အခန်း(၉၃)ပုခုံးပေါ်မှကိုင်ပေါက်ချခြင်း
Viewers 43k

အခန်း (၉၃) - ပခုံးပေါ်မှ ကိုင်ပေါက်ချခြင်း


ဒီတစ်ကြိမ် ကျိုးရှောက်မိန် အိမ်ပြန်လာတာက စုတာ့လင်းရဲ့ ပိုးပန်းမှုကို သူမ လက်ခံလိုက်ပြီး သူရဲ့ သဘောဆန္ဒအရ သူမမိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။


ထို့နောက် အိမ်ထောင်ပြုဖို့အတွက် နေ့ကောင်းရက်သာကို ရှာဖွေပြီး လက်ထပ်ပွဲ ကျင်းပရပေလိမ့်မည်။


အခုခေတ် လက်ထပ်ထိမ်းမြားဖို့ စီစဥ်တာက အလွန်မြန်ဆန်သည်။


နှစ်ဖက်မိသားစု ဆက်ဆံရေး အဆင်ပြေလျှင် နောက်နေ့တွင်ပင် လက်ထပ်ပွဲ ကျင်းပနိုင်သလို ကျန်တာတွေအားလုံးက ရိုးရှင်းပါသည်။


ဒါပေါ့၊ လက်ထပ်ပွဲ ကျင်းပဖို့ ကိစ္စရပ်တွေက ရှုပ်ထွေးမှု မရှိပေ။


မကြာသေးမီက ကျိုးအိမ်တော်ဟောင်းမှ အိမ်ထောင်စုခွဲဖို့ ပြင်ဆင်နေသည့် ကိစ္စရပ်တွေကြောင့် အလုပ်ရှုပ်နေသည့်အချိန်တွင် လင်းချင်းဟယ်ကတော့ အိမ်ထောင်စုခွဲပြီးနှင့်ပြီ ဖြစ်သည်။

 

ကျိုးရှောင်မိန်ရဲ့ ကိစ္စရပ်က တိုက်ဆိုင်မှုတစ်ခုကြောင့် ဖြစ်သွားခဲ့တာပင်။


အဖေကျိုးနှင့် အမေကျိုးဟာ သူတို့ရဲ့ အငယ်ဆုံးသမီးလေး လက်ထပ်ပွဲ ပြီးမှ အိမ်ထောင်စုခွဲပေးဖို့ ဆုံးဖြတ်ချက် ချလိုက်သည်။


နောက်နေ့တွင် စုတာ့လင်းသည် သူ့ဦးလေးနှင့် အဒေါ်တို့ကို ခေါ်ဆောင်ပြီး အလည်ပတ် ‌ရောက်ရှိလာခဲ့သည်။ သူတို့သည် တင်တောင်းပစ္စည်းများ ပြင်ဆင်လာခဲ့ကြသည်။


သကြားလုံးနှင့် မုန့်ပဲသရေစာတို့လည်း ပါရှိသည်။ အတိုချုပ်ပြောရရင် ဒါတွေက ဒီတွေ့ဆုံမှုအတွက် သင့်လျော်ပြီး အထင်ကောင်း အမြင်ကောင်းတွေ ရှိသည့်ပုံပေါ်သည်။ မဟုတ်ရင် သူတို့က လက်ဆောင်ကောင်းတွေ ပြင်ဆင်ပေးလိမ့်မှာ မဟုတ်ဘူး။


အဖေကျိုးနှင့် အမေကျိုးတို့က စုတာ့လင်းရဲ့ စကားထစ်သည့်အချက်အပေါ် သိပ်သဘောမကျသော်လည်း ဒီအားနည်းချက်ကြောင့်သာ မဟုတ်ရင် သူတို့သမီးက ဒီလိုကောင်းမွန်တဲ့ မိသားစုမျိုးနဲ့ ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာလဲ ဆိုတာကိုတော့ သူတို့ နားလည်သဘောပေါက်ကြပါသည်။


စုတာ့လင်းရဲ့ အိမ်သည် စတုရန်းမီတာ လေးဆယ် ကျယ်ဝန်းပြီး ပုံသေအလုပ်အကိုင်တစ်ခု ရှိသည်။ ကျိုးရှောင်မိန်သည် စုတာ့လင်းနှင့် လက်ထပ်ထိမ်းမြားပြီးတာနဲ့ ထိုအိမ်ရဲ့ အကြီးအကဲ ဖြစ်လာလိမ့်မည်။ ပြီးတော့ တင်တောင်းပစ္စည်းများကို အဓိကလက်ဆောင်လေးခုကို စီစဥ်ပေးခဲ့သည်။ (T/N: အဓိကတင်တောင်းပစ္စည်းလေးခုဆိုသည်မှာ 1950ခုနှစ်နောက်ပိုင်း လက်ထပ်ထိမ်းမြားရာတွင် လူတိုင်းအလိုရှိကြသည့် ရေဒီယို၊ စက်ဘီး၊ အပ်ချုပ်စက်နှင့် နာရီတို့ပင် ဖြစ်သည်။)


ကျိုးရှောင်မိန်အတွက်တော့ ဒီလိုအိမ်ထောင်ရေးအကြောင်း ထပ်ပြောနေစရာ မလိုအပ်ပဲ အခြေအနေတွေက ကောင်းမွန်လှပါသည်။


စုတာ့လင်းနှင့် သူ့ဦးလေးတို့ ဇနီးမောင်နှံ ပြန်သွားသည်နှင့် အမေကျိုးက ဝမ်းသာအားရ စကားဆိုသည်။ “လောင်တရဲ့ အမေက ဒီအိမ်ထောင်ရေးက ထိပ်တန်းပဲလို့ ပြောခဲ့တာ အံ့သြစရာ မရှိဘူး။ ဒီလိုအိမ်ထောင်ရေးမျိုးက တကယ့်ကို အကောင်းဆုံးပဲ။”


“စကားထစ်တာပဲ ပြောစရာ ရှိတယ်။” အဖေကျိုးက ပြောသည်။


“စကားထစ်တာက ဘာဖြစ်လဲ။ သူက အ နေတာမှ မဟုတ်တာ။ ဒါ့ထက် အရေးကြီးဆုံးက ပိုက်ဆံရှိတယ်၊ ကျန်တာအားလုံးလည်း ပြောစရာ မရှိဘူး။” အမေကျိုးက ပြောသည်။


အားလုံးခြုံပြောရရင် စိတ်ကျေနပ်စရာ ကောင်းသဖြင့် ဒီလကုန်တွင် လက်ထပ်ဖို့ သတ်မှတ်ထားသည်။


လင်းချင်းဟယ်သည် ဒီခေတ်တွင် လက်ထပ်ဖို့ စီစဥ်သူတွေရဲ့ အရှိန်အဟုန်ကို မြင်ဖူးသော်လည်း ဒီအရှိန်ကိုမြင်ပြီး အံ့သြတုန်လှုပ်နေဆဲ ဖြစ်သည်။


နောက်တစ်ဆင့်ကတော့ ခန်းဝင်ပစ္စည်းပင် ဖြစ်သည်။


ခရိုင်မြို့ပေါ်သို့တက်ပြီး ပြန်လာသည့်နေ့တွင် လင်းချင်းဟယ်က စောင်အသစ်တစ်ထည်ကို ပြန်ယူလာခဲ့သည်။


သူမသည် ချည်ထည်နှင့် ဝါဂွမ်းစများကိုပေးပြီး စောင်ချုပ်ရန် အပ်နှံထားခဲ့ပြီးသား ဖြစ်သည်။ ဝါဂွမ်းစ ငါးကျင်းသာ အသုံးပြုပြီး ချုပ်လုပ်ထားတာ ဖြစ်သော်လည်း ဒါက အရည်အသွေး ပြည့်မီသော စောင်အသစ်တစ်ထည် ဖြစ်သည်။


“ငါ့ခယ်မအတွက် ဒီစောင်အသစ်ကို ခန်းဝင်ပစ္စည်းအနေနဲ့ ထည့်ပေးမယ်။ သူ့အတွက် ဒီဆပ်ပြာနှစ်တုံးကိုလည်း ငါ ပြင်ဆင်ထားတယ်။ အချိန်တန်ရင် သူနဲ့အတူ ဒါတွေကို ထည့်ပေးလိုက်ပါ။” လင်းချင်းဟယ်သည် ကျိုးအိမ်ဟောင်းသို့ စက်ဘီးစီးပြီး သွားရောက်ခဲ့ကာ အမေကျိုးရဲ့ လက်ထဲကို စောင်နှင့် သူမရဲ့ နေရာလွတ်ထဲမှ ထုတ်ယူထားသော ဆပ်ပြာနှစ်တုံးကိုလည်း တန်းထည့်ကာ ပြောလိုက်သည်။


“ဒီလောက် အများကြီး မလိုအပ်ပါဘူး။” အမေကျိုးသည် ကျိုးရှောင်မိန်ရဲ့ လက်ထပ်ထိမ်းမြားခြင်းအတွက် လင်းချင်းဟယ်က ခန်းဝင်ပစ္စည်းအဖြစ် ဒီလောက်ပေးလိမ့်မည် မမျှော်လင့်ထားခဲ့ပေ။


တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် စောင်တစ်ထည်ဖြစ်ဖြစ် ဆပ်ပြာနှစ်တုံးဖြစ်ဖြစ် ဒါတွေက စျေးပေါတဲ့အရာတွေ မဟုတ်ပဲ အကောင်းဆုံး ကုန်ပစ္စည်းများ ဖြစ်စကြသည်။


“ဒါက နည်းနည်းများတယ်။” အကြီးဆုံးမရီးက အနည်းငယ် စိတ်မသက်မသာဖြစ်စွာ မှတ်ချက်ပြုသည်။


“လောင်တရဲ့အမေနဲ့ ငါတို့က ဘယ်လိုလုပ်ပြီး ယှဥ်နိုင်မှာလဲ။ သူမလို နေထိုင်မှုမျိုးနဲ့ ငါတို့ နေထိုင်မှုမျိုးက မတူညီဘူးလေ။” ဒုတိယမရီးက ပြောသည်။


တတိယမရီးကတော့ နှုတ်ဆိတ်နေခဲ့သည်။


လင်းချင်းဟယ်သည် ဒုတိယမရီးကို စိုက်ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။ “နင့်မှာ ပြောချင်တာရှိရင် ပြောပစ်လိုက်။ နင့်ရဲ့ မနာလိုစိတ်ကို ဖုံးကွယ်မနေပါနဲ့။ နင့်ယောကျာ်းကို နင့်အတွက် ပိုက်ဆံရှာခိုင်းနိုင်မှ စကားပြော။ နင့်မှာ အဲ့လိုလုပ်နိုင်စွမ်း မရှိရင် ပါးစပ်ပိတ်ထား။”


ဒုတိယမရီးရဲ့ မျက်နှာဟာ ပျက်ယွင်းသွားပြီး ဤသို့ ပြောလိုက်သည်။ “စတုတ္ထခယ်မ၊ နင် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြောနိုင်တာလဲ။”


“ငါက ဘာဖြစ်လို့ မပြောနိုင်ရမှာပဲ၊ ဒါက လူစကားတွေပဲ၊ အချို့လူတွေရဲ့ ခွေးပါးစပ်က ထွက်တဲ့ အန်ချင်စရာကောင်းတဲ့ စကားတွေလောက် နားဝင်ဆိုးတာတွေကိုကျ နားထောင်နိုင်ပြီး ဒီလိုလူစကားတွေကျ နားမထောင်နိုင်ဘူးလား။” လင်းချင်းဟယ်က သူမကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် ကြည့်လိုက်သည်။


“နင် ရန်ဖြစ်ချင်နေတာလား။၊” ဒုတိယမရီးက သူမကို မဆိုင်းမတွ တွန်းထုတ်လိုက်သည်။


ဒုတိယမရီးက လင်းချင်းဟယ်ကို တော်တော်လေး မကျေမနပ် ဖြစ်နေသည်မှာ သိသာထင်ရှားသည်။


“အမေ၊ အကြီးဆုံးမရီး၊ တတိယမရီး၊ ရှင်တို့ အခု မြင်တယ်မလား။ ဒုတိယမရီးက ငါ့ကို အရင်ဆုံး ရိုက်တာနော်။” လင်းချင်းဟယ်သည် ဒီစာကြောင်းကို ပြောပြီးသည်နှင့် ဒုတိယမရီးအား မြေပြင်ပေါ်သို့ ကိုင်ပေါက်ချလိုက်သည်။


“ဘုန်း...” မြေပြင်ပေါ်မှာ အသံကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။


တစ်အိမ်လုံးရှိ အမျိုးသမီးတွေအားလုံး ကြက်သေ သေသွားသည်။ သူတို့ကိုပင် မပြောနဲ့၊ ဆေးပေါ့လိပ်ကြီး သောက်နေသော အဖေကျိုးတောင် အံ့အားသင့်သွားခဲ့တာ ဖြစ်လေသည်။


အမေကျိုးရဲ့ မျက်နှာအမူအရာဟာ စိတ်ရှုပ်ထွေးနေဟန်ပေါ်ပြီး အကြီးဆုံးမရီးနှင့် တတိယမရီးတို့လည်း ရုတ်တရတ် ထိတ်လန့်သွားခဲ့ကြသည်။


 “အားယိုး... သေလောက်အောင် နာလိုက်တာ။ စတုတ္ထရဲ့ ဇနီးက ငါ့ကို သတ်ဖို့ကြိုးစားနေတာလား။” ဒုတိယမရီးသည် မြေကြီးပေါ်မှာ လဲကျနေရင်း ညီးညူလိုက်သည်။ သူမ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသဖြင့် ပျားကဲ့သို့ တဝီဝီ ညီးညူနေခဲ့သည်။ သူမသည် သူမဖာသာသူမ ထတောင် မထနိုင်တော့ဘူး။


“ငါက နင့်ကို ဒုတိယမရီးလို့ခေါ်ပြီး မျက်နှာသာပေးခဲ့တယ်။ ဒါကို နင်က အမှုမထားပဲ မြှောက်ကြွမြှောက်ကြွ တကယ်လုပ်နေရဲတယ်ပေါ့။ နင်က ကျင်းဘယ်လောက်ပဲ ရှိတယ် ဆိုတာကို နင် မသိဘူးလား။ ငါ ကျိုးချင်းပိုင်ရဲ့ မိန်းမမို့ နင့်ကို တွန်းမလှဲနိုင်ဘူးလို့ ထင်နေတာလား။” လင်းချင်းဟယ်သည် သူမကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။


“မြန်မြန်၊ မြန်မြန် ဒုတိယချွေးမကို ထနိုင်ဖို့ ကူညီပေးကြပါဦး။” အမေကျိုးသည် သတိပြန်ဝင်ပြီး အလျင်အမြန် ဆော်သြလိုက်သည်။


အကြီးဆုံးမရီးနဲ့ တတိယမရီးတို့သည်လည်း အသိပြန်ဝင်လာကြပြီး ဒုတိယမရီးကို အလျင်အမြန် ကူညီပေးလိုက်ကြသည်။ အမေကျိုးက ညွှန်ကြားလိုက်သည်။ “သူမကို အခန်းထဲရောက်အောင် ကူညီပို့ပေးလိုက်ကြဦး။”


ဤသို့ဖြင့် လင်ညီအစ်မနှစ်ယောက်သားသည် ဒုတိယမရီးကို ကူတွဲရင်း လိုက်ပို့လိုက်ကြသည်။


လင်းချင်းဟယ်က ဒီကိစ္စကို ဂရုမစိုက်ပေ။ သူမသည် ဒုတိယမရီးရဲ့ မနာလိုရှုစိမ့်ပြောသည့် စကားများကို အချိန်အတော်အကြာ သည်းခံခဲ့ပြီးပြီ ဖြစ်သည်။ ဒီအချိန်မှာတော့ သူမ အရင်ဆုံး လက်ဦးမှုယူပြီး ရိုက်နှက်ခဲ့သည်။


သူမက လုပ်သင့်လုပ်ထိုက်တာကို လုပ်လိုက်တာ ဖြစ်သည်။


အကြီးဆုံးမရီးတို့ လင်ညီအစ်မ ပြန်ရောက်လာသောအခါ လင်းချင်းဟယ်သည် အမေကျိုးနှင့် အကြီးဆုံးမရီးတို့ လင်ညီအစ်မအား သူမ အရင်ပြောလက်စ စကားကို ဆက်ပြောခဲ့သည်။ “အမေ၊ ဒါတွေက ခယ်မလေးရဲ့ ခန်းဝင်ပစ္စည်းတွေအတွက်ပဲ၊ ကျွန်မ ဒါတွေကို ဒီမှာပဲ ထားခဲ့လိုက်မယ်။ အကြီးဆုံးမရီးနဲ့ တတိယမရီး၊ ရှင်တို့ ကျွန်မလို လိုက်ပေးဖို့ မလိုအပ်ပါဘူး။ ရှောင်းမိန်က မိသားစု တစ်ခုစီရဲ့ အခြေအနေက ဘယ်လိုလဲ ဆိုတာကို သူ သိပါတယ်။ ပေးချင်တဲ့စိတ်ရှိရင်ပဲ လုံလောက်ပါပြီ။ ငါ ရှောင်မိန်ရဲ့ အိမ်သစ်ကိုလည်း မြင်ပြီးပြီ။ အရာအားလုံး ပြည့်စုံတယ်။ ဒီလကုန်တာနဲ့ လူတိုင်း ခယ်မလေးကို ပျော်ပျော်ရွှင်ရွှင် အိမ်ထောင်ပြုပေးနိုင်ပြီ။ ဒီခန်းဝင်ပစ္စည်းတွေကြောင့် စိတ်မကောင်း မဖြစ်နေကြနဲ့။”


ဒီလိုပြောပြီးတာနဲ့ လင်းချင်းဟယ်သည် စိတ်အခြေအနေ ကောင်းမွန်စွာဖြင့် အိမ်ပြန်သွားခဲ့ကြသည်။


“အဟွတ်... အဟွတ်၊ ဒုတိယချွေးမ အဆင်ပြေလား။” ထိုအခါမှသာ အမေကျိုးသည် သူ့ချွေးမနှစ်ယောက်ဖက်သို့ လှည့်ကာ ပြောလိုက်သည်။


“သူမ အဆင်ပြေပါတယ်၊ နည်းနည်း နာနေရုံပါပဲ။” တတိယမရီး ပြန်ဖြေသည်။


အကြီးဆုံးမရီးကလည်း ခေါင်းငြိမ့်ထောက်ခံသည်။ သူမ အဆင်ပြေပေမယ့် ကိုင်ပေါက်ခံရတာ တကယ် နာကျင်မှာပဲ။


“ဒုတိယချွေးမကို ကောင်းကောင်းမွန်မွန် ပြုမူနေထိုင်ဖို့ ပြောလိုက်ဦး။ ဒီကိစ္စမှာ သူမ အစကတည်းက မှားယွင်းနေခဲ့တာ။ လောင်တရဲ့အမေကို သူ အရင်ဆုံး တွန်းထုတ်လိုက်တာကို လူတိုင်း မြင်တယ်။ ဘယ်သူမှ သူမကို အနိုင်ကျင့်တာ မဟုတ်ဘူး။” အမေကျိုးက ပြောဆိုညွှန်ကြားသည်။


အကြီးဆုံးမရီးနဲ့ တတိယမရီးတို့ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူတို့စိတ်ထဲမှ အတွေးတွေကတော့ သူတို့ယောက္ခမဟာ စတုတ္ထရဲ့ ဇနီးသည်နှင့် အဆင်မပြေ ဖြစ်နေပေမယ့် စတုတ္ထရဲ့ ဇနီးသည်ကို ဘက်လိုက်နေတုန်းပါပဲ။


အခန်းထဲမှ အပြင်သို့ ရောက်သည်နှင့် အကြီးဆုံးမရီးက အသက်ကို ဖြေးညင်းစွာ ရှုထုတ်ပြီး ပြောသည်။ “လောင်တရဲ့အမေက ဒီလိုမျိုး တိုက်ခိုက်နိုင်မယ်မှန်း ငါ လုံးဝ မသိခဲ့ဘူး။”


တတိယမရီးသည်လည်း အခုအချိန်မှာ ကြောက်လန့်နေမိသည်။ “အတူတူပဲ၊ လောင်တရဲ့အမေက အရမ်းသန်မာမှန်း ငါ မသိခဲ့ဘူးပဲ။”


ပခုံးပေါ်မှ ကိုင်ပေါက်ချလိုက်တာက တကယ်ပဲ သပ်ရပ် ရှင်းလင်းလှသည်။ တတိယမရီးသည် လင်းချင်းဟယ်က ဒုတိယမရီးနှစ်ယောက်ကိုပင် ကိုင်ပေါက်ချနိုင်သေးသည်ဟု ခံစားမိသည်။


ဆိုလိုတာက လောင်တရဲ့အမေက လူအနည်းငယ်နဲ့ တစ်ဦးတည်း ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည်။


“စတုတ္ထမတ်လေးဆီကနေ သူမ သင်ယူထားတာ ဖြစ်နိုင်လောက်တယ်နော်။” တတိယမရီးက မှတ်ချက်ပြုသည်။


“ငါလည်း အဲ့လိုထင်တယ်။” အကြီးဆုံးမရီးသည် အရင်က စတုတ္ထရဲ့ဇနီးသည်နှင့် မည်သည့် ပဋိပက္ခမှ မရှိခဲ့ဖူးသည့်အတွက် အလွန်ဝမ်းသာမိသည်။


တတိယမရီးသည် စတုတ္ထတို့မိသားစုနှင့် ဆက်ဆံရေးကောင်း ရှိသည့်အတွက် အလွန်ပျော်ရွှင်နေခဲ့သည်။


ချွေးမနှစ်ယောက် ထွက်သွားသည်နှင့် အမေကျိုးသည် အဖေကျိုးအား ကြည့်လိုက်ပြီး အဖေကျိုးကလည်း သူမကို ပြန်ကြည့်နေသည်။


“စတုတ္ထရဲ့ဇနီးက စတုတ္ထလေးဆီကနေ ဒါကို လေ့လာသင်ယူထားတာလား။” အမေကျိုးသည် မနေနိုင်ပဲ နှုတ်မှ လွတ်ခနဲ ထွက်သွားမိသည်။


အဖေကျိုးသည် စတုတ္ထလေးက သူမကို သင်ပေးထားသည်ဟု ယူဆထားသည်။ အမေကျိုးက မှတ်ချက်ပြုသည်။ “ရှင် ပြောကြည့်၊ ချင်းပိုင်က သူ့ဇနီးကို ဘာဖြစ်လို့ သင်ပေးတာ ဖြစ်နိုင်လဲ။”


“ဒါက အကြံကောင်းပဲလေ။” အဖေကျိုးက သူ့ရဲ့ ဆေးပေါ့လိပ်ကြီးကို ဆက်လက် သောက်သုံးနေရင်း တုံ့ပြန်ပြောဆိုသည်။


ဒီတစ်ကြိမ် တွေ့ကြုံပြီးနောက် ဒုတိယရဲ့ဇနီးသည်က စတုတ္ထရဲ့ဇနီးသည်ကို အလွယ်တကူ သွားထိရဲမှာ မဟုတ်တော့ဘူး။

 

အဖေကျိုးက ဘာမှ မပြောပေမယ့် သူက မသိနားမလည်ဘူးလို့ မဆိုလိုဘူး။ ဒီတစ်ခါမှာတော့ ဒီချွေးမနှစ်ယောက်က အချိန်အတော်ကြာအောင် စုဆောင်းထားသည့် မကျေနပ်ချက်တွေ စုပြုံရာမှ ပေါက်ကွဲထွက်သွားတယ်လို့ ခံစားရသည်။


ဘယ်သူက သန်မာလဲ၊ ဘယ်သူက အားနည်းလဲ ဆိုတာ အခု ထွက်ပေါ်လာခဲ့သည်။