အခန်း (၉၂) – အသားဝေစုကို လက်ခံရရှိပြီး စားသောက်မယ်
နောက်ဆုံးစပါးကို ရိတ်သိမ်းပြီး အများပြည်သူပိုင် စားနပ်ရိက္ခာ ခွဲဝေရေးအဖွဲ့သို့ လွှဲပြောင်းပေးပြီးနောက် နောက်ဆုံးရိက္ခာ ဖြန့်ဝေမှု စတင်ခဲ့သည်။
ထို့နောက် ဆောင်းစပါးကို ထပ်မံ စိုက်ပျိုးပြီးနောက် ထုတ်လုပ်ဖြန့်ချိရေးအဖွဲ့မှ လုပ်ငန်း ပြီးဆုံးကြောင်း ကြော်ငြာခဲ့သည်။
ထိုအချိန်တွင် ဝက်များကို အမဲပေါ်ပြီးနောက် အသားများကို ဝေငှပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ရွာမှ ဝက်မွေးမြူသူတိုင်းသည် ဝက်များကို ခြံထဲမှ ထုတ်ကာ လွှဲပြောင်းပေးအပ်ရန် တာဝန်ရှိသည်။
အခြားမိသားစုများမှ ဝက်များသည် ကျင်းခုနစ်ဆယ်မှ ကျင်းရှစ်ဆယ်အထိ ရလျှင်ပင် အကောင်းဆုံး ဖြစ်သည်။ သို့သော် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ မိသားစုမှ မွေးမြူထားသော ဝက်နှစ်ကောင်သည် တစ်ကောင်လျှင် အနည်းဆုံး ကျင်းနှစ်ရာခန့်ရှိသည်။
ဝက်နှစ်ကောင်သည် ကျင်းလေးရာကျော်အထိ အလေးချိန် တက်လာခဲ့သည်။
ဒီဝက်နှစ်ကောင်ရဲ့ အလေးချိန်အား ကြော်ငြာလိုက်သောအခါ ကျိုးရှားတစ်ရွာလုံး ထိတ်လန့်သွားခဲ့ကြသည်။
ဒီတော့ သူတို့အားလုံးဟာ ကျိုးချင်းပိုင်ကို ဝက်တွေကို ဘယ်လိုကျွေးမွေးပြုစုပျိုးထောင် ရမလဲ ဆိုတာကို မေးမြန်းဖို့ အမြန်ရှာဖွေခဲ့ကြသည်။ ဘယ်လိုလုပ်ပြီး ဒီဝက်တွေက အရမ်းဝဖြိုးနေရတာလဲ။
ကျိုးချင်းပိုင်က ဘာမှ ဖုံးကွယ်ထားခြင်း မရှိပဲ ဝက်စာမြက်၊ ပဲအနှစ်ဖတ်၊ ပဲမှော်နဲ့ ပြောင်းစေ့တွေ ရောစပ်ကျွေးကြောင်း ပြောပြခဲ့သည်။
ပထမ အမျိုးအမည်တွေကတော့ အဆင်ပြေပေမယ့် နောက်ဆုံး ပြောင်းစေ့တွေကတော့ ထိတ်လန့်စရာပင်။
ဝက်တွေကို ဘယ်လိုလုပ်ပြီး ပြောင်းစေ့တွေ ကျွေးနိုင်မှာလဲ။
ပြောင်းဖူးစေ့တွေကို သူတို့တွေတောင် နပ်မှန်အောင် မစားနိုင်တာ ပြောင်းစေ့တွေကို ဝက်စာကျွေးဖို့ ဘယ်လိုလုပ်ပြီး အသုံးပြုနိုင်မှာလဲ။
ပြောစရာ မလိုအောင်ပင် ဒါက သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ဇနီးသည်ရဲ့ အကြံဥာဏ်ပဲ ဖြစ်လိမ့်မယ်။
လင်းချင်းဟယ်သည် ထိုသို့ အပြစ်တင်မှုမျိုးကို အမြဲတမ်းလိုလို ခံရသောကြောင့် ကျိုးချင်းပိုင်က သူတို့ရဲ့ ဝက်တွေကို ဤကဲ့သို့ အမှန်တကယ် ကျွေးမွေးကြောင်း ပြောချင်သော်လည်း လင်းချင်းဟယ်က သူ့ကို မပြောရန် တားမြစ်လိုက်သောကြောင့် သူ ထပ်မပြောတော့ပေ။ သူတို့ ဒါကို ယုံချင်ယုံ မယုံချင်နေပေါ့။
ဒါပေမယ့် ဒီဝက်ထွားထွားကြီး နှစ်ကောင်က သာမာန်ဝက်ငါးကောင်နှင့် ညီမျှပြီး အလွန်စွဲမက်ဖွယ်ကောင်းသည်။ ဒီဝက်တွေအတွက် ရမယ့် အလုပ်အမှတ်က နည်းပါးမှာ မဟုတ်ဘူး။ ပိုအရေးကြီးတာကတော့ တစ်ရွာလုံးက ဒီဝက်ကြီးတွေကို အမဲပေါ်ဖို့ မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေခဲ့ကြသည်။
အဖွဲ့ထဲက မိသားစုတွေ အပါအဝင် အခြားမိသားစုတွေကလည်း ဒီလိုမျိုး ဝဖြိုးနေအောင် မမွေးမြူနိုင်သောကြောင့် ဒီဝက်နှစ်ကောင်ကို လူတိုင်းအတွက် အသားဖြန့်ချိပေးနိုင်ဖို့ အမဲပေါ်ချင်နေကြသည်။ ဝက်တွေက ဝဖြိုးနေလျှင် ဝက်ဆီများများ ရရှိနိုင်မည် ဖြစ်သည်။
ထို့ကြောင့် လူအများ၏ ဆန္ဒဖြင့် ကျေးရွာအုပ်ချုပ်ရေးမှုးက ဤဝက်နှစ်ကောင်အား သားသတ်သမားလက်ထဲ ဝကွက်အပ်ကာ ရွာသူရွာသားတွေကို မျှဝေပေးသည်။
ဒီတစ်ကြိမ် ဝက်သားကို အမဲပေါ်ပြီးနောက် နှစ်သစ်ကူးမတိုင်ခင် ထပ်မံခွဲဝေပေးမည် ဖြစ်သည်။ ကျေးရွာအတွက် ထုတ်လုပ်ရေးအဖွဲ့မှာ သီးသန့်မွေးမြူထားတဲ့ ဝက်တွေ အများကြီး ကျန်ရှိနေသေးသည်။
ဒီတစ်ကြိမ် ဆောင်းစပါးရိတ်သိမ်းချိန်က အရမ်းပင်ပန်းတာမို့ လူတိုင်းက ကောင်းကောင်းမွန်မွန် စားသောက်ခဲ့ကြသည်။
လင်းချင်းဟယ်တို့ မိသားစုက မွေးမြူထားတဲ့ ဝက်နှစ်ကောင်က အမဲပေါ်ခံလိုက်ရသည်။ ကျိုးချင်းပိုင်က ဝက်ခေါင်း တစ်ခေါင်း၊ ဝက်အူအရှည်ကြီး တစ်ခု၊ ဝက်အစာအိမ် တစ်ခု၊ ဝက်မြီး တစ်ချောင်း၊ အဆီများတဲ့ဝက်သား ငါးကျင်း၊ နံရိုး ရှစ်ချောင်းနှင့် အရိုးအကြီးကြီးတွေ ရရှိခဲ့သည်။ နောက်ထပ် ဝက်ဗိုက်သား အသားကောင်းကောင်းလေးတွေနဲ့ အဆီနည်းတဲ့အသားတွေကိုပါ ရရှိခဲ့ပါသေးသည်။
ဒီနေ့ခေတ်တွင် လူကြိုက်အများဆုံးနှင့် အသားကောင်းကောင်းအဖြစ် အသိအမှတ်ပြုခံရသည်မှာ အဆီများတဲ့အသားဖြစ်ပြီး ထို့နောက် ဝက်ဗိုက်သားနဲ့ ဝက်ခေါင်းတို့မှ နောက်မှ ကပ်လိုက်ခဲ့သည်။
ဝက်အူအခွေလိုက်၊ ဝက်အစာအိမ်နဲ့ ကလီစာတွေအတွက် သူတို့ ထည့်မတွက်ထားပေ။ ပြီးတော့ အဆီနည်းတဲ့အသား၊ နံရိုးနဲ့ အရိုးကြီးတွေက လူကြိုက်မများသောကြောင့် သူတို့က စျေးပေါသည်။
ဒါ့ကြောင့် အများကြီးလို့ ထင်ရပေမယ့် တကယ်တမ်းကျတော့ ဒါက သူ့ရဲ့ အလုပ်ရမှတ်တွေနဲ့ ညီမျှမှု ရှိသည်။
ထို့အပြင် ထိုဝက်အကြီးကြီးနှစ်ကောင်ကို သူတို့မိသားစုက မွေးမြူထားခဲ့ကြသည်။ သူ အရင်ဆုံး ရွေးချယ်တာက ပြဿနာ မရှိပါဘူး။ ဒါကို ရွာထဲမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ဘာမှ မပြောကြပေ။
လူအများသည် ဝက်ခေါင်းအကြီးကြီးကို မက်မောကြသော်လည်း ကျိုးချင်းပိုင်က ဒါကို သိမ်းယူသွားသောအခါ မည်သူမျှ မကန့်ကွက်ကြပေ။
“လောင်တအမေ၊ စတုတ္ထမတ်လေးကို အဆီများတဲ့အသားကို ဘာဖြစ်လို့ များများ မယူခိုင်းရတာလဲ။ အဲ့ဒီအသားတွေက ဘယ်လိုလုပ်ပြီး ကောင်းနိုင်မှာလဲ။” အကြီးဆုံးမရီးက အနားကပ်လာပြီး တိုးတိုးလေး လာပြောသည်။
“အဆင်ပြေပါတယ်၊ ကျွန်မတို့ လူတိုင်းအတွက် ချန်ထားသင့်တယ်လေ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
“လောင်တအမေက အရမ်းစိတ်သဘောထားကြီးတာပဲ။” သူတို့ရဲ့ အိမ်နီးနားချင်း ဟွမ်းတာ့နျန်းက ဒါကိုကြားပြီး သူမကို ချီးမွမ်းသည်။
“ဟွမ်းတာ့နျဥ်း၊ ရှင့်စကားက ဘယ်လိုကြီးလဲ။ သူမသာ အမှန်တကယ် စိတ်သဘောထားကြီးရင် သူမ တစ်ခါမှ လယ်ကွင်းထဲကိုဆင်းတာ ငါ မမြင်ဖူးရတာလဲ။” ဝမ်လင်းက သရော်လိုက်သည်။
“အကယ်၍ ငါသာ လယ်ကွင်းထဲဆင်းရင် ငါတို့မိသားစုရဲ့ ဝက်တွေကို ဒီလိုမျိုး ကြီးထွားဝဖြိုးနေအောင် ဘယ်မွေးမြူနိုင်ပါ့မလဲ။ ဝက်တွေကို ဒီလိုမျိုး အရွယ်အစားထိရအောင် မွေးမြူရတာ ဘယ်လောက် ခက်ခဲတယ်ဆိုတာ နင် သိလို့လား။ နင်မသိရင် နင့်ပါးစပ်ကို ပိတ်ထားလိုက်။ နင် စကားမပြောတာနဲ့ နင့်ကို အအလို့ လူတွေထင်မှာ စိုးရိမ်နေလို့ ဒီလောက် စကားများနေရလား။” လင်းချင်းဟယ်က သူမကို နည်းနည်းလေးမှ မျက်နှာသာ မပေးခဲ့ဘူး။
ဝမ်လင်းရဲ့ မျက်နှာဟာ မည်းမှောင်သွားသည်။
လင်းချင်းဟယ်သည် သူမကို ခပ်မဲ့မဲ့အပြုံးတစ်ချက် ပစ်ခွင်းလိုက်သည်။ သူမသည် ရန်ဖြစ်တာဖြစ်ဖြစ် စကားများတာကိုဖြစ်ဖြစ် မကြောက်ရွံ့ဘူး။ သူမမှာ ဒီလိုလုပ်ဖို့ အရည်အချင်းရှိရင် လာခဲ့လိုက်လေ။
အမှန်တိုင်းပြောရရင် ဝမ်လင်းက အမှန်တကယ် ရန်မဖြစ်ဝံ့သည့်အတွက် သူမသည် ဒုတိယမရီးဖက်သို့ လှည့်၍ စကားပြောလိုက်သည်။ ဒုတိယမရီးက လင်းချင်းဟယ်ကို စိုက်ကြည့်နေပေမယ့် လင်းချင်းဟယ်ကတော့ သူမကို လျစ်လျူရှုထားခဲ့သည်။
ကျိုးချင်းပိုင်က အသားခွဲဝေရရှိပြီးတဲ့အခါမှာတော့ သူမအနားသို့ လာရောက်ကာ တစ်မိသားစုလုံး အိမ်ပြန်လာခဲ့ကြသည်။
“အမေ၊ ဒီနှစ် သားတို့မိသားစုက ဝက်သားတွေ အများကြီး ရတယ်၊ သားတို့ကို ဝက်သားလုံး ချက်ကျွေးနိုင်မလားဟင်။” လောင်တ မေးမြန်းသည်။
လောင်အာ့က အမေဖြစ်သူကို တောက်ပသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
သူလည်း မနှစ်တုန်းက စားရတဲ့ ဝက်သားလုံးတွေရဲ့ အရသာကို မှတ်မိနေသေးသည်။
လောင်စန်းက ငယ်သေးပေမယ့် သူ့အစ်ကိုအကြီးဆုံးနဲ့ ဒုတိယအစ်ကိုဖြစ်သူတို့က ဒါကို စားချင်နေတယ် ဆိုတာနဲ့ ဒါက အရသာအရမ်းရှိမှန်းကို သဘောပေါက်လိုက်သည်။ ဒ့ါကြောင့် သူလေးကလည်း အမေဖြစ်သူဖက်သို့ လှည့်၍ ပြောလိုက်သည်။ “အမေ၊ ဝက်သားလုံး...”
“ကောင်းပြီ” လင်းချင်းဟယ်က စိတ်အခြေအနေ ကောင်းမွန်နေ၍ တစ်ခါတည်း သဘောတူလိုက်သည်။
ဝက်သားလုံးတွေပဲလေ၊ အရမ်းခက်ခဲတာမှ မဟုတ်တာ။ စားချင်တယ်ဆိုရင် စားလိုက်ကြတာပေါ့၊ အိမ်မှာလည်း အသားအများကြီး ရှိနေတာပဲလေ။
အိမ်ပြန်ရောက်ပြီးနောက် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဝက်အူတွေကို သန့်ရှင်းဖို့ စေခိုင်းလိုက်သည်။ ဒါတွေကို သူ စားချင်နေတာပဲ ဖြစ်၍ သူပဲ လုပ်ရပေမည်။ သူမသည် ဒီအနံ့တွေကို မခံနိုင်သောကြောင့် သူမက ချက်ပြုတ်ပေးဖို့ တာဝန်ယူ၍ ဒါတွေကို ဆေးကြောသန့်ရှင်းဖို့အတွက် သူ လုပ်ရမည်။ ဝက်အစာအိမ်ကိုလည်း သန့်ရှင်းဖို့ သူ့ကိုပဲ စေခိုင်းလိုက်သည်။
လင်းချင်းဟယ်က ကျန်တာတွေကို ခွဲထုတ်လိုက်သည်။
သူမသည် အဆီများတဲ့အသားကို အတုံးသေးသေးလေးတွေ တုံးပြီးနောက် ဒယ်အိုးထဲသို့ တန်းထည့်ကာ ဝက်ဆီချက်လိုက်သည်။
အဆီများတဲ့အသားက ငါးကျင်းသာ ရှိသော်လည်း အိမ်သုံးဖို့ ဆီအများကြီး ရရှိပါသေးသည်။ ထို့အပြင် သူမသည် ထိုဆီထဲသို့ မြေပဲဆီအချို့ကိုပါ ရောစပ်လိုက်သဖြင့် အိမ်မှာ အသုံးပြုဖို့ လုံးဝ လုံလောက်သွားသည်။
ဝက်သားငါးကျင်းကနေ ဆီအများကြီး ရရှိခဲ့သည်။
ဝက်ဆီချက်နေစဥ်တွင် လင်းချင်းဟယ်သည် ဝက်အရိုးကြီးတွေ၊ ဝက်ဗိုက်သားနဲ့ အဆီနည်းတဲ့အသားတွေကို စတင်ကိုင်တွယ်ခဲ့သည်။
အခုအချိန် ရာသီဥတု အေးစပြုလာနေပြီး လူနာပြက္ခဒိန်တွင် အောက်တိုဘာလကုန်လောက် ရောက်ရှိနေပြီဖြစ်၍ နှစ်ကုန်ခါနီး အသားဖြန့်ဖြူးသည့်အချိန်အထိ အထားမခံနိုင်ပေ။ အဲ့ဒီအချိန်ရောက်ဖို့ အဝေးကြီး လိုနေပါသေးသည်။
ဝက်သားလုံးလုပ်မယ်ဆိုတော့ ဒီအသားတွေကို ဘေးဖယ်ထားလိုက်သည်။ နံရိုးတွေကိုတော့ စွပ်ပြုတ်ဖြစ်ဖြစ် ချက်ပြုတ်စားသုံးတာဖြစ်ဖြစ် ကြော်စားတာဖြစ်ဖြစ် လုပ်နိုင်သည်။
အရိုးကြီးတွေကိုတော့ စွပ်ပြုတ်ချက်ဖို့ အသုံးပြုရမည်။
အပြင်ဖက်မှာ ဆေးကြောနေတဲ့ ဝက်အူတွေကိုတော့ ဟင်းသီးဟင်းရွက် ဆားရည်စိမ်တွေနဲ့ ရောကြော်ရမည်။ ပြီးတော့ ဝက်ခေါင်းနဲ့ အစာအိမ်လည်း ရှိသေးသည်။
တိုတိုပြောရရင် လင်းချင်းဟယ်က အရမ်းအလုပ်များနေခဲ့သည်။
ဒီနှစ် ဆောင်းဦးစပါး ရိတ်သိမ်းချိန်က အရမ်းပင်ပန်းတာမို့ ကျိုးချင်းပိုင်အတွက် အာဟာရဓာတ် များများရရှိစေဖို့ မရှိမဖြစ် လိုအပ်သည်။
ဒါ့ကြောင့် ဒီရက်ပိုင်းအတွင်း ကျိုးချင်းပိုင်ကို ပါးစပ်အပြည့် များများစားနိုင်အောင် ချက်ပြုတ်ကျွေးမွေးရမည်။
ဆောင်းစပါးကို စိုက်ပျိုးထားပြီး ဘာမှ လုပ်စရာ မရှိသောကြောင့် ကျိုးချင်းပိုင်ဟာ ပျင်းရိနေခဲ့သည်။ ဆောင်းခိုဖို့အတွက် ကြိုတင်ပြင်ဆင်နေသည့်အနေဖြင့် ကျိုးချင်းပိုင်သည် ညဖက်တွင် သူ့စွမ်းအင်တွေကို လင်းချင်းဟယ်အပေါ် အစွမ်းကုန် အသုံးပြုခဲ့သည်။
အားလပ်ရက်ရ၍ အိမ်ပြန်လာသော ကျိုးရှောင်းမိန်သည် သူမ၏ စတုတ္ထယောင်းမရဲ့ စွဲမက်ဖွယ်ကောင်းသော အသွင်အပြင်ကို မြင်ပြီး ရှက်သွေးဖြာသွားသည်။ သူမစိတ်ထဲမှာ ဘာအတွေးတွေ တွေးနေလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။
“နင် ဒီတစ်ခေါက် ဘာဖြစ်လို့ ပြန်လာတာလဲ။ နင် လက်ထပ်ဖို့ စီစဥ်နေတာလား။” လင်းချင်းဟယ်က မျက်ခုံးပင့်ပြီး ကျိုးရှောင်းမိန်ကို မေးသည်။
“အခု ငါ့အဖေနဲ့ အမေတို့လည်း အားနေပြီဆိုတော့ ငါအိမ်ပြန်လာပြီး ဒီအကြောင်းကို ငါ့မိဘတွေကို အသိပေးပြီး ရက်သတ်မှတ်ဖို့ စီစဥ်ထားတယ်။” ကျိုးရှောင်းမိန်က အရမ်းရှက်ရွံ့နေပေမယ့် နွေဦးလို နွေးထွေးပြီး ပျော်ရွှင်နေတဲ့ အရိပ်အငွေ့ကို မထိန်းနိုင်ခဲ့ပါဘူး။
“အိုး... ကောင်းလိုက်တာ၊ အဖေနဲ့ အမေတို့ကို သွားပြောလိုက်လေ။ သူတို့ အရမ်းဝမ်းသာသွားလိမ့်မယ်။ စုတာ့လင်းက လူကောင်းတစ်ယောက်ပဲ။” လင်းချင်းဟယ်က ပြောသည်။
အဲ့ဒီနောက်မှာတော့ သူမသည် သူနဲ့ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပြီး စကားပြောဖြစ်ခဲ့ကြသည်။ စုတာ့လင်းသည် လူကောင်းတစ်ယောက်ဖြစ်ကာ ဘယ်လိုနေထိုင်ရမလဲဆိုတာကို ကောင်းကောင်းသိသည်။
“အင်း၊ ဒါဆို ငါ အရင် သွားနှင့်မယ်နော်။” ကျိုးရှောင်းမိန် ပြောသည်။
“ဒီဝက်သားလုံးပန်းကန်ကို ယူသွားလိုက်။ နင့်အတွက် ဟင်းလျာတစ်မျိုး တိုးတာပေါ့။ ပန်းကန်ပြားကို ပြန်ပေးဖို့တော့ မမေ့နဲ့နော်။” လင်းချင်းဟယ်က သူမကို ဝက်သားလုံးထည့်ထားတဲ့ ပန်းကန်ကိုပေးရင်း ပြောသည်။
“ကျေးဇူးပါ၊ စတုတ္ထယောင်းမ” ကျိုးရှောင်မိန်က စပ်ဖြဲဖြဲပြုံး၍ ပန်းကန်ပြားကို လက်ခံလိုက်သည်။