အခန်း(၁၀၆)အားလုံးစာလေ့လာရန်ကျောင်းသွားကြမယ်
Viewers 38k

အပိုင်း (၁၀၆) - အားလုံး စာလေ့လာရန် ကျောင်းသွားကြမယ်


သို့သော်လည်း လင်းချင်းဟယ်၏ သင်ကြားမှုအောက်၌ လောင်တသည် ရန်ပွဲများစွာတွင် ဝင်မပါခဲ့ပေ။ သူမသည် ရံဖန်ရံခါ သီးသန့်ရန်ပွဲများအကြောင်းကို မသိဟန်ဆောင်ခဲ့သည်။ ယောကျ်ားလေးတွေက… သူတို့တွေ ငယ်ရွယ်စဉ်မှာ တိုက်ခိုက်သင့်သည်။ ထိုအရာသည် သူတို့၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အလွန် အကျိုးရှိသည်။


သူမက အရမ်း တင်းကြပ်လို့ မရနိုင်ဘူး။


လောင်တသည် ပင်ကိုအားဖြင့် ရဲရင့်ပြီး ပညာရေးမှာ ထူးချွန်သောကြောင့် သူသည် လွယ်လွယ်ကူကူပင် မိတ်ဆွေသူငယ်ချင်းများ ရနိုင်သည်။


တတိယမရီးက " ငါလည်း ဝူနီကို ကျောင်းပို့ချင်တယ် "


" ဒါဆိုလည်း ပို့လေ " လင်းချင်းဟယ်သည် သူမကို အနည်းငယ်မျှ အံ့အားသင့်စွာဖြင့် စိုက်ကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။


ကျိုးမိသားစုရှိ မိန်းကလေးများသည် မည်သူမျှ စာ မလေ့လာခဲ့ရပေ။ အကြီးဆုံးမရီး၏ သမီးသုံးယောက်၊ ဒုတိယမရီး၏ သမီးနှစ်ယောက်နှင့် တတိယမရီး၏ သမီးဖြစ်သူ ဝူနီတို့သည် ကျောင်းသို့ တခါမှ မသွားဖူးခဲ့ပေ။


သူတို့က သူမ၏ကလေးတွေ မဟုတ်သလို သူမ၏တာဝန်လည်း မဟုတ်ပေ။ သူမ၏သားတွေကို ကောင်းကောင်း စီမံခန့်ခွဲနိုင်ရင် အဆင်ပြေပြီဖြစ်သောကြောင့် သဘာဝကျစွာပင် သူမက သူတို့ကို စာလေ့လာခွင့်ပေးရန် ထုတ်ပြောမှာမဟုတ်ဘူး။


အံအားစရာကောင်းစွာ တတိယမရီးက သူမအား ထိုအကြောင်းနဲ့ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်လာသည်။ ထိုကြောင့် သူမသည် အပြုသဘောဆောင်သော အဖြေတစ်ခုကို ပေးခဲ့သည်။


" နင်လည်း အဲဒါကောင်းတယ်လို့ ထင်လား " တတိယမရီးက သူမကို ကြည့်ကာ မေးလာသည်။


" စာလေ့လာတာက ပိုကောင်းတာ သေချာတာပေါ့။ စာအုပ်ဖတ်တဲ့သူတွေက တော်ပြီး အနာဂါတ်မှာ အဆုံးမရှိတဲ့ အခွင့်အလမ်းတွေ အများကြီး ရနိုင်တယ်။ မဟုတ်ရင် သူတို့ဘဝတစ်ခုလုံးကို လယ်ကွင်းထဲမှာပဲ ကုန်ဆုံးရလိမ့်မယ်၊ မြို့ထဲသွားတာတောင် ခမ်းနားထည်ဝါနေသလို ဖြစ်လာလိမ့်မယ်။ တစ်ခြားအကြောင်း မပြောနဲ့ဦး။ အစောပိုင်းမှာ ကျိုးမိသားစုက ငါ့ရုပ်ရည်ကြောင့်သာမက ငါ အရင်က စာလေ့လာဖူးပြီး စကားလုံးတွေကို မှတ်သားနိုင်တယ်လို့ ကြားထားလို့ ငါ့ကို ရွေးချယ်ခဲ့ကြတာ " လင်းချင်းဟယ်က ပြောသည်။


တတိယမရီးက မေးသည်။ " စာသင်ကြေးက ဘယ်လောက်လဲ "


" ဈေးမကြီးပါဘူး ယွမ်နည်းနည်းပဲ။ နင်နဲ့ တတိယအစ်ကိုက တတ်နိုင်ပါတယ်။ ဝူနီကို ကျောင်းသွားခွင့်ပေးလိုက်ပါ။ သူမ ကြီးပြင်းလာတဲ့အခါ နင့်ကို သေချာပေါက် ကျေးဇူးတင်နေမှာ " လင်းချင်းဟယ်က ပြောသည်။


" ကျေးဇူးတင်နေဖို့ မလိုပါဘူး။ သူမဘဝ ကောင်းစားသွားမယ်ဆိုရင် အဆင်ပြေလုံလောက်ပါပြီ " တတိယမရီးက ပြုံးပြသည်။


လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ မိဘတွေရဲ့ နှလုံးသားက ထိုအတိုင်းပါပဲ၊ အဖေလင်းနှင့် အမေလင်းက လွဲရင် သူတို့တွေက ကလေးတွေအတွက် အကောင်းဆုံးကိုပဲ မျှော်လင့်ခဲ့ကြသည်။


တတိယမရီးသည် ဝူနီကို ကျောင်းသို့လွှတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။


ဝူနီသည် ထိုသတင်းကို ကြားသောအခါ အရမ်းပျော်သွားသည်။ ဝူနီက ကျောင်းတက်နိုင်ပေမယ့် တခြားမိန်းကလေးများကတော့ သိပ်ကံမကောင်းကြပေ။


သို့သော် ဒုတိယမရီး၏သမီးဖြစ်သူ ကျိုးစန်းနီတွင်တော့ သူမအတွေးနှင့်သူမ ရှိနေသည်။ ဒါပေမယ့် သူမအတွေးကို ထုတ်ဖော်ပြလိုက်တာနှင့်တစ်ပြိုင်နက် ဒုတိယမရီးက ချက်ချင်း ဖိနှိပ်လိုက်သည်။ " ဘာ စာသင်မှာလဲ။ အဲဒါက အသုံးဝင်လို့လား။ ရွာထဲက ပညာတတ်လူငယ်တွေကို မတွေ့ဘူးလား။ သူတို့တွေက ကျေးလက်ဒေသဆီ လယ်လုပ်ဖို့ လာနေသေးတာ မဟုတ်ဘူးလား "


ထိုစကားတစ်ခွန်းတည်းနဲ့ ကျိုးစန်းနီ၏ပါးစပ်ကို ပိတ်လိုက်သည်။


ဒုတိယမရီးသည် ဒုတိယအစ်ကိုထံ မကျေမနပ်ညည်းညူပြောဆိုလိုက်သည်။ " စတုတ္ထရဲ့ဇနီးက ချမ်းသာတယ်၊ တတိယရဲ့ဇနီးကလည်း သူမအတိုင်း လိုက်လုပ်နေတယ်။ သူတို့တွေ ဘာလုပ်နေကြတာလဲ "


ဒုတိယအစ်ကိုသည် သူ၏ထင်မြင်ချက်ကို ရိုးသားစွာ ပြောပြသည်။ " ငါတို့မှာ ပိုက်ဆံမရှိတာမျိုးမှ မဟုတ်တာ။ ငါတို့တွေ စန်းနီနဲ့ လျှိုနီတို့ကို နှစ်အနည်းငယ်လောက် ကျောင်းပို့နိုင်ပါတယ် "


စာလေ့လာခြင်းက တကယ် အသုံးမဝင်သော်လည်း အနည်းဆုံးတော့ စကားလုံးများကို မှတ်မိနိုင်သေးသည့်အတွက် စာသင်ယူရတာက ကောင်းတယ်လို့ ပြောနိုင်သေးသည်။


" ကျွန်မက တစ်ယောက်ကိုတောင် မသွားစေချင်တာကို ရှင်က နှစ်ယောက်စလုံးကို သွားစေချင်နေတယ်။ ရှင့်မိသားစုရဲ့ပိုက်ဆံတွေက လေတိုက်သလို လွင့်လာတယ် ထင်နေသလား။ ရွာမှာ ကျောင်းတက်နေတဲ့ မိန်းကလေး ဘယ်နှစ်ယောက်ရှိလဲ " ဒုတိယမရီးက ဒေါသတကြီး ပြောသည်။


ပြီးခဲ့သည့်နှစ်အကုန်တွင် မိသားစုတွေ အိမ်ခွဲပြီးနောက် မိသားစုတိုင်းသည် ငွေကြေးအချို့ကို ခွဲတမ်းရရှိခဲ့သည်။ ထိုငွေများကို ဒုတိယမရီးက အခိုင်အမာ ကိုင်ဆောင်သိမ်းဆည်းထားပြီး သူမသည် ဘယ်တော့အခါမှ ထုတ်သုံးမည်မဟုတ်ပေ။


သူမသမီးရဲ့ပညာရေးအတွက် သုံးစွဲဖို့လား။ အဲဒါက ပိုက်ဆံကို ဖြုန်းတီးနေတာပဲ။ သူမက သူမရဲ့သားကိုလည်း ကျောင်းပို့ရန် အစီအစဉ်ရှိမည် မဟုတ်ပေ။


ဒုတိယအစ်ကိုက ဘာမှထပ်မပြောတော့ပေ။


ဝူနီကို ဘာကြောင့် ရုတ်တရတ် ကျောင်းပို့ချင်သွားတာလဲဟု မေးမြန်းရန် အကြီးဆုံးမရီးသည် တတိယမရီးအား တစ်ယောက်တည်း သီးသန့်လာရှာခဲ့သည်။


" အင်း… လောင်တရဲ့အမေက အိမ်မှာ စာဖတ်ပြီး စာလေ့လာနေသေးတာကို တွေ့လိုက်ရတော့ မိန်းကလေးတွေလည်း စာလေ့လာပြီး စကားလုံးတွေကို မှတ်မိတာကောင်းတယ်လို့ ခံစားမိလိုက်လို့ပါ "


စတုတ္ထရဲ့ဇနီးသည် စာကို ကောင်းမွန်စွာ ရေးသားနိုင်ပြီး စာအုပ်အများကြီးကိုလည်း ဖတ်နိုင်သည်ကို မြင်လိုက်ရသောအခါ သူမ သေချာပေါက် မနာလိုဖြစ်မိကြောင်း ဝန်ခံရလိမ့်မည်။


ထိုကြောင့် လောင်တ၏ ကျောင်းတွင်းတိုးတက်မှုအကြောင်းကို သူမ ကြားလိုက်ရသောအခါ သူမ၏စိတ်တွေ တဆတ်ဆတ်တုန်လာသည်။ မိသားစုတွေ အိမ်ခွဲမနေခင်က သူမ ဘာမှမပြောခဲ့ပေ။ အခုတော့ သူတို့တွေက အိမ်ခွဲပြီးသွားပြီဖြစ်သဖြင့် သူမကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်ပြီ။ ထိုကြောင့် သမီးဖြစ်သူကို ကျောင်းပို့ချင်သည်။


" စာလေ့လာတာက ကောင်းတယ်လား " အကြီးဆုံးမရီးက နားမလည်စွာ မေးလာသည်။


" ကျွန်မလည်း မသိဘူး။ လောင်တရဲ့အမေကိုတော့ မေးကြည့်လိုက်တယ်။ လောင်တအမေက ကျောင်းတက်ပြီး စကားလုံးတွေကို မှတ်မိနိုင်ရင် အနာဂါတ်မှာ ကောင်းမွန်တဲ့ အိမ်ထောင်ဖက်ကို ရှာတွေ့ဖို့ ပိုလွယ်ကူတယ်လို့ ပြောခဲ့တယ် " တတိယမရီးက ပြုံးရယ်ရင်း ပြောသည်။


ထိုစကားများကြောင့် အကြီးဆုံးမရီး၏ ထောက်ခံမှုကို ရရှိခဲ့သည်။ သူမ၏သမီးအကြီးဆုံးက မငယ်တော့ပေ။ အိမ်ထောင်ဖက်ရှာချိန်တွင် သူမ စာလေ့လာဖူးကြောင်း ပြောလိုက်လျှင် သူမ၏ယောက္ခမများကလည်း သူမကို ပိုပြီး အလေးထားကြလိမ့်မည်။


" ဒါဆို ငါလည်း တာ့နီ၊ အာ့နီနဲ့ စစ်နီတို့ကို ခဏလောက် အတူတူ စာလေ့လာရအောင် လွှတ်လိုက်မယ် " အကြီးဆုံးမရီးက ချီတုံချတုံဖြင့် ထုတ်ပြောလာသည်။


" လောင်တရဲ့ အမေကို မေးလိုက် " တတိယမရီးသည် ရှင်းမပြတတ်သဖြင့် ထိုကဲ့သို့သာ အကြံပြုနိုင်ခဲ့သည်။ အကြီးဆုံးမရီးသည်လည်း လင်းချင်းဟယ်က အလွန်ဗဟုသုတကြွယ်ဝသည်ဟု ခံစားမိသောကြောင့် နောက်တစ်နေ့၌ အပ်ချုပ်စက်ကို ထပ်မံအသုံးပြုရန် လင်းချင်းဟယ် ရောက်လာသောအခါ ထိုအကြောင်းကို သူမအား ပြောပြလိုက်သည်။


လင်းချင်းဟယ်က ပြုံးပြီး " မိန်းကလေးတွေကို ကျောင်းပို့တာက သေချာပေါက် ကောင်းတာပေါ့။ ဒါပေမယ့် သူတို့ကို ဘယ်နှစ်နှစ်လောက် ကျောင်းထားဖို့ စိတ်ကူးထားလဲ "


" စကားလုံးတွေကို မှတ်မိနိုင်ပြီဆိုရင် လုံလောက်ပြီ " အကြီးဆုံးမရီးက ဖြေသည်။


" ဒါဆို ကျောင်းထားလိုက်ပါ။ နှစ်နှစ်၊ သုံးနှစ်လောက် ထားရင် လုံလောက်ပြီ။ သူတို့တွေ ပိုကြိုးစားရင် အိမ်မှုကိစ္စတွေကိုလည်း လုပ်ကိုင်နိုင်တယ် " လင်းချင်းဟယ်က ပြောသည်။


" လောင်တအမေ… နင်ရော သဘောတူတယ်ပေါ့ " အကြီးဆုံးမရီးက အပြုံးဖြင့် တုံ့ပြန်သည်။


" ကျွန်မ သဘောတူတယ် မတူဘူးက အရေးမကြီးဘူး။ အဓိကအချက်က အစ်မ ဘယ်လိုတွေးလဲ ဆိုတာပဲ။ ကျွန်မကိုယ်တိုင်ကတော့ မိန်းကလေးတွေကို စာလေ့လာပြီး စကားလုံးတွေ မှတ်သားခွင့်ပြုတာကို ထောက်ခံတယ်။ အဲဒီအချိန်တုန်းက ကျွန်မတို့မှာ အခွင့်အရေးမရှိဘူး။ အခု အစ်မတို့အားလုံး အိမ်ခွဲပြီးသွားပြီ အစ်မက အစ်မမိသားစုရဲ့ အကြီးအကဲပဲ "ဤနောက်ဆုံးစကားကို အနည်းငယ် ပျော့ပြောင်းစွာ ပြောလိုက်သည်။


အကြီးဆုံးမရီးက ခေါင်းညိတ်လိုက်သည်။ အဲဒါ ဟုတ်တယ်မဟုတ်လား။


အရင်တုန်းက သူတို့သည် တစ်ကိုက်စာမျှ ပိုစားနိုင်ရင်တောင် ပျော်ရွှင်နေကြပြီ။ အရင်က စာသင်ရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ ဒါပေမယ့် အခု သူတို့၏အခြေအနေက ပိုကောင်းလာပြီ ဖြစ်သောကြောင့် အနည်းဆုံး နှစ်အနည်းငယ်လောက် စာလေ့လာနိုင်ပြီမလား။


" တာ့နီက မငယ်တော့ဘူး။ သူမ ကျောင်းတက်လိုက်တာနဲ့ ပညာဗဟုသုတ ကြွယ်ဝတဲ့သူ ဖြစ်သွားပြီ။ မချမ်းသာတဲ့သူတွေက စေ့စပ်ကြောင်းလမ်းဖို့ လာမပြောရဲတော့ဘူး " လင်းချင်းဟယ်က ပြောသည်။


အကြီးဆုံးမရီးက ခေါင်းညိတ်သည်။


ထို့နောက် သူမသည် သမီးသုံးယောက်စလုံးကို ကျောင်းတက်ခွင့်ပြုရန် ဆုံးဖြတ်ချက်ချခဲ့သော်လည်း သူတို့တွေက အလုပ်အမှတ်အတွက် ဝက်စာရှာခြင်းကဲ့သို့သော အလုပ်များကိုမူ ကူညီလုပ်ကိုင်ပေးရဦးမည်။


ကျိုးအာ့နီနှင့် ကျိုးစစ်နီတို့က ဝမ်းသာပျော်ရွှင်နေစဉ်တွင် ကျိုးတာ့နီက တုံ့ဆိုင်းစွာဖြင့် " အမေ… ဒီအရွယ်နဲ့ ကျောင်းသွားဖို့က အသက်မကြီးနေဘူးလား "


" အသက်ဘယ်လောက်ကြီးနေလို့လဲ။ နင်က ဆယ့်လေးနှစ်ပဲ ရှိသေးတယ်။ နှစ်နှစ်လောက် စာ သွားလေ့လာလိုက် " အကြီးဆုံးမရီးက ပြောသည်။


နှစ်နှစ်လောက် စာသင်ပြီးနောက် အိမ်မှာ နောက်ထပ် လေးနှစ်၊ ငါးနှစ် နေနိုင်သည်။ ထိုအချိန်မှာ အိမ်ထောင်ပြုရန် အချိန်ကောင်းပဲ။


ထို့ကြောင့် စာသင်နှစ်အသစ် စသောအခါ လောင်တသည် သူ့အစ်မများကို ကျောင်းသို့ခေါ်သွားပြီး ကျောင်းလခများကို ပေးသွင်းစေသည်။ ကျိုးချင်းပိုင်ကလည်း အတူတူ လိုက်ပါသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တတိယတန်းသို့ ကျော်တက်ရန် လိုအပ်သောကိစ္စများအတွက် လောင်တအား ကူညီရန်အလို့ငှာ မိဘတစ်ဦးရှိရန် လိုအပ်သောကြောင့် ဖြစ်သည်။


လောင်တ၏ အတန်းကျော်တက်ခြင်းသည် အနည်းငယ် အုတ်အော်သောင်းတင်း ဖြစ်စေသည်။ ဘာ…? ကျိုးချင်းပိုင်ရဲ့ အကြီးဆုံးသားက စာလေ့လာနိုင်တယ်? ငယ်ငယ်ရွယ်ရွယ်နဲ့ စာလေ့လာနိုင်ရုံသာမက တတိယတန်းအထိလည်း ကျော်တက်နိုင်သေးတယ်။


ကျိုးလောင်တသည် ယင်းအတွက် အထူးဂုဏ်ယူနေခဲ့သည်။


လင်းချင်းဟယ်က သူ့ကို အားမပေးဘဲ " ဒါဆိုလည်း ဂုဏ်ယူနေလိုက်လေ။ ဒီတစ်ခါတော့ မင်း အောင်မြင်နိုင်တယ်။ ဒါပေမယ့် တတိယတန်းမှာ မင်း ကောင်းကောင်း စာမလေ့လာနိုင်ရင် အခု မင်းကို မနာလိုနေကြတဲ့သူအားလုံးက အနာဂါတ်မှာ မင်းကို လှောင်ရယ်ကြမယ့်သူတွေပဲ "


" သားရဲ့ပညာရေးက ဆိုးရွားမှာ မဟုတ်ဘူး " လောင်တသည် စာသားများကို အလွတ်ကျက်မှတ်ရန် သွားလိုက်သည်။


ကျက်မှတ်ပြီးနောက် လင်းချင်းဟယ်ထံ လာကာ သူ့အား စစ်ဆေးပေးရန် ပြောသည်။ ပြောရမည်ဆိုလျှင် ဒီကလေးက မှတ်ဉာဏ်ကောင်းသည်။ သူသည် စာသားများကို လေးခါ၊ ငါးခါလောက် ဖတ်ပြီးလျှင် ၎င်းကို အလွတ်ကျက်နိုင်သည်။


အနာဂါတ် ဗီလိန် ဖြစ်ထိုက်ပါပေသည်။


စာသားများကို အာဂုံဆောင် ရွတ်ပြပြီးနောက် သင်္ချာတွက်ပြီး ကစားရန် ပြေးထွက်သွားခဲ့သည်။

လင်းချင်းဟယ်က သူ့ကို ထွက်သွားခွင့်ပေးလိုက်သည်။ သူ အပြင်မထွက်ခင်မှာ ဗိုက်ဖြည့်ရန်အတွက် ဇီးချိုသီးမန်ထိုကို သူနဲ့အတူ ထည့်ပေးလိုက်သည်။


" အမေ… သားကော ဘယ်တော့ ကျောင်းတက်ရမှာလဲ " လောင်အာ့က ဇီးချိုသီးမန်ထိုကို ငုံထားရင်း ပင့်သက်ရှုသံဖြင့် ပြောသည်။


" နောက်နှစ်။ ဒီနှစ်တော့ အရင်ဆုံး မင်းအစ်ကိုနဲ့ အတူတူ လေ့လာလိုက်ဦး။ နားမလည်တာရှိရင် သူ့ကို မေးကြည့်။ မင်းလည်း ဒုတိယတန်းကို တစ်ခါတည်း ကျော်ပြီးတက်နိုင်လောက်တယ် " 


လင်းချင်းဟယ်သည် ဒီကလေးသုံးယောက်စလုံးကို အရူးလုပ်ရန် မလွယ်ကူမှန်း သိနေသောကြောင့် သူမသည် လေးနက်စွာဖြင့် ပြန်ဖြေလိုက်သည်။


" ဟုတ်ကဲ့ " ကျိုးလောင်အာ့၏မျက်လုံးများက ဝင်းလက်သွားသည်။