အခန်း(၉၉)နှစ်သစ်ကူးမှာဒေါ်လေးဆီသွားနှုတ်ဆက်မယ်
Viewers 43k

အခန်း (၉၉) - နှစ်သစ်ကူးမှာ ဒေါ်လေးဆီ သွားနှုတ်ဆက်မယ်


“ကိစ္စမရှိပါဘူး။” တတိယမောင်လေးက အပြုံးဖြင့် သူမလက်ထဲ ယုန်ကို ထည့်ပေးလိုက်သည်။ “အစ်မ၊ ဒါက နင့်အတွက်ပဲ၊ ငါ အခု ပြန်တော့မယ်။”


“ဘာကို ငါ့အတွက်လဲ။ နင်ဖာသာနင် ပြန်ယူသွားပြီး အိမ်မှာ စားလိုက်ချေ။” လင်းချင်းဟယ်က သူ့ဆီသို့ ယုန်ကောင်ကို အမြန်ထိုးပေးရင်း စကားဆိုသည်။


“အစ်မ၊ ငါ နင့်အတွက် ဒါကို ယူခဲ့တာ။ ဒီနှစ် အစ်မပေးခဲ့တဲ့ အသား‌ကြောင့် ငါ့မိန်းမ မီးတွင်းကာလကို သက်တောင့်သက်တာ ကျော်ဖြတ်နိုင်ခဲ့တယ်။” တတိယမောင်လေးလင်းက ရှင်းပြသည်။


“နင့် ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။” လင်းချင်းဟယ်က ထိုသို့ ပြောပြီးနောက် ဆက်ပြောသည်။ “အိမ်ထဲကို အရင်ဝင်လာခဲ့။”


ကျိုးချင်းပိုင်သည် ကလေးတွေနဲ့ အဖေကျိုးတို့ဆီ အိမ်လည်သွားနေခဲ့တာကြောင့် သူတို့တွေဟာ အိမ်မှာ မရှိကြပေ။ အိမ်မှာ သူမနဲ့ ဖေ့ယင်းတို့သာ ရှိသည်။


ဖေ့ယင်းသည် တတိယမောင်လေးလင်းကို တစ်ချက် ကြည့်လိုက်သည်။ လင်းချင်းဟယ်က သူ့ကို အိမ်ထဲ ဖိတ်ခေါ်ခဲ့တာ ဖြစ်သည့်အတွက် တတိယမောင်လေးလင်းကို ရန်လိုခြင်း မရှိခဲ့ပါဘူး။


“အခု နင် ဒီမှာထိုင်ဦး။” လင်းချင်းဟယ်က ဖန်ခွက်ရှည်ထဲသို့ ဂျင်းနဲ့ တရုတ်ဆီးသီးနီ ရေနွေးကြမ်းကို လောင်းထည့်ရင်း အမိန့်ပေးသည်။


ဒါကို အိမ်မှာ အရံသင့် ပြုလုပ်ထားပြီး သောက်သုံးခဲ့ကြကာ အကျိုးအာနိသင်က အတော်လေး ထိရောက်သည်။ တတိယမောင်လေးလင်းက ဒါကို သောက်ပြီးတာနဲ့ သူ့ခန္ဓာကိုယ်က နွေးထွေးသွားသည်။


“ဒီလိုအေးတဲ့နေ့မျိုးမှာ ဘာဖြစ်လို့ နင်က အဝတ်ထူထူ မဝတ်လာရတာလဲ။” လင်းချင်းဟယ်က အတွင်းခန်းထဲ ဝင်သွားရင်း ကျိုးချင်းပိုင်ရဲ့ ဆွယ်တာအင်္ကျီအဟောင်းတစ်ထည်ကို ဆွဲထုတ်လာခဲ့သည်။ ဒါကို သူ့အတွက် ဝယ်ပေးခဲ့တာ ဖြစ်ပြီး အခု ‌တော်တော်လေး ဟောင်းနေခဲ့ပြီ။ ကျိုးချင်းပိုင်က လင်းချင်းဟယ်သည် သူ့အတွက် ဆွယ်တာအသစ် တစ်ထည် ထပ်ထိုးပေးပြီးကတည်းက ဒါကို သိပ်မဝတ်ဖြစ်‌တော့ပေ။


“ဒါက နင့်ယောက်ဖရဲ့ အင်္ကျီဟောင်းပဲ။ သူက ဒါကို ထပ်မဝတ်တော့ဘူး။ နင့်နဲ့ဆို နည်းနည်း ကြီးလောက်ပေမယ့် ဝတ်လို့ ရသေးတယ်။ မြန်မြန်၊ ဒါကို ဝတ်လိုက်။” လင်းချင်းဟယ်က တတိယမောင်လေးလင်းကို ဆွယ်တာကို ကမ်းပေးရင်း စကားဆိုလိုက်သည်။


“အစ်မ၊ မလိုပါဘူး။ ဒါက ငါ့ယောက်ဖရဲ့ အဝတ်အစားလေ။” တတိယမောင်လေးလင်းက အလျင်စလို ငြင်းပယ်ခဲ့သည်။


သူက ဒီကို ယုန်ကို ပို့ပေးချင်လို့ ရောက်လာခဲ့တာ ဖြစ်ပြီး တစ်စုံတစ်ခုကို ရယူလို၍ ရောက်လာတာ မဟုတ်ပေ။


“ငါ ဒါကို နင့်ကို ပေးနေတာကြောင့် ဒါကို ဝတ်လိုက်။ ငါတို့ မိသားစုရဲ့ လက်ရှိ အခြေအနေအရ ရိုးရိုးသားသားပြောရရင် ငါတို့ ဒါကို ဝတ်ဆင်နေတုန်းဆိုရင် ငါ နင့်ကို ဒါကို ပေးမှာ မဟုတ်ဘူး။” လင်းချင်းဟယ် ရှင်းပြသည်။


တတိယမောင်လေးလင်းက ခေါင်းခါသည်။ “မလိုချင်ဘူး၊ မလိုချင်ပါဘူး၊ အစ်မရေ ငါ့ကို ယောက်ဖရဲ့ အဝတ်အစားတွေ မပေးပါနဲ့။ ယောက်ဖပြန်လာလို့ သူ့အဝတ်အစားတွေကို နင် ငါ့ကို ပေးမှန်း သိသွားခဲ့ရင် နင်တို့ ရန်ဖြစ်နေရလိမ့်မယ်။”


“မင်းအစ်မမှာ ဒီအိမ်ရဲ့ အရေးကိစ္စအားလုံးကို ဆုံးဖြတ်ပိုင်ခွင့် ရှိတယ်။ ငါလည်း မင်းအစ်မပြောတာ နားထောင်ရတာ။” ထိုအချိန်တွင် ကလေးတွေနဲ့ အိမ်လည်ရာမှ ပြန်လာသော ကျိုးချင်းပိုင်က ဝင်ပြောခဲ့သည်။


“ယောက်ဖ” သူ့ကို မြင်လိုက်တာနဲ့ တတိယမောင်လေးလင်းက ချက်ချင်း နှုတ်ဆက်လိုက်သည်။


ကျိုးချင်းပိုင်က ခေါင်းညိတ် အသိအမှတ်ပြုသည်။ လောင်တတို့ညီအစ်ကို သုံးယောက်ကလည်း တတိယမောင်လေးလင်းကို ‘ဦးလေး’ လို့ ခေါ်လိုက်သည်။ တတိယမောင်လေးလင်းက အပြုံးလေးဖြင့် အသိအမှတ်ပြန်ပြုသည်။


“ပြီးခဲ့တဲ့နှစ်ကတည်းက ရှင် ဒီဆွယ်တာကို ဝတ်တာ သိပ်မတွေ့တော့ဘူး။ ဒါကို ကျွန်မတို့ သိမ်းထားလည်း သိပ်မထူးဘူးလေ။ ဒါကို ကျွန်မမောင်လေးကို ပေးလိုက်မလို့၊ ရလား။” လင်းချင်းဟယ်က သူ့ကို မေးသည်။


ကျိုးချင်းပိုင် မှတ်ချက်ပြုသည်။ “အဲ့တာ နည်းနည်းလေး ဟောင်းနေပြီး မဟုတ်လား။”


“ဒါကို ဟောင်းနေတော့ မောင်လေး ဒါကို စိတ်ထဲ ထားလား မထားလား ဆိုတာကို သိချင်တယ်။” လင်းချင်းဟယ်က တတိယမောင်လေးလင်းဖက်သို့ လှည့်လိုက်သည်။


တတိယမောင်လေးလင်းက ခေါင်းခါသည်။ “ဒါက ဟောင်းပေမယ့် ဆွယ်တာကောင်းတစ်ထည်ပဲလေ၊ ငါက ဘယ်လိုလုပ်ပြီး စိတ်ထဲထားပါ့မလဲ။”


“နင် စိတ်ထဲမထားရင် ဒါကို မြန်မြန်ဝတ်လိုက်” လင်းချင်းဟယ်က လောင်တကို ညွှန်ကြားလိုက်သည်။ “လောင်တ၊ နင့်ဦးလေးကို မင်းတို့အခန်းထဲခေါ်သွားပြီး ဒါကို ဝတ်ခိုင်းလိုက်။”


“ဦးလေး၊ သားနဲ့ လိုက်ခဲ့” လောင်တ ပြောသည်။


“မင်းအစ်မ ပြောစကားကို နားထောင်လိုက်” ကျိုးချင်းပိုင်သည်လည်း တတိယမောင်လေးလင်းရဲ့ အဝတ်အစားတွေက မည်မျှ ပါးလွှာနေမှန်းကို သတိပြုမိပြီး တိုက်တွန်းခဲ့သည်။


ဒီလိုပြောမှပဲ တတိယမောင်လေးလင်းက ဒီဆွယ်တာကို ဝတ်ဆင်ဖို့ လောင်တနဲ့ လိုက်သွားခဲ့သည်။ ဆွယ်တာကို ဝတ်ဆင်လိုက်တော့ သူ့တစ်ကိုယ်လုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။


“ဒီမှာ ညစာ စားသွားပါလား။” လင်းချင်းဟယ်က တတိယမောင်လေးလင်းကို မေးသည်။


တတိယမောင်လေးလင်းက ခေါင်းကို လျင်မြန်စွာ ခါယမ်းလိုက်သည်။ “မစားတော့ဘူး၊ မစားတော့ဘူး၊ ကျွန်တော် အိမ်မှာပဲ စားလိုက်ပါ့မယ်။”


“ဒါဆို နင် အိမ်ရောက်မှပဲ စားချင်တယ်ဆို အိမ်ရောက်မှပဲ စားလိုက်တော့။ နင် ဒီဘန်းမုန့်တွေ ယူသွားလိုက်။ နင် အိမ်ပြန်ရောက်တဲ့အခါ ဒါကို အပူပေးလိုက်တာနဲ့ စားလို့ရပြီ။” လင်းချင်းဟယ်သည် တတိယမောင်လေးလင်းကို ဘန်းမုန့်အကြီးကြီး သုံးခု ပေးလိုက်သည်။


လင်းချင်းဟယ်သည် မနေ့တုန်းက ဒီဘန်းမုန့်တွေကို ကျိုးချင်းပိုင်နဲ့ ကလေးသုံးယောက်တို့နဲ့အတူ လုပ်ခဲ့ကြသည်။


သူတို့ ဗိုက်ဆာတဲ့အခါတိုင်း ဒါကို ရေနွေးငွေ့နဲ့ ပြန်ပေါင်းပြီး သမာရိုးကျ စွပ်ပြုတ်တစ်ခွက်နဲ့ တွဲဖက် စားသောက်လိုက်ရုံပဲ။ မန်ထိုတွေလည်း အများကြီး ရှိနေပြီး အကုန်လုံး အဆင်သင့် စားသောက်လို့ ရသည်။ ဒီရာသီဥတုအတွက် စိုးရိမ်ပူပန်နေစရာ မလိုအပ်ဘူး။


“မလိုပါဘူး။” တတိယမောင်လေးလင်းက ခေါင်းခါပြီး ငြင်းပယ်သည်။


“ငါ နင့်ကို ယူဖို့ ပြောရင် ယူလိုက်” လင်းချင်းဟယ်က ဒါတွေကို ဆီစိမ်စက္ကူဖြင့် ပတ်ပေးပြီး သူ့လက်ထဲ ထည့်လိုက်သည်။


“အစ်မ၊ နင် ဒီနှစ်သစ်ကူး အိမ်ပြန်လာမှာလား။” တတိယမောင်လေးလင်းက သူမကို မေးသည်။


 “မပြန်လာဘူး။ ငါ ဒီအကြောင်းကို ပြောပြီးသားပဲ၊ ငါ အဲ့ဒီမျက်လုံးဖြူဝံပုလွေတွေနဲ့ လုံးဝ အဆက်အသွယ် ဖြတ်လိုက်ပြီ။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းရင်း ဆိုလိုက်သည်။


တတိယမောင်လေးလင်းသည် ကူကယ်ရာမဲ့သလို ခံစားရပေမယ့် ဘာမှ မပြောပေ။ အဲ့ဒီအစား သူက ပြောသည်။ “ဒါဆို ဒီနှစ် ငါ့မိန်းမနဲ့အတူ လာခဲ့မယ်လေ။၊”


“နှစ်သစ်ကူး ပထမရက် ဒါမှမဟုတ် ဒုတိယရက် အားတယ်။” လင်းချင်းဟယ်က အကြံပြုသည်။


“ဒါဆိုရငါ ငါတို့ ဒီကို အရင်ဆုံးလာခဲ့မယ်။” တတိယမောင်လေးလင်း ပြန်ဖြေသည်။


“ကောင်းပြီ” လင်းချင်းဟယ်က သူ့ကို အဖြေပြန်ပေးသည်။


တတိယမောင်လေးလင်းသည် ဘန်းမုန့်သုံးခုကိုယူပြီး အိမ်ပြန်သွားသည်။


တတိယယောင်းမလင်းက သူ့ကို မေးသည်။ “ရာသီဥတုက ဒီလောက် အေးခဲနေတာကို ရှင် ဒီနေ့ ဘယ်သွားတာလဲ။”


 “ငါ အပြင်မှာ ယုန်တစ်ကောင် ဖမ်းမိတယ်။” တတိယမောင်လေးလင်းက ရယ်ကာမောကာ ပြောလိုက်သည်။


“ ရှင် ဖမ်းလို့ရတာလား” တတိယယောင်းမလင်းက တုံ့ပြန်ပြောသည်။


“ငါ ဖမ်းလို့ရတယ်၊ အဲ့တာကို ငါ့အစ်မဆီ သွားပို့ပေးလိုက်တယ်။” တတိယမောင်လေးလင်းက ပြောသည်။


တတိယယောင်းမလင်းက အချိန်ခဏကြာ အေးခဲနေပြီး ဘာတစ်ခွန်းမှ ပြန်မပြောနိုင်တော့ပေ။


ဒီနှစ် သူမရဲ့ မီးတွင်းကာလအတွင်း သူမ ခံစားခဲ့ရသော ဝေဒနာတွေကို ပြန်အမှတ်ရမိသည်။


သူမရဲ့ မိခင်ဖက် မိသားစုနဲ့ အဆက်အသွယ် ဖြတ်သွားတဲ့ ဒီယောင်းမကြောင့်သာ မဟုတ်ရင် သူမ ဒုတိယသမီးလေး မွေးဖွားချိန် မီးတွင်းကာလမှာ ကြက်ဥတစ်လုံးကို တစ်ကိုက်စာတောင် မစားနိုင်ဘူး။


ဒါ့ကြောင့် ဒီနှစ်မှာ သူမမိသားစုက အိမ်ခွဲလိုက်ကြသည်။


ပထမအိမ်ထောင်စုနဲ့ ဒုတိယအိမ်ထောင်စုတို့က အိမ်မခွဲကြပေမယ့် သူမတို့ တတိယအိမ်ထောင်စုက အိမ်ခွဲလိုက်ကြသည်။ ထုံးစံအတိုင်း သူမတို့အတွက် ခွဲဝေပေးတဲ့ ပစ္စည်းတွေက အများကြီးမရှိလို့ ဘဝက ခက်ခဲတယ်။ ဒါပေမယ့် သိပ်အများကြီး မရရင်တောင်မှ အိမ်ထောင်စုခွဲဖို့ကို တတိယယောင်းမလင်းက အခိုင်အမာ ပြောဆိုခဲ့သည်။

 

သူမ စိတ်ကုန်သွားခဲ့သည်။ သူမမိသားစုကို သူမပဲ ချုပ်ကိုင်မည်။ သူမ စားချင်တာကို စားသောက်ပြီး သူမ လုပ်ချင်ရာကို လုပ်ကိုင်မည်၊ ဘယ်သူမှ စော်စော်ကားကား ပြောနေဖို့ မလိုအပ်ဘူး။


 “ဒါက ဘာလဲ ဆိုတာ ကြည့်လိုက်ပါဦး။” တတိယမောင်လေးလင်းက သူ့လက်မောင်းကြားမှ ဘန်းမုန့်အကြီးကြီး သုံးခုကို ထုတ်ယူပြီး စပ်ဖြဲဖြဲ ပြောလိုက်သည်။


“နင် အဲ့တာကို ဘယ်က ရလာတာလဲ။” တတိယယောင်းမလင်းရဲ့ မျက်လုံးတွေက တောက်ပသွားပြီး မေးမြန်းလိုက်သည်။


“တတိယအစ်မ ပေးလိုက်တာ” တတိယမောင်လေးလင်းက ရယ်ရင်း စကားဆိုသည်။


ဒီအဖြေမျိုးကို မမျှော်လင့်ထားခဲ့ဘူး။ တတိယယောင်းမလင်းက သက်ပြင်းချသည်။ “တတိယယောင်းမက သူမရဲ့ မိခင်ဖက်က မိသားစုကို အသိအမှတ်မပြုတော့ပေမယ့် ရှင့်ကိုကျ သူမရဲ့ မောင်လေးလို့ အသိအမှတ်ပြုလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။”


သူမ နောက်ဆုံး ကြုံတွေ့ခဲ့ရတဲ့ မီးယပ်ကာလအတွင်း ဒီတတိယအစ်မသာလျှင် သူဟာ သူ့မောင်လေးဖြစ်သောကြောင့် ကြက်ဥတွေနဲ့ ဝက်နံရိုးတွေကို ပေးခဲ့သည်။


ဒါက သူမ စိတ်ထဲမှာ စွဲထင်နေတဲ့အရာတစ်ခုပင်။ သူမသာဆိုရင် ဒီလို တွေးမှာ မဟုတ်ဘူး၊ တတိယယောင်းမဟာ သူမနဲ့ အရင်က အဆက်အဆံ သိပ်မရှိတဲ့အတွက် ဒါကို ထည့်သွင်းစဥ်းစားပေးမှာ မဟုတ်ဘူး။


“တတိယအစ်မက ငါ့အပေါ် အမြဲဂရုစိုက်တယ်။” တတိယမောင်လေးလင်းက အမှန်တရားကို ပြောပြီးနောက် သူ့အဝတ်အစားတွေကို ဆွဲပြသည်။ “ကြည့်စမ်း၊ ဒီဆွယ်တာကို ယောက်ဖက ပေးလိုက်တာ။”


“တတိယခဲအိုက ရှင့်ကို ပေးလိုက်တာလား။” တတိယမောင်လေးလင်းရဲ့ ဇနီးသည်သည် မနေနိုင်ပဲ အင်္ကျီကို ထိကြည့်မိသည်။ ဒီဆွယ်တာက အရမ်းနွေးတယ်။


ဒီဆွယ်တာက ကျိုးချင်းပိုင် မဝတ်တော့တဲ့ အင်္ကျီဖြစ်သော်လည်း မကောင်းလို့ ဒါကို မဝတ်ဆင်တာမျိုး မဟုတ်ပေ။ ကျိုးချင်းပိုင်သည် လင်းချင်းဟယ်က သူ့အတွက် အသစ်တစ်ထည် ထပ်ထိုးပေးထားသောကြောင့် ဒါကို မဝတ်ဆင်တော့ခြင်းသာ ဖြစ်သည်။

 

“တတိယအစ်မက ငါ့ကို ဒါကို ပေးနေတာကို ယောက်ဖကလည်း မြင်တယ်။ ယောက်ဖက ငါ့ကို ဒါကို ဝတ်ခိုင်းခဲ့တယ်။” တတိယမောင်လေးလင်းက နှစ်သစ်ကူးနေ့တွင် သွားရောက်လည်ပတ်မည့် အကြောင်းနှင့် ပတ်သက်ပြီး ပြောခဲ့သည်။


“သူမမှာ ဒီနှစ်သစ်ကူး ပြန်လာဖို့ အစီအစဥ် မရှိဘူးလား။” တတိယယောင်းမ အံ့အားသင့်သွားသည်။


“တတိယအစ်မက စိတ်အမှတ်ထားတုန်းပဲ။” တတိယမောင်လေးလင်းက ပြန်ဖြေသည်။


တတိယယောင်းမလင်းက တစ်နှစ်ကြာသွားခဲ့သော်လည်း လင်းချင်းဟယ်က စိတ်အမှတ်ကြီးနေတုန်းလို့ တွေးနေခဲ့မိသော်လည်း ဒါက သူမရဲ့ အရေးကိစ္စဖြစ်၍ သူမ ကြားဝင်စွက်ဖက်ဖို့ စိတ်ကူး မရှိပေ။ ထို့ကြောင့် တတိယယောင်းမလင်းက ဒီအကြောင်းကို စိတ်ထဲမထားပဲ ပြောလိုက်သည်။ “ဒီနှစ် ယွဲ့အာနဲ့ ရှန်းအာတို့ကို ခေါ်ပြီး သူမတို့ဆီ ကျွန်မတို့ သွားလည်ကြတာပေါ့။”

 

သူမခင်ပွန်းကြောင့်သာ တတိယအစ်မက သူမတို့မိသားစုလေးကို ဂရုစိုက်ပေးတာ ဖြစ်ကြောင်း သူမ ပြောနိုင်သည်။ ဒါပေမယ့် ဒီဆက်ဆံရေးက မပျက်စီးသွားသင့်ဘူး။


တတိယမောင်လေးလင်းက ဒီအကြောင်းကို ထောက်ခံကြောင်း ခေါင်းညိတ်သည်။


ညနေစောင်းတော့ လင်မယားနှစ်ယောက်သားက ဘန်းမုန့်အကြီးကြီး သုံးလုံးကို သူတို့ရဲ့ သမီးမိန်းကလေးနှစ်‌ယောက်နဲ့ မျှဝေစားသောက်ခဲ့သည်။ သူတို့က ဒါကို အနည်းငယ် အပူပေးပြီးမှ စားသောက်ခဲ့ကြသည်။


အငယ်ဆုံးသမီးလေးက ကလေးလေးပဲ ရှိသေးတာမို့ စွပ်ပြုတ်ထဲ ထည့်စိမ်ပြီး သူမကို ကျွေးရသည်။ တစ်ဝက်လောက်နဲ့ သူမက ဗိုက်ဝသွားသည်။


သမီးအကြီးဆုံးကတော့ တစ်ခုကို သူမဖာသာသူမ ကိုက်စားခဲ့သည်။


ကျန်တာကိုတော့ တတိယမောင်လေးလင်းနဲ့ တတိယယောင်းမလင်းတို့ စားသောက်ကြသည်။ ထုံးစံအတိုင်း ဒါက သူတို့အတွက် မလောက်ငှဘူး။ ဆောင်းရာသီ ဆောင်းခိုနေသည့်အချိန်တွင် အလုပ်လုပ်စရာ မလိုအပ်သောကြောင့် ဗိုက်ပြည့်အောင် စားနေဖို့ မလိုပဲ အနည်းငယ် စားနိုင်ရုံနဲ့ လုံလောက်သည်။ ဒီရက်တွေမှာ သူတို့အားလုံးဟာ ဗိုက်ဆာမှာ စိုးရိမ်ကြသည့်အတွက် သူတို့ရဲ့ခါးပတ်တွေကို တင်းတင်းချည်ထားကြသည်။

 

အထူးသဖြင့် သူတို့မိသားစု အိမ်ခွဲလိုက်ကြသည့်အတွက် အစားအသောက် အများကြီး မစားနိုင်တော့ဘူး။