အခန်း(၉၄)အငြင်းအခုန်မှာအနိုင်မယူနိုင်သလိုရန်ပွဲမှာလည်းအနိုင်မရရှိခဲ့ပါ
Viewers 43k

အပိုင်း (၉၄) - အငြင်းအခုံမှာ အနိုင်မယူနိုင်သလို ရန်ပွဲမှာလည်း အနိုင်မရရှိခဲ့ပါ


အမေကျိုးက အဖေကျိုးကို စူးစူးဝါးဝါး အကြည့်တစ်ချက်ပေးလိုက်သည်။


“သူတို့ကို စိတ်မဆိုးပါနဲ့၊ ဒီစောင်က အသစ်စက်စက်လို့ထင်တယ်” အဖေကျိုးက စောင်အသစ်ကို စစ်ဆေးသည်။


အမေကျိုး၏အာရုံက ပြောင်းသွားသည်။ “ဒါက အသစ်လုပ်ထားတာ။ တကယ်ကို စဉ်းစားစရာပဲ။”


ထို့နောက် “အဘိုးကြီး၊ ရှောင်းမိန်အတွက် ရည်ရွယ်ထားတဲ့ ခန်းဝင်ပစ္စည်း ဘယ်နှသေတ္တာလောက် ဘယ်လောက်လုပ်မလဲ”


“မင်းဆုံးဖြတ်လေ” အဖေကျိုးက ပြောသည်။


“ဒါဆို ငါးဆယ်ပေးမလား။” အမေကျိုးက ပြန်ဖြေသည်။


“အဲ့ဒါဆို နည်းနည်း နည်းတယ်မဟုတ်လား။” အဖေကျိုးက သူမကို စိုက်ကြည့်နေသည်။


အမေကျိုးက ပြောလိုက်သည်။ “ဘာ နည်းတာလဲ။ သူမနဲ့ တာ့လင်းတို့ နှစ်ယောက်လုံး အလုပ်အကိုင်နဲ့ ဝင်ငွေလည်းများတယ်။ လစဉ် ဝင်ငွေတွေ အများကြီး ရနိုင်တယ်လေ။ နောက်ဆုံးတော့ ရှောင်းမိန်ကလည်း သူ့မိသားစုနဲ့သူ ဖြစ်သွားပြီလေ။ ကျွန်မတို့ သူ့ဆီကနေ သူ့ရဲ့ လုပ်ခလစာ မရနိုင်တော့ဘူးလေ၊ ဒါနဲ့ ရှင် ဘယ်လောက်ထည့်ပေးဖို့ စဥ်းစားထားလဲ။”


“အဲဒီဘက်က လက်ဆောင်လေးခု ပေးခဲ့တယ်” ဟု အဖေကျိုးက ထောက်ပြသည်။


“အိမ်မှာ စက်ဘီးကိုပဲ လက်ခံပြီး ကျန်တာတွေ အကုန်ပြန်ပို့ပေးလိုက်မယ်လေ။ အဲ့တာဆို ကျွန်မတို့ ခန်းဝင်ပစ္စည်းအဖြစ် ဒီစောင်၊ ဆပ်ပြာ၊ ရေနွေးပုလင်းနဲ့ တခြားအရာတွေ ရှိသေးတယ်” အမေကျိုးက ပြောပြသည်။


အဖေကျိုးက မည်သည့်မှတ်ချက်မှ မပေးပေ။


အမေကျိုးက ဆက်ပြောသည်။ “လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့ရဲ့ အိမ်ထောင်ရေး အတွက် ကျွန်မတို့ ပိုက်ဆံစုဖို့ လိုနေသေးတယ်။ လောင်တရဲ့ အမေက ဘယ်လောက်တောင် အလွန်အကျွံ သုံးဖြုန်းလဲ ဆိုတာ ရှင် သိနေတာပဲ။ သူတို့ အများကြီး မတက်နိုင်လောက်ဘူး။ ကောင်လေးတွေ လက်ထပ်ရင် ဘယ်လိုလုပ်ရမလဲ။“


ဒီအချိန်မှာ အဖေကျိုးက ဘာမှ မပြောတော့ပေ။


သူ့သမီးက ဟိုမှာ ပိုက်ဆံပြတ်လပ်မှု မရှိတာတော့ အမှန်ပါပဲ။ ဒါ့ကြောင့် လောင်တနဲ့ သူ့ညီတွေအတွက် သိမ်းဆည်းထားရမည်။


အသက်ကြီး ဇနီးမောင်နှံသည် ဒုတိယချွေးမကို လျစ်လျူရှုထားသည်။ နောက်ဆုံးတော့ သူမက တိုက်ပွဲကို ပထမဆုံး စတင်ခဲ့သူဖြစ်သည်။ စတုတ္ထလေးဇနီးကို ဦးစွာတွန်းထုတ်လိုက်သည်ကို လူတိုင်းမြင်ကြသည်။ သူမ ကိုင်ပေါက်ခံလိုက်ရတာ ဘယ်သူ့ကို အပြစ်တင်နိုင်မလဲ။


ဒါပေမယ့် ဒုတိယအစ်ကိုက အပြင်ကပြန်လာတော့ နာကျင်စွာ ညည်းတွားနေရင်း အနွေးကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့ဇနီးသည်ကို တွေ့လိုက်ရသည်။


“ဘာလို့ ငိုနေတာလဲ” ဒုတိယအစ်ကိုက မေးသည်။


“သေစမ်း၊ ရှင့်မိန်းမက အရိုက်ခံနေရတဲ့အချိန် ရှင် ဘယ်သွားသေနေတာလဲ။” ဒုတိယမရီးက ချက်ချင်း ပြန်အော်လိုက်သည်။


 ဒုတိယအစ်ကိုက ပြောလိုက်သည်။ “အရိုက်ခံရတယ်။ ဘယ်သူက မင်းကိုရိုက်ရဲတာလဲ။”


“ဒါက စတုတ္ထလေးဇနီးပဲ၊ လင်းချင်းဟယ်က ငါ့ကို ရိုက်တယ်” လို့ ပြောရင်း ဒုတိယမရီးက အံကြိတ်လိုက်သည်။


“မင်း ငါ့ကို နောက်နေတာပဲ ဖြစ်ရမယ်။” ဒုတိယအစ်ကိုက မျက်မှောင်ကြုတ်လိုက်သည်။ “မင်းကို သူမ ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သူမရဲ့ နူးညံ့တဲ့ အသွင်အပြင်နဲ့ မင်းနဲ့ ဘယ်လို ရန်ဖြစ်ရမလဲဆိုတာတောင် သိနိုင်ပါ့မလား။ မင်း နှစ်ခါလောက် တွန်းလိုက်တာနဲ့ သူမကို အနိုင်ယူဖို့ လုံလောက်တယ်။”


ဒုတိယမရီးက ဒေါသတကြီးနဲ့ ပြောလိုက်သည်။ “ရှင် ဘယ်သူ့ဘက်ကလဲ။ ရှင့်ဇနီးက လင်းချင်းဟယ် ရိုက်နှက်တာကို ခံခဲ့ရတယ်။ အဖေ၊ အမေနဲ့ တခြားမရီးတွေကလည်း မြင်တယ်။ ရှင် ကျွန်မကို မယုံရင် သူတို့ကို မေးလို့ရတယ်။ ကျိုးချင်းလင် ကျွန်မ ရှင့်ကိုပြောလိုက်မယ်။ လင်းချင်းဟယ်နဲ့ ကျွန်မကြား ဒီကိစ္စက မပြီးသေးဘူး။ ရှင့်ရဲ့ ကျိုးမိသားစုဟောင်းက သူမကို အပြစ်မပေးဘူးဆိုရင် ငါ့မိဘအိမ်ဆီ ပြန်ပြီး တရားမျှတမှု ရှာဖွေခိုင်းလိုက်မယ်။ ငါ့အစ်ကိုတွေက ငါ့ကို ရိုက်နှက်တာကို သဘောတူမှာ မဟုတ်ဘူး။”


ဒုတိယအစ်ကိုဖြစ်သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက အပြင်သို့ ပြန်ထွက်လာပြီး အကြီးဆုံး မရီးနဲ့ တတိယ ခယ်မကို မေးသည်။ “အကြီးဆုံး မရီး၊ တတိယ ခယ်မ ဘာဖြစ်တာလဲ၊ စန်းနီရဲ့ အမေက သူ့မိခင်ဖက် အိမ်ဆီ ပြန်မယ်လို့ အတင်းအကြပ် ပြောနေတယ်။“


“အမှန်အတိုင်းပြောရရင်တော့ လောင်တရဲ့အမေကို အရင်စတွန်းတာက စန်းနီရဲ့အမေပဲ” အကြီးဆုံးမရီးက ရိုးရိုးသားသားဖြေသည်။


“အဲဒီအချိန်တုန်းက အဖေနဲ့အမေတို့ အားလုံးရှိတယ်။ ဒုတိယယောင်းမက လောင်တရဲ့အမေကို အရင်တွန်းတယ်၊ ပြီးတော့ လောင်တရဲ့အမေက သူမကို ကိုင်ပေါက်ပစ်လိုက်တာပဲ။” တတိယခယ်မက ဆက်ပြောသည်။


“ကိုင်ပေါက်လိုက်တာလား။“ ဒုတိယအစ်ကို အံ့ဩသွားသည်။


 “စတုတ္ထမတ်လေး သင်ပေးထားတာ ဖြစ်နိုင်တယ်” တတိယခယ်မက ပြန်ပြောသည်။


“ဘာလဲ၊ နင့်မိန်းမက ဝုန်းဒိုင်းကြဲနေတာလား။” ထိုအချိန်တွင် အမေကျိုးက အခန်းထဲမှ ထွက်လာပြီး ဒုတိယအစ်ကိုကို ကြည့်လိုက်သည်။


“အမေ၊ စန်းနီရဲ့အမေက လောလောဆယ် သူ့အမေအိမ်ကို ပြန်သွားပြီး တရားမျှတမှု ရှာဖွေပေးဖို့ သူ့အစ်ကိုတွေကို ပြောဖို့ စိတ်ကူးနေတယ်” လို့ ဒုတိယအစ်ကိုက အလျင်စလို ရှင်းပြသည်။


“ကောင်းပြီ၊ သူမကို ပြန်သွားခိုင်းလိုက်။ ငါ့ရဲ့ ကျိုးမိသားစုဟောင်းက အနိုင်ကျင့်ဖို့ လွယ်လား ကြည့်ရအောင်။ သွားပါစေ၊ ငါ့အိမ်ကနေ အခုချက်ချင်း ဆင်းသွားပါစေ။” အမေကျိုးသည် ထိုစကားကိုကြားသောအခါတွင် သူမရဲ့ မျက်နှာဟာ တင်းမာသွားပြီး ဒုတိယချွေးမအခန်းဆီသို့ လှမ်းအော်လိုက်သည်။


“အမေ၊ ကျွန်မ ဒီလို အရိုက်ခံခဲ့ရတာကိုတောင် အမေက သူမအပေါ် မျက်နှာသာပေးနေတုန်းပဲ၊ ကျွန်မတို့ကရော ရှင့်ရဲ့ချွေးမ မဟုတ်လို့လား။” ဒုတိယချွေးမက ဒေါသတကြီး ပြန်ပြောသည်။


“ဒါဆို နင့်ကို ငါမေးမယ်။ ဒီနေ့ နင့်ကို ကိုင်ပေါက်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူက အရင် ရန်စတာလဲ၊ ဒီနေ့ကိစ္စမှာ ဘယ်သူက လက်အရင်ပါတာလဲ” လို့ အမေကျိုးက မေးခွန်းထုတ်သည်။


ဒုတိယချွေးမက နှုတ်ဆိတ်နေသည်။


“အသက်ကြီးလာတာနဲ့အမျှ ပြဿနာရှာဖို့ပဲ စဥ်းစားနေတယ်။ နင့်ရဲ့ ချန်မိသားစုဟောင်းက အစ်ကိုတွေကို သွားရှာရင်တောင် သူတို့က နင့်ဖက်ကနေ ဘယ်လိုရပ်တည်ပေးနိုင်မှာလဲ။ နင်က အရင်ရန်စတယ်၊ နင်ပဲ အရင်တွန်းလိုက်တာ မဟုတ်ဘူးလား။ နင့်ရဲ့ပါးစပ်ကို သုံးပြီး ရန်စလို့ မနိုင်တော့ နင့်လက်ကို သုံးတယ်လေ။ နင် အရင် လက်ပါပြီး အနိုင်မရတာနဲ့ နင်က အနိုင်ကျင့်ခံရတယ်လို့ ပြောတယ်။ နင့်ကိုယ်နင် မှန်တယ်လို့ ထင်နေတုန်းပဲလား။ နင် စိတ်မကျေနပ်ရင် နင့်ပစ္စည်းတွေကို ထုပ်ပိုးပြီး နင့်ရဲ့ ချန်အိမ်ဟောင်းကို ပြန်သွားလိုက်။ နင့်အမေ ငါ့ကို လာပြီး အပြစ်တင်ရင်တော့ သူ့သမီးကို ဘယ်လို သင်ပေးလိုက်တာလဲ ဆိုတာကို ငါ မေးခွန်းထုတ်မှာပဲ။” အမေကျိုးက ပြစ်တင်ရှုတ်ချသည်။


နောက်တော့ ဒုတိယချွေးမက စကားမပြောရဲတော့ဘူး။


“နင်တို့ အခန်းထဲကို ပြန်သွားတော့၊ နင့်မိန်းမကို သေချာပြောထား၊ တစ်နေကုန် မဟုတ်မမှန်တဲ့ စကားတွေကိုပဲ ပြောတတ်ပြီး တခြားလူတွေဖက် လုံးဝထည့်မတွက်ဘူး။” အမေကျိုးကလည်း ဒုတိယအစ်ကိုကိုပါ အပြစ်တင်ခဲ့သည်။


ဒုတိယအစ်ကိုလည်း အရှက်တကွဲ အကျိုးနည်းဖြစ်ပြီး သူ့အခန်းထဲကို ပြေးဝင်သွားခဲ့သည်။ ဒုတိယအစ်ကိုက သူ့ဇနီးကို စိတ်တိုစွာ အော်ငေါက်လိုက်သည်။ “မင်း ဘာဖြစ်လို့ အမြဲတမ်း ပြဿနာပဲ ရှာနေရတာလဲ။ မင်းက ငါ့အမေ ငါ့ကို အပြစ်တင်အောင် လုပ်လိုက်သေးတယ်။” 


ဒုတိယချွေးမက ဒေါသတကြီး လှည့်၍ ငိုသည်။


တရားမျှတမှု မရှိဘူး။ အရိုက်ခံရသူက သူမဖြစ်နေတာကိုတောင် သူမအပြစ်ဖြစ်နေတုန်းပဲလား။


အခြားတစ်ဖက်တွင် လင်းချင်းဟယ်က ဒုတိယမရီးရဲ့ မိသားစုဘက်က အပြစ်ရှာရင် ရင်ဆိုင်ဖို့အတွက် အဆင်သင့် ပြင်ဆင်ထားသည်။ ဒါပေမယ့် သူမ တစ်နေကုန်အောင် စောင့်ဆိုင်းနေခဲ့ပေမယ့် ဘယ်သူမှ မရောက်လာခဲ့ပေ။


သူမ အမြင်အရတော့ ဒုတိယမရီးက အမေကျိုးရဲ့ ဖိနှိပ်တာကို ခံခဲ့ရတာ ဖြစ်နိုင်တယ်။


နောက်တစ်နေ့တွင် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထင်းရှာရန် တောထဲသို့ လွှတ်လိုက်သည်။


ယခုနှစ်ပိုင်းတွင် အိမ်ထောင်စုများကို လောင်စာ အများအပြား ချထားပေးခဲ့သော်လည်း လုံလောက်မှု မရှိသဖြင့် ထင်းများ ပိုမိုလိုအပ်လာသည်။


စက်ဘီးလေး စီးပြီး ထင်းတစ်စည်း၊ နှစ်စည်းနဲ့ ပြန်လာရတာ လွယ်သည်။


ကျိုးချင်းပိုင် အိမ်တွင် ပြန်ရောက်နေပြီ ဖြစ်သောကြောင့် သဘာဝအတိုင်း ကျိုးတုန်ကို မလိုအပ်တော့ပေ။ ယခုနှစ်တွင် ကျိုးတုန်နဲ့ ကျိုးရှီတို့ မောင်နှမသည်လည်း အစားအစာများစွာ ရရှိခဲ့သည်။ သူတို့ နေထိုင်စားသောက်ဖို့ လုံလောက်ခဲ့ပါတယ်။


ကျိုးချင်းပိုင်သည် သူ့ဇနီးက တစ်စုံတစ်ဦးကို ရိုက်နှက်ခဲ့တဲ့ အကြောင်းကိစ္စကို မသိသေးသော်လည်း အိမ်တွင် ထင်းသုံးစွဲဖို့ ပြတ်လပ်နေသဖြင့် နေ့လည်စာစားပြီးနောက် ထင်းရှာဖွေရန် ထွက်ခဲ့သည်။


လင်းချင်းဟယ်က ကန်စွန်းဥမန်ထိုလုပ်ရန် ကန်စွန်းဥကို စတင်ပြုတ်ခဲ့သည်။


ဒီတစ်ခါမှာတော့ အိမ်မှာ ကန်စွန်းဥတွေ အများကြီးရှိသည်။ ကန်စွန်းဥမန်ထို ပြုလုပ်ဖို့အတွက် အထူးသင့်လျော်သည်။ အခုနှစ်က တစ်နေ့ထက်တစ်နေ့ ပိုအေးလာပြီး ဒီနေ့တော့ အအေး နည်းနည်း ပိုတိုးလာသည်။


ကန်စွန်းဥမန်ထိုတွေကို များများ ပြုလုပ်ခဲ့ပေမယ့် မကုန်မှာကိုတော့ စိုးရိမ်စရာ မလိုအပ်ဘူး။


ကန်စွန်းဥမန်ထို ပြုလုပ်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ‌ကောင်လေးတွေဟာ ကန်စွန်းဥကို ဒီအတိုင်းစားရတာကို မကြိုက်သောကြောင့် ဖြစ်သည်။


ဒါပေမယ့် ကန်စွန်းဥတွေက အိမ်မှာ အများကြီးရှိနေတယ်။ သူမနှင့် ကျိုးချင်းပိုင်သာ စားလျှင် ဘယ်လောက်ကြာကြာ စားရမည်ကို မည်သူသိမည်နည်း။ ဒါ့ကြောင့် ကန်စွန်းဥကို မန်ထိုအဖြစ် ပြောင်းတာက အကောင်းဆုံး ဖြစ်သည်။


ကောင်လေးတွေက ကန်စွန်းဥမန်ထိုကို စားသောက်ရန်အတွက်မူ သူတို့အတွက် လက်ခံရန် ပို၍လွယ်ကူသည်။


ကျိုးချင်းပိုင်က မနက် ၇ နာရီမှာ စက်ဘီးစီးပြီး ထင်းရှာရန် ထွက်သွားခဲ့ကာ နေ့လည် ၁၁း၃၀ အထိ အလုပ်လုပ်နေခဲ့သည်။ လင်းချင်းဟယ်က ထိုအချိန်တွင် ကန်စွန်းဥမန်ထိုတွေ အများကြီး ပြုလုပ်ခဲ့ပြီးသွားပြီ ဖြစ်သည်။ 


 “အမေ၊ ဘာဖြစ်လို့ ကန်စွန်းဥမန်ထိုတွေ အများကြီး လုပ်ရတာလဲ” လောင်တက မနေနိုင်ဘဲ မေးမိသည်။


“မင်း မနက်က ဘယ်သွားတာလဲ။ လောင်အာ့နဲ့ လောင်စန်းတို့တောင် အိမ်မှာ မီးကူထိုးပြီး ကြက်စာကျွေးဖို့ သိတတ်သေးတယ်။ မင်းက ဘာမှမလုပ်ဘဲ ကစားဖို့ပဲ သိနေရလား။” လင်းချင်းဟယ်က ပြောသည်။


“ဟုတ်ကဲ့ ... ကျွန်တော် မသိတတ်မိဘူး။ နောက်တစ်ခါကျရင် ကျွန်တော်လည်း ကူညီပေးပါ့မယ်။” ကျိုး‌လောင်တက သူ့အမှားကို ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။


“မင်းရဲ့အမှားကို မင်းသိပေမယ့် မင်းက အမှားကျူးလွန်ခဲ့ပြီးပြီဆိုတော့ လောင်အာ့နဲ့ လောင်စန်းကို အမေ သကြားလုံးတစ်လုံးစီ ဆုချခဲ့တယ်။ မင်း မကျေမနပ် မဖြစ်ရဘူး။ မင်းမှာ စောဒက တက်စရာရှိလား။” လင်းချင်းဟယ်က ကျိုးလောင်တကိုကြည့်ရင်း ဤသို့ပြောဆိုကာ လောင်အာ့နဲ့ လောင်စန်းတို့အား နို့သကြားလုံးနှစ်လုံး ဝေငှခဲ့သည်။


“မရှိပါဘူး” ကျိုးလောင်တက တစ်ချက်ကြည့်ပြီး ရယ်မောလိုက်သည်။


“ပြုံးစိစိနဲ့ ရယ်နေသေးတယ်ပေါ့၊ မင်းကို အပြစ်ပြင်းပြင်းထန်ထန် မပေးလို့ မခန့်တာလား။” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်ပြီး သူ့ကို လျစ်လျူရှုထားခဲ့သည်။


လင်းချင်းဟယ်တို့ မိသားစုဟာ နေ့ခင်းဘက်မှာတော့ ကန်စွန်းဥမန်ထို၊ ဟင်းသီးဟင်းရွက် ဆားရည်စိမ်နဲ့ တွဲဖက်ထားတဲ့ ဝက်အူချောင်းကြော်နဲ့ ဝက်ခေါင်းစွပ်ပြုတ်တို့ကို စားသောက်ခဲ့ကြသည်။


အဲ့တာက အကုန် မဟုတ်သေးပါဘူး။ ထိုနေ့က နှမ်းစေ့ဖြူးထားတဲ့ ဝက်ဝမ်းတွင်းသားဟင်းကိုပါ စားသောက်ခဲ့ပေမယ့် ကျန်တဲ့အသားတွေကိုတော့ မစားဖြစ်သေးပါဘူး။ သူတို့ဟာ ဝက်သားတွေ အများကြီး ကျန်နေပါသေးသည်။


ထို့အပြင် သူမက ဆန်ပြုတ် တစ်ချို့ ချက်ထားပြီး ရေအစားထိုး သောက်စေခဲ့သည်။