အခန်း(၉၅)သတို့သမီးလောင်းအိမ်ပြန်လည်ခြင်း
Viewers 38k

အခန်း (၉၅) - သတို့သမီးလောင်း အိမ်ပြန်လည်ခြင်း


ကျိုးချင်းပိုင်သည် နေ့လည်တစ်နာရီလောက်မှ ထင်းအပြည့်ဖြင့် အိမ်ပြန်ရောက်လာခဲ့သည်။ ထင်းစည်း အနည်းဆုံး လေး၊ ငါးစည်းခန့် ရှိလေသည်။


“ရှင် ဗိုက်ဆာနေလောက်ရောပေါ့။ မြန်မြန်လေး လာစားလှည့်။ ကျွန်မ ရှင့်အတွက် ဟင်းတွေ နွှေးပေးထားမယ်။” လင်းချင်းဟယ် ပြောသည်။


“ဆောင်းမဝင်ခင် ဒီရက်ပိုင်းမှာ ကိုယ် ထင်းများများ ရှာထားရမယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်ရင်း ပြောသည်။


ထင်းစည်းတွေကို စက်ဘီးဖြင့် ပြန်သယ်လာတာ ဖြစ်သည့်အတွက် အများကြီး သယ်လာနိုင်သည်။ အကြိမ်ရေ အနည်းငယ်လောက် တောင်ပေါ်တက်လိုက်လျှင် ဆောင်းတွင်းအတွက် ထင်းအလုံအလောက် ရရှိနိုင်သည် ဖြစ်သည့်အတွက် လင်းချင်းဟယ်က ကန့်ကွက်ခြင်း မရှိပေ။ သူမသည် မန်ထိုတွေနဲ့ ဟင်းလျာတွေကို နွှေးလိုက်သည်။


လင်းချင်းဟယ်က သူ့အတွက် ဟင်းလျာတွေကို နွှေးပေးနေသည့်အချိန်တွင် ကျိုးချင်းပိုင်က ထင်းတွေကို အိမ်နောက်ဖေးမှာ သွားထားနေသောကြောင့် လင်းချင်းဟယ် နောက်မှ လုပ်စရာ မလိုအပ်တော့ဘူး။


ကျိုးချင်းပိုင်က ဗိုက်ဆာနေပြီး သူ့ရဲ့ အစာစားချင်စိတ်ကလည်း မြင့်မားလေသည်။ သူ ခြေရေလက်ရေ ဆေးပြီးသည့်အချိန်တွင် လင်းချင်းဟယ်ကလည်း ဟင်းတွေကို နွှေးပြီး၍ ထမင်းပွဲ အဆင်သင့် ပြင်ဆင်ထားပြီ ဖြစ်သည်။


“ရှင် ခဏလောက် အနားယူဦး။ အိမ်မှာ လုပ်စရာ မရှိတော့ဘူး။” လင်းချင်းဟယ်က တိုက်တွန်းပြောဆိုသည်။


ကျိုးချင်းပိုင် သဘောတူလိုက်သည်။


ကျိုးချင်းပိုင်သည် အခုထိ သူ့ဇနီး ရန်ဖြစ်လာတာကို မသိသေးပေ။ နောက်တစ်နေ့ ထင်းအရှာထွက်သည့်အချိန်တွင် သူ့ကို ဒုတိယအစ်ကိုက တားမြစ်ပြီး ငြီးတွားပြောဆိုသည့်အချိန်မှ သူ ဒီအကြောင်းကို သိလိုက်ရသည်။


“ဒီကိစ္စကို ကျွန်တော် မသိသေးဘူး၊ ဒါ့ကြောင့် ကျွန်တော် အစ်ကို့ကို ဘယ်လို ရှင်းပြချက်မှ မပေးနိုင်သေးဘူး။ ကျွန်တော် ပြန်လာတဲ့အခါကျမှ ဒီအကြောင်းကို ကျွန်တော်တို့ ပြောကြရအောင်။” ကျိုးချင်းပိုင်က ဤသို့ ပြောပြီးနောက် ထင်းအရှာထွက်ရန် စက်ဘီးနင်းသွားခဲ့သည်။


နေ့လည်ခင်း သူ အိမ်ပြန်ရောက်တော့ သူ မျက်နှာသစ်နေရင်း သူ့ဇနီးသည်အား ရန်ဖြစ်တဲ့ကိစ္စနှင့် စပ်လျဥ်း၍ အကျိုးအကြောင်း မေးမြန်းလိုက်သည်။

 

“ဘယ်လို... သူက ရှင့်ကို လာတိုင်ဖို့ သတ္တိရှိနေတာလား။ ဒုတိယမရီးက ကျွန်မကို အရင်ဆုံး ရန်စကားပြောတဲ့သူပဲ။ ပြီးတော့ သူမက အရင် လက်ပါခဲ့တာ၊ အဲ့တာကိုတောင် သူတို့က တိုင်တန်းရဲသေးတယ်ပေါ့လေ။” လင်းချင်းဟယ်က နှာခေါင်းရှုံ့သည်။

 

“သူမက မင်းကို ရိုက်တာလား။” ကျိုးချင်းပိုင် မေးသည်။


လင်းချင်းဟယ်က သူ့ရဲ့ အာရုံစိုက်ရာကို သတိပြုမိပြီး ချက်ချင်းပင် စိတ်တိုနေတာတွေ ‌ပျောက်သွားသည်။ သူမက ပီတိပြုံးဖြင့် စကားဆိုလိုက်သည်။ “ကျွန်မက အဆင်ပြေပါတယ်။ ဒုတိယမရီးက ကျွန်မကို နည်းနည်းလေး တွန်းလိုက်တာနဲ့ ကျွန်မ သူမကို ကိုင်ပေါက်ပစ်လိုက်တာပဲ။”


ထို့နောက် ထပ်ပြောသည်။ “အဲ့ဒီအချိန်တုန်းက အဖေ၊ အမေနဲ့ နောက်ထပ်မရီးတို့နှစ်ယောက်လည်း အဲ့ဒီနေရာမှာ ရှိနေတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မမှာ သက်သေတွေ အများကြီး ရှိတယ်။ သူမရဲ့ ချန်မိသားစုက ရောက်လာပြီး ကျွန်မကို အပြစ်တင်ရင်တောင် ကျွန်မ သူတို့ကို မောင်းထုတ်လို့ ရတယ်။”


ကျိုးချင်းပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “သူတို့ တကယ်ပဲ လာရောက် အပြစ်တင်ဝံ့ရင် မင်း လုပ်စရာ မလိုဘူး။”


လင်းချင်းဟယ်က သူရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကို နားလည်သည့်အတွက် သူ့ကို ခပ်ပြုံးပြုံးလေး ကြည့်လိုက်သည်။ ကျိုးချင်းပိုင်က နူးညံ့သော အကြည့်တစ်ခု ပြန်ပေးပြီး ပြောလိုက်သည်။ “နောင်အနာဂတ်မှာ ဘယ်အကြောင်းကိစ္စမဆို ကိုယ့်ကို ချက်ချင်း ပြော။ ကိုယ် စိတ်မဆိုးဘူး။”


“ကောင်းပါပြီရှင်” လင်းချင်းဟယ်က ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။ “တကယ်‌တော့၊ ကျွန်မ ဒီကိစ္စကို အလေးအနက် မထားချင်ပါဘူး။ သူမက ကျွန်မကို ရန်စနေတာ တော်တော်ကြာပြီ။ ကျွန်မလည်း သူမကို သဘောမကျတာ တော်တော်ကြာနေပြီ။ မနေ့က ရန်ပွဲကတော့ ကျွန်မကို တော်တော်လေး စိတ်ကျေနပ်စေခဲ့တယ်။”


ကျိုးချင်းပိုင် “...” ထိုအခိုက်အတန့်မှာ သူ့ဇနီးကို ကြည့်လိုက်သည့် သူ့အကြည့်တွေမှာ အနည်းငယ် ကူကယ်ရာမဲ့ဟန်များ ပါဝင်နေလေသည်။


ကျိုးချင်းပိုင်သည် ဒီရန်ပွဲမှာ သူ့ဇနီးက မလွန်သဖြင့် အပြစ်မတင်သင့်မှန်းကို သိသောကြောင့် သဘာဝကျစွာပင် ဒုတိယအစ်ကိုကို လျစ်လျူရှုထားလိုက်သည်။ ဒီကိစ္စနှင့် ပတ်သက်၍ ဒုတိယအစ်ကို လာရောက်ညီးညူရုံသာ တတ်နိုင်သည်။ အမှန်တကယ် သူ ပြောချင်တဲ့ အကြောင်းအရာကတော့ မင်း မင်းဇနီးကို ဘာဖြစ်လို့ တိုက်နည်းခိုက်နည်း သင်ပေးရတာလဲ ဆိုတာကိုပင် ဖြစ်သည်။


သို့သော် သူ ပြောချင်သည့် အဓိကအချက်ကို မပြောရသေးခင် ကျိုးချင်းပိုင်က သူ့ကို လျစ်လျူရှုထားခဲ့သည်။ ဒီကိစ္စက ဒီလိုနဲ့ ပြီးဆုံးသွားခဲ့သည်။


ကျိုးချင်းပိုင်သည် ဒီရက်ပိုင်းအတွင်း အလုပ်များနေခဲ့သည်။ ဆောင်းတွင်းအတွက် သူတို့မိသားစု လိုအပ်နေသော ထင်းများကို အလုံအလောက် ရရှိရန် သူ ပြင်ဆင်ထားခဲ့သည်။


သူ ထင်းတွေ စုဆောင်းပြီးတာနဲ့ ဆောင်းဝင်လာခဲ့သည်။


ထို့အပြင် နှင်းပွင့်တွေဟာ မြေပြင်တစ်လျှောက် အမြောက်အများ ပြည့်နှက်နေခဲ့သည်။


နိုဝင်ဘာလကုန်လောက်မှာ ကျိုးရှောင်မိန်က လက်ထပ်ထိမ်းမြားခဲ့သည်။ တစ်မိသားစုလုံး သူမကို လိုက်ပါပို့ဆောင်ပေးခဲ့သည်။ ရာသီဥတုက အရမ်းအေးပြီး နှင်းပွင့် ကျဆင်းနေဆဲ ဖြစ်သောကြောင့် လက်ထပ်ပွဲနှင့် စပ်လျဥ်းသည့် ကိစ္စရပ်များမှာ ရိုးရှင်းလှသည်။


တင်တောင်းပစ္စည်းများကို ပြန်လည်ပေးအပ်ခဲ့ပြီး စက်ဘီး တစ်စီးကိုသာ ယူထားခဲ့သည်။ ကျန်တဲ့ပစ္စည်းများကို ခဏလောက် အမြင်ကောင်းအောင် ပြသရုံ ပြသထားပြီးနောက် ပြန်လည်ပေးအပ်ခဲ့သည်။ 


ဧည့်ခံပွဲကို စုတာ့လင်းရဲ့ အိမ်၌ ကျင်းပခဲ့သည်။ ကျိုးချင်းပိုင်တို့ ညီအစ်ကိုတွေက ထိုဧည့်ခံပွဲကို တက်ရောက်ခဲ့ကြသော်လည်း လင်းချင်းဟယ်နဲ့ ကလေးတွေကတော့ မတက်ရောက်တော့ပေ။


ကျိုးရှောင်မိန်သည် လင်းချင်းဟယ်ထံမှ လက်ဆောင်ရရှိသော စောင်တစ်ထည်နှင့် ဆပ်ပြာနှစ်တုံးကို တကယ့်ကို သဘောကျ နှစ်ခြိုက်ပြီး အထူးသဖြင့် ဆပ်ပြာနှစ်တုံးကိုပေါ့။ ထိုဆပ်ပြာနှစ်တုံးသည် အသုံးပြုရလွယ်ကူပြီး အရမ်းမွှေးကြိုင်လှသည်။


အကြီးဆုံးယောင်းမက ကြွေရည်သုတ်ခွက် တစ်စုံကို လက်ဆောင်ပေးခဲ့ပြီး တတိယယောင်းမကတော့ မျက်နှာသုတ်ပဝါ နှစ်ထည်ကို လက်ဆောင် ပေးခဲ့သည်။ ဒုတိယယောင်းမကတော့ တကယ့်ကို ရှက်စရာ ကောင်းလောက်အောင်ပင် မည်သည့် လက်ဆောင်ကိုမျှ မပေးခဲ့ချေ။


သူမကို ဘယ်သူကမှ ဝေဖန်ပြောဆိုခြင်း မရှိကြဘူး၊ ဒီလိုအသေးအမွှားကိစ္စအတွက် အဆင်မပြေ မဖြစ်ချင်ကြဘူး။ အဆုံး၌ ဒီဧည့်ခံပွဲတွင် အားလုံး ပါဝင်သည်ဖြစ်စေ မပါဝင်သည်ဖြစ်စေ ကွဲပြားမှု မရှိပါချေ။


မင်္ဂလာပွဲပြီး သုံးရက်အကြာတွင် ကျိုးရှောက်မိန်သည် စုတာ့လင်းနှင်အတူ အိမ်ပြန်လာခဲ့ကြသည်။


သူတို့သည် မိသားစု သုံးစုအတွက် လက်ဆောင်ပစ္စည်းများ ပြန်လည်သယ်ဆောင်လာခဲ့ကြသည်။ လင်းချင်းဟယ်တို့အတွက် နို့မှုန့်ဗူး တစ်ဗူးနဲ့ ယုန်ဖြူသကြားလုံးကြီး နှစ်ထုပ် ရရှိခဲ့ကြသည်။ သူတို့သည် ကျိုးမိသားစုအိမ်ဟောင်းသို့ မသွားခင် လင်းချင်းဟယ်တို့အိမ်ဖက်ကို အရင်လာပြီး လက်ဆောင်များကို အရင်ပေးအပ်ခဲ့ကြသည်။


အကြီးဆုံးယောင်းမနဲ့ တတိယယောင်းမတို့ကလည်း ယုန်ဖြူသကြားလုံးကြီး တစ်ထုပ်စီ ရရှိခဲ့ကြသည်။ ပြီးတော့ ဒုတိယယောင်းမကတော့ ဘာမှ မရရှိခဲ့ဘူး။


ကျိုးရှောင်မိန်သည် ယဥ်ကျေးပျူငှာသော လူတစ်ယောက် မဟုတ်ပေ။ ယောင်းမတွေနဲ့ ပတ်သက်လျှင် သူမအပေါ် ကောင်းသည့်သူများကို ပြန်လည်ကောင်းမွန်ခဲ့ပြီး သူမအပေါ် သဘောထား မကောင်းမွန်သည့်သူအတွက်မူ အလွန်ရှင်းလင်းစွာ ဆက်ဆံတတ်သည်။


ဥပမာအားဖြင့် ဒုတိယယောင်းမသည် သူမအပေါ် မကောင်းမွန်သည့်အပြင် ခန်းဝင်လက်ဆောင် နည်းနည်းလေးတောင် မပေးခဲ့သည့်အတွက် သူမကို လေးစားမှုလည်း ပြန်မပေးနိုင်ဘူး။


တကယ်တော့ ကျိုးရှောင်မိန်သည် သူမရဲ့ စတုတ္ထယောင်းမဖြစ်သူ အခြေအနေ ကောင်းမွန်ကြောင်းကို သိရှိထားပြီး၊ အခြားယောင်းမသုံးယောက်အတွက်ကတော့ သူမ မျှော်လင့်ထားသလို သူမတို့ လက်ဆောင်ပေးနိုင်သည့် ပမာဏမှာ အနည်းနှင့် အများ ထပ်တူညီကြသည်။


ဥပမာအားဖြင့် အကြီးဆုံးယောင်းမရဲ့ ကြွေရည်သုတ်ခွက်နဲ့ တတိယယောင်းမရဲ့ မျက်နှာသုတ်ပဝါတို့က သိပ်အဖိုးမတန်ဘူး။ သူတို့မှာ ငွေကြေးဥစ္စာ မကြွယ်ဝသည့်အတွက် သူတို့ တတ်နိုင်သလောက်လေးဖြင့် သိတတ်မှု ဖော်ပြခဲ့ကြတာပဲ၊ မဟုတ်လား။


ဒုတိယယောင်းမကတော့ ဘာမှ မပေးခဲ့သည့်အတွက် သူမက ဘာဖြစ်လို့ လက်ဆောင် ပြန်ပေးရမှာပဲ။ စုတာ့လင်းက အခြေအနေ ပိုကောင်းမွန်အောင် နားချခဲ့ပေမယ့် သူမရဲ့ ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားခဲ့သည်။


ကျိုးမိသားစုအိမ်ဟောင်းကို အလည်အပတ် ရောက်ရှိပြီးနောက် ကျိုးရှောင်မိန်သည် စုတာ့လင်းကို သူမရဲ့ စတုတ္ထအစ်ကိုနဲ့ စတုတ္ထယောင်းမတို့အိမ်ကို အလည်ခေါ်သွားခဲ့သည်။


စုတာ့လင်းသည် ကျိုးချင်းပိုင်နှင့် ဧည့်ခန်းထဲမှာ စကားစမြည် ပြောဆိုနေခဲ့ကြစဥ် လင်းချင်းဟယ်သည် ကျိုးရှောင်မိန်ကို အိမ်အတွင်းခန်းသို့ ခေါ်သွားခဲ့သည်။


“နင့်ရဲ့ အသွင်အပြင်ကို လေ့လာကြည့်ရသလောက် နင့်ရဲ့ အသားအရေက ရေဓာတ်ပြည့်ဝနေတာပဲ။ နင့်ရဲ့ မျက်နှာလေးက ဖြူဖွေးပြီး နှင်းဆီရောင်သန်းနေတယ်။” သူတို့ အခန်းထဲသို့ ရောက်ရောက်ချင်းမှာပင် လင်းချင်းဟယ်က ကတ်သီးသတ်သတ်နိုင်သော အကြောင်းအရာဖြင့် စကားစပျိုးခဲ့သည်။


မကြာသေးမီကမှ အိမ်ထောင်သည် ဖြစ်လာသည့် ကျိုးရှောင်မိန်သည် ထိုစကားကြောင့် ရှက်သွေးဖြန်းသွားခဲ့သည်။


“အဓိကအချက်ကို ပြောရရင် လောင်တရဲ့ အငယ်ဆုံးဦးလေးက နင့်ကို ကောင်းကောင်း ဆက်ဆံရဲ့လား။” လင်းချင်းဟယ်က အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။


“သူက ငါ့ကို ကောင်းကောင်း ဆက်ဆံပါတယ်။” ကျိုးရှောင်မိန်က ရှက်သွေးဖြန်းနေသော မျက်နှာလေးဖြင့် ပြန်ဖြေသည်။


“ကောင်းပြီ၊ ဒီလိုကြားရတာ ငါ စိတ်သက်သာရာရတယ်။” လင်းချင်းဟယ်သည် ကျေနပ်အားရစွာဖြင့် ပြောလိုက်သည်။ “အခုရက်ပိုင်း တော်တော်လေး အေးတယ်။ နင် အဲ့မှာ ကျောက်မီးသွေးကို အသုံးပြုတဲ့အခါကျရင် လေဝင်လေထွက်ကို ပိုဂရုစိုက်ရလိမ့်မယ်။”


“အင်း၊ တာ့လင်းက အဲ့တာတွေကို နားလည်တယ်။” ကျိုးရှောင်မိန်က ခေါင်းညိတ်သည်။


“အခု၊ နင်တို့နှစ်ယောက် အလည်အပတ်ရောက်လာတော့ ငါမြင်ရသလောက် နင်တို့ကြား နည်းနည်း ကတောက်ကဆ ဖြစ်ထားလားလို့၊ ဘာဖြစ်လို့လဲ။” လင်းချင်းဟယ် မေးသည်။


“အဲ့တာက ဒုတိယယောင်းမကြောင့် ဖြစ်တာလေ။ ငါတို့ အလည်အပတ် ပြန်လာတော့ သူမအတွက် လက်ဆောင်မပါလာလို့ ပွစိပွစိ ပြောနေခဲ့တယ်လေ။ ငါ လက်ထပ်တုန်းက သူမက ငါ့အတွက် ခန်းဝင်လက်ဆောင် တစ်ခုမှ မပြင်ဆင်ခဲ့ဘူး။ သူမကတောင် ငါ့ကို ဘာမှ မပေးခဲ့တဲ့အတွက် ငါ အိမ်ပြန်လာတော့ သူမအတွက် ဘာမှ မယူလာခဲ့ဘူးလေ။ တာ့လင်းက အဲ့လိုလုပ်တာ မကောင်းဘူးလို့ ပြောတဲ့အတွက် ငါ သူနဲ့ နည်းနည်း ကတောက်ကဆ ဖြစ်သွားခဲ့တာ။” လို့ ကျိုးရှောင်မိန်က ရှင်းပြသည်။


လင်းချင်းဟယ်က ပြုံးလိုက်သည်။ “လောင်တရဲ့ အငယ်ဆုံးဦးလေးကတော့ တော်တော် ကြင်နာတတ်တာပဲ။”


“သူက စိတ်ထားကောင်းပေမယ့် ငါကတော့ မကောင်းနိုင်ပါဘူး။ နောင်ဆုံးအကြိမ်က စတုတ္ထယောင်းမရဲ့ အရိုက်ခံရတာ သူမအတွက် ထိုက်တန်တယ်။ သူမရဲ့ပါးစပ်က ဒီထက်တောင် ပိုအရိုက်ခံသင့်တယ်။” ကျိုးရှောင်မိန်က နှာခေါင်းရှုံ့ရင်း စကားဆိုလိုက်သည်။


 “သူမကို အရေးရာလုပ်မနေသင့်ဘူး။ ကမ္ဘာကြီးက သူမကိုပတ်ပြီး လည်ပတ်နေတာ မဟုတ်ဘူး။” လင်းချင်းဟယ် ပြောသည်။

 

“စတုတ္ထယောင်းမ ငါ အခု အရမ်းပျော်နေသလို ခံစားရတယ်။” ကျိုးရှောင်မိန်က နှုတ်ခမ်းကို တင်းတင်းစေ့ရင်း ပြုံးလိုက်မိပြန်သည်။


လင်းချင်းဟယ်က တခစ်ခစ်ရယ်ရင်း အကြံပေးလိုက်သည်။ “နင်တို့နှစ်ယောက်လုံးမှာ အလုပ်တွေ ရှိကြတယ်။ အခုအချိန်ကနေစပြီး နည်းနည်းစီ ချွေတာပြီး စုဆောင်းနိုင်ခဲ့ရင် နင်တို့ အိမ်အကြီးကြီး တစ်လုံးလောက် ဝယ်နိုင်လိမ့်မယ်။”


“သူ့မှာ စု‌ဆောင်းထားတာ နည်းနည်းရှိတယ်။” ကျိုးရှောင်မိန်က ရှက်ရွံ့စွာ ပြောသည်။


“သူ့မှာ စုဆောင်းထားတာ နည်းနည်းရှိတာ မှန်ပေမယ့် သူက နင့်ကို ကောင်းကောင်းမွန်မွန် လက်ထပ်ဖို့ အများကြီး သုံးခဲ့တယ်။ ဒ့ါကြောင့် နောင်အနာဂတ်မှာ နည်းနည်းစီ စုဆောင်းထားရမယ်။ ငါလည်း အခု ပိုက်ဆံစုနေတယ်။ အကယ်၍ ငါ အိမ်တစ်လုံး ဝယ်နိုင်တဲ့အခါကျရင် မြို့ပေါ်က အိမ်တစ်လုံးကို ငါဝယ်မှာ။” လင်းချင်းဟယ် ပြောသည်။

 

“စတုတ္ထယောင်းမ၊ နင်က မြို့ပေါ်က အိမ်တစ်လုံးကိုဝယ်ဖို့ အစီအစဥ် ဆွဲထားတာလား။” ကျိုးရှောင်မိန်က သူမကို အံ့အားတကြီးကြည့်ကာ ပြောလိုက်သည်။


“အခုလောလောဆယ် အခြေအနေအရတော့ ငါ မဝယ်နိုင်သေးပါဘူး။ ငါတို့ အဲ့ကိုပြောင်းလိုက်တာနဲ့ ငါတို့မှာ အလုပ်မရှိတော့ဘူး ဖြစ်သွားလိမ့်မယ်။ ငါ နောက်မှသုံးဖို့ စုဆောင်းထားတယ်။” လင်းချင်းဟယ် ပြန်ဖြေသည်။


“အနာဂတ်မှာ ပိုအဆင်ပြေလာလိမ့်မယ်။” ကျိုးရှောင်မိန်က အားပေးနှစ်သိမ့်သည်။


“လူတွေက တောက်ပနေတဲ့အခြမ်းကို မြင်ရဖို့ သင်ယူသင့်တယ်။ ငါတို့လက်ထဲမှာ ပိုက်ဆံမရှိရင် အနာဂတ်မှာ အခြေအနေတွေ ပိုကောင်းလာရင်တောင် ငါတို့မှာ အခွင့်အရေးရှိမှာ မဟုတ်ဘူး။ ငါတို့ လက်ထဲမှာ ငွေစုဆောင်းထားပြီး တတ်နိုင်တာနဲ့ ငါတို့ ဝယ်သင့်တယ်။” လင်းချင်းဟယ် ရှင်းပြသည်။


“အင်း၊ စတုတ္ထယောင်းမ... ငါ နင့်စကားကို နားထောင်ပြီး ပိုက်ဆံစုပါ့မယ်။” ကျိုးရှောင်မိန် ခေါင်းညိတ်သည်။


“အခုရက်ပိုင်း တော်တော်အေးတဲ့အတွက် ပုံမှန်အခြေအနေတွေမှာ ရေအေးတွေကို မကိုင်နဲ့။ ဓမ္မတာလာချိန်ကိုလည်း ဂရုစိုက်ပါ။ သိပ်မကြာခင် နင် ကိုယ်ဝန်ဆောင်နိုင်လိမ့်မယ်လို့ ငါထင်တယ်။” လင်းချင်းဟယ်က အကြံပြုသည်။


ကျိုးရှောင်မိန်ရဲ့ မျက်နှာဟာ ရှက်သွေးဖြန်းသွားပြန်သည်။