎င်းကို ကျိရှောင်ကျိုးကို မွေးပေး၍ ကျေးဇူးတင်သည့် အနေဖြင့်ပေးသည်ဟု ပြော၍ ရသလို သူ၏အချစ်စစ်နှင့် တွေ့ရန် ဆောင်ကျဉ်းပေး၍ကျေးဇူးတင်သည့် အနေဖြင့် ပေးသည်ဟုလည်း ပြော၍ရပေသည်။ အနာဂတ်တွင် သူတို့ ထန်ကော့ပိုရေးရှင်း၏ စီမံရေးပိုင်းတွင်ပါဝင်မည်မဟုတ်ပေ။ သူတို့ရသည့် အမြတ်တိုင်းကို မျှော်လင့်ခြင်း ပရဟိတ ဆီသို့သာ တိုက်ရိုက် လှူဒါန်းကြမည်ဖြစ်သည်။


ကျိုးကျီ သဘောတူခါနီးတွင် ကျိယန်က အိမ်တွင်အနားယူနေသေးကြောင်း သတိရသွားခဲ့သည်။ ထို့ကြောင့် သူမေးလိုက်သည်။


"မင်းဘာသာ ထန်မိသားစုကို ဘာလို့သွားမရှာတာလဲ..."


ကျိယန်က သူဖက်ထားဆဲဖြစ်သော ထန်ထန်၏ မျက်နှာလေးကို ပွတ်သပ်လိုက်ပြီး ဖြေလိုက်သည်။


"ဘာလို့လဲဆိုတော့ ကျွန်တော့် မိန်းမနဲ့ ကလေးတွေကို အားလပ်ရက်အပြင်ပို့မလို့...."


ကျိုးကျီ ကြောင်အသွားသည်။ ထို့နောက် သူ ခပ်ပြုံးပြုံးဖြင့် သဘောတူလိုက်သည်။


"မင်းကတော့.... ဟုတ်ပါပြီ.. ဟုတ်ပါပြီ ငါ့ဆီသာအပ်ခဲ့... အားလပ်ရက်မှာ အပျော်ကြီးပျော်ခဲ့ကွာ...."


"ကျေးဇူးတင်ပါတယ်... အစ်ကိုကြီး..."


ဖုန်းချပြီးနောက်တွင် ကျိယန်က မအိပ်သေးပေ။ ယင်းအစား သူ၏ နောက်ဆုံး mail ကိုစစ်လိုက်သည်။ ၎င်းတွင် သူ၏ အတော်လေး ယုံကြည်ရသော သူငယ်ချင်းဟောင်းက စုံစမ်းပေးထားသော လူတစ်ယောက်၏ အချက်အလက် ပါရှိပေသည်။


သူ ရလဒ်များကို ရပြီးနောက်တွင် ကျိယန် ၎င်းကို အကြိမ်ပေါင်းများစွာ ကြည့်ခဲသည်။ နောက်တစ်ကြိမ် သူစာချုပ်ကို အချိန်အတော်ကြာ ငေးကြည့်လိုက်သည်။ အဆုံးတွင် သူ မျက်လုံးမှိတ်ကာ ကုကျန်းအန်းဆီ လွှဲပေးလိုက်သည်။


သူ၏ အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့သော ကိစ္စကို လုံးဝဖြေရှင်းပြီးသွားပြီဖြစ်သည်။ ကျိယန် သူ့ကိုသာ လုပ်ခိုင်းလိုက်တော့မည်ဖြစ်သည်။