အခန်း(၁၀၁)ကိုယ်၀န်ရှိနေပြီ
Viewers 40k

အခန်း (၁၀၁) - ကိုယ်ဝန်ရှိနေပြီ


ကိုးနာရီထိုးသောအခါ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကလေးများကို အိမ်သို့ ပြန်ခေါ်လာကြသည်။


ဒီနှစ် ဆော့ကစားကြသည့်အခါတွင် ကောင်လေးအားလုံးသည် မျောက်ရှုံးအောင် ဆော့ကြသည်။ မနှစ်တုန်းက လောင်စန်းသည် မည်သို့ဆော့ကစားရမည်မှန်း မသိသေးပေ။ ဒီနှစ်မှာတော့ သူသည် သူတို့နောက်က တကောက်ကောက်လိုက်ပြီး အတူတူဆော့ကစားထားသဖြင့် အခုအချိန်တွင် ပင်ပန်းနွမ်းနယ်နေသည်။


အိမ်ပြန်ရောက်သောအခါ ကလေးတွေကို ချက်ချင်း အိပ်ရာဝင်စေသည်။


လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် သူတို့ဘာသာ သူတို့ ကိုယ်လက်သန့်စင်ပြီးနောက် သူတို့သည်လည်း အနွေးကုတင်ပေါ်တွင် အိပ်ရာဝင်ခဲ့ကြသည်။


ကျိုးချင်းပိုင်က ထုတ်ပြောသည်။ "အမေက ဘာလို့ ကိုယ်ဝန်မရသေးတာလဲလို့ မေးနေတယ်"

ဒါကိုပဲ နားထောင်ကြည့်ပါတော့......။ ဒီဆောင်းရာသီမှာ သူတို့အားလုံး ဒါကိုပဲ ဆက်တိုက်ပြောနေခဲ့ကြတယ်။ သူမက သားသုံးယောက် မွေးထားပြီးသားလေ။ ဘာလို့ နောက်ထပ် ကလေးထပ်မွေးရဦးမှာလဲ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး အဆုံးသတ်မရှိတော့ဘူးလား။


"တတိယမရီးက သူမရဲ့ကိုယ်ဝန်ကြောင့် ပင်ပန်းနေရတယ်။ မအီမသာဖြစ်ပြီး ပျို့အန်ချင်လို့ ဘယ်လောက်တောင် မသက်မသာ ခံစားနေရလဲဆိုတာ ကျွန်မ တွေ့ခဲ့တယ်။" လင်းချင်းဟယ်က ပြောသည်။


"မင်းက ကိုယ်ခံအားကောင်းတယ်လို့ အမေက ပြောတယ်။ သားတွေကို ကိုယ်ဝန်ဆောင်တုန်းက မင်း ဘာမှသိပ်မခံစားရဘူးတဲ့။" ကျိုးချင်းပိုင်က ပြန်ဖြေသည်။


"ဘယ်သူက သေချာသိနိုင်လို့လဲ။ တတိယမရီးလည်း အရင်နှစ်ယောက်တုန်းက မခံစားရပေမယ့် အခုတစ်ကြိမ်မှာ ကြုံတွေ့ရတာပဲလေ။" လင်းချင်းဟယ်က ပြန်ခွန်းတုံ့ပြန်လိုက်သည်။ " ရှင်က ကျွန်မကို အဲလို ခံစားစေချင်တာလား "


သေချာတာပေါ့... ကျိုးချင်းပိုင်က သူမကို အဲလို ခံစားစေချင်တဲ့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် ဘာလို့များ သူ့ဇနီးက သူ့အတွက် ကလေး မမွေးပေးချင်ဘူးဆိုတဲ့ ခံစားချက်ကို ခံစားနေရတာလဲ။


"ကျွန်မ ရှင့်အတွက် ကလေးမမွေးပေးချင်ဘူးလို့ ရှင် တွေးမနေနဲ့ဦးနော်။" လင်းချင်းဟယ်က ပြောလိုက်သည်။


သူမ ကလေး မမွေးချင်ရင်တောင်မှ သူ့ကို အဲလို တွေးစေလို့မဖြစ်ဘူး။

"အဲဒါ အမှန် မဟုတ်ဘူးလား။" ကျိုးချင်းပိုင်က မျက်ခုံးပင့်ရင်း မေးလာသည်။

သေချာတာပေါ့... သူ ဒီလိုတွေးနေပြီ။


လင်းချင်းဟယ်သည် သူမ၏လက်ကို မြှောက်ကာ ချောမောသည့် သူ့မျက်နှာကို ထိတွေ့ရင်း " ကျွန်မသာ ရှင့်ကို ကလေးမမွေးပေးချင်ရင် လောင်တနဲ့ သူ့ညီတွေက ဘယ်က ရောက်လာမှာလဲ "

ကျိုးချင်းပိုင်က ဘာမှမပြောပေ။


"အရင်က ကိုယ်ဝန်ရတာ အရမ်းမြန်ပေမယ့် အခုတော့ မင်း ကိုယ်ဝန်မရဘူးလေ။" ကျိုးချင်းပိုင်က ပြောရင်း သူမ၏အဝတ်များကို စတင်ချွတ်လိုက်သည်။


လင်းချင်းဟယ်က သူ့ကို မြန်မြန်တားလိုက်ပြီး " ဒီည မလုပ်နဲ့တော့လေ ကျွန်မ ပင်ပန်းနေပြီ "

သို့သော်လည်း တားဆီးရန် မတတ်နိုင်ခဲ့ပေ။ ညကိုးနာရီမှ ညဆယ့်နှစ်နာရီတိုင်အောင် လူနှစ်ယောက်သည် အလုပ်ရှုပ်နေခဲ့ကြသည်။


"ဒါက နှစ်သစ်ကူးအကြို မီးရှူးမီးပန်း လွှတ်နေတာပဲ။" လင်းချင်းဟယ်က ပင်ပန်းနွမ်းနယ်စွာဖြင့် ပြောလိုက်သည်။


ကျိုးချင်းပိုင်သည် သူမ၏မျက်နှာကို ပြုံးစိစိဖြင့် နမ်းရှိုက်ရင်း ပြောလိုက်သည်။ "ချစ်ဇနီးလေး... အိပ်တော့နော် "


လင်းချင်းဟယ်သည် ဤသူက သမီးတစ်ယောက်ကို အမှန်တကယ် လိုချင်နေမှန်း သိမြင်နိုင်သော်လည်း မူရင်းစာအုပ်တွင် သမီးတစ်ယောက်မျှ မပါရှိခဲ့ချေ။ သူမသည် ယခု ကိုယ်ဝန်မရနိုင်တော့ဟု ခံစားလာရပြီး ၎င်းသည် မချိုးဖောက်နိုင်သော ဇာတ်ကြောင်းကြောင့် ဖြစ်မည်မှာ သေချာသည်။


မတော်တဆ ကိုယ်ဝန်မရလာစေချင်သည့်အတွက် အကာအကွယ် ရယူရန် သူမ ဆေးရုံကို သွားရမည်။


အဆုံးသတ်မှာတော့ သူ၏ကြိမ်နှုန်းအရ မူရင်းဇာတ်ကြောင်းကို ချိုးဖျက်ကောင်း ချိုးဖျက်လာနိုင်သည်။


နှစ်သစ်ကူးနေ့တွင် တတိယလင်းမိသားစုက အလည်လာမည်ဖြစ်သဖြင့် လင်းချင်းဟယ်သည် မနက်ခင်းတွင် နောက်ကျသည့်အထိ မအိပ်စက်ခဲ့ပေ။ သူမသည် ရှစ်နာရီထိုးခါနီးတွင် ထလာသည်။

တတိယလင်းမောင်လေးနှင့် သူ့ဇနီးတို့သည် ကိုးနာရီတွင် ရောက်လာခဲ့သည်။


ကနဦး၌ သူတို့သည် နေ့လည်စာ အတူတူ စားရန် ရည်ရွယ်ချက်မရှိဘဲ ခဏထိုင်စကားပြောပြီး ပြန်ရန် စိတ်ကူးထားကြသည်။ သို့သော်လည်း လင်းချင်းဟယ်သည် ဘယ်နည်းနှင့်မဆို သူတို့ကို အတူတူ စားသောက်ရန် နေခိုင်းခဲ့သည်။


နှစ်သစ်မှာ ဆွေမျိုးတွေ လာလည်သဖြင့် ဘာကြောင့် သူတို့ကို ဗိုက်ဟောင်းလောင်းနဲ့ ပြန်သွားခွင့်ပေးရမည်နည်း။


တတိယယောင်းမလင်း၏ သဘောထားကို မျက်မြင်ကြုံတွေ့ပြီးနောက် လင်းချင်းဟယ်သည် အတိတ်ကအကြောင်းများကို စိတ်ထဲ မထည့်ထားတော့ပေ။ လောင်တနှင့် သူ့ညီတို့မှာ သူမဘက်က ဦးလေးနှင့်အဒေါ် မရှိအောင် သူမ မလုပ်သင့်ဘူး မဟုတ်လား။


ထို့ကြောင့် သူမက သူတို့ကို နေလည်စာစားရန် နေစေခဲ့သည်။


နေ့လည်စာသည် ထုံးစံအတိုင်း ပွဲတော်ကြီး ဖြစ်သည်။ အမှန်တကယ်တော့ ဒါက သူတို့၏ မိသားစုစံနှုန်းအတိုင်း စားသောက်ခြင်း ဖြစ်သော်လည်း တတိယမောင်ဖြစ်သူလင်းနှင့် တတိယယောင်းမလင်းတို့အတွက်မူ ထိုအရာသည် အလွန်အမင်း ခမ်းနားထည်ဝါပြီး အလျှံပယ်ဖြစ်နေသည်။


သူတို့၏ အလည်အပတ်ခရီးကြောင့် လင်းချင်းဟယ်သည် အကြောင်းစုံကို သိရှိသွားသည်။ မနှစ်က ဒုတိယသမီးကို မွေးဖွားခဲ့သည့် တတိယယောင်းမလင်းသည် ကြက်ဥတစ်လုံးကိုတောင် ဝေစုမရရှိခဲ့သောကြောင့် သူတို့လင်မယားသည် မိသားစုမှ ခွဲထွက်လာကြခြင်း ဖြစ်သည်။ သူတို့ကို ပိုက်ဆံအနည်းငယ်နှင့် အစားအသောက်တချို့အား ခွဲဝေပေးခဲ့သည်။ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းသည် သူတို့အတွက် စားသောက်ရန် မလုံလောက်ခဲ့ပေ။


"လင်းမိသားစုက အဘိုးကြီးဇနီးမောင်နှံက ဘယ်လိုလူမျိုးတွေလဲဆိုတာ အခု ရှင် တွေ့ပြီမလား။" လင်းချင်းဟယ်သည် တတိယမောင်ဖြစ်သူလင်းမိသားစုကို အိမ်ပြန်သွားပြီးနောက် ကျိုးချင်းပိုင်အား လှမ်းပြောလိုက်သည်။


ထိုအချိန် မိသားစု ခွဲထွက်သောအခါတွင် သူတို့သည် ဆယ်ယွမ်နှင့် စားစရာတစ်ချို့ကိုသာ ရရှိခဲ့ကြောင်း သူမက သူမယောင်းမထံမှ ကြားခဲ့ရသည်။ စားနပ်ရိက္ခာ လုံလောက်မှု မရှိသည်မှာ သိသာထင်ရှားသည့်အတွက် မိသားစုသည် ခါးဝတ်ကို တင်းတင်းကျပ်ကျပ် စည်းနှောင်ကာ ချွေချွေတာတာ စားသောက်ရသည်။


သူမသည် ထိုအကြောင်းကို မမေးမြန်းချင်ခဲ့ပေ။ ချက်ပြုတ်ရာ၌ ကူညီစဉ်တွင် တတိယယောင်းမလင်းက ထိုအကြောင်းအား ပြောပြခဲ့ခြင်း ဖြစ်သည်။


ကျိုးချင်းပိုင်က ဘာမှ တုံ့ပြန်မှုမပေးခဲ့ပေ။ ဘာပဲပြောပြော သူတို့က သူ့ယောက္ခမတွေပဲလေ။


"ကိုယ်တို့တွေ ကူညီပေးကြမလား။" ကျိုးချင်ပိုင်က ဒါကိုသာ မေးခဲ့သည်။


"မလိုဘူး။ သူတို့တွေ အကူအညီမတောင်းလာဘူး။ သူတို့ ဆုံးဖြတ်ပြီးတဲ့အထိ စောင့်ကြတာပေါ့။ ပြီးတော့ ကျွန်မတို့မိသားစုကလည်း အရမ်းချောင်လည်နေတာ မဟုတ်ဘူးလေ။" လင်းချင်းဟယ်က ပြောသည်။


ကျိုးချင်းပိုင်သည် ခေါင်းညိတ်ပြီး ဘာမှမပြောတော့ချေ။


နှစ်သစ်အစမှာ မိသားစုသည် ကျိုးအိမ်ကို အလည်အပတ် သွားကြသည်။ ကလေးများ ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားနေစဉ်တွင် သူမသည် မရီးများနှင့် ကတ်ကစားရင်း အချိန်ဖြုန်းခဲ့သည်။ လင်းချင်းဟယ်က ဝင်မစွက်ဖက်ပါဘူး။ အဆုံးမှာတော့ သူတို့အားလုံး အရွယ်ရောက်သင့်သလောက် ရောက်နေပြီ။ ကောင်လေးတွေကို ချုပ်ထိန်း ကန့်သတ်မထားသင့်ဘူး။


လောင်စန်းသည် သူ့အစ်ကိုတွေလို ပြေးလွှားဆော့ကစားနိုင်ရန် ငယ်ရွယ်လွန်းသေးသောကြောင့် သူ့ကို ကျိုးအိမ်ဆီသို့ ခေါ်ဆောင်လာခဲ့သည်။


ဤကဲ့သို့ပင် နှစ်သစ်ကူးနေ့သည် ကုန်ဆုံးသွားခဲ့သည်။


ဒုတိယနေ့သည် အိမ်ထောင်သည်သမီးများ မိဘအိမ်သို့ ပြန်လာသည့်နေ့ ဖြစ်သည်။


လင်းချင်းဟယ်သည် ကျိုးရှောင်မိန်ကို စောင့်မျှော်ရန် အပြင်မထွက်ခဲ့ဘူး။ သို့သော်လည်း သူမ၏ မျှော်လင့်ချက်ကို ဆန့်ကျင်ကာ ကျိုးရှောင်မိန်က ပြန်မလာခဲ့ပေ။ ထိုအစား စုတာ့လင်းသာ ရောက်လာသည်။


"ရှောင်မိန်က...... ကိုယ်ဝန်...ရှိနေပြီ။ သူမ...သူမရဲ့ မအီမသာလက္ခဏာက... ပြင်း...ထန်လွန်းလို့... ကျွန်တော်... ကျွန်တော် တစ်ယောက်တည်း... လာခဲ့တာ။" စုတာ့လင်းသည် စကားအထစ်အထစ်နှင့် ပြောလာသည်။


ဒါပေမယ့် သူ့လေသံထဲက ဝမ်းသာပျော်ရွှင်မှုကိုတော့ ဖုံးကွယ်လို့ မရနိုင်ခဲ့ပေ။


ဤလူကြီးသည် နှစ်ပေါင်းများစွာ တစ်ကိုယ်တည်းနေခဲ့ရသည်။ မနှစ်က သူ့ဇနီးနဲ့ အိမ်ထောင်ကျပြီး ဒီနှစ်မှာတော့ သူ့ဇနီးက ကိုယ်ဝန်ရှိနေပြီ။ ဒါက လူတွေရဲ့ဘဝမှာ အကောင်းဆုံး အချိန်အခိုက်အတန့်ပဲ မဟုတ်လား။ 


"ကောင်းလိုက်တာ...။ မတ်လေး...အိမ်ပြန်ရောက်ရင် သူမကို ပြောလိုက်... မနက်ဖြန် မြို့ထဲမှာ ကျွန်မတို့ သူမကို လာတွေ့မယ်လို့။" လင်းချင်းဟယ်သည် ကျိုးရှောင်မိန်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။


“ကောင်းပြီ " စုတာ့လင်းက ပြုံးရယ်ရင်း သဘောတူလိုက်သည်။


ကျိုးရှောင်မိန်က အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့သည့်အပြင် သူမက ကိုယ်ဝန်လည်း ရှိနေသဖြင့် စုတာ့လင်းသည် သူနဲ့အတူ ယူလာသော လက်ဆောင်ဖြစ်သည့် ဝိုင်နှင့် သကြားများကို ပေးပြီးတာနဲ့ ချက်ချင်း ပြန်သွားခဲ့သည်။


အကြီးဆုံးအစ်မ၊ အကြီးဆုံးယောက်ဖ၊ ဒုတိယအစ်မနှင့် ဒုတိယယောက်ဖတို့လည်း ပြန်လာကြသည်။


အစ်မကြီးဖြစ်သူ ကျိုးရှောင်ကျွမ်းနှင့် ဒုတိယအစ်မဖြစ်သူ ကျိုးရှောင်ကျွီ နှစ်ယောက်စလုံးသည် အသက်ကြီးသည်။ သူတို့တွေ အိမ်ထောင်ကျသွားကြသည်မှာ ကြာပြီဖြစ်သောကြောင့် လင်းချင်းဟယ်က သူတို့နှင့် သိပ်မရင်းနှီးပေ။ အပေါ်ယံဆက်ဆံရေးလောက်သာ ရှိခဲ့သည်။

တတိယမရီးသည်လည်း ထိုနည်း၎င်းပင်။


အကြီးဆုံးမရီးနှင့် ဒုတိယမရီးတို့က စောစော အိမ်ထောင်ကျခဲ့သဖြင့် ထိုညီအစ်မနှစ်ယောက်လုံးနှင့် သူတို့၏ဆက်ဆံရေးသည် အတော်လေး ရင်းနှီးခဲ့ကြသည်။


လင်းချင်းဟယ်သည် ကြိုဆိုနှုတ်ဆက်ပြီး သိမ်မွေ့သော စကားတစ်ချို့ပြောလိုက်သည်။


"ဒီနှစ် စတုတ္ထယောက်မက အရင်နှစ်တွေကထက် ပိုပြီး မွန်ရည်လာတယ်။" လင်းချင်းဟယ် အိမ်ပြန်သွားသောအခါ အစ်မကြီးက အကြီးဆုံးမရီးကို ပြောလိုက်သည်။


အကြီးဆုံးမရီးက ပြန်ဖြေသည်။ " လောင်တရဲ့အမေက အခု အရမ်း ရင်းနှီးဖော်ရွေနေပြီ "


"ဘာ ရင်းနှီးဖော်ရွေတာလဲ။ အစ်မကြီး၊ ဒုတိယအစ်မ... အစ်မတို့ မသိဘူးနော်။ ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မ သူမကို နည်းနည်းလေးပဲ အပြစ်ရှာဝေဖန်ရသေးတယ် ကျွန်မကို မြေပေါ်ပစ်ပေါက်လိုက်တာ။" ဒုတိယမရီးက နှာခေါင်းရှုံ့ကာ ပြောသည်။


"ဘယ်လို..." ညီအစ်မနှစ်ယောက်စလုံး အံ့သြသွားကြသည်။


"အဲဒါက ကြာနေပြီ။ ပြီးတော့ ဒုတိယမရီး... အဲအချိန်တုန်းက ဘယ်သူအရင် လက်ပါလဲဆိုတာ ငါတို့မြင်တယ်။" အကြီးဆုံးမရီးက ဂရုမစိုက်စွာဖြင့် ထောက်ပြသည်။


တတိယမရီးက ပြုံးရင်း " အဖေနဲ့ အမေတို့လည်း အကုန်မြင်တယ် "


အကြီးဆုံးမရီးနှင့် တတိယမရီးတို့သည် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ပြီး နှစ်ယောက်လုံး၏ မျက်လုံးထဲတွင် ရွံရှာစက်ဆုပ်မှုများကို တွေ့မြင်နိုင်သည်။ ဘယ်သူမှ မရှိတဲ့အချိန်ဆို ဒီဒုတိယမရီးက နှစ်သစ်ကူးနေ့ကိုတောင် မရှောင် ဘယ်လိုပြဿနာရှာရမလဲဆိုတာ တကယ် သိတာပဲ။


ဒုတိယမရီးက မျက်လုံးလှန်ပြရင်း " အဲအချိန်တုန်းက ကိုယ်ဝန်မရှိနေလို့ပေါ့။ ကျွန်မမှာသာ ကိုယ်ဝန်ရှိနေရင် သူမ အဲလိုပစ်ပေါက်ပုံနဲ့ဆို တခုခု ဖြစ်သွားရင် သူမ တာဝန်ယူမှာလား "


ထိုစကားထွက်ကျလာသည်နှင့်တစ်ပြိုင်နက် အကြီးဆုံးမရီးနှင့် တတိယမရီးတို့က သူမကို ကြည့်လိုက်ကြသည်။ ဒုတိယမရီးက ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ "တစ်လလောက် ရှိနေပြီ "

ဟုတ်ပါတယ်။ သူမလည်း ကိုယ်ဝန်ရှိနေသည်။


အကြီးဆုံးမရီးနှင့် တတိယမရီးတို့က သူမကို ဂုဏ်ပြုကြသည်။


ကိုယ်ဝန်ရှိခြင်းက ရှားရှားပါးပါး ဖြစ်ရပ်မဟုတ်သဖြင့် ဘာမှ ထပ်မပြောတော့ပေ။

"ဒါက တကယ့်ကို ပျော်စရာကောင်းတဲ့ ကိစ္စပဲ။" အစ်မကြီးနှင့် ဒုတိယအစ်မတို့က အခြေအနေကို သက်တောင့်သက်သာ ဖြစ်စေရန် အပြုံးလေးဖြင့် မှတ်ချက်ပေးလိုက်ကြသည်။