အပိုင်း ၈၁၅-၈၁၆
Viewers 37k

Part 815


"မားမား...  ဒီနေ့ အတန်းဖော်တွေနဲ့ကြက်တောင်ရိုက်ခဲ့တယ်"


အရင်တုန်းက သူက ကြက်တောင် အကြိမ်ရေ   အနည်းငယ်သာ ရိုက်နိုင်ပြီး ဆယ်ကြိမ် အထိမျှသာဖြစ်၏။


 လင်းလန်က ပြုံးပြီးဆိုသည်။


 "ကောင်းလိုက်တာ...သားရဲ့ ခြေသလုံးလေးတွေ ပင်ပန်းနေပြီလား"


ရှောင်ဝမ်က လင်းလန်ကို ကူညီရန် ဟင်းသီးဟင်းရွက်ခင်းထဲကို ခြေဗလာနှင့်ပြေးလာ၏။


 "မပင်ပန်းပါဘူး...ကျွန်တော်က  အမြင့်ခုန်နေကျဆိုတော့ ကြက်တောင်နဲ့ဘာလုပ်ရမှာလဲ ဟားဟား"


လင်းလန်က သူ့ခေါင်းကို ပွတ်သပ်ကာ သူစားရန်အကြီးဆုံးနှင့် အရဲဆုံး ခရမ်းချဉ်သီးကို ရွေးခူးပေးလိုက်ကာ သူမက ပိုးကောင်သွားဖမ်းလေသည်။ သူမတို့ ဟင်းသီးဟင်းရွက်ခင်းက ပိုးသတ်ဆေးမဖြန်းသည့်အတွက် ပိုးမွှား ပိုများ၏။


ကလေးများက ဖားများနှင့်ဖားပြုတ် များကို သေချာ ဖမ်းယူပြီး ဤနေရာတွင် ၎င်းတို့၏ခြေထောက်များကို ချည်နှောင်ကာ ပိုးကောင်များကို ပိုမိုဖမ်းမိနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း ထိုအရာက ခံနိုင်ရည်ရှိပြီး မျက်စိတစ်မှိတ်အတွင်း ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။


ဟန်ချင်စုန့်က  ပုံးတစ်ပုံးနှင့်ရောက်လာပြီး ဟင်းသီးဟင်းရွက်များကို ရေလောင်းရန် မြစ်သို့ သွားလေ၏။


လင်းလန်:"မိုးမရွာတဲ့ရက်တွေရှိတော့ ကောက်ပဲသီးနှံတွေက နည်းနည်းညိုးသွားတယ်... မိုးမရွာရင် ပါတီအတွင်းရေးမှူးက လယ်စိုက်ဖို့ တစ်ယောက်ယောက်ကို ရေသယ်ခိုင်းရလိမ့်မယ်ထင်တယ်"


ခရမ်းချဉ်သီးစားပြီးနောက် ရှောင်ဝမ်က သွား၍ ပေါင်းကူသင်ခဲ့သည်။ သူက ပြုံးပြီး ဆို၏။


"မားမား မိုးမရွာတာ ကြာနေပြီဆိုတော့ မိုးရွာတော့မယ်လို့ခံစားရတယ်"


"ကလေးတွေက စကားအပြောအတော်ဆုံးပဲ...ရက်နည်းနည်းနေရင် မိုးကောင်းကောင်းရွာဖို့ ငါမင်းရဲ့စကားတွေသုံးပြီး ကောက်ပဲသီးနှံတွေ ရေငတ်ပြေအောင် ကြိုးစားကြတာပေါ့"


လင်းလန် ရှောင်ဝမ်ကို ထမင်း အရင်ချက်ရန် အိမ်ပြန်ခေါ်သွားခဲ့သည်။


"စန်းကော...  ဒီမှာ ကန့်လန့်ကာ ကျိုးနေတယ်... ​​ပြီးရင်  ပြင်လိုက်ဦး... နွားကလေး တိုးထားသလား မသိဘူး။”


ဟန်ချင်စုန့်က သဘောတူပြီး မြစ်ကမ်းနားက သစ်ပင်ဆီကို သွားကာ သစ်ကိုင်းတွေကို ချိုး၍ ကန့်လန့်ကာတွေကို ကွပ်လိုက်သည်။  သစ်ကိုင်းစိမ်းအချို့ကိုလည်း ထည့်သွင်းမည်ဖြစ်ပြီး ယင်းက  ကိုင်းခြောက်များထက် ပိုမိုကောင်းမွန်သည်။


မနက်​ဖြန်​က ပူ​လောင်​သည့်နေ့ဖြစ်​​လိမ့်မည်ဖြစ်ပြီး ရာသီဥတုက ပူ​လွန်း၍ မီး​လောင်​နေသလိုပါပင်။အတော်လေး သည်းမခံနိုင်​​စရာဖြစ်၏။ လင်းလန်​က က​လေးအတွက်​ အရသာ​အပြောင်းအလဲလုပ်ရန် ဆုံးဖြတ်​လိုက်​သည်။


လျန့်ဖိ(ခေါက်ဆွဲအေး)ပြုလုပ်ရန် ကန်စွန်းဥမှုန့်ကို ထုတ်လိုက်ပြီး ရှောင်ဝမ်ကို မီးမွှေးခိုင်းလိုက်သည်။ သူမ ခေါက်ဆွဲအရင်လုပ်ပြီး အအေးခံရန် ဖယ်ထားကာ လက်ချောင်းများအရွယ် ဖြတ်တောက်လိုက်သည်။


သခွားသီး၊ နံနံပင်၊ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူ၊ နုတ်နုတ်စင်းထားသော ကြက်သွန်နီ၊ နှမ်းစေ့၊ မြေပဲကြော်၊ ပဲငံပြာရည်၊ လယ်သမားဆော့စ်၊ ဆား၊ သကြား၊ ရှာလကာရည်တို့ကို ရော၍ သမအောင် ရောနယ်ပြီး လှီးထားသော ခေါက်ဆွဲအေးများထဲထည့်ကာ အေးအောင် မွှေရသည်။ ပိုမိုမွှေးလာစေရန်အတွက် ငရုတ်ဆီအနည်းငယ်ကို ကြော်ပြီး အစပ်ကြိုက်သောကလေးများအတွက် အိုးသေးတစ်လုံးနှင့် သီးသန့်ရောမွှေလိုက်၏။


ဟင်းအများကြီးမရှိသဖြင့် ကြွေအိုးတစ်လုံးထဲ ရောမွှေလိုက်သည် မလောက်မှာကို စိုးရိမ်သည့်အတွက်  လက်လှိမ့်ခေါက်ဆွဲကိုထုတ်၍ ပြုတ်ပြီး အအေးခံကာ ခေါက်ဆွဲအေးဖြစ်အောင် လုပ်ခဲ့သည်။


ယခုအခါ ကလေးများသည် အစာစားချင်စိတ်များလာကာ  သူတို့နှင့် ကိုက်ညီသည့် မည်သည့်အရာကိုမဆို စားနိုင်ကြပြီးအထူးသဖြင့် တဝမ်ဖြစ် သည်။သူက ဟန်ချင်စုန့်ထက် ပိုစားနိုင်သည်ကို မြင်လိုက်ရသောအခါ  သူမသားအကြီးဆုံး၏ဗိုက်မှာ အောက်ခြေမရှိသော တွင်းတစ်တွင်းရှိနေပြီး မဟုတ်လျှင် သူ့ခန္ဓာကိုယ်မှာ အဆီလုံးဝမရှိဘဲ ပိန်နေဦးမည်မဟုတ်ကြောင်း အမှန်ပင် သံသယဝင်မိသည်။


ကလေးသုံးယောက်ပြန်လာသောအခါ လင်းလန်က သူတို့ကိုပြောလိုက်၏။

 "အဘိဓာန်ဝယ်ခဲ့တယ်"


မိုင်စွေ့က အိမ်ထဲကို ပြေးဝင်သွားပြီး အဘိဓာန်ကို ထုတ်ကာဆို၏။


 "မားမားက အရမ်းကြင်နာတာပဲ...သမီးတို့ကို အမြဲ အများကြီး ပံ့ပိုးပေးတယ်"


လင်းလန်က ရယ်မောလိုက်သည်။ 


"မင်းတို့က အဖေနဲ့မားမားရဲ့ နာခံမှုအရှိဆုံး ကလေးတွေမလို့လေ "


ဟင်းချက်ချိန် ပူလွန်းသဖြင့် လင်းလန်၏ မျက်နှာက ချွေးများဖြင့် ဖုံးလွှမ်းနေကာ သူမ၏ ချည်သားလက်တိုအကျီက ကျောဘက်တွင် စိုစွတ်နေသည်။ မိုင်စွေ့က အလျင်အမြန် သူမ ချွေးများကို မျက်နှာသုတ်ပုဝါနှင့် သုတ်ပေးလာပြီး ကျောဘက်မှာလည်း ကူသုတ်ပေး၏။


တဝမ်နှင့်အားဝမ်က  ခြံကို သန့်ရှင်းရေးလုပ်ကာ ထမင်းစားပွဲအား ဝိုင်းထဲသို့ရွေ့ခဲ့ပြီး ဟန်ချင်စုန့် ကိုကူညီရန် ဟင်းသီးဟင်းရွက်ခင်းသို့ သွားခဲ့သည်။


တစ်မိသားစုလုံးထမင်းစားရန်ထိုင်သည့်အခါ လင်းလန် မျက်နှာချင်းဆိုင်က ဟန်ချင်စုန့်ကိုပြုံးပြပြီး သတင်းကောင်းကြေညာလိုက်၏။


 "ကလေးတွေ...မားမားတို့မိသားစုမှာ သတင်းကောင်းတစ်ခုရှိတယ်"


ကလေးများက ချက်ချင်းပင် မတ်မတ်ထိုင်ကာ ဂရုတစိုက်  နားစွင့်ကာ နားထောင်ကြသည်။


လင်းလန်က ပြုံးပြီးပြောလိုက်၏။


"မင်းတို့အဖေက ရာထူးတိုးသွားပြီ"


"အဖေက တော်လိုက်တာ... " 


မိုင်စွေ့နှင့်ရှောင်ဝမ်တို့က ပထမဦးစွာ  လက်ခုပ်တီးလျက်  အော်ဟစ်ကြကာ အားဝမ်က နောက်မှလိုက်ပြီး တဝမ်ကလည်း နှစ်ကြိမ် လက်ခုပ်တီးသည်။


လင်းလန်က ရှောင်ဝမ်၏လက်လေးကို ဖိလိုက်ပြီးဆို၏။


 "ကောင်းပြီ... ဘာလို့ ခက်ခက်ခဲခဲ လုပ်နေတာလဲ...လက်နာနေလိမ့်မယ် "


"နောက်ထပ် သတင်းကောင်းတစ်ခု ရှိတယ်"


"မားမား... သမီးခန့်မှန်းကြည့်မယ်" 


မိုင်စွေ့က လင်းလန်၏ လက်မောင်းကို ဖိလိုက်ကာ သူမကို စကားရပ်ရန် အချက်ပြခဲ့သည်။


လင်းလန်က ပြုံးပြီး သူတို့ကို ခန့်မှန်းခိုင်းလိုက်၏။


ရှောင်ဝမ်  : "စန်းတိက မားမားဆီကို စာတစ်စောင် ပို့ထားတာ"


လင်းလန်က ခေါင်းမညိတ်ဘဲ အနည်းငယ် ပြုံးလိုက်သည်။ စန်းဝမ်ထံမှ ပေးစာသည် သာမန်နှင့် လိုအပ်သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး အပိုသတင်းကောင်းအဖြစ် မှတ်ယူ၍မရပေ။  


မိုင်စွေ့  : "အဖေရာထူးတိုး ပြီးပြီဆိုတော့....."  


သူမတွေးနေစဥ်မှာ အားဝမ်က ပြုံးပြီးပြောလိုက်၏။


"မားမား... အဖေက ရာထူးတိုးပြီး ခရိုင်မှာ အလုပ်သွားလုပ်ရတာမလား" 


မိုင်စွေ့သူ့စကားကို ကြားပြီးသည်နှင့် ချက်ချင်းနားလည်သွားပြီး လက်ခုပ်တီးကာဆိုလိုက်သည်။

"သိပြီ...အဖေက အိမ်တစ်လုံးခွဲတမ်းရတာမလားဟားဟား"

 

လင်းလန်က ရယ်လိုက်သည်။

 "မင်းတို့က အရမ်းဉာဏ်ကောင်းတာပဲ"     

 

ရှောင်ဝမ် : "မားမား...ကျွန်တော်တို့ အဲဒီကို ပြောင်းရမှာလား"

သူက ထွက်သွားရန် အနည်းငယ်တွန့်ဆုတ်နေသည် သူတို့မိသားစုက ဒီနေရာတွင်လည်း ကောင်းကောင်းနေခဲ့ကြသည်ပင်။


လင်းလန်း. “အခုမပြောင်းသေးဘူး... အစ်ကိုအကြီးဆုံး၊ မမနဲ့ ဒုတိယအစ်ကိုတို့ နောက်နှစ် အလယ်တန်းကျောင်းပြီးလို့အထက်တန်းစတက်ရင်  အဲဒီကို သွားမယ်” 


သင်ကြားခြင်းဆိုင်ရာအရည်အသွေးသည် ကျေးလက်ဒေသနှင့် ခရိုင်တွင် ကွာခြားမှုမရှိသည့်အပြင် သူမ၏သားသမီး အများစုမှာ ကိုယ်တိုင်လေ့လာ ကြသည်။ ထို့အပြင် သူမ၏အလုပ်မှာ အတည်တကျမဖြစ်သေးဘဲ ကွန်မြူနတီတွင် အလုပ်လုပ်ရသောကြောင့် နေ့တိုင်း ပြေးသွားရန်မဖြစ်နိုင်ပေ။     


တဝမ်က စိတ်သက်သာရာရပြီး  သက်ပြင်းတစ်ချက်ချလိုက်သည်။ သူပြောင်းသွားလျှင် ခရိုင်နှင့် မိုင်ငါးဆယ်ခန့်ဝေးပြီး သူ့အတွက် ခရိုင်သို့သွားရန် ပိုဝေးလိမ့်မည်။     


မိုင်စွေ့က အပျော်ကြီးပျော်သွား၏။


 "ခရိုင်မှာ အိမ်ရှိရင် အဖေ့အတွက် အလုပ်သွား အဆင်ပြေမှာ...စန်းတိပြန်လာတဲ့အခါလည်း အနားယူဖို့ နေရာရှိလိမ့်မယ်" 

 

အားဝမ်: "မားမား...ကျွန်တော်တို့ ဘယ်အချိန် သန့်ရှင်းရေးလုပ်မှာလဲ"


“ခဏနေပါဦး... အနားယူကြအောင်ပါ"


ဒေသခံကလေးငယ်များသည် စနေတနဂ်နွေမှာ နားရက်ယူရသည်ကို မကြိုက်ကြပေ။သူတို့မှာ လုပ်စရာတစ်ခုခုရှိခါမှ အခြေခံအားဖြင့် နားရက်ယူကြသည်။သူတို့က ဘာမှလုပ်စရာမရှိလျှင် အတန်းသွားတက် သို့မဟုတ် ဆရာ့နောက်ကလိုက်၍အလုပ်လုပ်ကြပြီး မိသားစု ရာဇဝင်ကို ပြောပြကာ ခါးသီးမှုနှင့် ချိုမြိန်မှုများကို အောက်မေ့ သတိရကြသည်။ စုစည်းအားလပ်ရက်များသည် လယ်ယာလုပ်ငန်းအလုပ်ရှုပ်ချိန် သို့မဟုတ် နှစ်သစ်ကူးကာလတွင် ဖြစ်သည်။


တဝမ်: "မနက်ဖြန် လေကျင့်ရေးဆင်းဖို့ ခရိုင်တပ်မဟာကို သွားရမှာ"


လေ့ကျင့်ရေးဟုခေါ်သည့်အရာက သင်တန်းသားများကို  အလုပ်အတွက် ကူညီပေးခြင်းဖြစ်၏။


Xxxxxx

Part 816


လင်းလန် : "ဒါဆို သဘက်ခါသွားမယ်" 


ဘာပဲပြောပြော ငါကသူများတွေနဲ့ အလုပ်သွားလုပ်တော့မယ်ဆိုတော့ အိမ်ပြန်ပြီး အိမ်ကိုလည်း သပ်ရပ်အောင် လုပ်ရဦးမယ် ဟားဟား...


ညစာစားပြီးနောက် မိုင်စွေ့နှင့်အားဝမ်တို့က  အင်္ဂလိပ်ဘာသာစကားလေ့လာရန် အဘိဓာန်တစ်ခုကိုယူခဲ့ပြီး ယခင်ကပြောခဲ့သောစကားအများစုသည် မှားနေကြောင်းတွေ့လိုက်ရသဖြင့် ရှက်သွားကြသည်။ ကံကောင်းထောက်မစွာဖြင့် ကျန်မိသားစုဝင်များက နားမလည်သလို ဘယ်သူမှ လှောင်ပြောင်ကြ​ခြင်းမျိုးလည်း မရှိပါချေ။သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးကြပြီး မိုင်စွေ့က လျှာတစ်လှစ်ထုတ်လိုက်၏။


အားဝမ်: "ငါမှတ်ထားတာတွေက မှားနေတာလား... ဆရာက ဘာလို့ မတူအောင် သင်ပေးတယ်လို့ ထင်ရတာလဲ"


 မိုင်စွေ့ : "အဘိဓာန်ကို စံထားပြီး သုံးကြရအောင်"


လင်းလန်က တဝမ်ကို သူ့ညီ/ညီမများနှင့် အင်္ဂလိပ်စာ သင်မည်ကို မျှော်လင့်ရင်း လှည့်ကြည့်လိုက်သည်။ 


တဝမ်က ရှောင်ဝမ်ကိုချက်ချင်းပြောလိုက်၏။ "ပုစဉ်းရင်ကွဲရှာကြမလား"


ရှောင်ဝမ်က သဘာဝအတိုင်း"ဟုတ်"ဟု တုံ့ပြန်လိုက်သည်။သူက သူ့အစ်ကိုကြီးလက်ကိုဆွဲကာ အပြင်သို့ ပျော်ရွှင်စွာ ပြေးထွက်သွားသည်။ 


လင်းလန် : သားအကြီးဆုံးက အင်္ဂလိပ်စာ သင်ခိုင်းမှာကို အရမ်းကြောက်နေတယ်...


 လင်းလန် အသစ်ဝယ်ထားသော သိုးမွှေးချည်ကို ထုတ်ယူကာ ဆက်၍ ချည်ထိုးရန် စီစဉ်ခဲ့သည်။ဟန်ချင်စုန့်၊မိုင်စွေ့နှင့် စန်းဝမ်  အားလုံးမှာတစ်ထည်စီ ရှိကြ၏။ ရှောင်ဝမ်မှာ ယခင်က လင်းမိန် သူ့ကို ပေးထားသည့်အကြီးကြီး တစ်ခုရှိပြီး တဝမ်နှင့်အားဝမ်တို့မှာ မရှိသေးပေ။


ဤတစ်ခါတွင် နာရီကြောင့် လင်းလန် စက်မှုကူပွန်အနည်းဆုံးပမာဏနှင့်  သိုးမွေးသုံးကတ်တီကို ဝယ်ခဲ့ပြီး  ယခင်က သိမ်းဆည်းထားခဲ့သည့် တစ်ကတ်တီကျော်ကျော်နှင့်ဆိုလျှင်သားနှစ်ယောက်အတွက် ဆွယ်တာထိုးရန်လုံလောက်လေသည်။


အကြိမ်များစွာစုဆောင်းထားသောအရောင်များသည် အနည်းငယ်ရောနေသောကြောင့် လင်းလန် သိုးမွေးအားလုံးကိုအသုံးပြုရုံသာမက အရောင်များ ကောင်းစွာလိုက်ဖက်ရန် မည်သို့ဒီဇိုင်းဆွဲရမည်နည်းကို ကြည့်ရန်  ခဲတံကို ထုတ်ကာ ရေးခြစ်လိုက်သည်။


တဝမ်က ခန္ဓာကိုယ် ကြံ့ခိုင်ပြီးအရပ်မြင့်မားသည်။ သူက ကော်လာမြင့် အင်္ကျီများကို ၀တ်ဆင်ရသည်ကို မကြိုက်ပေ။ သူမအနေဖြင့် ကော်လာသေးသေးလေးထိုးရုံသာ ရှိပြီး အဓိက ကိုယ်ထည်က စိမ်းပြာရောင် ဖြစ်သည်။


အားဝမ်က နူးညံ့သိမ်မွေ့သော စိတ်ထားရှိပြီး ကော်လာကြီးကြီးနှင့် ၀တ်ဆင်ရန် အထူးသင့်လျော်သည်။ လင်းလန် သူ့တွက် အင်္ကျီကော်လာအတုများ ပြုလုပ်ကာ ၎င်းတို့ကို မြို့ထဲရှိ လူများကဲ့သို့ ဆွယ်တာပေါ်မှာတပ်ရန် ဆုံးဖြတ်ခဲ့သည်။ အဓိက ကိုယ်ထည်သည် အပြာရင့်ရောင်ဖြစ်သည်။


ဒီဇိုင်းပြီးစီးပြီးနောက် သူမ ချည်လုံးကိုရစ်နေရ ရသဖြင့် ဟန်ချင်စုန့် ကို အကူအညီတောင်းခဲ့သည်။


ဟန်ချင်စုန့်က ဝါးချောင်းငယ်တစ်ချောင်းကိုယူကာ ရေဆေးပြီး အခြောက်ခံရန် အနွေးကုတင်  ပေါ်၌ ဇောက်ထိုးတင်ထားလိုက်သည်။ သူက လင်းလန်၏လက်မှ သိုးမွေးထုပ်ကိုယူကာ ဝါးချောင်းတွင်  တင်းတင်းပတ်ကာ သူ့ဘာသူ သိုးမွှေးဘောလုံးကို စတင်ရစ်လေသည်။


လင်းလန် ပြုံးပြီးပြော၏။


 "စန်းကောမှာ တကယ် နည်းလမ်းရှိတာပဲ...ဒီနည်းက ပိုမြန်တယ်"


သူမက ဟန်ချင်စုန့်ကို နောက်တစ်ခုယူခိုင်းလိုက်ပြီး နှစ်ယောက်လုပ်သည်က ပိုမြန်ပေသည်။


ဟန်ချင်စုန့်  : "မင်း အနားယူပါ"


မိုင်စွေ့နှင့်အားဝမ်တို့က   မြင်ပြီးပြီဖြစ်၍ အတူတူရောက်လာကြ၏။

"မားမား...သမီး/သားတို့ မားမားကို ကူညီမယ်"


လင်းလန်: "မင်းတို့ နှစ်ယောက် အိမ်စာတွေ ပြီးပြီလား"


မိုင်စွေ့က ပြုံးပြီးဆိုသည်။


"ကျောင်းမှာကတည်းက ပြီးသွားပြီ ”


ဆရာမက အတန်းထဲမှာ အိမ်စာတွေ ပေးသောအခါ  ကလေးတွေက ကျောင်းဆင်းမှ ရေးကြပေမဲ့ သူတို့ နှစ်ယောက်လုံးက အတန်းပြီးသည်နှင့် အိမ်ပြန်ရောက်လျှင် စာအုပ်ဖတ်ရန်ပဲ လိုတော့လေသည်။ တဝမ်အတွက်မူ  သူ့ညီ/ညီမများက ရေးပြီးပြီဖြစ်လေရာ  သူအနေဖြင့်  ကြိုးစားနေရဦးမည်လော။ သူက စာမေးပွဲဖြေမှသာ အမြဲတမ်း စာကြိုးစား၏။သူက နေ့စဥ်လေ့ကျင့်ခန်းလုပ်၊ ပုစ္ဆာတွေကို စဥ်းစားနိုင်ပြီး မှိန်းနေရင်းဖြစ်စေ အိပ်ပျော်သွားသည်ဖြစ်စေ အဆင်ပြေလေသည်။ မည်သို့ပင်ဖြစ်စေ  စာကြည့်သည်နှင့် ဘာမှ မဆိုင်ပါချေ။


လင်းလန် သူမသားသမီးနှစ်ယောက်ကို သူတို့တက်ကြွနေချိန်မှာ အိမ်မှာ ချည်နှောင်မထားချင်သဖြင့် "ပုစဉ်းရင်ကွဲ သွားရှာချေ" ဆိုပြီး သူငယ်ချင်းများနှင့် သွားဆော့ခိုင်းလိုက်၏။


သူတို့ကနှစ်ယောက်က ကူညီချင်ကြဆဲပင်။


 ဟန်ချင်စုန့်  : "သွား"


သူတို့အဖေပြောသည်ကိုတွေ့သောအခါ အဖေက သူတို့ကို နှင်ထုတ်ချင်နေသည်ဟု ခံစားရသဖြင့်ကလေးနှစ်ယောက် အမြန်ထွက်သွားကြသည်။သူတို့နှစ်ဦးက ပညာတတ်လူငယ်စခန်းသို့ သွားကြည့်ကြရာ ရှန်ယွီက ပြန်ရောက်လာခါစဖြစ်သဖြင့် ထိုနေရာတွင် အင်္ဂလိပ်စာသင်ခြင်းအကြောင်း ရှန်ယွီနှင့် စကားစမြည်ပြောနေကြသည်။


လင်းလန် ကလေးနှစ်ယောက် ထွက်ပြေးသွားပုံရသည်ကို မြင်လိုက်ရသဖြင့် ဟန်ချင်စုန့်ကို တစ်ချက်ကြည့်ပြီးပြောလိုက်၏။


 "ကော.... ကလေးတွေအပေါ် ညင်သာပါဦး"


ဟန်ချင်စုန့်က သူမကို ကြည့်ကာဆိုသည်။

 "ကိုယ်က ခက်ထန်လို့လား"


လင်းလန်က သူ့ကို ချက်ချင်း  စူပုတ်ပုတ်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"ဒါကို ခက်ထန်တယ်လို့ ရှင်ထင်လား"


ဟန်ချင်စုန့်: "မင်းက ဘယ်လိုဖြစ်ဖြစ် ကြည့်ကောင်းတယ်"


လင်းလန် ချိုသာစွာ ပြုံးပြီး မျက်စောင်းထိုးလိုက်၏။


နှစ်ယောက်သား စကားစမြည်ပြောရင်း တစ်ယောက်နှင့်တစ်ယောက် လက်ချင်းချိတ်ကာ ချည်ရစ်နေလိုက်သည်။


ကိုးနာရီခန့်ကလေးများ ပြန်ရောက်လာသောအခါ လင်းလန်၏သိုးမွှေးမှာ ရစ်ပြီးလုနီးပါးဖြစ်သဖြင့် ကလေးများကို ဆေးကြောပြီး အိပ်ယာဝင်ခိုင်းလ်ိုက်သည်။ ဟန်ချင်စုန့်က ချည်လုံးနှင့် သိုးမွှေးချည်များကို အနောက်ခန်းသို့ ရွှေ့လိုက်ပြီး နှစ်ယောက်သား ပြီးအောင်ရစ်ပြီးနောက် အိပ်ပျော်သွားကြသည်။


နောက်တစ်နေ့တွင် ဟန်ချင်စုန့်က လင်းလန်ကို ကွန်မြူနတီသို့ ခေါ်သွားခဲ့​ပြီး ကွန်မြူနတီဝင်းထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်းက "ဂုဏ်ယူပါတယ် ခေါင်းဆောင်ဟန်... ဂုဏ်ပြုပါတယ် ခေါင်းဆောင်လင်း"ဟုဆိုကာ ဂုဏ်ပြုစကားဆိုကြ၏။


ယခုကား သူတို့ တကယ်ကို လက်ခံသွားကြပြီဖြစ်သည်။ပထမတုန်းက သူတို့ မနာလိုဖြစ်ကြသော်လည်း ယခုမူ သူတို့ မနာလိုမဖြစ်ပါဘဲ 

အဆုံးမဲ့အားကျမှုများသာရှိတော့၏။ လူတွေကိုကြည့်ကြည့်... ဆယ်နှစ်အတွင်း တခြားသူတွေ ဒီလောက်လုပ်နိုင်သလားလို့...သူတို့က နှစ်အနည်းငယ်သာ ရှိသေးပြီး စီးပွားဖြစ်အစားအသောက်တွေ စားဖို့ မြို့ကို သွားနိုင်ကြပြီ...


သူတို့အမြင်အရ ဟန်ချင်စုန့်က ယခု လက်ထောက်ညွှန်မှူးဖြစ်ပြီး သူ့တွင် အိမ်တစ်လုံးရှိသောကြောင့် လင်းလန်၏အလုပ်သည် အနှေးနှင့်အမြန်ဆိုသလို ပြေလည်သွားမည်ဖြစ်သည်။


မြို့ထဲမှာ အလုပ်ရှာပြီး အစားအသောက်ကောင်းများစားသောက်ရတာက တောသူတောင်သားတွေရဲ့အဖြစ်ချင်တကာ့အဖြစ်ချင်ဆုံးဆန္ဒပဲ...


ဝမ်းနည်းစရာအကောင်းဆုံးမှာ လက်ထောက်ညွှန်ကြားရေးမှူးယန်ပါပင်။ သူက ဟန်ချင်စုန့် သူ၏ကွန်မြူနတီညွှန်မှူးရာထူးကို လုယူမှာကို ကြောက်နေခဲ့သည်။ နောက်ပိုင်းတွင် သူက ချင်းရှီ ကွန်မြူနတီသို့ ပြောင်းရွှေ့ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ယခု ထိုအစား ဟန်ချင်စုန့်က ခရိုင်သို့ ရာထူးတိုးလိုက်ရ၏။


ဟေးး ကိုယ့်ထက်သာတဲ့လူဆိုတာ အမြဲရှိတာပဲ... 

သူ အလွန်စိတ်ပျက်သွားရသည်။


Xxxxxxx