အပိုင်း (၁၀၅) - နားနဲ့ ဆက်ဆက်ကြားခဲ့တယ်
" အဖေ… ဆင်ခြေပေးဖို့ မစဉ်းစားပါနဲ့။ သား နားနဲ့ဆက်ဆက်ကြားခဲ့တာ။ ဒီမတိုင်ခင်ကလည်း တစ်ကြိမ်ထက်မက ရှိသေးတယ် " လောင်တကလည်း လေးနက်သည့်အမူအရာဖြင့် ပြောလာသည်။
လောင်စန်းသည် ကျိုးချင်းပိုင်၏ခြေထောက်များကို လှမ်းဆွဲရန်အတွက် အနွေးကုတင်ပေါ်မှ ဆင်းလာသည်။ သူသည် သူ့မှာရှိသမျှအားဖြင့် အစွမ်းကုန် ကြိမ်ဖန်များစွာ ထုရိုက်ပြီးနောက် သူ့အမေဘက် လှည့်ကာ " အခု ရိုက်ပြီးသွားပြီ… စိတ်မဆိုးနဲ့တော့နော် "
ကနဦး၌ လင်းချင်းဟယ်သည် ရှက်ရွံ့နေခဲ့သည်။ သူတို့လင်မယား၏ လုပ်ငန်းဆောင်တာကို ဒီဆိုးပေလေးတွေ ဖော်ထုတ်နေတာထက် ပိုရှက်စရာကောင်းသည့်အရာ ရှိပါ့ဦးမလား။
ဒါပေမယ့် သားသုံးယောက်စလုံးက သူမကို ဒီလိုမျိုး ကာကွယ်ပေးနေတာကို မြင်လိုက်ရတော့ သူမနှလုံးသားထဲ နာကျင်လာသည်။ ထို့အပြင် စိတ်ထဲတွင်လည်း အရမ်းပီတိဖြာသွားသည်။
လင်းချင်းဟယ်သည် လောင်စန်းကို သွားပွေ့ဖက်လိုက်ပြီး ကျိုးချင်းပိုင်ကို တစ်ချက် ကြည့်လိုက်သည်။ ကျိုးချင်းပိုင်သည် နောက်ဆုံးတွင် နားလည်သဘောပေါက်သွားပြီး သူလည်း ရယ်ချင်လာသည်။
အရင်က သန်းခေါင်ယံချိန်မှာ လောင်တသည် အိပ်မောကျနေရာမှ နိုးလာခဲ့ပြီး ထိုအကြောင်းကို မေ့သွားပြီဟု သူ ထင်ခဲ့သည်။ မထင်မှတ်ထားပဲ ထိုအကြောင်းကို သူ မမေ့ခဲ့ဘူး။
မနေ့ညကလည်း သူတို့အသံကို သူ နားစွန်နားဖျား ကြားလိုက်သည်။
လင်းချင်းဟယ်သည် သူ့ကို စကားမပြောစေဘဲ သူမက လောင်တ၊ လောင်အာ့နှင့် သူမလက်ထဲရှိ လောင်စန်းတို့ကို ရှင်းပြလိုက်သည်။ " မင်းတို့အဖေက အမေကို မရိုက်ပါဘူး "
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သား ကြားတာ လုံးဝမမှားဘူး " လောင်တက မယုံကြည်ချေ။
ထိုအချိန်က သူသည် တကယ်ပင် အိပ်ရာမှထကာ သူ့အမေကို ကူညီချင်ပေမယ့် ငယ်ရွယ်တဲ့သူက အစွမ်းအစ မရှိခဲ့ဘူး။ အိပ်ချင်လွန်းသဖြင့် မထနိုင်ခဲ့ချေ။
" အမေ… အဖေ့အပြစ်ကို ဖုံးကွယ်ပေးဖို့ မကြိုးစားပါနဲ့။ အဖေရဲ့အပြစ်ကို သားတို့ ခွင့်မလွှတ်ဘူး " ကလေးလေး လောင်အာ့က ရှေ့ဆုံးမှ ပြောနေဆဲ ဖြစ်သည်။
" ပြန်ရိုက်…! " သူမရင်ခွင်ထဲရှိ လောင်စန်းသည် ဖခင်ဖြစ်သူအား သတိပေးသည့်အနေဖြင့် သေးငယ်သော လက်သီးဆုပ်လေးကို ဝှေ့ယမ်းပြနေသည်။
" အဲဒါအမှန်ပဲ။ မင်းအဖေက အမေကို ရိုက်နှက်နေတာ မဟုတ်ဘူး… အမေက အိပ်မက်ဆိုးတွေ မက်နေခဲ့တာ " လင်းချင်းဟယ်က ပြောသည် " အမေက အိပ်မက်ဆိုး မက်ပြီး လောင်တကို နိုးမိသွားတာ။ မင်းတို့နှစ်ယောက်က ဝက်တစ်ကောင်လို တုံးလုံးပက်လက် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေတုန်းလေ။ မင်းတို့အဖေလည်း နိုးလာပြီး အမေကို နှစ်သိမ့်ပေးခဲ့တာ "
ဤရှင်းပြချက်သည် အလွန် ယုံကြည်စိတ်ချရသည်။
လောင်တက အနည်းငယ် ယုံကြည်သွားသော်လည်း လောင်အာ့က ပဟေဠိဖြစ်သွားသည်။ " အိပ်မက်ဆိုးဆိုတာ ဘာလဲ " သူက အမြဲတမ်း မိုးလင်းတဲ့အထိ တစ်ရေးမှမနိုးဘဲ အိပ်သည်။ ညဉ့်နက်သန်းခေါင် အပေါ့သွားရန်မှတပါး အိပ်မက်မက်ခြင်း မရှိခဲ့ပေ။
လောင်တက သူ့ကို ရှင်းပြသည်။ " အိပ်မက်ဆိုးက ကြောက်စရာကောင်းတဲ့အိပ်မက်ကို ပြောတာ "
" အစ်ကိုကြီးက အိပ်မက်မက်ဖူးလား " လောင်အာ့က သူ့ကို မေးသည်။
" မက်ဖူးတယ်။ ငါ့ရဲ့ဝက်ခြေထောက်ကို မင်း အိမ်ခေါ်လာတဲ့ ကန်းထျဲက စားပစ်လိုက်တယ်လို့ အိပ်မက်မက်တယ်။ ငါ အရမ်းဒေါသထွက်ပြီး သူ့ကို ရေထဲ ကန်ချလိုက်တယ်။ ပြီးတော့ ကြောက်ပြီး လန့်နိုးလာခဲ့တာ " လောင်တက ပြန်ဖြေသည်။
" ရေနစ်နေတာ မဟုတ်ဘူးလား " လောင်အာ့က မျက်လုံးပြူးကျယ်စွာဖြင့် မေးလာသည်။
" ပေါက်ကရတွေ…။ ပထမလမှာ ပေါက်ကရတွေ ပြောခွင့်မပေးဘူး " လင်းချင်းဟယ်က ကြားဖြတ်ပြောလိုက်သည်။
သို့သော် ထိုကဲ့သို့ ကြားဖြတ်ပြောပြီးနောက် ညီအစ်ကိုသုံးယောက်လုံးသည် နားလည်သွားကြသည်။ လတ်စသတ်တော့ အဖေက အမေ့ကို ရိုက်တာမဟုတ်ဘဲ အမေက အိပ်မက်ဆိုးတွေ မက်နေလို့ အဖေက အမေ့ကို နှစ်သိမ့်ပေးနေခြင်း ဖြစ်သည်။
" ဒါက တော်တော် ရှက်စရာကောင်းတယ်။ မင်းတို့တွေ အပြင်မှာ ဒီအကြောင်းကို ပြောခွင့်မပေးဘူး… မဟုတ်ရင် ငါ တစ်စွန်းတစ်စကြားလိုက်တာနဲ့ နောင်အနာဂါတ်မှာ အဆာပြေမုန့်အားလုံးကို စားခွင့်ပိတ်ခံရလိမ့်မယ်။ ငါ့စကားကို ငါ တည်အောင်လုပ်မှာ " လင်းချင်းဟယ်က လောင်တနှင့် လောင်အာ့ကို သတိပေးလိုက်သည်။
လောင်တနှင့် လောင်အာ့က ကတိပြုပြီး သူမအား စိတ်ချမ်းသာစေသည်။ အိပ်မက်ဆိုးကြောင့် အမေက ငိုကြွေးပြီး အဖေက နှစ်သိမ့်ပေးခဲ့ရသည့် အကြောင်းကို သူတို့တွေ သေချာပေါက် ပြောမှာမဟုတ်ဘူး။
" မင်းတို့တွေ အရမ်းလိမ္မာလို့ အမေက မင်းတို့ကို အဝတ်အစားအသစ် တစ်စုံစီ ဆုချမယ် " လင်းချင်းဟယ်က ပြောလိုက်သည်။
" ဟီးဟီး အမေက သားတို့ကို လာဘ်ထိုးနေတာလား " လောင်တက ရယ်ရင်း ပြောလိုက်သည်။
လင်းချင်းဟယ်သည် သူ့ကို ရိုက်ချင်နေသည့်စိတ်အား ထိန်းကာ ပြုံးလိုက်သည်။ ဒီကလေးက လာဘ်ထိုးတယ် ဆိုတဲ့ စကားလုံးကို သုံးနှုန်းဖို့တောင် သိတတ်နေပြီ။
ဒီလိုနဲ့ ထိုကိစ္စက အဆုံးသတ်သွားခဲ့သည်။
ကလေးတွေ အပြင်မှာ ဆော့နေစဉ်တွင် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို သတိပေးသည်။ " နောက်တစ်ခါဆို ရှင် တစ်ယောက်တည်းအိပ်တော့ "
" မင်းလည်း သဘောကျတယ်လေ " ကျိုးချင်းပိုင်က ရိုးရိုးသားသား ပြောလာသည်။
သူမ သူ့ကို ပွေ့ဖက်သည့်အချိန်တွင် အရမ်းတင်းကျပ်သည်။ သူ့ကို အရည်ခမ်းခြောက်သွားအောင် ညှစ်ချင်သကဲ့သို့ သူမကလည်း သူနဲ့အတူ စိတ်ပါလက်ပါ ပူးပေါင်းဆောင်ရွက်ခဲ့သည်။
လင်းချင်းဟယ်သည် မျက်နှာနီမြန်းသွားပြီး " အနာဂါတ်မှာ ခွင့်မပြုတော့ဘူး "
ကျိုးချင်းပိုင်သည် သူမလက်ထဲရှိ အဝတ်အစားတွေအပေါ် အာရုံပြောင်းပြီး " မင်းနဲ့ ကလေးတွေအတွက်ပဲ ချုပ်လိုက်ပါ။ ကိုယ့်အတွက်က လုံလောက်နေပြီ "
" အလဲအလှယ်လုပ်ဖို့ ရှင့်အတွက် အပိုတစ်စုံချုပ်ထားဖို့ လိုအပ်သေးတယ် " လင်းချင်းဟယ်က ပြောသည်။
ဝက်သားရောင်းရတဲ့ဝင်ငွေ ရှိနေသဖြင့် သူမ၏မိသားစုကို ဘာလိုအပ်ချက်ကိုမှ သူမ မခံစားစေချင်ဘူး။
တစ်လကြာပြီးနောက် မှောင်ခိုဈေးကွက်တွင် ဝက်သားဈေးတက်ခြင်းကြောင့် ဝက်သားရောင်းခြင်းမှ ရရှိသည့် သူမ၏ဝင်ငွေသည် စုတာ့လင်း၏ဝင်ငွေထက် ပိုများခဲ့သည်။ တစ်ပေါင်ကို နှစ်ပြားနီးပါး ဈေးတက်လာသည်။
ယခုနှစ်မှစပြီး အစားအသောက် ဖြန့်ဖြူးရေးကာလအတွင်း အဖွဲ့ဆီကနေ ကောက်ပဲသီးနှံတစ်ချို့ကို အပိုထပ်ဆောင်း ဝယ်ယူပြီး မှောင်ခိုဈေးကွက်သို့ ပို့ဆောင်ကာ ဈေးနှုန်းကွာဟချက်အရ ဝင်ငွေရှာရန် သူမ စီစဉ်ခဲ့သည်။
ရရှိတဲ့အမြတ်ငွေက တော်တော်များသည်။ တစ်ကြိမ်အမြတ်က နှစ်လ၊ သုံးလ လုပ်အားခနှင့် ညီမျှသည်။
သူမလက်ထဲရှိ နယ်မြေကြောင့် ဒီလုပ်ငန်းကို လုပ်ကိုင်သည့်အခါတွင် သူမ တကယ့်ကို ကျွမ်းကျင်နေပြီ။
လင်းချင်းဟယ်သည် အဝတ်စများကို အပ်ချုပ်စက်ဖြင့် ချုပ်ရန် ကျိုးအိမ်သို့ ယူဆောင်လာခဲ့သည်။ ထို့နောက် သူမသည် ကျိုးရှောင်မိန်၏ကလေးအား အမေကျိုးက ပြုစုစောင့်ရှောက်ပေးရန်အတွက် အိမ်သို့ပို့မည့်အစီအစဉ်ကို တတိယမရီးအား ဆွေးနွေးပြောကြားလိုက်သည်။
" ရှောင်မိန်က တတိယမရီး မီးတွင်းထဲနေချိန်မှာ အာဟာရဖြည့်တင်းဖို့ လိုအပ်တဲ့ပစ္စည်းတစ်ချို့ကို မရီးအတွက် ပို့ပေးနိုင်တယ်လို့ ပြောတယ်။ ကလေးကို အိမ်ပို့လိုက်တဲ့အခါ မရီးက သူမကလေးကို နို့ချိုတိုက်ကျွေးဖို့ ကူညီပေးလိမ့်မယ်လို့ သူမ မျှော်လင့်ထားတယ် " လင်းချင်းဟယ်က တတိယမရီးကို ရှင်းပြသည်။
တတိယမရီးမှာ ကန့်ကွက်စရာ အကြောင်းမရှိဘဲ မျှော်လင့်ထားသည့်အတိုင်းပင် သူမသည် ဝမ်းသာနေခဲ့သည်။ သူမက အသံကိုနိမ့်ချကာ ပြောလာသည်။ " ဒုတိယမရီးကကော "
" သူမနဲ့ ဘာဆိုင်လို့လဲ " လင်းချင်းဟယ်က ကြောင်သွားသည်။
ဒုတိယမရီး ကိုယ်ဝန်ရှိနေသည့် သတင်းကို အခုချိန်ထိ သူမ မကြားသေးပေ။ ဒီပထမလသည် အရမ်းအေးနေဆဲ ဖြစ်သဖြင့် သူမသည် အများအားဖြင့် အိမ်မှာပဲ နေလေ့ရှိသည်။ အများစုမှာ သူမသည် အိမ်နီးချင်းဖြစ်သူ မစ္စစ်ဟွမ်နဲ့ စကားစမြည်ပြောတတ်သည် သို့မဟုတ် ကျိုးတုန်းနှင့် ကျိုးရှီးတို့၏ အိမ်သို့ သွားတတ်သည်။ ဒုတိယမရီးက ကျိုးအိမ်မှာ ရှိနေပြီး သူမကလည်း လာခဲသည့်အတွက် သူမ မသိလိုက်ပေ။
သူမ မသိသေးသည်ကို တွေ့လိုက်ရသောအခါ တတိယမရီးက သူမအား ပြောပြလိုက်သည်။
လင်းချင်းဟယ်၏ နှုတ်ခမ်းစွန်းများက တွန့်ချိုးသွားသည်။ သူမသည် တကယ့်ကို ဆွံ့အသွားကာ သူတို့တွေက တကယ်ပင် အတူတကွ ကိုယ်ဝန်ရှိနေကြသည်။
" သူမက သူမ။ နင်က နင်လေ။ ရှောင်မိန် အိမ်ထောင်ကျချိန်မှာ သူမက မြေပဲတစ်စေ့လေးတောင် လက်ဆောင်ပေးဖို့ ဆန္ဒမရှိခဲ့ဘူး။ ရှောင်မိန်က ဒီကိစ္စကို သူမဆီ လက်လွှဲပေးမှာ မဟုတ်ဘူး "
လင်းချင်းဟယ်က ပြောပြီး တတိယမရီးကို ကြည့်ကာ " တတိယမရီးကော ဘယ်လိုတွေးလဲ "
" နောက်တစ်ခါ ခရိုင်မြို့ကို သွားရင် ဒီကိစ္စကို ကျွန်မ ဂရုစိုက်ပါ့မယ်လို့ ခယ်မလေးကို ပြောလိုက်ပါ " တတိယမရီးက သွားပေါ်အောင် ပြုံးရယ်ရင်း ပြောလာသည်။
ဒုတိယမရီး၏ မစာနာ၊ မငဲ့ကွက်တတ်သော စိတ်ထားကြောင့် ခယ်မ၏ ကိစ္စမှာ မပါဝင်နိုင်ဘူးဟု ပြောနိုင်သည်။ သူမနှင့် ဒုတိယမရီးတို့၏ ဆက်ဆံရေးသည် အပေါ်ယံမျှသာ ဖြစ်ပြီး နက်ရှိုင်းသော ဆက်ဆံရေးဟု ပြောရမယ်ဆိုရင် မည်သည့်အရာမျှ မရှိခဲ့ချေ။
ဒါဆို မီးဖွားပြီးနောက်ပိုင်း ရရှိမည့် ဒီလိုသက်တောင့်သက်သာ ရှိသော ပြုမှုဆက်ဆံမှုမျိုးကို ဒုတိယမရီးအတွက် ဘယ်လိုလုပ် စွန့်လွှတ်နိုင်မှာလဲ။
သူမသည် ဝူနီကို အရင်မွေးဖွားခဲ့ပြီး သားဖြစ်သူ ကျိုးတုန်းတုန်းကို မမွေးသေးခင်အချိန်က ဒုတိယမရီးသည် သူမအား ပွင့်ပွင့်လင်းလင်း ဆက်ဆံကာ ရင်းနှီးမှု ရှိခဲ့သည်။ သူမကို နောက်ထပ် ဘယ်တော့မှ ကလေးမမွေးနိုင်တော့သကဲ့လို ဒုတိယမရီးက ဆက်ဆံခဲ့သည်။
မရီးနှစ်ယောက်ကြား မတရားမှုတွေ မရှိခဲ့ဘဲ မကျေမချမ်းမှုတွေပဲ ရှိခဲ့တယ်လို့ ပြောရမည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ သူတို့အားလုံး တစ်မိုးအောက်မှာ နေထိုင်နေကြသည့်အတွက် တချို့အရာများကို သည်းခံရမည်။ သို့သော် မီးဖွားပြီးနောက် မီးတွင်းထဲနေစဉ်အတွက် ခယ်မဖြစ်သူ ကျိုးရှောင်မိန် ပေးကမ်းမည့်ပစ္စည်းများကို ဒုတိယမရီး၏ခံစားချက်အား ဂရုစိုက်ခြင်းဖြင့် လဲလှယ်ကာ စွန့်လွှတ်ရန်အတွက်မူ မဖြစ်နိုင်ပေ။
လင်းချင်းဟယ်က အားပါးတရ ပြုံးပြပြီး သဘောတူလိုက်သည်။
" လောင်တ စာလေ့လာတာကော ဘယ်လိုလဲ " တတိယမရီးက မေးသည်။
" မဆိုးပါဘူး။ သူ ပြန်လာတိုင်း အမှတ် ၁၀၀ အပြည့်ပဲ။ ဒုတိယတန်းကို ကြိုတင် အလွတ်ကျက်ပြီး လေ့လာပြီးသွားပြီ။ နောက်နှစ်မှာ တတိယတန်းကို ကျော်တက်ဖို့ စီစဉ်ထားတယ် " လင်းချင်းဟယ်က ဖြေသည်။
" ဒီလောက်ငယ်ငယ်လေးနဲ့ တတိယတန်း တက်မလို့လား " တတိယမရီးက အလွန်အံ့သြသွားပြီး " သူ အနိုင်ကျင့်မခံရနိုင်ဘူးလား "
" လူတွေကို သူကပဲ အနိုင်မကျင့်ရင်ကို အဆင်ပြေနေပြီ " လင်းချင်းဟယ်က ရယ်မောလိုက်သည်။
သူမနှင့် ကျိုးချင်းပိုင်က အရပ်မပုသဖြင့် လောင်တသည် အသက်ခုနစ်နှစ်သာ ရှိသေးသော်လည်း တော်တော် ထွားနေသည်။ ကျိုးချင်းပိုင်သည် ၁၈၅ စင်တီမီတာကျော်ရှိသည်။ သူမကလည်း ၁၆၇ စင်တီမီတာခန့် ရှိသည်။ လောင်တသည် သူတို့၏မျိုးရိုးဗီဇကို အမွေဆက်ခံထားသောကြောင့် လက်ရှိတွင် သူသည် ပျမ်းမျှ အသက်ကိုးနှစ်နှင့် နှိုင်းယှဉ်နိုင်သည်။ သူ့မှာ ခွန်အားတချို့လည်း ရှိသည်။ သူသည် ရန်ပွဲ အများအပြားကို ကြုံဖူးခဲ့ပြီး ဆိုးဆိုးရွားရွား ထိခိုက်မှုမရှိခဲ့ပေ။