အပိုင်း (၈၂) End
Viewers 12k

Part 82 ( End) 


ကုကျန်းအန်းက နောက်တစ်နေ့မှာ မက်ဆေ့ခ်ျကို မြင်သည့်အခါ သူ့ မျက်နှာက ပြောင်းလဲသွားပြီး ကျိယန်ထံ ဖုန်းဆက်လိုက်သည်။ ထိုအချိန်တွင် ကျိယန်က သူ့မိသားစုကို အားလပ်ရက်ခရီးလိုက်ပို့ပေးနေခြင်း ဖြစ်သည်။ သူက ကုကျန်းအန်း ဖုန်းခေါ်လာသည်ကို မြင်သောအခါ သူ့ မျက်လုံးများက မှေးမှိန်သွားသည်။ သူက နားကြပ်တပ်ကာ ဖုန်းလက်ခံလိုက်၏။ 


"ကျိယန် အဲဒါ အမှန်ပဲလား.." 


"အစ်ကို" ကျိယန်က လေးနက်စွာ ပြန်ပြောလိုက်သည်။ 


"အစ်ကို့အတွက် ကျွန်တော် ဒါကို ကိုယ်တိုင် ရင်ဆိုင်မှာမဟုတ်ဘူး.. အစ်ကို ဖြေရှင်းဖို့ထားလိုက်မယ်.." 


ကုကျန်းအန်းက အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။ အဆုံးမှာတော့ သူက ချောင်းဟန့်လိုက်ပြီး 'အိုခေ' ဟူသော စကားကို ခက်ခက်ခဲခဲ ထုတ်ပြောလာ၏။ သူတို့နှစ်ယောက်လုံးက အဲဒီအကြောင်း မည်မျှ လေးနက်ကြောင်း သိကြပေသည်။


ဖုန်းပြောပြီးနောက် ကုကျန်းအန်းက စီးကရက်တစ်လိပ်ထုတ်ကာ မီးညှိလိုက်သည်။ သူက ဆေးလိပ်သောက်ရင်း ငယ်ရွယ်စဉ် နေ့ရက်များကို ပြန်စဉ်းစားလိုက်မိသည်။ ထိုအချိန်က ကုယန်ရန်သည် ကျောက်စိမ်းဖြူလေးကဲ့သို့ နှစ်သက်မြတ်နိုးဖွယ် ကောင်းသည်။ သူမက ကျစ်ဆံမြီးလေးနှစ်ဖက်နှင့် အမြဲတမ်း သူတို့အဖွဲ့နောက်မှ လိုက်ကာ သူတို့အား 'အစ်ကို' ဟု ခေါ်တတ်ပြီး သူတို့ထဲက တစ်ယောက်ယောက် ဒဏ်ရာရသွားပါက သူမက ဆေးထည့်ပတ်တီးစည်းပေးဖို့ အသင့် ဖြစ်နေတတ်သည်။ သူမက သူတို့၏ ဒဏ်ရာများကို ဂရုတစိုက်နှင့် ညင်သာစွာ လေမှုတ်ပေးတတ်သေးသည်။ 


ထိုအချိန်၌ သူက လှပပြီး ချစ်စရာကောင်းသော ညီမလေးတစ်ယောက် ရှိသည့်အတွက် ဂုဏ်ယူခဲ့ရသည်။ သူတို့အဖွဲ့ထဲမှ မည်သူကမှ ညီမလေးမရှိသော်လည်း သူ့ထံ၌ ရှိပေသည်။ 


သို့သော် သူ၏ ချစ်စရာကောင်းပြီး ကြင်နာတတ်သော ညီမလေးက မည်သည့်အချိန်မှ စကာ ထိုကဲ့သို့ဖြစ်သွားရသနည်း။ လက်စားချေရန်အတွက် သူမက အမှန်တကယ်ပင် တစ်စုံတစ်ယောက်အား စေခိုင်းကာ ထန်ထန်နှင့် ကျီယွဲ့အား ဆေးရုံရောက်စေခဲ့သည်။ သူတို့ ဆေးရုံ၌ စစ်ဆေးခြင်းများ ပြုလုပ်သည့်အခါ ထန်ထန် သတိလစ်နေစဉ်အတွင်း ကျောက်ကပ် ကိုက်ညီမှုစစ်ဆေးချက်အား တစ်စုံတစ်ယောက်ကို လုပ်ဆောင်စေခဲ့ပြန်သည်။ ထို့နောက် ရလဒ်အား ထန်ထန့်မိသားစုဆီ တိတ်တိတ်လေး ပို့ပေးခဲ့သည့်အတွက် သူတို့က ထန်ထန်ကို သွားရှာကြပေသည်။ 


သေချာတွေးကြည့်လျှင် သူတို့က အလိမ်ခံခဲ့ရခြင်း ဖြစ်သည်။ 


ကုကျန်းအန်းက နေ့လယ်ခင်းထိ တစ်ယောက်တည်း ရှိနေခဲ့ပြီး ဆေးလိပ်တစ်ဘူးလုံး ကုန်အောင် သောက်ပစ်မိခဲ့သည်။ သူက နောက်ဆုံးတွင် စိတ်ကိုတင်းကာ မိဘများအား ဖုန်းခေါ်လိုက်၏။ ဤတစ်ကြိမ်၌ သူက သူမအား အလိုမလိုက်နိုင်တော့ပေ။ 


နောက်ပိုင်းဖြစ်သည့် ကိစ္စများအတွက် ထန်ထန်က မသိရှိခဲ့ချေ။ သူတို့က လက်ရှိ အားလပ်ရက်ရထားသည့်အတွက် လွတ်လွတ်လပ်လပ် လျှောက်သွားနိုင်ပေသည်။ 


ဒစ်စနေးလန့်ဒ်ကို သွားခြင်းမှာ ကလေးများအတွက် ပထမဆုံးဖြစ်သလို ထန်ထန်အတွက်လည်း အတူတူပင် ဖြစ်သည်။ ထန်ထန်နှင့် ကလေးနှစ်ယောက်က အလွန် စိတ်လှုပ်ရှားနေကြသည်။ သူတို့က ပြေးလွှားရင်း ရယ်မောနေကြ၏။ အဘိုးကျိက လက်များကို နောက်ပစ်ထားရင်း သူတို့ ပျော်ရွှင်နေသည်အား ပြုံးကာ ကြည့်နေခဲ့သည်။ ကျိယန်က ပျော်ရွှင်ဖွယ် အမှတ်တရများအား သိမ်းဆည်းရန် ဓာတ်ပုံလိုက်ရိုက်နေသည်။ 


ကျိရှောင်ကျိုးက ကင်မရာရှေ့၌ ရှက်ရွံ့နေခြင်း မရှိပေ။ ထို့အစား သူက လက်ကို ခါးမှာ ထောက်လိုက်၊ ခေါင်းငုံ့လိုက်၊ ခေါင်းကို ကိုင်လိုက် အစရှိသဖြင့်  ကိုယ်နေဟန်ထား အမျိုးမျိုးနှင့် ပို့စ်ပေးနေသည်။ သူက ကြည့်ကောင်းစေရန် ကျိယန်အား နေကာမျက်မှန်ပင် ဝယ်ခိုင်းလိုက်သေးသည်။ 


ကျိရှောင်ကျိုးနှင့် ယှဉ်လျှင် ထန်ထန်နှင့် နောင်နောင်က သိပ်မကောင်းပေ။ နှစ်ယောက်လုံးက ကင်မရာရှေ့၌ တောင့်တောင့်ကြီး ဖြစ်နေခဲ့၏။ သူတို့အပြုံးများက ငိုသည်ထက်ပင် ဆိုးရွားနေကာ ကျိယန်အား အော်ရယ်မိမတတ် ဖြစ်စေခဲ့သည်။ သူက သူတို့အား စိတ်အေးအေး ထားရန် ပြောပါသော်လည်း ရလဒ်က မကောင်းလှပေ။ အဆုံးတွင်အလွန် ရှက်ရွံ့ဖွယ် ဓာတ်ပုံများသာ ရိုက်ကူးမိခဲ့တော့သည်။ 


အကူအညီမဲ့စွာနှင့် ကျိရှောင်ကျိုးက သူတို့အား သင်ပေးလိုက်သည်။ 


"ဓာတ်ပုံရိုက်တဲ့အခါ သဘာဝအတိုင်း နေဖို့လိုတယ်... မကြောက်နဲ့... သားလိုမျိုးလုပ်..." 


ကျိရှောင်ကျိုးက ကင်မရာရှေ့၌ ပို့စ်အနည်းငယ် ပေးရင်း ပြောလိုက်သည်။


ထန်ထန်နှင့် နောင်နောင်က ဆွံ့အသွားပြီး သူတို့ ထိုကဲ့သို့ မလုပ်နိုင်ဟု ခံစားလိုက်ကြရသည်။ အဆုံးမှာတော့ သူတို့က အလွန် ရှက်သလို ခံစားရပေသည်။ 


"မဖြစ်နိုင်ဘူး... မလုပ်နိုင်ဘူး.... စိတ်လှုပ်ရှားနေလို့ ဘာပို့စ်မှ မလုပ်နိုင်ဘူး..." 


ထန်ထန်က သူမတို့ မိသားစုမှ ပေါင်ပေါင်းလို သဘာဝကျကျလေး ပို့စ်ပေးချင်ပေမယ့် ကင်မရာကို မြင်လိုက်တိုင်း စိတ်လှုပ်ရှားလာတာကြောင့် မည်သည့်ပို့စ်မှ မပေးနိုင်ခဲ့ပေ။ 


"အိုက်ယား..." ကျိရှောင်ကျိုးက သက်ပြင်းချလိုက်ကာ ကျိယန်ကို လက်နှစ်ဖက်ဖြန့်ရင်း ပခုံးတွန့်ပြလိုက်သည်။ 


ကျိယန်က ပါးချိုင့်များ ပေါ်လာသည်အထိ ပြုံးလိုက်သည်။ ထို့နောက် သူက ရိုးရှင်းစွာပင် ကင်မရာကို အဝေးသို့ ပို့လိုက်၏။ 


"ကောင်းပြီ... ကိုယ်တို့ထပ်မရိုက်တော့ဘူး... သွားဆော့ရအောင်... ဒီကို ဆော့ဖို့ လာကြတာလေ..." 


ထန်ထန်နှင့် နောင်နောင်က စိတ်သက်သာရာရစွာ သက်ပြင်း ချလိုက်ကြသည်။ ကျိရှောင်ကျိုးက ကစားရတာ ကြိုက်တာကြောင့် သူတို့က စီးစရာများ ရှိရာသို့ သွားလိုက်ကြသည်။ 


ပထမဆုံး စီးသည်မှာ merry-go-round ဖြစ်သည်။ ပုံမှန်အားဖြင့် အဘိုးကျိက မသွားခဲ့ပေ။ ကျိယန်ကလည်း စိတ်မဝင်စားသည့်အတွက် ထန်ထန်နှင့် ကလေးနှစ်ယောက်သာ သွားခဲ့ကြ၏။ သူတို့က ရယ်ရယ်မောမောနှင့် ပျော်ရွှင်စွာ စီးနေကြသည်။ ကျိယန်က အခွင့်အရေးယူ၍ ကင်မရာကို ထုတ်ကာ သူတို့၏ ပျော်ရွှင်စရာအချိန်လေးကို မှတ်တမ်းတင်လိုက်သည်။ ဤတစ်ကြိမ်၌ ထန်ထန်ရော နောင်နောင်ပါ စိတ်မလှုပ်ရှားနေသည့်အတွက် သူတို့၏ အမူအရာက သဘာဝဆန်ဆန် ပျော်ရွှင်နေခဲ့သည်။ 


ကျိယန်က အလွန် ကျေနပ်နေ၏။ ထို့နောက် သူက ဓာတ်ပုံများ ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ကျန်နေသည့် အချိန်များတွင် ထန်ထန်နှင့် ကလေးများက ဆက်ဆော့နေကြပြီး အဘိုးကျိက သူတို့အား စောင့်ကြည့်နေကာ ကျိယန်က ပရော်ဖက်ရှင်နယ် ကင်မရာမန်းကဲ့သို့ ပြုမူနေသည်။ 

သူက မိသားစု၏ ပျော်ရွှင်ခြင်း အခိုက်အတန့်အား မှတ်တမ်းတင်နေခဲ့သည်။ 


ဒစ်စနေးလန့်ဒ်အပြင် ကျိယန်သည် သူ့မိသားစုအား ကျော်ကြားသော ရေပူစမ်းအပန်းဖြေစခန်းသို့ ခေါ်သွားခဲ့ပြီးနောက် ပင်လယ်ကို ကြည့်ရန် ကမ်းခြေသို့လည်း သွားခဲ့ကြကာ သမိုင်းအား ရင်းနှီးစေရန် သမိုင်းဝင်နေရာများသို့ သွားခဲ့ကြသည်။ သူတို့က စားစရာအမျိုးမျိုးကို မြည်းစမ်းခဲ့ကြပြီး လမ်းဘေး၌ ရောင်းချသော စားစရာများလည်း ပါဝင်သည်။ သူတို့က ပျော်စရာကောင်းသည့် အရာအားလုံး ပြုလုပ်ခဲ့ကြသည်။ နေ့တိုင်း ထန်ထန်က ပျော်စရာအချိန်များကို သူမ၏ သူငယ်ချင်းများနှင့် မျှဝေတတ်သည့်အတွက် သူမ၏ moments များ၌ အလွန် သက်ဝင်လှုပ်ရှားနေတော့သည်။ 


ထန်ထန်သည် ယခုကဲ့သို့ ပျော်ရွှင်မှုမျိုး ဘယ်တုန်းကမှ မခံစားခဲ့ဖူးပေ။ သူမ၏ ယောက်ျားနှင့် ကလေးများက သူမဘေးတွင် ရှိနေပြီး သူတို့အိမ်မှ လူကြီးသူမမှာလည်း သူတို့နှင့်အတူ ရှိနေ၏။ စိတ်ပူစရာ ဘယ်အရာမှ ရှိမနေဘဲ ပျော်ရွှင်ကြည်နူးဖွယ်ရာများသာ ရှိနေသည်။ ဤသည်မှာ မမေ့နိုင်သော မှတ်ဉာဏ်များ ဖြစ်မည်မှာ မလွဲဧကန်ပင်။ သူမက ကျိန်းသေ ထာဝရ အမှတ်ရနေမည် ဖြစ်သည်။ 


သူတို့်မိသားစုက ဆက်လက် ဆော့ကစားနေကြပြီး အိမ်ပြန်ရောက်လာသောအခါ အချိန်နှစ်ပတ်ပင် ကုန်လွန်သွားပြီ ဖြစ်သည်။ သူတို့ ခရီးစဉ်က အလွန် ပျော်စရာကောင်းလျှင်ပင် ပိတ်ရက်အတွင်း လျှောက်သွားနေရသည်မှာ အလွန် ပင်ပန်းပေသည်။ သူတို့၏ စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားပြီး အိမ်ပြန်ရောက်လာသည့်အခါ ပင်ပန်းမှုကြောင့် ယိုင်ထိုးနေကြပြီ ဖြစ်၏။ သူတို့က အလွန် ပင်ပန်းနေသည့်အတွက် အိပ်ရာပေါ် တန်းပြီး ပစ်လှဲလိုက်ချင်စိတ်သာ ရှိတော့ပေသည်။ 


စားသောက်ပြီးနောက် အဘိုးကျိနှင့် ကလေးနှစ်ယောက်က အိပ်သွားကြပြီး မိုးကြိုးပစ်လျှင်ပင် နိုးလာကြမည် မဟုတ်ပေ။ ကျိယန်နှင့် ထန်ထန်က အိပ်ရာဝင်နောက်အကျဆုံး ဖြစ်လေသည်။ ကျိယန်က စစ်သားဖြစ်သည့်အတွက် သက်လုံကောင်းပြီး ပင်ပန်းသည်အား မခံစားရသော်လည်း ထန်ထန်က မတူညီပေ။ သူမက ပင်ပန်းလွန်းသဖြင့် အိပ်ရာထဲ လှဲပြီးနောက် ပြန်မထချင်တော့ချေ။ 


ကျိယန်အတွက် ထန်ထန် ထိုကဲ့သို့ ဖြစ်နေသည်ကို မြင်ရသည်မှာ ရှားပါးပေသည်။ သူက ပြုံးကာ သူမအား နမ်းရင်း ပြောလိုက်သည်။ 


"မလှုပ်ချင်တော့ဘူးလား..." 


"အင်း.. အရမ်း ပင်ပန်းနေတာ...ကျွန်မ တစ်ခါတည်းနဲ့ သုံးရက်ဆက်တိုက်တောင် အိပ်နိုင်မယ် ထင်တယ်..." 


"ကောင်းပြီ.. ဒါဆို သုံးရက် အိပ်လေ... ရပါတယ်.. ဒါပေမယ့် ရေတော့ အရင်ချိုးလိုက်... ရေချိုးပြီးမှ အိပ်ရင် ပိုသက်သောင့်သက်သာ ရှိလိမ့်မယ်...." 


ကျိယန်က သူမအား ပွေ့ချီလိုက်ကာ ရေချိုးခန်းသို့ ခေါ်သွားလိုက်သည်။ 


"မင်း ဒီနေ့ ပင်ပန်းနေမယ်ဆိုတာ ကိုယ်သိတယ်... ဒါကြောင့် မင်း လှုပ်ရှားစရာမလိုဘူး... ကိုယ် မင်းကို ဆေးကြောပေးမယ်...." 


ထန်ထန်က ရှက်ရွံ့သွားခဲ့သည်။ သူမက သူ့ရင်ခွင်ထဲ ခေါင်းမြှုပ်ထားပြီး သူ့ပခုံးအား ကိုင်ထားလိုက်သည်။ သူက သူမ အဝတ်များကို ချွတ်၍ ရေချိုးကန်ထဲ ချလိုက်ကာ ရေထဲသို့ essential oil နည်းနည်းထည့်လိုက်သည်။ ထန်ထန်က အလွန် သက်သောင့်သက်သာ ခံစားလိုက်ရပြီး ကျေနပ်စွာ ညည်းလိုက်မိသည်။ ထို့နောက် သူမက ကျိယန် အနီးသို့ တိုးသွားကာ သူ့အား ချိုမြိန်စွာ နမ်းလိုက်သည်။ 


"ကျေးဇူး.. ယောက်ျား" 


ကျိယန်က ပြုံးကာ သူမ နှာခေါင်းလေးအား တို့လိုက်သည်။ 


"ကျေးဇူးတင်ကြောင်း စကားလုံးနဲ့ ဖော်ပြရုံက မလောက်ဘူး... ဒီည ကောင်းကောင်း အနားယူ... 

အားပြန်ပြည့်လာတဲ့အခါကျမှ ကိုယ့်ယောက်ျားကိုယ် ကျေးဇူးတင်ကြောင်း ဖော်ပြသင့်တာပေါ့ ဟုတ်တယ်မလား..." 


ထန်ထန်က နှုတ်ခမ်းလေးကိုက်ကာ မျက်နှာကို အုပ်ရင်း 'အင်း' ဟု ရှက်ရွံ့စွာနှင့် ခပ်တိုးတိုး ပြောလိုက်သည်။ ခရီးသွားသည့် နှစ်ပတ်အတွင်း သူတို့ ဘာမှ မဘာခဲ့ရပေ။ ကျိယန်ကလည်း သူ့ကိုယ်သူ အလွန် ထိန်းချုပ်ထားခဲ့ရ၏။ ပိတ်ရက်အတွင်း သူမ ပျော်ပျော်ရွှင်ရွှင်နှင့် အင်အားအပြည့် ဆော့ကစားနိုင်ရန် ကျိယန်က သူ့ကိုယ်သူ ထိန်းချုပ်ကာ သူမအား မထိခဲ့ပေ။ ထို့ကြောင့် သူမ၏ မူလအစီအစဉ်ကလည်း သူတို့ အိမ်ပြန်ရောက်ပြီးနောက် သူ့အလိုကျ ပေးရန် ဖြစ်သည်။ 


အဖြေပြန်ရပြီးနောက် ကျိယန်က ပြုံးကာ သူမ မျက်နှာအား အုပ်ကာထားသည့် လက်ကို ယူ၍ လက်ဖမိုးအား နမ်းလိုက်သည်။ ထို့နောက် သူက ပုဝါတစ်ထည်အား ယူကာ သူ့ဇနီးကို ဆေးကြောပေးလိုက်တော့၏။ ပြီးသွားသည့်နောက် သူက သူမကို ချီ၍ မွေ့ယာပေါ် တင်လိုက်သည်။


"အိပ်တော့... ဒီည ကောင်းကောင်းအနားယူ... မနက်စာ  ထ မလုပ်နဲ့တော့... ကိုယ် အပြင်ထွက်ပြီး ဝယ်လာခဲ့ပေးမယ်..." 


ထန်ထန်က သမ်းဝေရင်း ခေါင်းညိတ်လိုက်သည်။ သူမက မျက်လုံးများမှိတ်၍ အိပ်ရန် ရည်ရွယ်လိုက်သော်လည်း အိပ်ရာဘေးမှ ကျိယန်ဖုန်းက မြည်လာတော့သည်။ ထိုအသံက သူမ၏ အိပ်ချင်စိတ်များကို မောင်းထုတ်လိုက်၏။ 


ကျိယန်က သူမခေါင်းလေးကို ပုတ်လိုက်ပြီး ဖုန်းမှ အသိပေးချက်အား ကြည့်လိုက်သည်။ အမည်ကို မြင်သည့်အခါ သူ့နှုတ်ခမ်းများက တင်းတင်းစေ့သွားခဲ့သည်။ ငါးကြိမ်မြောက် မြည်လာပြီး နောက်ဆုံး၌ ဖုန်းလက်ခံလိုက်သော်လည်း မည်သည့်စကားမှ မဆိုပေ။ ဖုန်းချသွားသည်အထိ သူက 'အင်း' ဟူသော စကားနှစ်ခွန်းသာ ပြောခဲ့သည်။


ထန်ထန်က သိချင်စိတ်ဖြင့် ဖုန်းကို လှမ်းကြည့်လိုက်သည်။ ဖုန်းခေါ်သူအမည်က ကုကျန်းအန်းဟု မြင်သောအခါ သူမက မေးလိုက်၏။


"အစ်ကိုကျန်းအန်း အဆင်ပြေရဲ့လား..." 


ကျိယန်က ပြန်မဖြေခင် ခဏတန့်သွားသည်။ 


"သူ အခု ကိုယ့်ကို ကုယန်ရန်အကြောင်း ပြောပြနေတာ... ကုမိသားစုက ကုယန်ရန်ကို နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ ပို့လိုက်တယ်တဲ့... သူမက အနည်းဆုံး ဆယ်နှစ်လောက် ဒီကို ပြန်လာမှာ မဟုတ်ဘူး..." 


ထိုသည်မှာ ပြည်နှင်ဒဏ်နှင့် ဆင်တူပေသည်။ 


ထန်ထန်က အထိတ်တလန့် ဖြစ်သွားခဲ့သည်။


"ဘယ်လိုဖြစ်တာလဲ... သူတို့က ဘာလို့ ဒီလို လုပ်ရတာလဲ..."


အစက ကျိယန်သည် သူမအား နောက်ပိုင်းမှ ပြောပြရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ သို့သော် သူမက ယခု မေးလာရာ သူက ပြောပြလိုက်တော့သည်။ 


"ထန်ထန်.. ထန်မိ ယူလာခဲ့တဲ့ ဆေးစစ်ချက်ကို မှတ်မိလား..." 


ထိုစကားကို ကြားပြီးနောက် ထန်ထန်သည် တစ်စုံတစ်ခုက မှားယွင်းနေသလို ခံစားမိလိုက်သည်။ သူမက မေးလိုက်၏။


"အဲဒီကိစ္စမှာ ကုယန်ရန် ပါဝင်ပတ်သတ်နေတာလား..."


"အင်း.. အဲဒါ သူမပဲ.. သူမက ကားမတော်တဆမှု ဖြစ်စေခဲ့ပေမယ့် မင်း အသက်ကို လိုချင်ခဲ့တာတော့ မဟုတ်ဘူး... သူမက မင်းကို ဆေးရုံရောက်အောင် လုပ်ပြီး ဆေးစစ်ချက်ရချင်တာ... ဆေးစစ်ပေးတဲ့ ဆရာဝန်က သူမနဲ့ တက္ကသိုလ်အတန်းဖော်လေ... သူက သူမကို နှစ်အကြာကြီး လိုက်ခဲ့တာ... နောက်တော့ သူမ အကူအညီတောင်းတာကို လက်ခံလိုက်ပြီး မင်းကို ဆေးစစ်ဖို့ တိတ်တိတ်လေး လုပ်ပေးတော့တာပဲ..." 


"အဲဒီလိုဖြစ်သွားတာကိုး... အံ့သြစရာ မရှိတော့ပါဘူး..." 


ထန်ထန်က ရေရွတ်လိုက်သည်။ 


အစက သူမ ဒေါသထွက်မိသော်လည်း ကုယန်ရန်က ထိုက်သင့်သည့် အပြစ်ဒဏ်ရရှိသွားပြီဖြစ်ရာ နောက်ထပ် စိတ်ထဲ ထည့်မနေတော့ပေ။ ထိုသို့သော လူမျိုးကို လေကဲ့သို့ သဘောထားလိုက်လျှင် အဆင်ပြေသွားမည် ဖြစ်၏။ 


သို့သော် ထန်ထန်က ကိစ္စတစ်ခုကို စိတ်ထဲ ရှိနေသေးသည်။ သူမက ကျိယန်အား ကြည့်ကာ မေးလိုက်သည်။ 


"ထန်မိသားစုရော ဘယ်လို ဖြစ်သွားလဲ... အမေထန်... သူမ...." 


ကျိယန်က ထန်ထန် ထိုကိစ္စကို မမေ့နိုင်ကြောင်း သိပေသည်။ သူက သူမခေါင်းလေးကို သပ်ကာ ပြန်ဖြေလိုက်၏။


"စိတ်မပူနဲ့... သူ့ကို ကျောက်ကပ်လှူနိုင်မယ့် တစ်စုံတစ်ယောက် ကိုယ် ရှာတွေ့ခဲ့တယ်... အခု အမေထန်က ခွဲစိတ်မှုတောင် အောင်မြင်သွားပြီ... ကံကောင်းရင် နောက်ထပ် သုံးနှစ်လောက် အသက်ရှင်နိုင်လိမ့်မယ်..." 


"သင့်တော်တဲ့လူ ရှာတွေ့သွားတာလား..." 


ထိုသတင်းကြောင့် ထန်ထန်က အံ့သြသွား၏။ ထို့နောက် သူမက ပဟေဠိ ဖြစ်သွားသည်။


"ဒါပေမယ့် ရှင်က ထန်မိသားစုကို သဘောမကျဘဲ သူတို့နဲ့လည်း မပတ်သတ်ချင်ဘူးမလား... ဘာလို့ အလှူရှင်တွေ့ဖို့ ကူညီရတာလဲ..."


"ကိုယ် သူတို့ကို မကူညီပါဘူး..." 


ကျိယန်က သူမ မျက်လုံးများထဲ လေးနက်စွာ ကြည့်လိုက်သည်။ 


"ကိုယ်က မင်းကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ပဲ မခံစားရစေချင်တာပါ... နောက်ဆုံးတော့ မင်းရဲ ခန္ဓာကိုယ်က ထန်မိသားစုရဲ့ သမီး ဖြစ်နေတုန်းပဲလေ... အမေထန်သာ သေသွားရင် မင်း အများကြီး လျှောက်တွေးနေမှာ ကိုယ် စိုးရိမ်တယ်.. မင်းက အရမ်း ကြင်နာတတ်တာကိုး..."


ချက်ချင်းပင် ထန်ထန်က စိတ်လှုပ်ရှားသွားတော့သည်။ သူက သူမအတွက် လုပ်ဆောင်ခဲ့သည်လား။ ရိုးရိုးသားသား ပြောရလျှင် မိသားကို မကူညီသင့်ဟု သူမ နှလုံးသားထဲမှ သိနေသော်လည်း ဂရုစိုက်မိနေသေးသည်။ ယခု အမေထန်က ခွဲစိတ်ပြီးပြီဟုဆိုရာ သူမ နှလုံးသားထဲမှ လေးလံမှုက လျော့ပါးသွားပြီ ဖြစ်လေသည်။ သူမက ထိုအကြောင်း ထပ်တွေးနေရန် မလိုတော့ပေ။


"ယောက်ျား.. ရှင်က ဘာလို့ ဒီလောက် ကောင်းရတာလဲ.. ချစ်တယ်နော်...." 


ထန်ထန်က မနေနိုင်တော့ဘဲ သူ့လည်ပင်းအား ဖက်ကာ နမ်းလိုက်တော့သည်။ 


ကျိယန်က သူမ အနမ်းကြောင့် နေလို့ကောင်းသွား၏။ သူက ခေါင်းငုံ့ကာ သူမအား နက်ရှိုင်းသော အနမ်းပေးလိုက်သည်။ 


"ကိုယ် သူတို့ကို အလကား မကူညီနိုင်ဘူးလေ... ထန်ထန်အတွက် သူတို့ဆီကနေ ထန်ကော်ပိုရေးရှင်းရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်း ရထားတယ်..." 


ထန်ထန်က သူ ရည်ညွှန်းသော ထန်ထန်မှာ သူမ မဟုတ်ဘဲ မူလထန်ထန်ကို ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ 


"ယောက်ျား ရှင်က မူလထန်ထန်ကို ကူညီတာလား..."


"အင်း... ထန်မိသားစု ပိုင်ဆိုင်မှုတွေက အစကတည်းက သူမရသင့်တာပဲလေ... အခု ကိုယ်က ရှောင်ကျိုးကို မွေးပေးခဲ့တာနဲ့ မင်းကို တွေ့ဆုံခွင့် ပေးခဲ့တာကြောင့် သူမကို ကျေးဇူးတင်တဲ့အတွက် လုပ်ပေးခဲ့တာ... အခု သူမမှာ နောက်ထပ် နောင်တတွေ မရှိတော့ဖို့ပဲ မျှော်လင့်တယ်.." 


ထန်ထန်က သက်ပြင်းချရင်း သူ့ကို ဖက်လိုက်သည်။ သူက ထန်ထန့်ကို မည်သည့် နောင်တနှင့် စိတ်ပူပန်မှုမှ မရှိတော့အောင် အရာအားလုံးကို တွေးတောပေးခဲ့သည်။ 


ဤသို့သော ယောက်ျားမျိုးရှိနေလျှင် ဇနီးတစ်ယောက်အတွက် ဘာများ လိုအပ်တော့မှာလဲ... 


**************


ထိုညမှာ ထန်ထန်သည် သူမ၏ အိပ်မက်ထဲ၌ ရင်းနှီးသလိုလိုနှင့် မရင်းနှီးသော မိန်းကလေးကို မြင်တွေ့ခဲ့သည်။ 


ထိုမိန်းကလေးက ပိုနီတေးလ်ကို ခပ်နိမ့်နိမ့် စည်းထားခဲ့သည်။ သူမ၏ အသားအရေက အနည်းငယ် ညိုကာ ကြမ်းတမ်းသည်။ သူမ ပုံရိပ်က ပိန်ပါးကာ အားနည်းနေပြီး အဝတ်အစားများက ပွယောင်းကာ ဟောင်းနွမ်းနေ၏။ 


သူမက လေတိုက်လျှင်ပင် လွင့်ပါသွားတော့မလို ထင်မှတ်ရသည်။ သို့သော် ထိုပိန်ပါးသည့် မိန်းကလေးက ကြီးမားလှသော ဝက်စာပုံးကြီးကို သယ်ထားခဲ့သည်။ သူမက ဒယိမ်းဒယိုင် လျှောက်လာနေပြီး ဝက်များအား အစာမကျွေးခင် အင်္ကျီလက်ကို လိပ်တင်လိုက်သည်။ ဝက်များကို အစာကျွေးပြီးနောက် ခြင်းတစ်ခြင်းကို ကျောပိုးကာ ထင်းခြောက်ကောက်ရန် တောင်ပေါ်သို့ တက်သွားခဲ့၏။ 


ထင်းများ ခြင်းအပြည့်ဖြစ်သောအခါ သူမက အိမ်သို့ ပြန်လာခဲ့သော်လည်း လမ်း၌ ခလုတ်တိုက်လဲပေသည်။ လေးလံသော ဝန်ကြောင့် ကလေးမလေးက အိမ်ပြန်မရောက်ခင် အကြိမ်ရေ အတော်များများ ချော်လဲကျခဲ့သည်။ သူမ၏ ဒူးခေါင်းက သွေးထွက်နေပါသော်လည်း သူမ လုပ်နိုင်သည့်အရာ မရှိပေ။ သူမက ပြန်ထကာ အိမ်သို့ အမြန်ပြန်လာခဲ့သည်။ 


သက်လတ်ပိုင်းအမျိုးသမီးကြီးက သူမ ပြန်လာသည်အား မြင်သောအခါ ကောင်မလေး၏ ခေါင်းကို အကြမ်းပတမ်းဆောင့်ဆွဲလိုက်သည်။ 


"တောင်ပေါ်တက်ပြီး ထင်းခြောက်လေး သွားကောက်တာ ဒီလောက်ကြာရလား... ထပ်ပြီး ရေသာခိုနေပြန်တာလား... စားတဲ့အချိန်ကျတော့ ဘာလို့ မစားဘဲနေမယ်ဆိုတာ မရှိရတာလဲ.. အသုံးမကျတဲ့ဟာမ..."


ကောင်မလေးက နှုတ်ခမ်းကို တင်းနေအောင် ကိုက်ထားခဲ့သည်။ သူမက ထိုအမျိုးသမီး ဆူပူပြီးသွားသည်ထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့၏။ ဆူပြီးသွားသည့်နောက် သူမက မီးဖိုချောင်၌ စတင်ချက်ပြုတ်ရတော့သည်။ စားသောက်သောအခါ မိန်းကလေး၏ ပန်းကန်ထဲ၌ ဆန်ညိုနှင့် ဟင်းသီးဟင်းရွက်များသာ ရှိပေသည်။ 


အသားဟူ၍ တစ်ဖဲ့မှ ရှိမနေပေ။ အသားအားလုံးက ထိုမိန်းကလေး၏ မောင်ဖြစ်သူ ပန်းကန်ထဲသို့သာ ရောက်သွားပေသည်။ 


ထန်ထန်က ကိုယ်ပျောက်လူသားကဲ့သို့ ထိုမြင်ကွင်းကို ကြည့်နေခဲ့သည်။ သူမက သတိမထားမိဘဲ ထိုမိန်းကလေး၏ လှုပ်ရှားမှုမှန်သမျှကို လိုက်ကြည့်နေခဲ့သည်။ သူမသည် ထိုမိန်းကလေး မနက်မှ ညမိုးချုပ်ထိ အလုပ်လုပ်နေရသည်ကို စောင့်ကြည့်နေခဲ့၏။ ညသန်းခေါင်ရောက်သည့်အခါ မိန်းကလေးက တိတ်တိတ်လေး ဖယောင်းတိုင် ထွန်းကာ ဖယောင်းတိုင်အလင်းနှင့် စာလေ့လာခဲ့သည်။


ထန်ထန်က သူမ မည်သည့်အတွက် ဤနေရာ၌ ရောက်နေသည်ကို မသိသော်လည်း သူမ ထွက်သွားချင်လျှင်ပင် မသွားနိုင်ပေ။ သူမက ထိုမိန်းကလေးနောက်သို့သာ လိုက်ကာ သူမ၏ ပင်ပန်းခက်ခဲသော ဘဝကို စောင့်ကြည့်နေခဲ့ရ၏။ ရက်များမှ နှစ်များသို့ ကူးပြောင်းသွားသည်။ 


တစ်နေ့တွင် မည်သည့်အမူအရာမှ မရှိခဲ့သော မိန်းကလေး၏ မျက်နှာထက်၌ ပျော်ရွှင်သော အပြုံးလေး ပထမဆုံးအကြိမ် ဖြစ်တည်လာသည်။ ထိုသည်မှာ သူမ တက္ကသိုလ် ဝင်ခွင့် ရခဲ့သောကြောင့် ဖြစ်လေသည်။ မကြာခင်၌ သူမက ဤဆင်းရဲပြီး နာကျင်မှုတို့ ပြည့်နေသည့် အိမ်မှ ထွက်ခွာသွားနိုင်ပေတော့မည်။


မိန်းကလေးက ပျော်လွန်းသဖြင့် အိပ်၍ပင် မပျော်ခဲ့ပေ။ သူမက ညလယ်ခေါင်ကြီး သန့်စင်ခန်းသွားရန် ထလာခဲ့သည်။ သူမ မိဘများ အခန်းသို့ ဖြတ်သွားသောအခါ အလင်းရောင် ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။ သူမက တံခါးနား တိုးကပ်သွားပြီး သူမ မိဘများ ပြဿနာတစ်ခုခု ဖြစ်နေလား သိရရန် သွားခဲ့သော်လည်း အလွန် ထိတ်လန့်ဖွယ် သတင်းတစ်ခုကို ကြားခဲ့ရ၏။ သူမက သူတို့၏ သမီး မဟုတ်ပေ။ သူမကို ထိုအမျိုးသမီးက ရည်ရွယ်ချက် ရှိရှိ ကလေးချင်း လဲလှယ်ထားခဲ့ခြင်း ဖြစ်လေသည်။ 

သူမက ချမ်းသာသော မိဘများ၏ သမီးတစ်ယောက် ဖြစ်ပြီး သူမ မိဘများက A တက္ကသိုလ် တည်ရှိသည့် မြို့တော်A ၌ ရှိနေသည်။ သူမ၏ သွေးရင်း အဖေ မျိုးရိုးအမည်က ထန် ဖြစ်ကာ သူက ထန်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဖြစ်၏။ 


သူမ၏ ဘဝကို ပြောင်းလဲစေခဲ့သည့် ထိုအတ္တကြီးသော စုံတွဲက သူတို့ သွေးရင်းသမီး၏ ပျော်ရွှင်မှုအား သူမ ဖျက်ဆီးပစ်မည်ကို စိုးရိမ်နေသည်။ သူတို့က သူမအား တက္ကသိုလ် တက်စေရန် ရည်ရွယ်ချက်မရှိဘဲ ခန်းဝင်ပစ္စည်းများအတွက် အလဲအလှယ်အဖြစ် လက်ထပ်ပေးလိုက်ရန် စီစဉ်နေသည်။ 


မိန်းကလေး၏ နှလုံးသားထဲ၌ အမုန်းတရားများ ပေါက်ဖွားလာတော့သည်။ သူတို့က သူမအား အခုလို ဘာလို့ ဆက်ဆံနိုင်ရသလဲ။ ဘာအကြောင်းကြောင့်လဲ။ ထို့ကြောင့် မိန်းကလေးက အထုပ်ဆွဲကာ ညတွင်းချင်း ထွက်ပြေးသွားတော့သည်။ သူမက မြို့တော် A သို့ ရောက်လာပြီး ထန်ကော်ပိုရေးရှင်းကို ရှာဖွေလိုက်၏။ သူမက ဝင်ပေါက်၌ ရက်အနည်းငယ် နေပြီးနောက် သွေးရင်းမိဘများနှင့် တွေ့ဆုံမိတော့သည်။ 


မိန်းကလေးက သူမ၏ သနားစရာဘဝ အဆုံးသတ်သွားပြီဟု တွေးခဲ့သည်။ သို့ပေမယ့် နောက်ထပ် အခက်အခဲနှင့် တွေ့ရမည်ဟု သူမ ထင်မထားခဲ့ပေ။


သူမ သွေးရင်းမိဘများ၏ ခပ်တန်းတန်းနှင့် မရင်းနှီးမှုက သူမကို အနားမကပ်နိုင်အောင် ဖြစ်စေခဲ့သည်။ ခမ်းနားထည်ဝါသည့် ဗီလာကြီးက သူမကို အသက်ရှုသည်ကိုပင် သတိထားနေရအောင် ပြုလုပ်နေသည်။ အစေခံများက အပေါ်ယံ လေးစားဟန်ဆောင်သော်လည်း အမှန်တကယ်၌ သူမကို အထင်သေးနေကြပြီး သူ့နှလုံးသားအား ဓားထက်ထက်နှင့် အထိုးခံနေရသလို ခံစားမိစေသည်။ 


သူမက ထိုသို့ဖြစ်နေစဉ် သူမထံမှ အရာအားလုံးကို ခိုးယူသွားသူက လူတိုင်း၏ အချစ်နှင့် အာရုံစိုက်မှုကို ရယူထားနိုင်သည်။ ထိုမိန်းကလေးနှင့် ယှဉ်လျှင် သူမက ထန်မိသားစု၏ အစေခံမိန်းကလေးနှင့် ပိုတူနေ၏။ 


သို့သော် သူမကို စိတ်အားငယ်စေသည်မှာ သူမ၏ သွေးရင်းမိဘများက အသိအမှတ်ပြုရန် ဆန္ဒမရှိခဲ့ခြင်းပင် ဖြစ်သည်။ သူတို့က သူမကို မွေးစားသမီးဟု ပြော၍ အခြားမိန်းကလေးကို သူတို့ သမီးဟု ဆိုသည်။ 


ညဘက်ရောက်လျှင် သူမ တိတ်တဆိတ် ငိုကြွေးရသည်။ ညစဉ်ရက်ဆက်ပင် ဖြစ်၏။


ထိုသည်ကို ကြည့်ကာ ထန်ထန်ပင် ငိုကြွေးမိပေသည်။ သူမသည် ထိုမိန်းကလေး မည်သူဖြစ်ကြောင်း သိပေသည်။ သူမက မူလထန်ထန်ပင် ဖြစ်၏။ 


"အရမ်းပင်ပန်းနေပြီ..." 


ထိုအချိန်၌ အားနည်းကာ စိတ်ဓာတ်ကျနေသော အသံတစ်ခုက သူမ အနောက်မှ ထွက်ပေါ်လာခဲ့သည်။ ထန်ထန်က ထိတ်လန့်တကြားနှင့် နောက်လှည့်ကြည့်မိလိုက်၏။ သူမက အဖြူရောင် ပုံသဏ္ဌာန်တစ်ခုကို မြင်တွေ့လိုက်ရပေသည်။ 


ထိုမိန်းကလေးက ဒူးကိုပိုက်ကာ ထိုင်နေရင်း သူမအား တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။ 


ထန်ထန်က နိုးကြားလာတော့သည်။


"နင်က မူလ ထန်ထန်လား..."


မူလ 'ထန်ထန်' က သူမကို တည်ငြိမ်ကာ အေးချမ်းသော မျက်လုံးများနှင့် ကြည့်လိုက်သည်။ 


"ငါပါ... ဒါပေမယ့် ငါ ထန် မျိုးရိုးကို မကြိုက်ဘူး.. ငါ အရမ်း နောင်တရတယ်... သွေးရင်းမိဘတွေကို မရှာခဲ့သင့်ဘူး... ငါ သူတို့ကိုသာ မရှာခဲ့ရင် ငါ့ဘဝက ဒီလောက် စိတ်ပျက်စရာ ကောင်းမှာ မဟုတ်ဘူး..."


ထန်ထန်က ရှေ့သို့ လျှောက်လာပြီး မေးလိုက်သည်။ 


"ငါတို့ ဘယ်မှာလဲ.. နင်ကရော ဘာလို့ ဒီမှာ ရှိနေတာလဲ... နင် အသက်ရှင်နေသေးလား..."


မူလထန်ထန်က ခေါင်းခါလိုက်သည်။ 


"ငါက သေပြီးပြီ... ငါက အခု နင့်ခန္ဓာကိုယ်ထဲမှာ ကျန်နေသေးတဲ့ အသိစိတ်လေးတစ်ခုပါပဲ... ငါ နင့်ကို ဒီ ခေါ်လာခဲ့တာ... ငါ ပျောက်ကွယ်မသွားခင် နင်နဲ့ ခဏလောက် စကားပြောချင်ရုံပါပဲ... မကြောက်ပါနဲ့..." 


ထန်ထန်က နားမလည်သော်လည်း သူမ၏ မသိစိတ်က ပြောနေသည်မှာ မူလထန်ထန်က သူမအား နာကျင်စေမည်မဟုတ်ဟု ဖြစ်သည်။ ထို့ကြောင့် ထန်ထန်က မူလထန်ထန်ကဲ့သို့ ထိုင်ချလိုက်ပြီး သူမ စကားများကို နားထောင်ပေးရန် ပြင်လိုက်သည်။ 


မူလထန်ထန်က ပြုံးလိုက်၏။ 


"ထင်ထားသလိုပဲ... နင်က ငါ့ထက် ပိုကောင်းတယ်.... နင်က အချစ်ခံထိုက်တဲ့ မိန်းကလေးတစ်ယောက်ပါပဲ..." 


ထန်ထန်က ဘာပြောရမလဲ မသိပေ။ 


"ငါက မကြာခင် ပျောက်သွားတော့မှာ... အခု ကျိယန်က ငါ့ရဲ့ နောင်တအားလုံးကို ဖြေရှင်းပေးခဲ့တာမို့ ဒီမှာ ထပ်နေစရာအကြောင်း မရှိတော့ဘူး... နောက်ဆုံးတော့ ငါ ငြိမ်းချမ်းသွားနိုင်ပါပြီ..." 


မူလထန်ထန်က စိတ်သက်သာရာရစွာ ပြုံးလိုက်သည်။


"ဒါပေမယ့် ငါ မသွားခင် နင့်ကို ကျေးဇူးတင်စကား ပြောချင်တယ်.. ရှောင်ကျိုးနဲ့ ကျိယန်ကို ချစ်ပေးတာ ကျေးဇူးပါပဲ... ငါ့အစား သူတို့ကို ကောင်းမွန်တဲ့ ဘဝလေး ပိုင်ဆိုင်နိုင်အောင် လုပ်ပေးတာ ကျေးဇူးပါ.. ငါက ဇနီးကောင်းရော အမေကောင်းရော မဖြစ်ခဲ့ဘူး... ငါ သူတို့အပေါ် မှားယွင်းခဲ့ပေမယ့် တမင် ရည်ရွယ်ခဲ့တာတော့ မဟုတ်ပါဘူး... ငါ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ခဲ့ဘူး.... ကိုယ့်ကိုယ်ကိုယ် ထုံထိုင်းသွားအောင် အရက်ပေါ်မှာပဲ မှီခိုခဲ့ရတာ... မဟုတ်ရင် ငါ ဘယ်လောက် တောင့်ခံနိုင်မလဲဆိုတာ တကယ် မသိဘူး... ဒါပေမယ့် အဆုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် လွတ်လပ်အောင် အရာအားလုံးကို အဆုံးသတ်ဖို့ ရွေးချယ်ခဲ့တယ်...." 


ထန်ထန်က ထိတ်လန့်သွားခဲ့သည်။ အဲဒီလို ဖြစ်ခဲ့တာလား..


"ထန်ထန် နင် ငါ့နေရာမှာ အစားထိုးပြီး ငါ နေချင်ခဲ့တဲ့ ဘဝပုံစံ ဖြစ်အောင် လုပ်ပေးခဲ့လို့ တကယ် ဝမ်းသာမိတယ်... ဖြစ်နိုင်ရင် ကျိယန်ကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ... ကျောက်ကပ်လှူဖို့ ငြင်းဆန်ပေးခဲ့တာရော ရှယ်ယာ ၂၀ ရာခိုင်နှုန်း အတွက်ပါ ကျေးဇူးတင်တယ်... အခု ငါ စိတ်စွဲလမ်းမှု မရှိတော့တာမို့ ဒီကမ္ဘာက ထွက်သွားနိုင်ပြီ... ကျေးဇူးတင်ပါတယ်..." 


မျက်ရည်ပြည့်နေသော မျက်လုံးများနှင့် ထန်ထန်က ခေါင်းညိတ်လိုက်သည်။ 


"ကောင်းပြီ.. ငါ ပြောပြလိုက်ပါ့မယ်.." 


မူလထန်ထန်က ပြုံးလိုက်၏။ 


"နင်တို့အားလုံး ပျော်ရွှင်ဖို့ မျှော်လင့်ပါတယ်... ဂွတ်ဘိုင်..." 


သူမ ပြောပြီးသွားသည့်အခါ တဖြေးဖြေး မှုန်ဝါးကာ ပျောက်ကွယ်လာသည်။ အဆုံးမှာတော့ လုံးဝ ပျောက်ကွယ်မသွားခင် အဖြူရောင် အငွေ့များသာ ကျန်ခဲ့ပေသည်။ 


"ထန်ထန်!" 


ထန်ထန်က ရုတ်တရက် မျက်လုံးများ ပွင့်လာကာ အိပ်မက်မှ နိုးထလာ၏။ သူမက အဖြူရောင် မျက်နှာကြက်ကို မြင်ပြီးနောက်မှ အိမ်ရှိ အိပ်ရာထက် အိပ်စက်နေကြောင်း သတိထားမိတော့သည်။ 


သူမက နိုးလာပြီ ဖြစ်၏။ 


ငှက်ကလေးများ၏ တေးသီသံကို ကြားနေရသည်။ ထန်ထန်က ခေါင်းကို လှည့်လိုက်သည့်အခါ ပြတင်းပေါက်မှ နေရောက်က ဖြာကျနေပြီး အခန်းအား လင်းချင်းနေစေသည်။ သူမသည် တံခါးအပြင်ဘက်မှ ထွက်လာနေသော ကျိရှောင်ကျိုးနှင့် နောင်နောင်တို့၏ ရယ်မောသံကိုလည်း ကြားနေရသည်။ 


အမှန်တကယ် ပျော်ရွှင်ဖွယ် ဘဝလေးပင် ဖြစ်သည်။


ထန်ထန်က နူးညံ့စွာ ပြုံးရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။ 


"ငါ ပျော်မှာပါ... ငါတို့ ပျော်ပျော်ရွှင်ရွှင် ရှင်သန်ကြမှာပါ....." 


********ပြီးပါပြီ********