အခန်း(၁၀၃)သမီးတစ်ယောက်ရရန်စိတ်ပိုင်းဖြတ်ခြင်း
Viewers 38k

အပိုင်း (၁၀၃) - သမီးတစ်ယောက်ရရန် စိတ်ပိုင်းဖြတ်ခြင်း


မနှစ်တုန်းက မိသားစုသည် " ကောင်းကင်မှာ ပရမ်းပတာဖြစ်ခြင်း " ကို ကြည့်ခဲ့ကြပြီး ဒီနှစ်မှာတော့ " ဖားလောင်းလေးများ အမေရှာဖွေခန်း " ဟူသည့် ကာတွန်းကားကို ကြည့်ခဲ့ပါသည်။

ထိုဇာတ်ကား နှစ်ကားစလုံးသည် ဆွဲဆောင်နိုင်စွမ်းရှိလှသဖြင့် ကလေးတွေမဆိုထားနှင့် လင်းချင်းဟယ်တောင် စိတ်ဝင်စားခဲ့သည်။


ကျိုးချင်းပိုင်သည် ဘာအမူအယာမျှ မပြပေ။ လင်းချင်းဟယ်က သူ့ကို ခဏခဏ လှမ်းကြည့်နေသည်။ သူက ခံစားမိပြီး သူမကို ပြန်ကြည့်လာသည်။ သူ့အမူအယာက မကြည်မလင် ဖြစ်နေသည်။


လင်းချင်းဟယ်သည် ဤလူက သူမကို မကျေမနပ်ဖြစ်နေမှန်း သိနေသည်။


" ဘာပဲဖြစ်ဖြစ် ကျွန်မတို့ အိမ်ရောက်မှ ပြောကြတာပေါ့။ အခုတော့ ရုပ်ရှင်ကိုပဲကြည့်ပါ... စိတ်မဆိုးပါနဲ့တော့နော် " လင်းချင်းဟယ်က ဘာများ လုပ်နိုင်မှာလဲ။ သူမက သူ့လက်ကို ဆုပ်ကိုင်ကာ တိုးတိုးလေးသာ ပြောနိုင်တော့သည်။


ကျိုးချင်းပိုင်သည် ရုပ်ရှင်ကို ဆက်မကြည့်ခင် သူမကို ထူးမခြားနားသည့် အကြည့်တစ်ချက် ပေးလိုက်သည်။


ရုပ်ရှင်ပြီးသွားသောအခါ လင်းချင်းဟယ်ကို ငေးကြည့်နေသည့် လောင်တ၏ မျက်ဝန်းတွင် မျက်ရည်စများ ရစ်ဝိုင်းနေသည်။


လောင်အာ့နှင့် လောင်စန်းတို့သည်လည်း တွေးစရာပင်မလို ထိုနည်း၎င်းပင်။ လောင်စန်းက သူ့အမေကို ပွေ့ဖက်ချင်နေကြောင်း ပြသနေသလို လောင်အာ့ကလည်း သူ့အမေလက်ကို ဆုပ်ကိုင်ချင်နေခဲ့သည်။


၎င်းတို့၏ မွေးမိခင်များကို ရှာမတွေ့နိုင်သော ဖားလောင်းလေးများကဲ့သို့ သူတို့တွေ မဖြစ်ချင်ကြပေ။ မိခင်ကို အကြာကြီး ရှာရသည်မှာ အရမ်း သနားစရာကောင်းလှသည်။


လင်းချင်းဟယ် : " … " သူတို့တွေ ဘာဖြစ်နေကြတာလဲ???


နောက်ဆုံးမှာတော့ လောင်စန်းကို ကျိုးချင်းပိုင်က ပွေ့ချီလိုက်ပြီး လင်းချင်းဟယ်က လောင်တနှင့် လောင်အာ့တို့၏ လက်များကို တွဲထားလိုက်သည်။ 


ထို့နောက် စားသောက်ဆိုင်သို့ အတူတူ ဦးတည်လိုက်ကြသည်။ သူတို့သည် ပန်းသီးများကို ထပ်ဝယ်ပြီး အိမ်ပြန်လာကြသည်။


" လောင်တ… မင်းရဲ့အတွေးအမြင်တွေကို တစ်မျက်နှာ သွားရေးလာခဲ့ " အိမ်ပြန်ရောက်ပြီးနောက် လင်းချင်းဟယ်က လောင်တကို စာရေးခိုင်းသည်။


" ဘာအတွေးအမြင်ကို ပြောတာလဲ " လောင်တသည် ခဏလောက် မှင်တက်သွားပြီးမှ ပြန်မေးလာသည်။


" ဒီနေ့ရုပ်ရှင်ကို ကြည့်ပြီး ခံစားရတဲ့ မင်းရဲ့ အတွေးအမြင်နဲ့ ခံစားချက်ကို ပြောတာ " လင်းချင်းဟယ်က ရှင်းပြသည်။


တကယ်တော့ လောင်တမှာ ပြောပြစရာ အများကြီးရှိနေသဖြင့် ချက်ချင်းပင် စာရေးရန် ထွက်သွားလိုက်သည်။ လောင်အာ့က " အမေ… သားမှာလည်း အတွေးတွေ ရှိတယ် "


" မင်းက စာလုံးတော်တော်များများကို မသိသေးဘူး… နှုတ်တိုက်ပဲ ရွတ်ပြ " လင်းချင်းဟယ်က ခေါင်းညိတ်သဘောတူလိုက်သည်။


လောင်အာ့က " ဖားလောင်းလေးတွေ ငယ်ငယ်တုန်းက သူတို့အမေက ဘယ်လိုပုံစံမှန်း မသိတဲ့အတွက် ရွှေငါး၊ ဂဏန်း၊ လိပ် နှင့် ငါးခူတို့ကို သူတို့တွေရဲ့အမေအဖြစ် အထင်မှားခဲ့ကြတယ်။ သူတို့အမေတွေနဲ့ သူတို့က မတူညီကြဘူး။ သူတို့ ကြီးပြင်းလာတဲ့အခါ သူတို့ရဲ့မွေးအမေတွေလို ဖြစ်လာကြပြီး သူတို့အမေက ဘယ်သူဆိုတာ သိလာကြတယ် "


" တော်လိုက်တာ " လင်းချင်းဟယ်က ချီးကျူးလိုက်သည်။


လောင်အာ့က ဆက်ပြောသည်။ " ဒါပေမယ့် သားတို့က ဖားတွေနဲ့ မတူဘူး။ သူတို့အားလုံးက တစ်ပုံစံတည်းပဲ။ သားတို့က ကြီးပြင်းလာပုံချင်း မတူဘူး။ ဒါကြောင့် အမေ… သားတို့ကို မစွန့်လွှတ်ပါနဲ့နော်… မဟုတ်ရင် သားတို့ကြီးလာတဲ့အခါ သားတို့ကို မမှတ်မိဘဲ နေ,နေဦးမယ် "

လင်းချင်းဟယ်သည် အံ့အားသင့်သွားပြီး သူ့ကို ကြည့်ကာ " ငါက မင်းတို့ကို စွန့်လွှတ်မယ်လို့ ဘယ်တုန်းက ပြောဖူးလို့လဲ "


" အမေ မပြောဖူးပါဘူး။ သားက ပြောပြရုံပါ " လောင်အာ့က ပြောသည်။


မင်းက ပြောပြနေရုံမဟုတ်ဘဲ ဒီအကြောင်းကို ငါ့ဆီ အသေရိုက်သွင်းပေးနေသလိုမျိုးပဲ။


လင်းချင်းဟယ်က မကျေမနပ်ပြုံးကာ " ကျိုးလောင်အာ့… အရိုက်ခံချင်နေတာလား "


" ဟီး…ဟီး…သား အမေကို အရမ်းသဘောကျတယ် " လောင်အာ့က သူမခြေထောက်တွေကို ပိုက်ဖက်ရင်း ပြောလာသည်။


" သွား… အခန်းထဲမှာ သွားနေ " လင်းချင်းဟယ်က ထိုစကားဖြင့် လှည့်စားမခံဘဲ သူ့ကို အခန်းဆီ လွှတ်လိုက်သည်။


လောင်အာ့က တခစ်ခစ်ရယ်ရင်း အခန်းထဲကို ဝင်သွားလိုက်သည်။ လင်းချင်းဟယ်က အိမ်နောက်ဖေးသို့ ရောက်လာသည်။ အိမ်နောက်ဖေးတွင် ကျိုးချင်းပိုင်သည် ဝက်များကို ဂရုတစိုက် စောင့်ရှောက်ပေးနေသည်။


" အဟမ်း… ချင်းပိုင်… ရှင့်ကို ကျွန်မ ကူညီပေးမယ် " လင်းချင်းဟယ်က ချောင်းဟန့်ကာ ပြောလိုက်သည်။


ကျိုးချင်းပိုင်က သူမကို ဂရုမစိုက်ဘဲ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ဘာသာ အလုပ်ဆက်လုပ်နေခဲ့သည်။ လင်းချင်းဟယ်က တိုးလျသောအသံဖြင့် ပြောလာသည်။ " ကျွန်မ ပြောချင်တာက အဲဒါက ဖြစ်သင့်တယ်လေ။ ရှင် ကျွန်မကို ဒီလိုပဲ ဆက်ဆံနေမယ်ဆိုရင် ကျွန်မ ရှင့်ကို စောင့်မှာမဟုတ်ဘူး "


ကျိုးချင်းပိုင်က သူမကို လျစ်လျူရှုပြီး အလုပ်ဆက်လုပ်နေခဲ့သည်။


လင်းချင်းဟယ်က ဟွန့်ခနဲလုပ်ကာ အိမ်ထဲ ပြန်ဝင်သွားသည်။ ခေါင်းမာတဲ့ ဒီနွားက သူမနဲ့ ထိပ်တိုက်တွေ့ချင်နေတာ သူ ဘယ်လောက်ကြာကြာ ဆက်တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့။

ကျိုးချင်းပိုင်က သူမနောက်ကျောကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့သည်။


ညဘက် အိပ်ရာဝင်ချိန်တွင် လင်းချင်းဟယ်က သူ့ကို လျစ်လျူရှုနေခဲ့ပေမယ့် ကျိုးချင်းပိုင်ကတော့ လုံးဝမရပ်တန့်ခဲ့ပါဘူး။ သူတို့နှစ်ဦးသည် စောင်အောက်တွင် ပြင်းထန်စွာ တိုက်ပွဲဝင်ပြီး လှုပ်ရှားမှုများစွာ ပြုလုပ်ခဲ့ကြသည်။


" အဖေ… အမေ… အဖေတို့ ဘာတွေလုပ်နေကြတာလဲ " လောင်တက ဇဝေဇဝါဖြင့် မေးလာသည်။


လင်းချင်းဟယ် လန့်သွားစဉ် ကျိုးချင်းပိုင်က အမိန့်ပေးလိုက်သည်။ " ဆက်အိပ်တော့ "


လောင်တက " ဒါဆို အဖေတို့ ကောင်းကောင်းနေရမယ်၊ ရန်မဖြစ်နဲ့တော့နော် " ထိုနောက် သူ ဆက်အိပ်သွားသည်။


ထို့နောက် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်၏ အခွင့်အရေးယူခြင်းကို ခံလိုက်ရသည်။ လင်းချင်းဟယ်က မနေနိုင်တော့ဘဲ အော်လိုက်သည်။ ကျိုးချင်းပိုင်က ရယ်မောနေပြီး လင်းချင်းဟယ်က သူ့ကို ထုရိုက်ကာ " ဖယ်တော့ "


ကျိုးချင်းပိုင်က မကြားသလို ပြုမူနေသည်။ ယခုအချိန်တွင် သူက လုပ်စရာရှိတာသာ လုပ်နေပြီး စကားမပြောပေ။


လင်းချင်းဟယ်သည် အခြားအရာများကို ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ သူမ ခေတ္တအနားယူနေချိန်တွင် ကျိုးချင်းပိုင်က သူမကို မေးလာသည်။ " သမီး မလိုချင်ဘူးလား "

လင်းချင်းဟယ်သည် အမှန်တကယ်ပင် တစ်ယောက်ယောက်ကို ရိုက်ချင်လာသည်။ သူမကို ကောင်းကင်ဘုံထိ ပို့ပြီးတိုင်း သူက သူမကို စိန်ခေါ်လာသည်။ " ကျိုးချင်းပိုင်… ရှင်က ယောကျ်ားကော ဟုတ်သေးရဲ့လား "


ကျိုးချင်းပိုင်က တခစ်ခစ်ရယ်မောပြီးနောက် သူမကို ပြင်းထန်စွာ တရကြမ်းတိုက်ခိုက်တော့သည်။

လင်းချင်းဟယ်သည် ငှက်ပျောသီးဖြင့် ရင်ဆိုင်ပြီး မိုးရွာခြင်းကို လက်ခံရရှိသောအခါ သူမ အတော် တောင့်ခံလိုက်ရသည်။ သူမ အသံတောင် မထွက်နိုင်တော့ပေ။


အရာအားလုံး ငြိမ်သက်သွားပြီးနောက် ကျိုးချင်းပိုင်က သူမကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ရင်း " သမီးလေး ရလာရင် အရမ်းကောင်းမှာပဲ "


လင်းချင်းဟယ်သည် ခဏတာ မောဟိုက်နေပြီးမှ သူ့ကို အမိန့်ပေးလိုက်သည်။ " မြန်မြန်ဖယ်တော့ "


" ဒါကို ပိတ်ဆို့ထားတာ ကောင်းတယ် " ကျိုးချင်းပိုင်က ပြောသည်။


လင်းချင်းဟယ်လည်း ရှက်သွေးဖြာသွားသည်။ ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်ထားရင်း " အိပ်တော့လေ "


ကျွန်မ အိပ်ချင်နေပေမယ့် ဒီလိုပုံစံနဲ့ ဘယ်လိုအိပ်ပျော်အောင် အိပ်ရမှာလဲ။


" လူတိုင်းက သားလိုချင်နေကြတာ။ ရှင်က ဘာလို့ သမီးလိုချင်နေတာလဲ။ လောင်တနဲ့ သူ့ညီတွေကို တွေ့တိုင်း တတိယခယ်မလင်းရဲ့မျက်လုံးတွေ အရောင်လက်တောက်ပနေတာကို မြင်နေရတယ် " လင်းချင်းဟယ်က ပြောသည်။


တတိယခယ်မလင်းသည် နှစ်သစ်ကူးနေ့၌ ကောင်လေးများကို မြင်သောအခါ သူမ၏မျက်လုံးများသည် စိတ်လှုပ်ရှားစွာ တောက်ပနေခဲ့သည်။ တတိယခယ်မလင်းသည် သမီးနှစ်ယောက်ကို ဆက်တိုက်မွေးဖွားခဲ့သည်။


ပထမတစ်ယောက်က အဆင်ပြေပေမယ့် ဒုတိယတစ်ယောက်ကလည်း သမီးဖြစ်နေသောအခါ မီးဖွားပြီးမီးတွင်းထဲနေစဉ်အတွင်း သင့်လျော်သော အာဟာရများကို မရှိခဲ့ပေ။


အဖေလင်းနှင့် အမေလင်းတို့က မသိကျိုးကျွန်ပြုထားစေကာမူ တတိယခယ်မလင်းလည်း သားတစ်ယောက် လိုချင်သည်။


" သားက ကောင်းပါတယ်၊ သမီးက ပိုကောင်းတယ်။ မင်းလို သမီးလေး… ကိုယ် သူမကို တန်ဖိုးထားမှာ " ကျိုးချင်းပိုင်က သူမကို နမ်းလိုက်ပြီး အလေးအနက်ပြောသည်။


" သမီးဆိုတာ အတိတ်ဘဝက ချစ်ရသူလို့ ပြောကြတယ်။ ဒါဆို ရှင်က ကျွန်မထက် အရင်ဘဝကချစ်သူကို လိုချင်နေတာလား " လင်းချင်းဟယ်က မေးခွန်းထုတ်လိုက်သည်။


" သမီးက သမီး…။ မင်းက မင်းပဲ…။ မတူဘူး " ကျိုးချင်းပိုင်က ရယ်မောရင်း ဖြေလိုက်သည်။


" ကျွန်မ ကိုယ်ဝန်ရလာရင် ရှင် ကျွန်မကို အကြာကြီး ထိတွေ့လို့ မရတော့ဘူး။ ရှင် သည်းခံနိုင်မယ်လို့ ထင်လား " လင်းချင်းဟယ်က ထိုမေးခွန်းကို သွေးထိုးစမ်းကာ မေးလိုက်သည်။


မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးချင်းပိုင်သည် ခဏမျှ တုံ့ဆိုင်းသွားသည်။ ဒါပေမယ့် ခဏလေးပါပဲ… " တစ်နှစ်လောက်တော့ ခံနိုင်ရည်ရှိမှာပါ။ ကိုယ် ပြန်မလာခင်တုန်းကလည်း ဒီလိုပဲလေ "


" ရှင် ပြန်မလာခင်တုန်းက ရှင်က တစ်ယောက်တည်းအိပ်တာ။ အခု အိမ်ပြန်ရောက်လာပြီး ကျွန်မနဲ့ နေ့တိုင်းအတူအိပ်နေတာ။ ရှင့်ကိုယ်ရှင် ထိန်းနိုင်မယ် ထင်လား " လင်းချင်းဟယ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။


" ကိုယ် သမီးလိုချင်တယ် " ကျိုးချင်းပိုင်က အနည်းငယ် လှုပ်ရှားလိုက်ပြီး ဝေ့လည်ကြောင်ပတ်လုပ်ကာ ပြောလာသည်။


ဒီခေါင်းမာတဲ့လူကတော့…။ လင်းချင်းဟယ်သည် သူမှာ ဒီလိုအကျင့်ရှိနေမှန်း မသိထားပေ။ လင်းချင်းဟယ်သည် သူ့မျက်နှာကို တွန်းဖယ်ရင်း ပြောလိုက်သည်။ " ရှင် ဘယ်လောက် အရေထူလဲ ကြည့်ချင်မိတယ် "


" မိန်းမ… ကိုယ့်အတွက် တစ်ယောက်မွေးပေးပါ " ကျိုးချင်ပိုင်က သူမကို ခပ်ဖွဖွနမ်းရင်း မလျှော့တမ်း ပြောနေခဲ့သည်။


လင်းချင်းဟယ်သည် သူ့ကို လှမ်းကြည့်ပြီးနောက် ပြန်လှည့်ကာ " ကျွန်မ သုံးယောက် မွေးထားပေးပြီးပြီမလား "


ကျိုးချင်းပိုင်က ဒါကို သိသည်။ ဒါပေမယ့် အရင်က ကောင်လေးတွေကို မွေးဖွားတုန်းက သူ မစောင့်ကြည့်ပေးခဲ့ရဘူး။ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး အမေကျိုးပဲ ကြည့်ရှုစောင့်ရှောက်ပေးခဲ့ရသည်။


သူက သူမနဲ့ နောက်တစ်ယောက် ထပ်လိုချင်သည်။ တစ်ယောက်ပဲဆိုရင်တောင် လုံလောက်နေပြီ။


" ကလေးမွေးရတာ အရမ်းနာတယ်။ မကောင်းတဲ့လူ… ရှင်က ရှင့်ကိုယ်ရှင်ပဲ ဂရုစိုက်တာ။ ကျွန်မ ဘယ်လောက်နာကျင်ခဲ့ရလဲ မသိဘူးမလား " လင်းချင်းဟယ်က ဆိုသည်။


ကျိုးချင်းပိုင်သည် ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမခန္ဓာကိုယ်ပေါ်တွင် မလှုပ်မယှက် နေ,နေလိုက်သည်။ သူ ပြောထားသည့်အတိုင်း ပိတ်ဆို့ထားသည်။


လင်းချင်းဟယ်က ပြောလိုက်သည်။ " ရှင့်ကိုယ်က ဘယ်လောက်လေးလဲ မသိဘူးလား။ ကျွန်မကို သေအောင် ဖိသတ်နေတာလား "


ကျိုးချင်းပိုင်က တစ်ကိုယ်လုံးဖြင့် မဖိထားသော်လည်း သူ့အပြုအမူကတော့ သမီးတစ်ယောက် ရဖို့အတွက် စိတ်ပိုင်းဖြတ်ချက်ကို ဖော်ပြနေသည်။