အခန်း (၉၈) - ဘာဖြစ်လို့ သူမက ကိုယ်ဝန်မရသေးတာလဲ
"ဒုတိယအစ်ကို ဒီအချိန်လောက်ဆို အသားက မရနိုင်လောက်ဘူး။" လင်းချင်းဟယ် ပြောတာကိုကြားတော့ ဒုတိယအစ်ကိုဖြစ်သူက သွေးဆောင်ခံခဲ့ရသည်။
ဒီအချိန်လောက်ဆို အသားမရှိတော့ဘူး။ လိုချင်ရင် မနက်စောစောလောက်ဆို ရနိုင်ပါသေးတယ်။
“ကိစ္စမရှိပါဘူး။" လင်းချင်းဟယ်က ဒုတိယအစ်ကိုရဲ့ အသားစားချင်စိတ် အာသီသကို မြင်နိုင်သဖြင့် သူမက ထရပ်ကာ မီးဖိုချောင်ထဲ ဝင်သွားသည် ။ ကျိုးချင်းပိုင် ပြန်ယူလာတဲ့ အသားက အရည်အသွေးကောင်းတဲ့ ဝက်ဗိုက်သားဖြစ်သည်။
ဝက်ဗိုက်သား ၂ ကျင်း၊ ၃ ကျင်းနှစ်ခန့်ရှိသည်။ လင်းချင်းဟယ်က ၁ကျင်းလောက် ဖြတ်လိုက်သည်။ သူမ အနီးစပ်ဆုံး ပြောပြရလျှင် မြို့တော်ရှိ မှောင်ခိုဈေးသို့ မရောက်ခဲ့သည်မှာ ကြာခဲ့ပြီ။
ဒုတိယအစ်ကိုအား ဝက်သား တစ်ကျင်းကို မျှဝေပြီးနောက် တန်ကြေးငွေကို မှောင်ခိုဈေးကွက် ပေါက်ဈေးအတိုင်း လက်ခံခဲ့သည်။ သို့တိုင် ဒုတိယအစ်ကိုသည် ရွှင်လန်းသောစိတ်ဖြင့် ပြန်လာခဲ့သည်။
သူ့မှာ အသားကူပွန်နဲ့ ဖလှယ်ပြီး အသားဝယ်ရင်တောင် ဈေးက မှောင်ခိုဈေးကွက်မှာ အသားဝယ်တာထက် အနည်းငယ် ပိုစျေးကြီးနိုင်တာမို့ မှောင်ခိုဈေးကွက်မှာ အသားကို တိုက်ရိုက်လဲလှယ်တာက တွက်ခြေပိုကိုက်ပါသည်။
ပြီးတော့ မှောင်ခိုဈေးကွက်ကို လူတိုင်း မသွားရဲကြဘူး။
ဒုတိယအစ်ကိုက အသားကို ပြန်သယ်လာတာကို မြင်တော့ ဒုတိယမရီး အံ့ဩသွားသည်။
"လောင်တရဲ့အမေက ဒါကို မျှပေးလိုက်တာ။" ဒုတိယအစ်ကိုက လက်ကျန်ငွေကို ပေးရင်း ပြောလိုက်သည်။
"ဘာလို့ ဒီလောက်စျေးကြီးရတာလဲ" ဒုတိယမရီးက ပိုက်ဆံနည်းနည်းပဲ ကျန်တာကို တွေ့ရတော့ ကြေကွဲသွားသည်။
ဒုတိယအစ်ကိုက အံ့အားသင့်သွားကာ ပြောလိုက်သည်။ "ဘာကိုလဲ၊ အစကတည်းက ဒီပိုက်ဆံက အသားတစ်ကျင်းအတွက်ပဲ လုံလောက်တာလေ။ အခု ငါတို့မှာ ပိုက်ဆံအပိုတောင် ကျန်သေးတယ်။"
"သူမက မှောင်ခိုဈေးကွက်က ဈေးနှုန်းအတိုင်း ယူလိုက်တာလား။" ဒုတိယမရီးက မကျေမနပ် ဖြစ်နေသည်။
"ဒါကို ချင်းပိုင်က တော်တော်ဒုက္ခခံပြီး ဝယ်ခဲ့တာ။ လောင်တရဲ့အမေက ရှရှ အသားကို အရမ်းတောင့်တနေတယ်လို့ ကြားတော့ သူက ငါတို့အတွက် အသား ခွဲဝေပေးလိုက်တာ။ ငါတို့မိသားစုက အသားစားချင်ရင် ငါ မြို့ပေါ် တက်ရရုံတင်မကဘူး၊ ဝယ်လို့ ရ မရ မကျိန်းသေဘူး၊ ဒါတင် မကသေးပါဘူး၊ မှောင်ခိုဈေးကွက်မှာ အသားကို မှောင်ခိုဈေးနဲ့ ဝယ်ရင်တောင် အဲဒီဈေးအတိုင်း ရဖို့ မသေချာဘူး။" ဒုတိယအစ်ကိုက သူစကားပြောနေစဉ် သူမကို တစ်ချက်ကြည့်လိုက်သည်။
သူ့မိန်းမက သူ့ကို ဓားတစ်ချောင်းလို စူးစူးရဲရဲ စိုက်ကြည့်နေသည်။။
"ကောင်းပြီ၊ ဒီကိစ္စကို ဆက်မငြင်းခုံရအောင်။ မြန်မြန်လေး ဖက်ထုပ်လုပ်လိုက်တော့။ ဒါက အရည်အသွေးကောင်းတဲ့ ဝက်ဗိုက်သားပဲ။ စတုတ္ထညီက ငါတို့သာ ညီအစ်ကိုတွေမဟုတ်ရင် ဒီအသားကို ငါ့ကို ခွဲပေးမှာ မဟုတ်ဘူး။" ဒုတိယအစ်ကိုက သူမနှင့် စကားများရန်မဖြစ်လိုပေ။
ပိုက်ဆံတွေ ကုန်ကျသွားခဲ့ပြီးပြီဖြစ်၍ ဒုတိယမရီးက ဆက်လက်မညည်းညူနိုင်တော့ဘဲ ဖက်ထုပ်သာ မြန်မြန်လုပ်လိုက်တော့သည်။
မိသားစု ငါးယောက်သားက ဒီဖက်ထုပ်တွေကို စားသောက်ပြီး သူတို့စိတ်နှလုံး ကျေနပ်သွားခဲ့ကြသည်။ ဒုတိယမရီးတောင်မှ ဒီဖက်ထုပ်စားရတာ သဘောကျပြီး ဘာမှမပြောတော့ပဲ ပါးစပ်ပိတ်ထားခဲ့သည်။
ပြီးခဲ့သော အကြိမ်က သူတို့အား အသားခွဲဝေပေးခဲ့သော်လည်း မိသားစု မခွဲရသေးပေ။ လူတစ်ဦးစီ ဘယ်လောက်စားနိုင်လဲ။
ဒီတစ်ခါတော့ ဖက်ထုပ်ထဲကို အသား ကျင်းတစ်ဝက် ထည့်လိုက်တော့ စားလို့ ပိုကောင်းသည်။ ကျန်တဲ့တစ်ဝက်က သူတို့ နောက်တစ်ခါစားဖို့အတွက် ချန်ထားသည်။
ဒုတိယအိမ်တော်ခွဲသည် စတုတ္ထအိမ်တော်ခွဲနှင့် လဲလှယ်ထားသည့် အသားကို အရသာရှိစွာ စားသောက်ခဲ့သည်။
အကြီးဆုံးမရီးသည် ရွဲ့စောင်းသောအမူအရာရှိပြီး တတိယမရီးသည်လည်း အေးစက်စွာ လှောင်ပြောင်နေခဲ့သည်။ သူမသည် တတိယအစ်ကိုအား လျှို့ဝှက်စွာ တီးတိုးပြောခဲ့သည်- "သူမက နောက်ဆုံးအကြိမ်တုန်းက ပြဿနာရှာခဲ့ပြီး အသားလဲဖို့ အရှက်မရှိ သွားပြီး အကူအညီတောင်းရဲသေးတယ်။ သူမမျက်နှာက တကယ်ထူတာပဲ။”
"ငါတို့မိသားစုရော သွားလဲမယ်ဆို ဘယ်လိုလဲ" တတိယအစ်ကို၏ အာရုံက တခြားနေရာမှာ ဖြစ်သည်။ သူလည်း အသားစားချင်သည်။
တတိယမရီးက ပြောလိုက်သည်။ "ဘာကို အခု စားချင်နေတာလဲ။ သိပ်မကြာခင် အသားတွေ ခွဲတော့မယ်။ ရှင်က ဘာဖြစ်နေတာလဲ။"
"အင်း၊ မင်းမှာ အခု ကိုယ်ဝန်ရှိနေပြီ။ အသားနည်းနည်း စားသင့်တယ်" တတိယအစ်ကိုက ပြုံးရင်း စကားဆိုလိုက်သည်။
မှန်ပါတယ်၊ ကျိုးတုန်းတုန်း မွေးပြီး တစ်နှစ်နီးပါးကြာတော့ သူမမှာ ကိုယ်ဝန်ရှိလာပြန်သည်။
ဝူနီ ကိုမွေးဖွားပြီးနောက် ကျိုးတုန်းတုန်းကို မမွေးဖွားမီ နှစ်အနည်းငယ်ကြာမှ ကိုယ်ဝန်ရခဲ့သည်။ အခု အံ့သြဖို့ကောင်းတာက သူမမှာ ကိုယ်ဝန်ထပ်ရခဲ့ပြီး တစ်လရှိနေခဲ့ပြီ။
ဓမ္မတာလည်း မလာဘူးဆိုတော့ သေချာတယ်။ ကျန်းမာရေးဌာနကို သွားစရာ မလိုဘူး၊ နောက်လကို စောင့်ကြည့်တဲ့အခါ သိလိမ့်မည်။
ဒါပေမယ့် အခြေခံအားဖြင့်တော့ သေချာသည်။
လင်းချင်းဟယ်က ဒီအကြောင်းကို မသိသေးပေ။ ၂၅ရက်နေ့ အသားဝေခြမ်းတဲ့အခါ သူမသည် တတိယမရီးနဲ့ တွေ့ချိန်မှ ထိုအကြောင်းအား ကြားသိလိုက်ရသည်။
လင်းချင်းဟယ်၏ အမူအရာကို ဖော်ပြရန် တုန်လှုပ်သည့် အမူအရာကပင် မလုံလောက်ပေ- "မင်းက အရမ်းမြန်တယ်။ ကလေးမွေးထားတာ ဘယ်လောက်ကြာသေးလို့လဲ"
တုန်းတုန်းက အခုမှ မွေးပြီးတာ သိပ်မကြာသေးဘူး၊ အခု ကိုယ်ဝန်ဆောင်ထားရပြန်ပြီ။
တတိယမရီးက ရယ်ကာမောကာ စကားဆိုသည်။ "ဒါက ဘာမှ မဟုတ်ပါဘူး။ မင်းလည်း ကိုယ်ဝန် မြန်မြန်ရသင့်တယ်။"
လင်းချင်းဟယ်က အထိတ်တလန့် စကားဆိုသည်။ "ဟင့်အင်း၊ ငါ့မှာ ထပ်မွေးဖို့ အစီအစဉ်မရှိဘူး၊ ငါ့မှာ သားသုံးယောက်ရှိတယ်။"
ကျေးလက်နေပြည်သူများအတွက် သားသုံးယောက် မွေးထားပြီးလျှင် ထပ်မမွေးတော့ဘူးလို့ ယုံကြည်ရှိစွာ ပြောဖို့ လုံလောက်သည်။
တတိယ မရီးလည်း ဘာမှ ထပ်မပြောတော့ဘူး။
ဒီတစ်ကြိမ်မှာလည်း လင်းချင်းဟယ် နဲ့ ကျိုးချင်းပိုင် တို့ဟာ အသားဝေစု အများကြီး ရခဲ့ကြပေမယ့် အဆုံးမှာတော့ ဒီခွဲဝေပေးတဲ့ ဝက်တွေဟာ သူမတို့မိသားစုရဲ့ ဝက်တွေမဟုတ်ခဲ့ပေ။ အဆီပါဝင်မှုမှာ သူမမိသားစု၏ ဝက်များကဲ့သို့ မများပြားပေ။
အသားဝေစု ရယူပြီးသည်နှင့် လင်းချင်းဟယ် နဲ့ ကျိုးချင်းပိုင်တို့သည် ကောင်လေးများနှင့်အတူ အိမ်သို့ပြန်လာကြသည်။
"တတိယမရီး ကိုယ်ဝန်ရှိနေပြန်ပြီလား" ကျိုးချင်ပိုင် အိမ်ပြန်ရောက်တဲ့အခါ မေးသည်။ ဒါကို သူ ကြားလိုက်သည်။ အမျိုးသမီးအချင်းချင်း စကားစမြည် ပြောဆိုနေတာ ဖြစ်သောကြောင့် နောက်ပိုင်း စကားကို ထပ်ပြီး နားမထောင်တော့ဘဲ ထွက်ခွာလာခဲ့သည်။ ဒါ့ကြောင့် ကလေးမယူတော့ဘူးလို့ လင်းချင်းဟယ် ပြောတာကို သူ မကြားလိုက်တော့ဘူး။
လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ကျွန်မလည်း အံ့အားသင့်သွားခဲ့တယ်။ သူမ မနှစ်တုန်းက တုန်းတုန်းကို မွေးခဲ့တာ၊ ဒီနှစ်မှာလည်း ကိုယ်ဝန်ရှိပြန်တယ်။"
ဒါပေမယ့် တတိယမရီးတစ်ယောက်တည်းတော့ မဟုတ်ပေ။ ကျိုးကျားရွာရှိ အမျိုးသမီးများစွာက ကိုယ်ဝန်ရှိနေပုံရသည်။
အထူးသဖြင့် ဆောင်းရာသီ ဆောင်းခိုချိန်မှစ၍ လူများစွာထံမှ သတင်းကောင်းများ ထွက်ပေါ်လာပုံရသည်။ ဥပမာအားဖြင့်၊ ဘေးအိမ်မှ ဟွမ်တာ့နျဥ်း၏ချွေးမသည် မနှစ်က ကလေးမွေးဖွားခဲ့ပြီး မီးတွင်းအချိန်ကာလအတွက် ယမန်နှစ်က သကြားညိုနှစ်ကျင်းကို ဝယ်ခဲ့သည်။ အခု သူမမှာလည်း ကိုယ်ဝန်ရှိနေပြန်ပြီ......
"ကောင်းလိုက်တာ၊ မင်းမှာရော အံ့သြစရာသတင်းစကား မရှိဘူးလား။" ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်သည်။
လင်းချင်းဟယ်က အကြည့်ချင်းဆုံပြီး သူ ဘာကိုဆိုလိုချင်တယ် ဆိုတာကို နားလည်သည်။ သူမ ချောင်းဆိုးပြီး အကြောင်းအရာကို ပြောင်းလိုက်သည်။ "ရှင် ဒီဝက်သားကို ဘယ်လိုစားချင်လဲ"
"မင်းစိတ်ကြိုက် ဆုံးဖြတ်လိုက်ပါ။" ကျိုးချင်းပိုင်က ပြန်ဖြေသည်။
သို့သော်၊ ကလေးယူ မယူ ဆုံးဖြတ်ခြင်းသည် လင်းချင်းဟယ် ရှောင်လွှဲနိုင်သော အရာမဟုတ်သည်မှာ ထင်ရှားသည်။ ကလေးတွေ ညဘက် အိပ်ယာဝင်သွားတာနဲ့ ကျိုးချင်းပိုင်က သူမနဲ့ လေးလေးနက်နက် ဆွေးနွေးခဲ့သည်။
"ကလေးကို ဒီထက် ပိုမွေးပေးပါလား၊ ကိုယ်တို့မိသားစုက သူတို့လေးတွေကို ကျွေးမွေးဖို့ တတ်နိုင်ပါတယ်။"
လင်းချင်းဟယ်က သူမ ထပ်မွေးတော့မည် မဟုတ်ကြောင်း စိတ်ထဲတွင်သာ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း သူမ အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်ခဲ့သည်။ သူမနှင့် ကျိုးချင်းပိုင်က အကာအကွယ်ကို တစ်ခါမျှ အသုံးမပြုခဲ့ပေ။ ဘာကြောင့် ဒီလောက် ခဏခဏ အတူအိပ်နေတာကိုတောင် ကိုယ်ဝန်မရှိရတာလဲ။
သူမသည် သူ့ရဲ့ စွမ်းဆောင်ရည်ကို တွေ့ကြုံခံစားခဲ့ရသောကြောင့် ဒီလို ရဲရင့်ပြီး အစွမ်းထက်သော အမျိုးသားတစ်ဦးသည် အမျိုးသမီးတစ်ဦးကို ကိုယ်ဝန်လွယ်စေနိုင်သည်။
ဘာကြောင့် ကိုယ်ဝန်မရသေးတာလဲ။
တကယ်လို့ ကိုယ်ဝန်ရှိလာခဲ့ရင်ရော ကလေးယူသင့်လား။
ဒီအတွေးက ကြောက်စရာ ကောင်းတယ်။ သူမ ဘယ်တော့မှ ကလေး မမွေးချင်ဘူး။
နောက်တစ်ကြိမ် သူ့ကို အကာအကွယ် လုပ်ပေးဖို့ မြို့က ဆေးရုံကို သွားကြည့်ဖို့ ဆုံးဖြတ်ထားသည်။ မဟုတ်လို့ ကိုယ်ဝန်ရှိသွားခဲ့ရင် ဘာလိုလုပ်မလဲ။
သို့သော် သူမ တစ်ခုခုကို မေ့သွားခဲ့သည်။ အချိန်ဒီလောက်ကြာတာတောင် သူမ ဘာ့ကြောင့် ကိုယ်ဝန်မရသေးတာလဲ။
"ဟင်... " ကျိုးချင်းပိုင်က သူ့မိန်းမ တုံ့ပြန်မှုကို အချိန်အတော်ကြာအောင် စောင့်ပြီးနောက် ခန္ဓာကိုယ်ကိုလှုပ်လိုက်သည်။
လင်းချင်းဟယ်က ရှက်ရွံ့စွာ ပြောလိုက်သည်။ "ကံကြမ္မာအလိုကြောင့် မရသေးတာ ဖြစ်မှာပေါ့။”
ကျိုးချင်းပိုင်က ဒီရှင်းပြချက်ကို လက်ခံပြီး သူ့မိန်းမကို နောက်တစ်ကြိမ် ထပ်ဆွဲချလိုက်သည်။ လင်းချင်းဟယ် မောပန်းသွားသည်အထိ နှိပ်စက်ပြီးမှ သူမကိုလွှတ်လိုက်သည် ။
လင်းချင်းဟယ်က မနက်ဖြန်တွင် ကွန်ဒုံးဝယ်ရန် မြို့သို့သွားပြီး ကိုယ်ဝန် မဆောင်ဘူးလို့ တွေးထားခဲ့သည်။
ဒါကိုစီစဉ်ပြီး နှင်းတွေ ထူထပ်စွာ ကျဆင်းလာခဲ့လို့ သူမ မြို့ပေါ်သို့ မသွားနိုင်ခဲ့တာက သနားစရာပင်။
ရာသီဥတုက အေးစက်လွန်းတာကြောင့် လင်းချင်းဟယ်သည် အနွေးကုတင်ပေါ်မှာပဲ ပုန်းနေခဲ့ရသည်။ သူမသည် အနွေးကုတင်ပေါ်တွင် စာအုပ်များကို ရိုးရိုးရှင်းရှင်း ဖတ်ရှုလေ့လာခဲ့သည်။ ဒီလိုမျိုးနဲ့ အချိန်တွေ ကုန်ဆုံးလာခဲ့သည်။
ဒီလိုရက်တွေမှာ ဘာမှလုပ်စရာ မရှိဘူး။ အိမ်ပြင် မထွက်ခဲ့ကြဘူး။ နှင်းတွေထူထပ်နေတော့ ဘာလို့ အပြင်ထွက်တော့မှာလဲ။
သို့သော် ဒီဇင်ဘာ ၂၉ရက် ညနေတွင် တတိယမောင်လေးလင်းသည် ယုန်တစ်ကောင်နှင့်အတူ အိမ်အလည် ရောက်ရှိလာသည်။ သူရောက်လာချိန်မှာတော့ သူ့မျက်နှာဟာ ပြင်းထန်စွာ အေးခဲတောင့်တင်းနေခဲ့သည်။ ဒါကိုကြည့်လျှင် တတိယမောင်လေးလင်းက ဒီယုန်ကို ခက်ခက်ခဲခဲ ဖမ်းယူခဲ့ရကြောင်း သိသာထင်ရှားသည်။
"ဒီလောက် နှင်းတွေကျနေတာကို နင်က ယုန်ဖမ်းဖို့ အပြင်ထွက်တုန်းလား။” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်ပြီး မာန်မဲလိုက်သည်။