အပိုင်း ၈၅၅-၈၅၆
Viewers 36k

Part 855


ဟန်ချင်စုန်က ခေါင်းညိတ်လိုက်ပြီး သူ့သားအရပ်ပိုရှည်လာသည်ကို ကြည့်ရင်း အတော်လေး မှင်သက်သွားပေမဲ့ သူ့မျက်ခုံးကြားမှာ တည်ငြိမ်မှု အနည်းငယ်ကားရှိနေဆဲပင်။


"ကောင်းတယ်"


ထိုသည်မှလွဲ၍ စကားတစ်ခွန်းမှ ထပ်မပြောတော့ပေ။


စန်းဝမ်က ၎င်းကိုကျင်းသားရနေပြီဖြစ်သည်။ ဟန်ချင်စုန့်၏ ပြင်းထန်သည်် အရှိန်အဝါကြောင့်သာမဟုတ်လျှင် သူ့အဖေ ဘယ်လောက်လေးလဲ ဆိုသည်ကို သိနိုင်ရန် *ခြောက်သွေ့နေသောကုန်းမြေပေါ်ကို တက်သွားပြီး  ကြက်သွန်နှုတ်ရန်ကြိုးစားမိပေလိမ့်မည်။

(မဖြစ်နိုင်လောက်အောင်ခက်ခဲ)


လင်းလန်က နှစ်သစ်ကူးပြီးရင် ပြန်လာမယ်လို့ပြောတာကို ဘာလို့ အခုပြန်လာတာလဲဟု မေးလိုက်၏။ 


စန်းဝမ်က အားရပါးရ ပြုံးပြီးပြောလေသည်။  "ဒါက မားမားအတွက်စပရိုက် မဟုတ်ဘူးလား"


လင်းလန် သူမသားကို လက်ဖြင့် လှမ်းပုတ်လိုက်သည်။


ဖူကျန်းယွမ်နှင့် ဝမ်ဖူပြောင်တို့ကလည်း ဟန်ချင်စုန့်နှင့် လင်းလန်တို့ကို နှုတ်ဆက်ကြသည်။


စန်းဝမ်က ဆွေမျိုးများထံ သွားရောက်လည်ပတ်ရန် အိမ်ပြန်မည်ဟုပြောလိုက်ရာ နည်းပြပြန့်က သူ့ကို ချူယွင်ဖုန်းနှင့်အတူ ပြည်နယ်မြို့တော်သို့ ရထားပြန်စီးရန် စီစဉ်ပေးခဲ့သည်။သို့ရာတွင် ပြည်နယ်မြို့တော်ကနေ အိမ်ပြန်သည့်ရထားက စောင့်ဆိုင်းရပြီး စန်းဝမ်က မစောင့်နိုင်သည့်အတွက် ချူယွင်ဖုန်းက ပြည်နယ်အားကစားကျောင်းဆီ လျှောက်ထားပြီး သူ့ကို ဒေသဆိုင်ရာ အားကစားကျောင်းကို ဂျစ်ကားတစ်စီးနှင့် ပို့ပေးခဲ့သည်။စန်းဝမ်က သူ့ဆရာများနှင့် အတန်းဖော်များဆီ လည်ပတ်ရန် အားကစားကျောင်းမှာ ခဏနားခဲ့ပြီး ကျောင်းက သူ့ကို အိမ်ပြန်ရန် ဂျစ်ကား စီစဉ်ပေးခဲ့၏။


ဖူကျန်းယွမ်နှင့်ဝမ်ဖူပြောင်က သူတို့နှင့်အတူ လာလည်ပြီး နောက်ပိုင်းတွင် ကားဖြင့် ပြန်သွားကြမည်ဖြစ်သည်။


ဝမ်ဖူပြောင်က ပေါတောတောနိုင်ပြီး ပျော်တတ်သော်လည်း ဖူကျန်းယွမ်က နူးညံ့သိမ်မွေ့ပြီး တွေးခေါ်တတ်သူဖြစ်သည်။ စန်းဝမ်က သူတို့နှင့် ရင်းနှီးနေဆဲဖြစ်ကြောင်း သူခံစားခဲ့ရပြီး  ချန်ပီယံဖြစ်သွားသည့်အတွက်ကြောင့်နှင့် သူတို့နှင့် ကင်းကွာသွားခြင်းမရှိပေ။ဤအရာက ဖူကျန်းယွမ်ကို အလွန်စိတ်လှုပ်ရှားစေပြီး စန်းဝမ်ကို ပိုနှစ်သက်လာခဲ့သည်။လင်းလန်ကလည်း လူငယ်လေး ဖူကျန်းယွမ်ကို သဘောကျပြီး သူ ခရိုင်အဖွဲ့သို့သွားတော့မည်ဖြစ်ကြောင်းသိလိုက်ရသောအခါ သူမ သူ့အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။


"မင်းတို့ ဒီမှာ တစ်ညနေ... အတူတူပျော်ကြ... အဒေါ်နဲ့ ဦးလေးတို့ကို အိမ်ပိုင်ရှင်တွေအဖြစ် နဲ့ အစွမ်းကုန်ကြိုစားခွင့်ပေးဟုတ်ပြီလား"


ဖူကျန်းယွမ်က ပြုံးပြီးဆို၏။


 "ကျေးဇူးတင်ပါတယ် ဒေါ်လေးလင်း... အခွင့်အရေးရရင် ဒေါ်လေးဆီ နောက်တစ်ခေါက် လာလည်ပါ့မယ်..အခုက ကျောင်းကိုပြန်သွားစရာတစ်ခုရှိသေးတယ်"


လင်းလန် : "ဒါဆို စားပြီးမှသွား...ကားရှိတော့ ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ"


ဖူကျန်းယွမ် ကားသမားနှင့်ဆွေးနွေးလိုက်သည်။


ကားသမားက အလုပ်အရင်သွားလုပ်လိုက်ပြီး ည ၈ နာရီမှာ လာကြိုမည်ဟု ပြော၏။


သူတို့ စန်းဝမ်၏ ပစ္စည်းများကို ဂျစ်ကားပေါ်မှ ထုတ်ယူကြပြီး အိတ်ကြီးများစွာ ရှိနေသည်။


ကားမောင်းထွက်သွားပြီးနောက် လင်းလန်က သော့ကိုထုတ်ကာ အိမ်ထဲဝင်ရန် တံခါးဖွင့်ပေးလိုက်သည်။


စန်းဝမ်: "မားမား သော့ကို တကယ်ပြောင်းလိုက်ပြီပဲ"


လင်းလန်က သူ့ကိုစလေ၏။

"ကောက်ကျစ်တဲ့ယုန်ရဲ့ ဂူသုံးပေါက်လို့ ခေါ်တယ်"


လူတိုင်းရယ်မောကြသည်။


ရှောင်ဝမ်က စန်းဝမ်၏လက်ကို တစ်ချိန်လုံး ဆုပ်ကိုင်ထား၏။


 "ရှန်းတိ ...မင်းက အရပ်ပိုရှည်လာတယ်..ငါ့ထက် အများကြီး အရပ်မြင့်တယ်" 


 သူက သူ့အစ်ကိုတွေထက် ပိုနှေးနေသေးသည်။


စန်းဝမ်: "မင်းလည်း အရပ်ပိုရှည်လာပြီ" 


သူက "ကြည့်" ဟုပင်အမူအရာပြပြီး  ဟန်ချင်စုန့် ၏ကြက်ကို(ဆိုင်ကယ်) ကြည့်ကာ စမ်းကြည့်ရန် စိတ်အားထက်သန်နေသည်။


ဟန်ချင်စုန့်က သူ့အိတ်ကပ်ထဲ သော့ထည့်ထားပြီး စီးခွင့်မပေးပါချေ။ စန်းဝမ်က အားကစားသမားတစ်ယောက်ဖြစ်သဖြင့် ဒဏ်ရာရလျှင်  ကြီးကြီးကျယ်ကျယ် ဖြစ်သွားပေလိမ့်မည်။


စန်းဝမ် အိမ်ထဲဝင်ရန် အလျင်မလိုဘဲမေးလိုက်၏။


 "အစ်ကိုကြီး၊မမနဲ့ ဒုတိယအစ်ကိုက ကျောင်းမဆင်သေးဘူးလား...သူတို့နဲ့တွေ့ဖို့ တောင်ဘက်သွားရအောင်" 

 

ရှောင်ဝမ်က သဘောတူပြီးပြောလိုက်သဘ်။

 "ကျန်းယွမ်ကောနဲ့ပြောင်ကော သွားကြစို့"


ဝမ်ဖူပြောင် ခေါင်းကုတ်လိုက်၏။

 သူ ဘာကြားလိုက်တာလဲ.. တစ်ခုခုတော့ မှားနေပြီ...

 

ခြေလှမ်းနှစ်လှမ်း လှမ်းပြီးသည့် နောက်မှာ ဒေသခံများက  'ပြောင်ကောတဲ့ဟမ့်...တုံးလိုက်တာဟု' ပြောကြသည်ကို သတိရသွား၏။ 


လင်းလန်နှင့် ဟန်ချင်စုန့်တို့အိမ်ထဲဝင်ကြပြီး ဟန်ချင်စုန့်က အိတ်ကြီးကြီးငယ်များကို ခြံထဲသို့ သယ်သွားသည်။


သူမ၏ တတိယသား ပြန်လာသောကြောင့် လင်းလန် အလွန်ပျော်နေပြီး သူမ၏ ခြေလှမ်းများသည် ပေါ့ပါးသွက်လက်နေသည်။သူမက သံစဥ်တစ်ခုညည်းကာ ခြေထောက်များကို ကကွက်များအတိုင်းလှုပ်ရှားပြီး ကခုန်နေမိ၏။


 "ပျော်ရွှင်မှုရဲ့သမီးပျို ဖြူစင်ပြီး လှပတယ်... တောက်ပစွာ ထွန်းလင်းလို့နေကမ္ဘာမြေထက်ဝယ်..." 

 

သူမက ကိုယ့်ဘာကိုယ်ဆို ကိုယ့်ဘာကိုယ်ကနေကာ ဘေးနားတွင် ရပ်နေသော ဟန်ချင်စုန့်က သူမကို ကြည့်နေသည်ကို မြင်သောအခါ ခြေထောက်များကို လှည့်ပြီး သူ့ကို ဆွဲခေါ်၍ သူမနှင့်အတူတူကစေသည်။


"မည်သူမဆို ခိုင်မြဲသောမိတ်ဆွေဖြစ်နိုင်တယ်... မွန်မြတ်သောခင်မင်မှုကို ရည်စူးရွယ်... ပျော်ရွှင်သောအချစ်ကိုရနိုင်သူ ...မည်သူမဆို အားလုံးနှင့် ပျော်ရွှင်စွာ ပြန်လည်ဆုံဆည်းနိုင်ပါစေကွယ်... တစ်ယောက်ကိုတစ်ယောက် ရိုးသားစွာ ချစ်ခင်ခြင်းကသာ ရင်ဖက်ချင်းနီးတဲ့ သူငယ်ချင်းကို ရှာတွေ့နိုင်မှာပါ" 


သူမက သီဆိုရင်း  သူ့ကိုကခုန်ရန် ဦးဆောင်ခဲ့သည်။ 


ဟန်ချင်စုန့်က မကတတ်သော်ငြား သူမနှင့် ဖွင့်ဟရန်မလိုသော နားလည်မှုရှိလေ၏။ သူက ရှေ့တိုးနောက်ဆုတ်၊ ဘယ်ညာ ယိမ်းကာ လှည့်နေသည်။


အဆုံးတွင် လင်းလန်သည် ခက်ခဲသော နောက်ပြန်လှုပ်ရှားမှုကို လုပ်ချင်သော်လည်း ထိုအစားသူ့ရင်ခွင်ထဲဆွဲချုပ်ကာ နမ်းခြင်းကို  ခံခဲ့ရသည်။


ဆောင်းဦးရာသီ၏ ပြာလဲ့လဲ့ကောင်းကင်အောက်မှာ အလင်းရောင်က ကြည်လင်ပြီး မှုန်မှိုင်းမှုတို့ စိုးစဥ်းမျှမရှိဘဲ ပြိုးပြိုးပြက်ပြက်ဖြစ်လင်းလက်နေ၏။သူက အလင်းရောင်၏ ဆန့်ကျင်ဘက်၌ ရပ်နေပြီး သူ၏ မျက်လုံးများသည် နက်မှောင်သထက် နက်မှောင်လာကာ ထိုနက်နဲသော မျက်လုံးများတွင် ခံစားချက်များ တဟုန်ထိုး တက်လာခဲ့သည်။ထိုအရာမှာ သူကိုယ်တိုင် မသိလိုက်သော ချစ်ခြင်းမေတ္တာပင် ဖြစ်ချေသည်။


လင်းလန်က ခြေဖျားထောက်ကာ သူ့မေးစေ့ကို နမ်းလိုက်ပြီးပြော၏။


 "လုပ်ပါစန်းကော...  ညစာပြင်ဆင်ပြီး ဧည့်သည်တွေကို ဖိတ်ပေးပါဦး..."


သူမက ကောင်းကင်ပေါ်တက်လှမ်းသည့် ဟန်ပန်အမူအရာကို အတုယူကာ သူမ၏ရင်ခုန်စိတ်လှုပ်ရှားမှုနှင့်ပျော်ရွှင်မှုကို တစ်ကိုယ်တော် တေးသရုပ်ဖော်ပြခဲ့သည်။ သားဖြစ်သူကို တွေ့ရခြင်းမှာ သူ ရွှေတံဆိပ်ရခဲ့သည်ကို ကြားရခြင်းထက် သူမကို ပိုစိတ်လှုပ်ရှားစေခဲ့၏။


Xxxxx

Part 856


"အာ...ကံကြမ္မာရဲ့နတ်ဘုရားမ...ငါတို့အတွက် အသင့်ရဲ့လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်... ငါ့ရဲ့ အရိုးသားဆုံး  ကမ်းလှမ်းမှုကို ငါကျေကျေနပ်နပ်ကြီး ပေးချင်ပါတယ်..." 


သူမက စိတ်လှုပ်ရှားစွာ ကြည့်နေသည့် ဟန်ချင်စုန့်၏ အမူအရာကို ကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး သူ့ကို ကျီစယ်ချင်လာသည်။ဟန်ချင်စုန့်ကို ယဇ်ပူဇော်သည့်အမူအရာဖြင့် လက်ညှိုးထိုးပြပြီးဆိုလိုက်၏။


 "ငါ့ယောက်ျားကို အပ်နှံ... ပါ..."


သူမစကားမဆုံးခင် ဟန်ချင်စုန့်က ရှေ့သို့ လှမ်းတက်ကာ သူမကို ပွေ့ချီပြီး ခွန်အားအပြည့်ဖြင့် ပစ်မြှောက်လိုက်သည်။ 


လင်းလန်သည် ထိတ်လန့်လွန်း၍ အသံတွေပါ ခယဝပ်တွားသံများပါကုန်တော့၏။


  "စန်းကော... အသက်ကို ချမ်းသာပေးပါ... အသက်ကို ချမ်းသာပေးပါ "


ဟန်ချင်စုန့်က သူမကို ဖမ်းလိုက်ပြီး ခေါင်းမော့ကာ သူမကိုကြည့်လိုက်သည်။


 "ငါ့ယောက်ျားကို ဘယ်သူ့ကိုပေးမှာလဲ"


လင်းလန်က ကြောက်လွန်း၍သူ့ခေါင်းကို အမြန်ကိုင်လိုက်၏။


 "ဘယ်သူ့မှ ပေးမှာ မဟုတ်ဘူး...ကိုယ့်အတွက်ပဲလေ...ဘယ်လိုလုပ် ပေးပစ်ဖို့ ဆန္ဒရှိမှာလဲ"

 


ဟန်ချင်စုန့်၏ အမူအရာ ပြေလျော့သွားပြီး ပတ်ပတ်လည်ကို  ခေါင်းလှည့်ကြည့်လိုက်သည်။နံရံ၏အောက်ခြေတွင် သလဲသီးပင်တစ်ပင်က အလျားလိုက်ကိုင်းကြီးတစ်ကိုင်း ငေါ်ထွက်နေ၏။သူက လင်းလန်ကို ထိုပေါ်တင်လိုက်သည်။


"ပြန်သုံးသပ်"


သူက နောက်ပြန်ဆုတ်မည်ပြုသောအခါ လင်းလန်က ချက်ချင်း လက်နှစ်ဖက်ကို ဆန့်ကာ သူ့ကို ဖမ်းဆွဲလျက် ချစ်စဖွယ် ခပ်တိုးတိုးလေးပြောသည်။


 "...စန်းကော ~~ ကြောက်တယ်"


သူမ သူ့ကိုကလေးတစ်ယောက်ချွဲနွဲ့လေ့ရှိပြီး အထူးသဖြင့် ပျော်ရွှင်နေချိန်နှင့် အထွတ်အထိပ်ကို ရောက်ချိန်များတွင်ဖြစ်၏။ နူးညံ့သိမ်မွေ့ပြီး လိမ္မာပါးနပ်သည့် အမူအရာနှင့် ညုတုတုအသံတို့ကို သူ လုံးဝမခံနိုင်ပေ။


ဟန်ချင်စုန့် ခြေဖဝါးများဆီမှ ကျောရိုးတစ်လျှောက် ခေါင်းထိ  လျှပ်စစ်စီးကြောင်းများ ထိုးတက်လာသည်ကို ခံစားလိုက်ရပြီး သူ၏စိတ်ဝိညာဥ်မှာ သူမကြောင့် လွှင်ပျံသွားတော့မလိုဖြစ်နေသည်။


သစ်ပင်၏ ပင်စည်ကို ရင်ဘတ်နှင့် ထောက်ကာ ခေါင်းအနည်းငယ် မော့၍ သူမကို ကြည့်လိုက်၏။ သူမက ပြုံးနေကာ  တောက်ပပြီး ချစ်စရာကောင်းနေခဲ့သည်။ သူမ၏ မျက်နှာသည် အလွန်အကျွံအရက်သောက်မိသွားသလိုမျိုး နီမြန်းနေလေသည်။


သူ့ရင်ဘတ်ထဲမှာ တစ်စုံတစ်ခုက ​လှုပ်ရွနေပြီး မေးခွန်းထုတ်မေးမိတော့မည် ဖြစ်သော်လည်း ထိုအချိန်တွင် သူမက ခေါင်းငုံ့ကာ သူ့မျက်နှာကို အုပ်ကိုင်လျက် နမ်းလိုက်သည်။သူမဘေးလွတ်ရာသို့ ထွက်ပြေးချင်ခဲ့သော်လည်း သူက သူမနောက်ကျောကို ဖိကာ အနမ်းကို ပိုမိုနက်ရှိုင်းစေခဲ့သည်။


ခဏလောက်အကြာတွင် သူ့နဖူးက သူမနှင့် ဖိကပ်ထားပြီး သူတို့နှစ်ယောက်ကြားက နီးနီကပ်ကပ်နေရာလေးမှာ ဘာကိုမှ မမြင်ရပါချေ။


သူကပြောလာခဲ့၏။

 "နောင်ဘဝကျရင်..."


ကသိကအောက်နိုင်သည့်စကားတွေ မပြောတတ်ပေမဲ့ သူ မပြောလျှင် သူမ ထွက်ပြေးသွားပြီး နောက်ဘယ်တော့မှ မတွေ့ရတော့မှာကို သူကြောက်သည်။


ဒါကြောင့် နောင်ဘဝကျရင်လည်း ကိုယ့်အနားမှာပဲဆက်ရှိနေပေးပါ...  


စန်းဝမ် သူပြန်ရောက်သောအခါ အလွန်စိတ်လှုပ်ရှားနေပြီး ရွာရှိ ကြောင်များ၊ ခွေးများ၊ ကျောက်တုံးများနှင့် သစ်ပင်များက သူ့ကို ရင်းနှီးပျော်ရွှင်စေသည်ဟု ခံစားလိုက်ရသည်။ လမ်းသွားလမ်းလာတွေက သူပြန်လာသည်ကိုမြင်သောအခါ တစ်ယောက်ပြီး တစ်ယောက် နှုတ်ဆက်ကြပြီး စိတ်လှုပ်ရှားနေကြ၏။


 "ရွှေတံဆိပ်... စန်းဝမ်... ရွှေတံဆိပ်... စန်းဝမ်" 

 

စန်းဝမ်၏အောင်ပွဲသတင်းက ရွာမှာ ကျယ်ကျယ်လောင်လောင် ပျံ့နှံ့သွား၏။လူတိုင်းက တော်တော်ဖြစ်နေကြပြီး တချိုကဆိုလျှင် တပ်မဟာတစ်ခုလုံး၏ တံတိုင်းတွေကို ချန်ပီယံစန်းဝမ်တပ်မဟာဟု ဆေးခြယ်နိုင်သည်ဟုဆိုကြသည်။


သူ တွေ့သည့် အသိမိတ်ဆွေများနှင့် စကားအနည်းငယ်ပြောပြီးသည့်နောက်မှာ သူ့ညီအကို မောင်နှမတွေကို ကျောင်းကနေသွားခေါ်ရမှာဟုပြောလိုက်ပြီး ထွက်လာခဲ့၏။


သူတို့လေးယောက် လမ်းမပေါ်တွင် လမ်းလျှောက်လာရင်း ရုတ်တရက် သူစိတ်ကူးတစ်ခုပေါ်လာသည်။

 "ညီအစ်ကိုတို့...ငါ့မှာ  အကြံတစ်ခု ရှိတယ်"


ဖူကျန်းယွမ်က သူ့ကို ကြည့်ပြီးဆို၏။

 "အကြံဆိုးတွေမထုတ်နဲ့နော်"


 စန်းဝမ်: "မဟုတ်ဘူး...အကြံကောင်းပါ "


သူက သူ့၏အားကစားဝတ်စုံကို ချွတ်ပြီး နောက်ပြန်ဝတ်လိုက်သည်။ ရှောင်ဝမ်၏ အိတ်ကပ်ထဲက လက်ကိုင်ပဝါတစ်ထည် ထုတ်ပြီး သူ့မျက်နှာပေါ်မှာ  ချည်လိုက်၏။၎င်းနောက် လမ်းဘေးကကောက်ရိုးပုံဆီသွားကာ သစ်သားချောင်းတစ်ချောင်းဆွဲထုတ်လာသည်။


ရှောင်ဝမ် : "..." 

ငါ့စန်းတိက ငတုံးလား...


ဖူကျန်းယွမ်: "..." 

ငါမလာသင့်ဘူး...


ဝမ်ဖူပြောင် : "ကောင်းပြီ...ဟားဟား... ငါက ဘာဟန်ဆောင်ရမှာလဲ"


ဖူကျန်းယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ "မင်းက လူထွားကြီး ဟန်ဆောင်"


ဝမ်ဖူပြောင် : "ဟားဟား...မဆိုးပါဘူး" 

သူလည်း သူ့အဝတ်တွေကို ချွတ်လိုက်ပြီး နောက်ပြန်ဝတ်လိုက်၏။ သို့ရာတွင် မျက်နှာကို ဖုန်းစရာရှာမရှိပေ။ ကောက်ရိုးပုံပေါ်က ပေါ့ပလာကိုင်းနုများကို လှမ်းမြင်လိုက်သဖြင့် သူ ၎င်းကို တိုက်ရိုက်ကောက်ယူပြီး  ကောက်ရိုးဦးထုပ်တစ်ခုအဖြစ် ကျစ်လိုက်သည်။ သစ်ရွက်များက တန်းလန်းကျနေပြီး မျက်နှာကိုလည်း ဖုံးအုပ်နိုင်သည်။


ဖူကျန်းယွမ် : "မင်းကဘာလုပ်မှာလဲ"


ရှောင်ဝမ်က  အတော်လေး စိတ်လှုပ်ရှားနေပြီးဆို၏။

 "သူတို့ကိုအားပေးဖို့ ငါအဲဒီမှာရှိနေမယ်" 

 

တကယ်တော့ အစ်ကိုကြီးက မင်းတို့ကိုဘယ်လိုဆက်ဆံမလဲဆိုတာကို ကြည့်မလို့ ...ဟားဟား...


စန်းဝမ် နှင့်ဝမ်ဖူပြောင်က ဖူကျန်းယွမ်ကိုကြည့်လိုက်ကြသည်။

 "လုပ်ပါ ပျော်ရအောင်  ~~"


ဖူကျန်းယွမ်: "..." 

ငါသေချင်တယ် ...


နောက်ဆုံးတွင် ဖူကျန်းယွမ်တစ်ယောက် စန်းဝမ်နှင့်ဝမ်ဖူပြောင်တို့၏ ဆင်တူ ၀တ်စားဆင်ယင်ရန် အတင်းအခိုင်းခံရဆဲဖြစ်ပြီး အကျီနောက်ပြန်ဝတ်လိုက်၏။ခေါင်းပေါ်တွင် အပြာရောင်လက်ကိုင်ပုဝါကို ချည်နှောင်ထားကာ မျက်နှာပေါ်မှာ သစ်ရွက်ခြောက်များ၊ လက်ထဲတွင် တုတ်တစ်ချောင်းနှင့် သူ့ကိုကြည့်ရသည်မှာ မကြာခင်သေတော့မည်ဖြစ်ပုံဖြစ်နေသည်။


သူတို့လေးယောက်က တဝမ်နှင့် တခြားသူတွေ ဖြတ်သွားကြမည့် တစ်ခုတည်းသောလမ်းမှာ ပုန်းနေရန် တောင်လမ်းကို သွားခဲ့ကြ၏။


ခဏအကြာ အဝေးက စက်ဘီးခေါင်းလောင်းသံနှင့် နောက်ကကပ်လျက်ပါလာသော မိုင်စွေ့၏သီချင်းဆိုသံကို ကြားလိုက်ရသည်။


စန်းဝမ်က စိတ်လှုပ်ရှားစွာပြောလိုက်၏။

 "လာပြီ ...လာပြီ ...ပုန်းးး..."


"အနီရောင် ကြယ်က လင်းလက်တောက်ပနေတယ်..." 


မိုင်စွေ့၏ အသံက နီးကပ်လာသည်။


အားဝမ်ကလည်း သူမနှင့်အတူ သီဆိုခဲ့သည်။


တဝမ်က မလှုပ်ပေ။


"ဒီနားရောက်ပြီ...သွားတော့" 


စန်းဝမ်က သူ့တုတ်နှင့် အရင်ပြေးပြီး ကြမ်းတမ်းသည့် အသံဖြင့်အော်လိုက်၏။

 "ဓားပြကွ"


ဝမ်ဖူပြောင်ကလည်း ပြဇာတ်ထဲမှာ အလွန်ကို ပါဝင်ခဲ့ပြီး တဝမ်နှင့်အားဝမ်ဆီကိုတည့်တည့်သွားပြီး သူတို့ကြောက်အောင် တုတ်ကို ဝှေ့ယမ်းလိုက်သည်။


စန်းဝမ်က  သူ့အစ်ကိုနှင့်အစ်မကို မထိခိုက်အောင်သတိထားရန် ပြောချင်ခဲ့သော်လည်းမေ့သွားခဲ့သည်။ သူပြောချင်သည်မှာ 'ပြောင်ကော   အရမ်းကြီး ကပ်မသွားနဲ့...ငါ့အစ်ကို မင်းကို ရိုက်လိမ့်မယ်'ဟူ၍ဖြစ်၏။


ထို့နောက်တွင်ကား ဝမ်ဖူပြောင်က မိုင်စွေ့ ထိခိုက်မှာစေမှာစိုးပြီး အားဝမ်က ဝမ်ဖူပြောင်၏ ရင်ဘတ်ကို ကန်ထုတ်ခဲ့သည်။


သံသယဖြစ်စရာမလိုအောင်ပါဘဲ ဝမ်ဖူ​ပြောင် မြေကြီးပေါ်သို့ လဲကျသွားသည်။


အားဝမ်က စက်ဘီးကို ပှံမှန်စီးနေပြီး တဝမ်က ခြေချရန်ပင် စိတ်မ၀င်စားပေ။


ဝမ်ဖူပြောင်က ဒရာမာထဲတွင် အလွန်ကိုပါဝင်ခဲ့ပြီး ချက်ချင်းထကာ ဓားပြ၏ ပရောဖက်ရှင်နယ် ကျင့်ဝတ်သိက္ခာအတိုင်း ကျင့်ကြံကာဆိုလိုက်၏။


 "မင်း...မင်း ပိုက်ဆံထုတ်..."


ဖူကျန်းယွမ် : "..." 

ငါပြန်ဆုတ်ရင်ကောင်းမယ်...


စန်းဝမ်က ရယ်ရလွန်း၍  သူ့ပုခုံးများပင်တုန်နေသည်။ သို့ပေမဲ့  သူက တုတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူ့တုတ်ကိုယမ်းလိုက်၏။


တဝမ်က သူ့ခြေထောက်တွေကို မြေကြီးပေါ်ခေါက်ပြီး ဆိုင်းမဆင့်ဗုံမဆင့် မျက်လုံး လိမ့်ကာဆိုလေသည်။


 "အရူးးး"

 

စန်းဝမ်က နှာခေါင်းကနေပတ်ပြီး  မျက်လုံးတစ်စုံကိုဖော်ထားလျှင်မဆိုနှင့်၊ ခေါင်းကနေ အောက်ခြေအထိ ဖုံးထားလျှင်ပင် တဝမ် တစ်ချက်ကြည့်ရုံနှင့် မှတ်မိ၏။

 

မိုင်စွေ့နှင့်အားဝမ်တို့သည်လည်း ရယ်မောကြပြီး မိုင်စွေ့က မြေကြီးပေါ် ခုန်ဆင်းကာ စန်းဝမ်ကို ပြေးဖက်လိုက်သည်။


Xxxx