အခန်း(၉၇)သိုးသားကို၀ယ်ပြီးအသားကူပွန်နဲ့လဲလှယ်မယ်
Viewers 38k

အခန်း (၉၇) - သိုးသားကိုဝယ်ပြီး အသားကူပွန်နဲ့ လဲလှယ်မယ်


“အားနည်းလား၊ မနည်းဘူးလား ဆိုတာကို မင်းအသိဆုံးပဲ မဟုတ်ဘူးလား။” ကျိုးချင်းပိုင်က နှုတ်ခမ်းထောင့်စွန်းလေးကို ကွေးညွှတ်စွာ ပြုံးရင်း သူမနှုတ်ခမ်းပါးကို အနမ်းခြွေလိုက်သည်။


အချိန်အတော်ကြာပြီးနောက် လင်းချင်းဟယ်ဟာ စိတ်ရှုပ်ထွေးသွားသည်။ သူက အခုအခါတွင် ကားမောင်းသည့် အတွေ့အကြုံက ဝါရင်းသမ္ဘာရင့် ဖြစ်လာသောကြောင့် သူမသည် သူ့ရဲ့ ပြိုင်ဖက် မဟုတ်တော့ပေ။


လင်းချင်းဟယ်သည် ‘ညင်သာပေးနော်’ ဆိုသည့် စကားလေးကို ချန်ထားရုံသာ တတ်နိုင်တော့သည်၊ ထို့နောက် သူမ စကားပြောရန် အချိန်ပင် မရှိတော့ပေ။


မျှော်လင့်ထားသည့်အတိုင်း ကျိုးချင်းပိုင်သည် ထိုညတွင် ကားကို တစ်ကြိမ်ထပ်ပို၍ ‌မောင်းနှင်ခဲ့ပြန်သည်။


နောက်တစ်နေ့တွင် လင်းချင်းဟယ်သည် မနက်ရှစ်နာရီကျော်မှ အိပ်ရာထနိုင်သည်။ လင်းချင်းဟယ်သည် ဒီနေ့အတွက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။


ဒီလိုအလွန်အသုံးအဖြုန်းကြီးတတ်ဖို့က ရိုးရှင်းလွန်းသည်။


ရိုးရှင်းသော မနက်စာကို စားပြီးနောက် လင်းချင်းဟယ်သည် စက်ဘီးလေးစီးပြီး မိန့်ကျဲဆီသို့ သွားရောက်ခဲ့သည်။


ယခုအခါ ပစ္စည်းတွေစုဆောင်းသည့်နေရာက မိန့်ကျဲရဲ့ အိမ်သို့ နေရာပြောင်းသွားခဲ့ပြီ ဖြစ်သည်။ သူမသည် အေးခဲတဲ့ ရာသီဥတုကို အန်တုပြီး သားသတ်ရုံကို သွားစရာ မလိုအပ်တော့ဘူး။


မိန့်ကျဲသည် ဒီဝင်ငွေအရင်းအမြစ်ကို ဖြတ်တောက်ရန် ဆန္ဒမရှိပေ။ အခု သူမမှာ အလုပ်မရှိတော့ ဒီနည်းလမ်းကိုပဲ အားကိုးနေရတယ်။ ထို့ကြောင့် မိန့်ကျဲသည် ဝက်သားတွေကို စုဆောင်းဖို့ လင်းချင်းဟယ်ကို သားသတ်ရုံသို့ မလာခိုင်းတော့ပဲ သူမအိမ်သို့သာ လာခိုင်းခဲ့သည်။


ပြောစရာမလိုလောက်အောင်ပင် လင်းချင်းဟယ်က ဒါကို သဘောတူလိုက်သည်။


အမှန်က အသားက ဒီလောက် များများ ရရှိတာ မဟုတ်ဘူး။ အများဆုံးမှ ငါးကျင်း၊ ခြောက်ကျင်းသာ ရပြီး နည်းတဲ့အခါကျ နှစ်ကျင်း၊ သုံးကျင်းလောက်သာ ရသည်။ ဒီထက်ပိုပြီး များများစားစား မရနိုင်ပေ။


ဒါပေမယ့် မိန့်ကျဲအတွက် ဝက်သားမှောင်ခို ရောင်းချတာက တစ်လလျှင် ခုနစ်ယွမ်၊ ရှစ်ယွမ်သာ ရရှိသော်လည်း ဒါက မိန့်ကျဲအတွက် အလွန်အရေးကြီးနေသေးသည်။


“အစ်မ အလုပ်ပြန်ဝင်ဖို့ အကြောင်းကြားစာ မရသေးဘူးလား။” လင်းချင်းဟယ်က မိန့်ကျဲကို မေးသည်။


“မရသေးဘူး။ နေရာလွတ်ရှိတဲ့အချိန်ထိ စောင့်ရဦးမှာပဲ။” မိန့်ကျဲက အတည်ပြုပြောဆိုသည်။


လင်းချင်းဟယ်ကို အသားပေးပြီးနောက် လင်းချင်းဟယ်က သူမနှင့် အလဲအလှယ်လုပ်ခဲ့သည်။


မိန့်ကျဲက ပိုက်ဆံလက်ခံရရှိပြီး အပြုံးလေးဖြင့် မေးသည်။ “နင် ပျားရည် လိုချင်သေးလား။ နှင်းမကျခင် ငါ့အစ်ကိုအကြီးဆုံး တောင်ပေါ်တက်တုန်းက ပျားရည် ရလာခဲ့တယ်။ သူ ငါ့ကို ပျားရည်နှစ်အိုး ပို့ပေးထားတယ်။ ငါလည်း မစားဖြစ်ဘူး။ နင် ကြိုက်တယ်ဆိုရင် ငါ့ဆီကနေ ပြန်ယူလို့ရတယ်။”


လင်းချင်းဟယ်ရဲ့ မျက်လုံးတွေက တောက်ပလာပြီး ပြောလိုက်သည်။ “ဒါဆိုရင် ညီမ ပျားရည် နှစ်ပုလင်းလုံး ယူလိုက်မယ်လေ။ ဒါပေမယ့် ညီမ ဒီအတွက် ကျသင့်ငွေကို ပေးမယ်နော်။ အကယ်၍ မိန့်ကျဲက ပိုက်ဆံကို လက်မခံဘူးဆိုရင် ညီမ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှာပဲ သွားဝယ်လိုက်မယ်။”


မိန့်ကျဲက မီးဖိုချောင်ထဲမှ ပျားရည်နှစ်ပုလင်းကို ထုတ်ယူလာပြီး ပြောလိုက်သည်။ “နင် ငါ့ကို ဒီလောက် ယဥ်ကျေးမနေနဲ့။ ဒါကို ဒီအတိုင်း ယူသွားလိုက်စမ်းပါ။”


“ညီမ ဒီအတွက် ကျသင့်ငွေ ပေးမှာပဲနော်။ မိန့်ကျဲ၊ ညီမနဲ့ မယှဥ်ပြိုင်ပါနဲ့။” လင်းချင်းဟယ်သည် စက်ဘီးတွန်းထုတ်လာကာ စက်ဘီးပေါ်တွင် ပျားရည်နှစ်ပုလင်းကို တင်ပြီးနောက် ပိုက်ဆံကို မိန့်ကျဲ လက်ထဲသို့ အတင်းထိုးထည့်ပေးခဲ့သည်။


ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှာ ဝယ်ယူခဲ့သော နှုန်းထားအတိုင်း ပေးချေခဲ့သည်။


စျေးသိပ်မပေါပေမယ့် လင်းချင်းဟယ်ရဲ့အမြင်အရ ဒီလောက်ငွေပမာဏနဲ့ ဒီလိုသဘာဝပျားရည်စစ်စစ် နှစ်ပုလင်းကို ဝယ်ယူနိုင်တာက တကယ့်ကို ထိုက်တန်ပါသည်။


သူမ အရင်တုန်းက ပျားရည်တစ်ပုလင်း ဝယ်ခဲ့ပေမယ့် အဲ့ပုလင်းက တစ်ဝက်သာ ကျန်တော့သည်။


ညတိုင်း ကျိုးချင်းပိုင်နဲ့ ကားအတူမောင်းပြီးသွားတာနဲ့ သူတို့ ပျားရည် တစ်ခွက်စီ သောက်ရမယ်။ အဟွတ်... အဟွတ်... အဲ့တာကို မလုပ်ရင်တောင် ဒါက လိုအပ်နေသေးသည်။ ဒါ့ကြောင့် ပျားရည်ဟာ မြန်မြန် ကုန်သွားခဲ့တာပင် ဖြစ်သည်။


လင်းချင်းဟယ်သည် ပျားရည်နှစ်ပုလင်းနဲ့ ဝက်သားကို သယ်ပြီး အိမ်ပြန်လာခဲ့သည်။


အခုအချိန်ဟာ ဒီဇင်ဘာလလယ်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဒီနှစ်ရဲ့ နောက်ဆုံးအသားဖြန့်ဖြူးပေးမည့်ရက်ဟာ ဒီဇင်ဘာ ၂၅ရက်နေ့ ဖြစ်သည်။


ဒီနှစ် တစ်နှစ်ပတ်လုံး သူမတို့မိသားစုမှာ အသားပြတ်လပ်မှု မရှိခဲ့ဘူး။ ဥပမာအားဖြင့်၊ ဆောင်းစပါး နောက်ဆုံးစိုက်ပျိုးပြီးနောက် အသားခွဲဝေသည့်အချိန်တွင် သူမတို့မိသားစုက ဝေစုအများကြီး ရရှိခဲ့ပြီး ရက်အတော်ကြာအောင် စားသောက်ခဲ့ရသည်။ သူတို့က ခွဲဝေရရှိသည့် အသားများကို နည်းလမ်းအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ခဲ့ကြသည်။

 

ပျားရည်နှစ်ပုလင်းကို ဗီရိုအပေါ်ထပ်တွင် သိမ်းဆည်းထားသည်။ လူကြီးတွေ လက်လှမ်းမီသည့်နေရာတွင်သာ သိမ်းဆည်းထားခဲ့ပြီး ကလေးတွေ ရှာဖွေသည့်အခါမှာ ဒါကို မမြင်တွေ့နိုင်ပေ။


“ကိုယ် မနက်ဖြန်ကျရင် သိုးသားရနိုင်မလားလို့ သွားကြည့်လိုက်ဦးမယ်။” ကျိုးချင်းပိုင်က သူမပြန်လာတာကို မြင်တော့ လှမ်းပြောလိုက်သည်။


“ကောင်းပြီ။ သိုးသားရနိုင်ရင် သိုးသားနံရိုးအတုံးတွေကို များများယူခဲ့၊ ကျွန်မ အဲ့တာတွေ စားရတာကို ပိုကြိုက်တယ်။” လင်းချင်းဟယ်က သူပြောလိုက်တဲ့စကားကို ကြားလိုက်တာနဲ့ ကမန်းကတန်း ပြောလိုက်သည်။


ကျိုးချင်းပိုင် ခေါင်းညိတ်သည်။


ဇနီးသည်ရဲ့ အသားမှောင်ခိုရောင်းချသည့် လုပ်ငန်းတွင် သူ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။ ဒါက အနည်းငယ် မရိုးသားရာ ကျပေမယ့် သူ့ဇနီးသည်မှာ ဝယ်နေကျ ဖောက်သည်ရှိပြီး အသားကို သူမလက်ထဲရောက်တာနဲ့ ချက်ချင်း လက်ပြောင်းရောင်းချလိုက်ရုံပဲလို့ ဆိုသည့်အတွက် ကျိုးချင်းပိုင်သည် သူမရဲ့ စီးပွားရေးကိစ္စထဲ မပါဝင်တော့ပေ။


ဒါ့ကြောင့် ကျိုးချင်းပိုင်သည် သူမ ဘာဖြစ်လို့ အမြန်ပြန်လာနိုင်လဲ ဆိုတာကို နားလည်သဘောပေါက်သည်။


တကယ်တော့ နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုမှာ သူ့ဇနီးသည်အပေါ် သူ့ရဲ့ ယုံကြည်မှုကနေ ဆင်းသက်လာခြင်း ဖြစ်သည်။


နောက်တစ်နေ့တွင် ကျိုးချင်းပိုင်သည် သိုးသားတွေကို အိမ်ပြန်သယ်လာခဲ့သည်။


လင်းချင်းဟယ်သည် သိုးသားစွပ်ပြုတ်ကို ချက်ပြုတ်ခဲ့သည်။ ထိုစွတ်ပြုတ်ထဲတွင် ကိုချီဘယ်ရီနဲ့ တရုတ်ဆီးသီးနီနီလေးတွေကိုပါ ထည့်သွင်းချက်ပြုတ်ခဲ့သည်။ သိုးသားစွပ်ပြုတ်သည် အရမ်းကို အရသာထူးကဲကောင်းမွန်လှသည်။


ဒါပေါ့၊ အဖေကျိုးနဲ့ အမေကျိုးတို့အတွက်လည်း ဒီလိုကောင်းမွန်တဲ့ အရာမျိုးကို မချန်လှပ်ထားခဲ့ကြပါဘူး။ သူတို့တစ်ယောက်ချင်းစီအတွက် လုံလောက်သည့် ပမာဏလောက်ရှိသည့် အသားတုံးသေးသေးလေးတွေပါ ပါဝင်သည့် စွပ်ပြုတ်ကို ပေးပို့ပေးခဲ့သည်။ အနံ့အရသာ မွှေးကြိုင်ရုံသာမက စားလို့လည်း ကောင်းလှပေသည်။


သာမာန်အားဖြင့် သိုးသားသည် အနံ့ပြင်းပေမယ့် လင်းချင်းဟယ်က သိုးသားကို ဘယ်လိုကိုင်တွယ်ရမှန်းကို သိနားလည်သည်။ ထို့ကြောင့် လင်းချင်းဟယ် ချက်ပြုတ်ထားသော သိုးသားစွပ်ပြုတ်သည် မညှီတဲ့အပြင် အရသာထူးကဲလှသောကြောင့် အဖေကျိုးတို့နှစ်ယောက်သား ကြိုက်နှစ်သက်ကြသည်။


အခုအချိန်မှာ ကျိုးအိမ်တော်ဟောင်းဟာ မိသားစု ကိုယ်စီ ခွဲနေခဲ့ကြပြီ ဖြစ်သည်။


ကျိုးရှောင်မိန်ရဲ့ သတို့သမီးအိမ်သို့ အလည်အပတ် ပြန်လာသည့်အချိန်ပြီးနောက် အဖေကျိုးနဲ့ အမေကျိုးတို့သည် သူ့သားတွေကို အိမ်ထောင်စု ခွဲပေးလိုက်ကြသည်။ အိမ်ထောင်စုတိုင်း ယွမ်တစ်ရာစီ ရရှိခဲ့သည်။ တခြားပရိဘောဂတွေနဲ့ အစားအသောက်တွေကိုလည်း ခွဲဝေပေးခဲ့သည်။ အိမ်မှာ ရှိတဲ့ အရာအားလုံးကို ဘယ်ဟာကို ဘယ်သူဘယ်ဝါက ပိုင်ဆိုင်ကြောင်း သေသေချာချာ ခွဲခြားထားခဲ့သည်။


သို့သော် သူတို့အားလုံး ချက်ပြုတ်ရာတွင် မီးဖိုချောင်တစ်ခုတည်းကိုသာ အသုံးပြုနေတုန်းပင်။ မိသားစုတစ်စုက ချက်ပြုတ်ပြီးတာနဲ့ နောက်မိသားစုတစ်စုက ချက်ပြုတ်ကြသည်။


အဖေကျိုးနဲ့ အမေကျိုးတို့ ဇနီးမောင်နှံကလည်း သူတို့ စားသောက်ဖို့ သူတို့ကိုယ်တိုင် ချက်ပြုတ်ကြသည်။


သက်ကြီးရွယ်အိုမိဘများကို ထောက်ပံ့ပေးဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ရာသီအလိုက် တစ်မိသားစုကို ဘယ်လောက် ထောက်ပံ့ပေးရမည်လို့ ရှင်းလင်းသတ်မှတ်ထားခဲ့သည်။ ဒါကို အိမ်ခွဲပေးဖို့ လုပ်သည့်နေ့မှာပင် ရှင်းရှင်းလင်းလင်း ပြောဆိုထားခဲ့ကြသည်။


ဒီကိစ္စကို ကျိုးချင်းပိုင်နဲ့ သူ့အစ်ကိုတွေ အတူတူ တိုင်ပင်ဆွေးနွေးခဲ့ကြတာ ဖြစ်သည်။


အဖေကျိုးနဲ့ အမေကျိုးတို့သည် သိုးသားစွပ်ပြုတ်ကို သောက်ပြီး သိုးသားစားနေတာကို မြင်ပြီး ဒုတိယမရီးရဲ့ သားဖြစ်သူ ကျိုးရှားက စားချင်စိတ် ပြင်းပြနေခဲ့သည်။ သူ အိမ်ပြန်ရောက်တာနဲ့ သူ့အမေကို ပူဆာခဲ့သည်။ “အမေ၊ သားတို့မိသားစု ဘယ်တော့‌လောက် အသားစားရမလဲဟင်။”


“နောက်ဆယ်ရက်အတွင်း အသားခွဲပေးလိမ့်မယ်။ သားက ဘာကို စိတ်ပူနေတာလဲ။ အမေ သားအတွက် ဖက်ထုပ်လုပ်ပေးမယ်။” ဒုတိယမရီးက ပြန်ဖြေသည်။


ဒုတိယအစ်ကိုက လောဘကြီးပြီး အကြံပြုသည်။ “ငါတို့ အရင်ဆုံး အသားဝယ်သင့်လား။”


“ရှင့်မှာ အသားကူပွန်ရှိလား။” ဒုတိယမရီးက မကျေမနပ် ပြောဆိုသည်။


ကျေးလက်ဒေသရှိ ရွာသူရွာသားများမှာ အသားကူပွန်တွေနဲ့ အစားအသောက်ကူပွန်တွေ မရရှိကြပေ။ ထိုကူပွန်တွေကို မြို့နေလူထုတွေပဲ ရနိုင်သည်။


“စတုတ္ထညီလေးမှာ ရှိလိမ့်မယ်။” ဒုတိယအစ်ကိုက ပြန်ဖြေသည်။


စတုတ္ထလေးတို့အိမ်က အမြဲလိုလို အသားစားနေကြတာ ဖြစ်သည့်အတွက် သူ့မှာ ကူပွန်တွေ ရှိလိမ့်မည်။


“သူတို့မှာ ရှိရင်တောင် လင်းချင်းဟယ်ရဲ့ ပင်ကိုယ်အကျင့်စရိုက်အရ သူမက ရှင့်ကို ပေးပါ့မလား။” ဒုတိယမရီးက နှာခေါင်းရှုံ့လိုက်သည်။


“မင်းက ဘာမှမပေးပဲ လိုချင်နေတာလား။” ဒုတိယအစ်ကိုက သူမကို အံ့အားသင့်စွာ ကြည့်လိုက်သည်။


ဒုတိယအစ်ကိုက ထိုအသားကူပွန်တွေကို ဘာမှမပေးပဲ လဲလှယ်ဖို့ မတွေးထားခဲ့ပေ။ သူက ထိုကူပွန်တွေကို ပိုက်ဆံနဲ့ လဲလှယ်ချင်ပေမယ့် သူတို့က ပိုက်ဆံနဲ့ လဲလှယ်ဖို့ ဆန္ဒရှိမှာ မဟုတ်ပေ။ သူ့မိန်းမက အဲ့တာကို အလကားယူဖို့ တွေးနေတာလား။


“ဘာကို အလကားယူတယ်လို့ ပြောချင်တာလဲ။ စတုတ္ထမတ်လေး ပင်စင်ယူပြီး ပြန်လာတော့ သူ့မှာ ကူပွန်အချို့ ပြန်မလာဘူးဆိုတာ ကျွန်မ မယုံဘူး။” ဒုတိယမရီးက ဒေါသတကြီး ပြောဆိုသည်။


“သူ့မှာ ကူပွန်တွေ ပြန်ပါလာရင်တောင် အခု သူ့မှာ သိပ်မကျန်လောက်တော့ဘူး။ လောင်တအမေရဲ့ အသုံးအစွဲ လက်ဖွာတဲ့ပုံကို ကြည့်ပါဘား၊ သူတို့မှာ ဘယ်လောက်များများ ကျန်နိုင်မှာလဲ။ တကယ်လို့ မင်း လိုချင်တယ်ဆိုရင် ငါ သွားမေးပေးမယ်၊ ဒါပေမယ့် မင်း အဲ့ဒီကူပွန်ကို ပိုက်ဆံနဲ့ လဲလှယ်ရမယ်။” ဒုတိယအစ်ကိုက တုံ့ပြန်ပြောဆိုသည်။


ဒုတိယမရီးက သူမသားဖြစ်သူရဲ့ ခွေးပေါက်လေးလို အကြည့်တွေကို စိုက်ကြည့်လိုက်သည်။ အခု သူတို့ အိမ်ထောင်စု ခွဲပြီးပြီဖြစ်ပြီး သူမက ပိုက်ဆံကို ကိုင်တွယ်ရတာ ဖြစ်သည့်အတွက် သူမသားလေး စားဖို့အတွက် အသားနည်းနည်းကို ဘာဖြစ်လို့ မဝယ်နိုင်ရမှာလဲ။


ဒုတိယမရီးက ဆုံးဖြတ်ချက်ချလိုက်သည်။ “ဒါဆိုရင် ရှင်သွားပြီးတော့ စုံစမ်းမေးမြန်းကြည့်။ ဒါပေမယ့် ရှင် အများကြီးတော့ မပေးရဘူးနော်။”


“ငါ အခုပဲ သွားမေးလိုက်မယ်။” ဒုတိယအစ်ကိုက သူမထံမှ ပိုက်ဆံယူလိုက်ပြီး ပြောသည်။


ကျိုးချင်းပိုင်က သူ့ရဲ့ဒုတိယအစ်ကိုက အသားကူပွန်လက်မှတ်တစ်ခုကို လဲလှယ်ချင်လို့ ရောက်ရှိလာမှန်းကို ကြားသိရတော့ သူ့ဇနီးသည်ကို လှမ်းကြည့်လိုက်သည်။ ဒီကိစ္စအဝဝကို သူ့ဇနီးသည်က ကိုယ်တွယ်ဖြေရှင်းတာ ဖြစ်သည်။


လင်းချင်းဟယ်သည် ဒုတိယအစ်ကိုကို အပြုံးလေးဖြင့် ပြောလိုက်သည်။ “ဒုတိယအစ်ကိုက အချိန်ကိုက်ရောက်လာတာပဲ။ အစ်ကိုလည်း ဒီရောက်နေတော့ သိုးသားစွပ်ပြုတ်လေး သောက်သွားပါဦးလား။”


လင်းချင်းဟယ်သည် ဒုတိယမရီးအပေါ် အမြင်မကြည်သော်လည်း ဒုတိယအစ်ကိုအပေါ်တွင်တော့ အမြင်မကြည်တာမျိုး မရှိပေ။


ဒုတိယအစ်ကိုက ခေါင်းခါပြီး အပြုံးလေးဖြင့် ငြင်းပယ်လိုက်သည်။ “ရပါတယ်၊ ရပါတယ်။ အဓိကကတော့ ကောင်စုတ်လေး ရှားရှားက သူ့အဖိုးနဲ့အဖွား သိုးသားစွပ်ပြုတ် စားနေတာကို မြင်ပြီး ပြန်လာတော့ သူ့အမေကို ပူဆာလို့လေ။”


လင်းချင်းဟယ်က ပြောသည်။ “ဒီနေ့ ချင်းပိုင်က အသားနည်းနည်း ရလာလို့လေ။ တကယ်လို့ ဒုတိယအစ်ကို လိုချင်တယ်ဆိုရင် ညီမတို့ တစ်ပိုင်းလောက် ခွဲပေးလိုက်မယ်။ ညီမတို့ရဲ့ ကူပွန်တွေက သုံးနေတာ ဖြစ်လို့ အများကြီး သိပ်မကျန်တော့ဘူး။ ပြီးတော့ ညီမတို့ ဒုတိယအစ်ကိုကို အသားကူပွန် ပေးလိုက်ရင်တောင် ဒီအချိန်မှာ အသားရဖို့ သိပ်မဖြစ်နိုင်လောက်ဘူး။”