အခန်း(၁၀၂) - ကလေးများကို ပြုစုပျိုးထောင်ခြင်း
အိမ်ထောင်ကျပြီးပြီ ဖြစ်သောကြောင့် သူတို့တွေက မိဘအိမ်၏ မိသားစုကိစ္စနှင့် ပတ်သက်ပြီး ဘာမှဝင်ပြောခွင့်မရှိတော့ပေ။ သူတို့တွေက တစ်နှစ်မှာ အကြိမ်အနည်းငယ်မျှသာ မိဘဆီ ပြန်လာသည့်အတွက် ဒီအငြင်းပွားဖွယ်ရာကိစ္စကို ဒီတိုင်း ထားခဲ့တာက ပိုကောင်းသည်။
နေ့လည်စာစားချိန်တွင် သူတို့သည် အတူတကွ ဝိုင်းဖွဲ့စားသောက်ကြသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ကလေးများကို နေ့လည်စာ စားရန် အိမ်သို့ ပြန်ခေါ်သွားသဖြင့် ဝင်ရောက်ဝိုင်းဖွဲ့ခြင်း မရှိခဲ့ပေ။
ဒုတိယမရီး၏ ကိုယ်ဝန်နှင့် ပတ်သက်၍ လင်းချင်းဟယ်က မသိရှိသေးချေ။
သုံးရက်မြောက်နေ့တွင် သူမတို့တစ်မိသားစုလုံးသည် အဆင်သင့်ပြင်ဆင်ကာ လျှောက်လည်ရန် ခရိုင်မြို့သို့ တန်းတန်းမတ်မတ် သွားကြသည်။
ကိုးနာရီတွင် ခရိုင်မြို့သို့ သူတို့ ရောက်ရှိသွားကြသည်။ မိသားစုသည် မြို့ထဲတွင် အရင် လည်ပတ်ကြသည်။ အစကတော့ လင်းချင်းဟယ်သည် ဆေးရုံသို့ သွားချင်ပေမယ့် ကျိုးချင်းပိုင်က သူမကို ဘာကြောင့် ဆေးရုံသွားချင်တာလဲလို့ မေးမြန်းသည့်အခါ လင်းချင်းဟယ်က သူ့ကို စိတ်ပူသည့်အကြည့်ဖြင့် ကြည့်ပြီး နေကောင်းကြောင်း ပြောပြသည်။ နောက်ဆုံးတော့ ကွန်ဒုံးဝယ်ရန် ဆေးရုံသို့ သူမသွားချင်နေသည့် အမှန်တရားကို ကျိုးချင်းပိုင် သိသွားခဲ့သည်။
ကျိုးချင်းပိုင်က ကွန်ဒုံးဆိုတာ ဘယ်လိုအရာမှန်း မေးပြီးနောက် သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"နှစ်သစ်မှာ ဒီလိုမလုပ်ပါနဲ့။ ကျွန်မတို့ ပျော်ဖို့ အပြင်ထွက်လည်ကြတာလေ။" လင်းချင်းဟယ်က ချော့လိုက်သည်။
ထိုအခါမှသာ ကျိုးချင်းပိုင်သည် သူ့ခံစားချက်များကို ထိန်းချုပ်လိုက်သည်။ နှစ်သစ်ကူးကာလမှာ ဆေးရုံသွားတာ မကောင်းဘူးဆိုသည့် သဘာဝကျသော သူ၏ ဆုံးမစကားများကိုတော့ သူမ နားထောင်လိုက်ရသေးသည်။ သူမကို မသွားရန် ပြတ်ပြတ်သားသား တားမြစ်ခဲ့သည်။
မိသားစုသည် ဓါတ်ပုံရိုက်ရန် ဈေးဝယ်စင်တာသို့ သွားကြသည်။ ထိုပစ္စည်းကို ဝယ်ယူရန် သူမ ဆေးရုံသို့ သွားချင်နေသေးသဖြင့် ကျိုးချင်းပိုင်၏ မျက်နှာသည် သူ့အလှည့်ရောက်သောအခါတွင် ခံစားချက်မရှိ၊ အသက်မပါသလို ဖြစ်နေခဲ့သည်။ လင်းချင်းဟယ် ဘယ်လောက်ပဲ ကြိုးစားကြိုးစား သူ့ကို ပြုံးရယ်အောင် မလုပ်နိုင်ခဲ့ပေ။
ကောင်လေးတွေသည် သူတို့၏ ဓါတ်ပုံများကို ရိုက်ယူရင်း ကြည်နူးပျော်ရွှင်နေကြသည်။ အလန်းစားပို့စ်များဖြင့် နောက်ထပ် ဓါတ်ပုံနည်းနည်းကို ထပ်ရိုက်ရန် သူတို့ ဆန္ဒရှိကြသည်။
သွားလာလည်ပတ်ပြီးနောက် သူတို့သည် ပန်းသီးတစ်ခြင်း ဝယ်ယူကာ ကျိုးရှောင်မိန်ကို သွားတွေ့ကြသည်။
ကျိုးရှောင်မိန်၏ အသားအရေနှင့် သွင်ပြင်လက္ခဏာသည် ကောင်းမွန်လှသည်။ ကျိုးရှောင်မိန်သည် သူမ၏ စတုတ္ထအစ်ကို မိသားစု အလည်လာရောက်သည့်အတွက် အလွန်ပျော်ရွှင် ဝမ်းမြောက်နေသည်။
သူမ၏ ကိုယ်ဝန်ကြောင့် ဖြစ်နိုင်သည်။ ကောင်လေးတွေ၏ ချစ်စရာကောင်းသော အသွင်အပြင်ကို ကြည့်နေသည့် သူမအကြည့်တွေက သိမ်မွေ့နူးညံ့နေသည်။
သူမသည် သူမ၏ မျှော်လင့်ချက်၊ ခံစားချက်များကို လင်းချင်းဟယ်အား ထုတ်ဖော်ပြောပြသည်။
"နင်နဲ့ မတ်လေးက ရုပ်ချောကြည့်ကောင်းတာပဲ။ ဒါကြောင့် နင့်သားသမီးက ဆိုးဆိုးရွားရွား မဖြစ်လောက်ပါဘူး။" လင်းချင်းဟယ်က ပြောသည်။ ပြီးတော့ ထပ်ပြီး အကြံပေးသည်။ "အခုကစပြီး ပန်းသီးများများစားပေး နားလည်လား။ အရမ်းအများကြီးတော့ မစားနဲ့၊ တစ်နေ့ကို တစ်လုံး နှစ်လုံးလောက်ဆို ရပြီ။ ပြီးတော့ ပဲပိစပ်၊ နှမ်းနဲ့ မြေပဲတွေကို များများစားပေး။ မနေ့က မတ်လေး လာတော့ အမေက ပဲပိစပ်တွေ အများကြီး ပေးလိုက်တယ်။ ဝက်သား ဒါမှမဟုတ် ဝက်ရိုးဝယ်ပြီး ပဲပိစပ်နဲ့ ရောချက်စားရင် ပိုပြီးကောင်းတယ် "
"အဲဒါတွေ အားလုံးကို ကျွန်မအတွက် သူ ပြင်ပေးတယ်။" ကျိုးရှောင်မိန်က ရှက်ရွံ့စွာ တုံ့ပြန်ပြောဆိုသည်။
လင်းချင်းဟယ်က ပြုံးရယ်ပြီး " ကြည့်ပါလား ငါ ပြောတာ မှန်တယ်မလား။ သူက အရမ်းချစ်တတ်တဲ့သူပါဆို။ သူ့မျက်လုံးထဲမှာ နင်က လွဲပြီး ဘယ်သူ့ကိုမှ မမြင်ဘူး "
ကျိုးရှောင်မိန်သည် တခစ်ခစ်ရယ်ရင်း နှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ သူမ၏မျက်နှာသည် ပျော်ရွှင်မှုအတိဖြင့် တောက်ပနေသည်။
"ဒါပေမယ့် နင်ရဲ့ ကိုယ်ဝန်လရင့်လာရင် စက်ရုံက နင့်အလုပ်နေရာကို ဘယ်လိုလုပ်မှာလဲ။" လင်းချင်းဟယ်က မေးသည်။
"အဲအချိန်ကျရင် ခွင့်ယူလိုက်မယ်။ နောက်ပိုင်း ကလေးထိန်းပေးမယ့်သူ မရှိဘူး။ အဲဒါကြောင့် ကလေးကို ပြုစုစောင့်ရှောက်ပေးဖို့ အမေဆီ ပို့ချင်တယ်။"
"အမေ့ဆီ ပို့ချင်တာလား။" လင်းချင်းဟယ်သည် မှင်တက်သွားပြီး "အမေက အလုပ်လုပ်နေတာ သေချာပေါက် အားမှာ မဟုတ်ဘူး။"
"အမေက အလုပ်မှတ် ဘယ်လောက်ရှာနိုင်မှာမလို့လဲ။ အစ်ကိုလင်းနဲ့ ကျွန်မ တိုင်ပင်ပြီးသွားပြီ။ အချိန်တန်ရင် အမေ့ကို ကလေးစောင့်ရှောက်ပေးခ တစ်လကို ငါးယွမ် ပေးမယ်။ အဲဒါက လယ်ခင်းထဲ သွားရတာထက် ပိုကောင်းတယ်။" ကျိုးရှောင်မိန်က အကျိုးသင့်အကြောင်းသင့် ရှင်းပြသည်။
"ဒါ အကြံကောင်းပဲ။" ဒီအချိန်မှာ တစ်လကို ငါးယွမ်ပေးလျှင် ဧကန်မုချ အဆင်ပြေလိမ့်မည်။
ကျိုးရှောင်မိန်၏လစာက ထိုထက် ပိုတန်ဖိုးရှိသည်။
"စတုတ္ထယောင်းမ... ကလေးကို အိမ်ပို့ထားရင် အစ်မ အားတဲ့အချိန် ကူညီစောင့်ရှောက်ပေးပါဦး။" ကျိုးရှောင်မိန်က ပြောသည်။
"ကလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ ငါ မသိဘူး။" လင်းချင်းဟယ်သည် ခဏလောက် အေးခဲမှင်တက်သွားသည်။ ဘာလို့ သူမကို ဆွဲထည့်နေရတာလဲ။
"လောင်တနဲ့ သူ့ညီတွေကို အံ့သြစရာကောင်းလောက်အောင် ကြည့်ရူစောင့်ရှောက်ထားတာလေ။" ကျိုးရှောင်မိန်က သူမကို ကြည့်ရင်း ပြောလိုက်သည်။
လင်းချင်းဟယ်သည် နှုတ်ခမ်းကို ရှုံ့မဲ့ကာ " သူတို့တွေ ငယ်ငယ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ နေ့ရက်တွေကို မေ့သွားပြီးလား။ အဲလိုနူးညံ့တဲ့ အသွင်အပြင်ကို မြင်လိုက်တာနဲ့ ဦးခေါင်းတစ်ခုလုံး ထုံကျင်လာသလိုပဲ။ သူတို့အားလုံးက သူတို့ဘာသာ ကြီးပြင်းလာကြတာ ပြီးတော့မှသာ ငါ သူတို့ကို ကြည့်ရူ စောင့်ရှောက်နိုင်တော့တယ်။ သူတို့တွေ ငယ်ငယ်တုန်းက ငါ သူတို့ကို အနွေးကုတင်ပေါ်ပဲ ဒီတိုင်းပစ်ထားခဲ့တာ "
ထိုအခါမှ ကျိုးရှောင်မိန်က ထိုအကြောင်းများကို အမှတ်ရသွားသည်။ အရင်တုန်းက သူမ၏ စတုတ္ထမရီးသည် အမှန်တကယ့်ကို ထိုအတိုင်းပင် ဖြစ်သည်။ အခုချိန်၌ သူမက သူတို့ကို အလွန်ဂရုစိုက်သောကြောင့် ယခင်က ကလေးတွေကို ဂရုမစိုက်သည့်အကြောင်းအား သူမ မေ့လုနီးပါး ဖြစ်နေခဲ့သည်။
"ဒါပေမယ့် ကလေး နည်းနည်းကြီးလာရင်တော့ ကူညီစောင့်ရှောက်ပေးမယ်။ ကလေးကို စောင့်ရှောက်ဖို့ အမေ့ဆီ ဘယ်အရွယ်မှာ ပို့ဖို့စီစဉ်ထားလဲ။" လင်းချင်းဟယ်က သူမကို မေးသည်။
"ကျွန်မ စက်ရုံကို မေးကြည့်ပြီးပြီ။ စက်ရုံက အများဆုံး နှစ်လ ခွင့်ယူလို့ရတယ်တဲ့။" ကျိုးရှောင်မိန်က သက်ပြင်းချလိုက်သည်။
"မတ်လေးကကော ဘာပြောသေးလဲ။" လင်းချင်းဟယ်က ထပ်မေးသည်။
"အစ်ကိုလင်းကတော့ ကျွန်မကို အလုပ်မလုပ်တော့ဘဲ အိမ်မှာပဲ ကလေးကို စောင့်ရှောက်စေချင်နေတာ။ ကျွန်မ အဲလို မလုပ်ချင်ဘူး။" ကျိုးရှောင်မိန်က ပြန်ဖြေသည်။ "ပြီးတော့ ဒီအလုပ်ကို ရအောင် စတုတ္ထမရီးက အများကြီး ကြိုးစားအားထုတ်ပေးခဲ့တာ။ လူတော်တော်များများက လိုချင်နေပေမယ့် မရနိုင်ကြဘူး။ ဒါဆို ကျွန်မက ဘာလို့ လက်လွှတ်အဆုံးရှုံးခံရမှာလဲ "
"နင် အမေကို ကူညီပေးဖို့ တစ်လကို ငါးယွမ် ပေးတာ မဆိုးပါဘူး။ ပြီးတော့ အမေက သူမမြေးကို နှိပ်စက်မှာမဟုတ်ဘူး။" လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
အထူးသဖြင့် အလုပ်အကိုင် ရှားပါးသော ယခုခေတ်အခါမှာ သူမလည်းပဲ အလုပ်ကို စွန့်လွှတ်ခြင်းအား လုံးဝနှစ်သက်ခြင်း မရှိပေ။ အစကတည်းက ကျိုးရှောင်မိန်သည် သူမ၏အဆင့်အတန်းထက် မြင့်မားသည့်သူကို လက်ထပ်ထားခြင်းဖြစ်သည်။
အသက်မွေးဝမ်းကြောင်း အလုပ်တစ်ခုဖြင့် စုတာ့လင်း၏ ဦးလေးမိသားစုသည် သူမအား ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ပေးနိုင်သည်။ ဒါကြောင့် ကလေးအတွက် အလုပ်ကို စွန့်လွှတ်လိုက်ခြင်းက အရေးပါအရာရောက်တယ် ဆိုရင်တောင် ထိုအကြောင်းကို ဘယ်သူမှ ဂရုစိုက်မည်မဟုတ်ပေ။ နောင်အနာဂါတ်မှသာ သူမအား အလေးမထားတော့ဘဲ လျစ်လျှူရှုလာကြလိမ့်မည်။
"ကလေးကို နှစ်လလောက် နင် နို့တိုက်ပြီးရင် စောင့်ရှောက်ဖို့ အမေ့ဆီ ပို့ပေးလိုက်ပေါ့။" လင်းချင်းဟယ်က အကြံပြုသည်။ "တတိယမရီးလည်း ကိုယ်ဝန်ရှိနေတယ်။ မီးဖွားချိန်က အတူတူ ဖြစ်လောက်တယ်။ အဲဒီအချိန်ကျရင် နင် ရိက္ခာနည်းနည်း ပေးလိုက်လို့ရတယ်။"
"တတိယမရီးက ကိုယ်ဝန်ရှိနေတာလား။" ကျိုးရှောင်မိန်က ဒါကို မသိသေးသဖြင့် သူမမျက်လုံးတွေက တောက်ပသွားသည်။
"ဟုတ်တယ် ဒါကြောင့် ကလေးကို ပို့လိုက်တာ နင့်အတွက် ပိုအဆင်ပြေမယ်လို့ ငါ ထင်တယ်။ တတိယမရီး မီးဖွားပြီး မီးတွင်းထဲနေတဲ့အခါ သူမအတွက် အသားနဲ့ ဥများများ ပို့ပေးလိုက်။ ဒါမှ ကလေးနှစ်ယောက်အတွက် လုံလုံလောက်လောက် နို့ချိုတိုက်ကျွေးနိုင်မှာ။" လင်းချင်းဟယ်က အကြံပေးသည်။
ယခုခေတ်အချိန်တွင် အမျိုးသမီးများသည် နှစ်ယောက်အတွက်နေနေသာသာ တစ်ယောက်တည်းအတွက်တောင် မိခင်နို့ကို လုံလုံလောက်လောက် မတိုက်ကျွေးနိုင်ပေ။
ဒါပေမယ့် ကျိုးရှောင်မိန်က အစားအသောက်ကောင်းများကို ပေးပို့ပေးမယ်ဆိုလျှင် တတိယမရီးကလည်း သူမကို ကူညီပေးဖို့ ဆန္ဒရှိပေလိမ့်မည်။
"ကျွန်မ အဲ့လိုလုပ်မယ်။" ကျိုးရှောင်မိန်သည် အလွန်ပင် ဝမ်းသာပီတိဖြစ်နေပြီး ထိုကဲ့သို့သော တိုက်ဆိုင်မှုမျိုးကို သူမ မမျှော်လင့်ခဲ့ပေ။ ဒီလိုသာ ဖြစ်လာမယ်ဆိုလျှင် အများကြီး ပိုလွယ်ကူသွားပြီ။
ဟုတ်တာပေါ့... သူတို့တွေသည် အဲဒီမှာ နေ့လည်စာ စားခဲ့ကြသည်။ စုတာ့လင်းက ချက်ပြုတ်သည်။ အခုဆိုလျှင် အိမ်မှာရှိသမျှ အိမ်မှုကိစ္စအကုန်လုံးကို သူသာ လုပ်ကိုင်နေသည်။ ကျိုးရှောင်မိန် နည်းနည်းလောက် ပိုစားရင်ကို သူက ဝမ်းသာနေသဖြင့် အဘယ်ကြောင့် သူမကို ချက်ပြုတ်ခွင့်ပေးရမည်နည်း။
နေလည်စာ စားပြီးနောက် မိသားစုလိုက် ရုပ်ရှင်သွားကြည့်ရန် ထွက်လာကြသည်။
ကျိုးရှောင်မိန်က မနာလိုကြောင်း ထုတ်ပြောသည်။
"မနာလိုစရာ ဘာရှိလို့လဲ။ ဆောင်းကုန်ပြီး နွေဦးရာသီရောက်ရင် အဲအချိန်မှာ နင် သွားကြည့်လို့ရပြီ။ အဲအခါလည်း အဆင်ပြေတယ်လေ။ နင်က ငါတို့လို ခရီးထွက်စရာ မလိုဘူး။" လင်းချင်းဟယ်က ပြောသည်။
ထို့နောက် မိသားစုသည် နှုတ်ဆက်ထွက်ခွာလာကြသည်။
"ကျွန်မ စတုတ္ထမရီးကို ပြောပြီးပြီ၊ စတုတ္ထမရီးကလည်း ကလေးကို အမေ့ဆီပို့ထားတာ ကောင်းတယ်လို့ ပြောတယ်။ ပြီးတော့ တတိယမရီးလည်း ကိုယ်ဝန်ရှိနေတယ်။ သူမရဲ့မွေးရက်က ကျွန်မနဲ့ အတူတူလောက်ပဲ။" ကျိုးရှောင်မိန်က စုတာ့လင်းအား ရွှင်ပျတက်ကြွစွာ ပြောပြသည်။
စုတာ့လင်းလည်း အရမ်းဝမ်းသာသွားသည်။ " ဒါဆို... ကိုယ်တို့ ပိုက်ဆံပေးဖို့ လိုလား "
"ဘာပိုက်ဆံ ပေးမှာလဲ။ အချိန်တန်တဲ့အခါ ကြက်ဥနဲ့ ဝက်သား များများ ပို့ပေးလိုက်ရင် လုံလောက်ပြီ။" ကျိုးရှောင်မိန်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
"မြက်ငါးကြင်း...... မြက်ငါးကြင်းက နို့ထွက်ကောင်းတယ်။" စုတာ့လင်းက ပြောသည်။
ဒါက သူ့အဒေါ်ဆီမှ ကြားလာခြင်း ဖြစ်သည်။
သူ့ဦးလေးနှင့် အဒေါ်တို့ နှစ်ယောက်စလုံးက အလုပ်လုပ်ရသဖြင့် အားလပ်ခြင်း မရှိချေ။ ဒါ့အပြင် သူတို့မှာလည်း သူတို့၏ကိုယ်ပိုင်မိသားစု ရှိသေးတာကြောင့် သူတို့ရဲ့ ကလေးတွေကို ပြုစုစောင့်ရှောက်ရန် တာဝန်ဝတ္တရား မရှိပေ။
ထို့ကြောင့် သူတို့သည် ကျိုးအိမ်ဘက်ကိုသာ အာရုံစိုက် အားကိုးနိုင်တော့သည်။
"အင်း... မီးဖွားချိန်ရောက်ရင် ငါးကြင်းအချို့ ပို့ပေးကြတာပေါ့။" ကျိုးရှောင်မိန်က ခေါင်းညိတ်သည်။
မီးဖွားပြီးနောက်ပိုင်း ပြဿနာများကို ပြေလည်အောင် ဖြေရှင်းနိုင်သွားသဖြင့် လင်မယားနှစ်ယောက်စလုံး စိတ်အေးလက်အေး ဖြစ်သွားကြသည်။
လင်းချင်းဟယ်၊ ကျိုးချင်းပိုင်နှင့် ကလေးများကတော့ ရုပ်ရှင်ရုံထဲသို့ ဝင်သွားကြသည်။ မိသားစုငါးယောက်က ရုပ်ရှင်ကြည့်နေဆဲ ဖြစ်သည်။