အခန်း(၁၀၇)မကောင်းမြတ်သောသူ
Viewers 38k

အပိုင်း (၁၀၇) - မကောင်းမြတ်သောသူ


မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးမိသားစု၏ ဤလုပ်ရပ်က ရွာအတွင်းတွင် ဂယက်ရိုက်သွားစေသည်။


ဘာ…


လူတွေက လင်းချင်းဟယ်၏ အသုံးအဖြုန်းကြီး၊ လက်ဖွာသည့်နည်းလမ်းများကို ကျင့်သားရနေပြီဖြစ်သည်။ တစ်နေ့နေ့မှာ သူမက မသုံးဖြုန်းတော့ဘူးဆိုလျှင်သာ သူတို့တွေ တုန်လှုပ်သွားလိမ့်မည်။


ဒါပေမယ့် အခုက အကြီးဆုံးမရီးနှင့် တတိယမရီး ဖြစ်နေသည်။ ဘာတွေ ဖြစ်ကုန်ကြတာလဲ။


သူတို့တွေ သဘောမပေါက်ကြပေ… အထူးသဖြင့် အကြီးဆုံးမရီးကိုပင်။ သူမက သမီးသုံးယောက်စလုံးကို တကယ် ကျောင်းပို့လိုက်တာလား။


တခြားသူတွေ မဆိုထားနှင့် အမေကျိုးတောင် ထိုအကြောင်းကို သိလိုက်ရသောအခါ အနည်းငယ် အံ့သြမှင်သက်သွားရသည်။


သို့သော်ငြား သူမက ဘာမှမပြောခဲ့ပေ။ နောက်ဆုံးတော့ ယခုချိန်တွင် သူတို့သည် အိမ်ခွဲလိုက်ကြပြီဖြစ်ပြီး တစ်ယောက်ချင်းစီက ကိုယ့်လမ်းကိုယ် လျှောက်ကြရတော့မည်။ သူမ ဝင်ပါရင် သူမကို အထင်အမြင်သေး ကဲ့ရဲ့ကြလိမ့်မည်။


သူမသည် အဖေကျိုးထံ၌သာ နှစ်ကိုယ်ကြား ညည်းညူပြောဆိုနိုင်တော့သည်။


အဖေကျိုးကလည်း အတော်လေး ပဟေဋ္ဌိဖြစ်သွားပေမယ့် သူက ဒါကို သိပ်ဂရုမစိုက်ဘဲ " သူတို့တွေက သူတို့ဘာသာသူတို့ နေထိုင်နေကြပြီဆိုတော့ ဒီတိုင်းပဲ ထားလိုက်ပါ။ သူတို့ ဘာလုပ်နေမှန်း သူတို့ မသိတာမှမဟုတ်တာ "


"သမီးတွေ… သူတို့ကို ကျောင်းထားလို့ကော ဘာထူးမှာလဲ။" အမေကျိုးက ရေရွတ်လိုက်သည်။

ဒါ့အပြင် တစ်ပြိုင်နက်တည်း သုံးယောက်စလုံးကိုတောင် ကျောင်းထားဦးမယ်၊ သူတို့တွေ ဘာကိုများ တွေးနေကြတာလဲ။


"ရှောင်မိန်လည်း စာမလေ့လာခဲ့လို့လား။" အဖေကျိုးက မျက်ခုံးပင့်ပြီး ထောက်ပြသည်။

အမေကျိုးက ဘာမှထပ်မပြောတော့ပေ။


သူတို့၏သမီးအငယ်ဆုံးသာ ကျောင်းမတက်ခဲ့လျှင် သူမသည် အလုပ်အတွက် အင်တာဗျူးဖြေရန် အခွင့်အလမ်းကို ရရှိနိုင်မှာ မဟုတ်ဘူး။


ဒါပေမယ့် အပြင်လူတွေက ဘယ်လိုပဲတွေးနေပါစေ ကျိုးမိသားစု၏ သမီးမိန်းကလေးများ ကျောင်းသွားတက်မည့်ကိစ္စသည် အတည်တကျဖြစ်သွားပြီ။


မိန်းကလေးများက တော်တော်များများကို နားမလည်သောကြောင့် ကျိုးလောင်တသည် သူ့အစ်မတွေထံမှ မှီခိုအားထားမှုကို အချိန်အတော်ကြာအောင် လက်ခံလိုက်ရသည်။ သူတို့တွေကို လောင်တက သင်ပြပေးရန် လိုအပ်ခဲ့သည်။ သို့သော် လောင်တသည် အဆော့သန်သည်။ အထူးသဖြင့် အခုချိန်က နွေဦးရာသီဖြစ်သဖြင့် သူသည် အချိန်အများစု၌ အိမ်မှာ မရှိပေ။ သစ်ပင်တက်ခြင်း၊ ငှက်နှိုက်ခြင်း စသည့်ဖြင့် ဆော့ကစားရန် ပျက်ကွက်ခြင်း မရှိခဲ့ပေ။


နောက်ဆုံးတစ်ခေါက်၌ သူသည် ငှက်ဥအသိုက်ကို ယူပြန်လာပြီး လင်းချင်းဟယ်ကို သူ့အတွက် ချက်ပြုတ်ပေးရန် ပြောခဲ့သည်။ လင်းချင်းဟယ်က ဆန်ပြုတ်ထဲ ထည့်ပြုတ်ပေးခဲ့ပြီး ၎င်းသည် အထူးအရသာရှိလှသည်။


ငယ်ရွယ်စဉ်အချိန်မှာ ဒီအရာတွေကို မလုပ်ဖူးတဲ့သူ ဘယ်သူရှိသလဲ။ ထိုကြောင့် လင်းချင်းဟယ်က သူ့ကို မဟန့်တားခဲ့ပေ။


ထို့နောက် လောင်တသည် ငှက်ပေါက်လေးများကို မွေးမြူရန် ယူပြန်လာခဲ့သည်။ လင်းချင်းဟယ်က သူ့ကို ဘာမှမပြောဘဲ ၎င်းတို့ကို မွေးမြူခွင့်ပေးလိုက်သည်။


လောင်အာ့နှင့် လောင်စန်းတို့ကလည်း ၎င်းတို့ကို သဘောကျသည်မှာ သိသာလှသည်။


ထို့ကြောင့် ကောင်မလေးများသည် သူတို့၏အိမ်စာနှင့် ပတ်သက်၍ လောင်တကို ရှာရန် အိမ်သို့လာသောအခါတွင် လောင်တသည် အိမ်မှာ မရှိသဖြင့် လင်းချင်းဟယ်က များသောအားဖြင့် သူတို့ကို သင်ပေးရသည်။


ထိုအခါမှသာ ထိုကောင်မလေးများသည် သူတို့၏စတုတ္ထအဒေါ်က အရမ်းတော်မှန်း သိသွားကြသည်။


သူမက လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ကို ကောင်းကောင်း ပြုစုပျိုးထောင်နိုင်သည်မှာ အံ့သြစရာမဟုတ်တော့ဘူး။


တာ့နီ၊ အာ့နီ၊ ဝူနီ၊ စစ်နီတို့အပြင် စန်းနီလည်း ပါလာသည်။


စန်းနီသည် ဒုတိယမရီး၏ အကြီးဆုံးသမီး ဖြစ်သည်။ ဒုတိယမရီးနှင့် ဆက်ဆံရေး မကောင်းသော်လည်း မျိုးဆက်တစ်ခု၏အရေးကိစ္စက ထိုမျိုးဆက်နဲ့ပဲ သက်ဆိုင်သောကြောင့် လင်းချင်းဟယ်သည် သူမ၏ဒေါသကို စန်းနီအပေါ် ပုံချမည်မဟုတ်ပေ။


စန်းနီက ကျောင်းတက်ချင်ပေမယ့် သူမအမေက ခွင့်မပြုသောကြောင့် သူမသည် တာ့နီနှင့် သူမ၏ညီမများအား သူတို့ သင်ယူလေ့လာခဲ့သည့် အကြောင်းအရာများကို မေးမြန်းခဲ့သည်။ သူမသည် တာ့နီအပြင် သူမ၏ညီမများနှင့်လည်း ဆက်ဆံရေးကောင်းရှိသည်။ စန်းနီ၏ စိတ်နေစိတ်ထားသည် သူမ၏အဖေဖြစ်သူ ဒုတိယအစ်ကိုနှင့် တူညီပြီး နှစ်လို့ဖွယ် ခင်မင်စရာကောင်းသူ ဖြစ်သည်။


သူမ၏ညီမဖြစ်သူ လျှိုနီကတော့ ဒုတိယမရီးကို ပုံတူမိတ္တူပွားထားသလိုပင် ဒုတိယမရီးနှင့် အတိအကျ တူညီလှသည်။


စန်းနီက အနောက်မှ ကပ်လိုက်လာသောအခါ လင်းချင်းဟယ်သည် သူမကို တခြားမိန်းကလေးများနဲ့ တန်းတူဆက်ဆံပြီး သင်ကြားပေးခဲ့သည်။

အိမ်ရှေ့ခန်းထဲတွင် ညီအစ်မများ စာလေ့လာနေစဉ် လင်းချင်းဟယ်သည် ကြိုတင်ရေစိမ်ထားသော ပဲနီစေ့၊ မြေပဲ၊ လုံငန်းသီး၊ ဘယ်ရီသီးနှင့် ဇီးချိုသီးတို့ကို ကျိုချက်လိုက်သည်။


နောက်ဆုံးအနေဖြင့် သူမသည် ဒီခေတ်၏ အညိုရောင်သကြားခဲ အနည်းငယ်ကို ထည့်လိုက်သည်။

ကောင်မလေးတွေ ရောက်နေသည့်အတွက် သူမက အနည်းငယ် ပိုလုပ်ထားသည်။ သူမသည် ပဲနီစေ့များကိုသာ ရေစိမ်ထားသောကြောင့် ကျန်အရာများကို ထပ်တိုးထည့်လိုက်သည်။


ကျိုချက်ပြီးနောက် သူမသည် မိန်းကလေးများကို တစ်ယောက် ပန်းကန်လုံးတစ်လုံးစီ ပေးလိုက်သည်။


"စတုတ္တအဒေါ်… မလိုပါဘူး။" ကျိုးတာ့နီက လျင်မြန်စွာ ခေါင်းခါလိုက်သည်။


အာ့နီနှင့် စန်းနီတို့ကလည်း အလျင်အမြန် ခေါင်းလိုက်ခါကြသည်။ စစ်နီနှင့် ဝူနီတို့က ငယ်ရွယ်လွန်းသေးသည်။ ချိုမြိန်သော မွှေးရနံ့များ ပျံ့လွင့်နေသည့် ပန်းကန်လုံးထဲက အနီရောင်အချိုပြုတ်ရည်ကို ကြည့်ပြီး သွားရည်ကျနေကြသည်။


"တစ်ယောက်ကို ပန်းကန်လုံးတစ်လုံးစီပဲ ရမယ်။ နောက်ထပ်ပိုမရဘူး။ သောက်လိုက်ကြ၊ ဒါက မိန်းကလေးတွေအတွက် အကျိုးရှိတယ်။" လင်းချင်းဟယ်က ပြောသည်။


သူမသည် ဒါကို တစ်လမှာ နှစ်ခါ၊ သုံးခါလောက်ပဲ ပြုလုပ်သည်။ သေချာပေါက် ကျိုးချင်းပိုင်နှင့် ကလေးတွေကလည်း သူတို့၏ဝေစုကို ရရှိကြသည်။ ၎င်းသည် အအေးမိခြင်းကို သက်သာစေရန်နှင့် သွေးအားဖြည့်ပေးရန်အတွက် အဓိကဖြစ်သောကြောင့် အမျိုးသမီးများနှင့် 

မိန်းကလေးများအတွက် အထူးကောင်းမွန်လှသည်။


မိန်းကလေးများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူတို့၏အဒေါ်ကို ကျေးဇူးတင်လိုက်ကြသည်။


လင်းချင်းဟယ်က သူတို့နှင့်အတူ သောက်သည်။ သောက်သုံးပြီးနောက် သူတို့ နားမလည်သည့်နေရာများကို မေးမြန်းကာ တစ်ခုပြီးတစ်ခု ရှင်းပြသည်။ ထို့နောက် စာပြန်လေ့လာရန်အတွက် အိမ်သို့ ပြန်လွှတ်လိုက်သည်။


သို့သော် တာ့နီက မထွက်သွားခင်တွင် သူတို့အသုံးပြုခဲ့သော ပန်းကန်အားလုံးကို ဆေးကြောပေးမည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။


လင်းချင်းဟယ်က တော်တော် ကျေနပ်သွားသည်။ အမှန်တကယ်ပင် အကြီးဆုံးမရီးက သွန်သင်ဆုံးမထားသော သမီးတစ်ဦး ဖြစ်ထိုက်သည်။ ပို၍ အရေးကြီးသည်မှာ သူမသည် ဤခေတ်၏ အခက်အခဲကို ကြုံတွေ့ခဲ့ရသော်လည်း စာလေ့လာခြင်းတွင် အလေးထားကြိုးစားနေသည်။


နောင်လာနောက်သား ဖြစ်ခဲ့လျှင် မိဘတွေက သူတို့ကို ဧကန်မုချ တုန်နေအောင် ပိုချစ်ပေးပေလိမ့်မည်။ သူတို့တွေ စာလေ့လာချင်လျှင် ကမ်းလှမ်းလိုက်ရုံသာ။

တာ့နီနှင့် မိန်းကလေးများ ထွက်သွားပြီး သိပ်မကြာခင်တွင် ကောင်လေးများ ပြန်ရောက်လာကြသည်။ ညီအစ်ကိုတွေသည် တစ်ကိုယ်လုံး ညစ်ပတ်သွားသည့်တိုင်တောင် ဆော့ကစားလာကြသည်။ အကြီးဆုံးနှစ်ယောက်က အဆူခံရမှာကို အနည်းငယ် စိုးရိမ်နေစဉ် အငယ်ဆုံးဖြစ်သူ လောင်စန်းကတော့ မတ်မတ်ရပ်နေခဲ့သည်။


သူ ပြန်ရောက်တာနဲ့ လင်းချင်းဟယ်ဆီ လာကာ ဖက်ချင်နေသည်။ လင်းချင်းဟယ်က ချက်ချင်း အမိန့်ပေးလိုက်သည်။ "အဲ့နေရာမှာပဲ သေချာရပ်နေ။"


"အမေ… သား အမေ့ကို လွမ်းတယ်။" လောင်စန်းက သူမကို ငေးကြည့်နေသည်။


လင်းချင်းဟယ်က နှားခေါင်းရှုံ့ပြီး "အဲဒါက အလုပ်ဖြစ်မယ် မထင်နဲ့။ မြှောက်လွန်းအားကြီးသွားပြီ။"


လောင်စန်းသည် မတ်တပ်ရပ်နေပြီး မကျေမနပ်ဖြင့် သူမကို စိုက်ကြည့်နေသည်။ လင်းချင်းဟယ်သည် သူမ၏မျက်လုံးများကို လောင်တနှင့် လောင်အာ့တို့ဘက် ဝေ့ဝိုက်ကြည့်လိုက်ပြီး "သွား… မင်းတို့ညီလေးကို လက်ဆေးပေးဖို့ ခေါ်သွားလိုက်။"

လောင်တနှင့် လောင်အာ့သည် သူတို့လက်များကို ဆေးကြောရန် လောင်စန်းအား ခေါ်သွားလိုက်သည်။ ဆေးကြောပြီးနောက် လင်းချင်းဟယ်က သူတို့ကို အချိုပြုတ်ရည် ခပ်သောက်ရန်အတွက် စေလွှတ်လိုက်သည်။


"အမေ… အမေ သောက်ချင်လား။" လောင်တက မေးသည်။


"သောက်ပြီးသွားပြီ။ မင်းတို့အဖေ မသောက်ရသေးဘူး။" လင်းချင်းဟယ်သည် ခေါင်းမမော့ကြည့်ဘဲ ဖိနပ်ခုံကို ချုပ်နေရင်း ပြောလိုက်သည်။


"ဒါဆို အဖေ့အတွက် နည်းနည်း ချန်ထားလိုက်မယ်။" ခပ်ယူပြီးနောက် လောင်တသည် အိုးကို ပြန်ဖုံးကာ သူ့ညီနှစ်ယောက်နှင့်အတူ သောက်လိုက်သည်။


ဒါက အိမ်မှာ ရှားရှားပါးပါး လုပ်သောစားစရာ မဟုတ်ပေ။ အရင်ကလည်း သူတို့ သောက်ဖူးကြသည်။ လောင်စန်းတောင် လင်းချင်းဟယ်၏ သတိပေးမှုမရှိဘဲ အစေ့များကို ထွေးထုတ်ရမယ်မှန်း သိနေသည်။


ညီအစ်ကိုများ သောက်သုံးပြီးချိန်တွင် လင်းချင်းဟယ်သည် အိုးထဲသို့ ရေများ ခပ်ထည့်ပြီးသွားပြီ။ ကောင်လေးတွေကို ရေနွေးတည်ပြီး ရေချိုးရန် စေခိုင်းလိုက်သည်။


ညီအစ်ကိုတွေသည် ကစားရင်း အရမ်းညစ်ပတ်လာကြသဖြင့် ရေမိုးချိုးရမည်။

အသက် ခုနစ်နှစ်အရွယ် လောင်တကို ဒီလိုခိုင်းစေခြင်းအတွက်တော့ လင်းချင်းဟယ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ပေ။


မွေးထားတဲ့သားကို ဝိုင်းကူခိုင်းရမယ်မလား။ သူမက သူ့ကို ပိုးမွေးထားသလို ဖူးဖူးမှုတ် အလိုလိုက်နေမှာ မဟုတ်ဘူး။


" ရေချိုးဖို့ ရေနွေးတည်ရမယ်?? အမေ အရင်ချက်ပြုတ်ဖို့ မလိုဘူးလား " လောင်တက မေးသည်။


" ငါတို့ ဒီည ဖက်ထုပ်စွပ်ပြုတ် စားမယ်။ မြန်မြန် သွားလုပ်ချည်။ မင်းတို့ အရင်ရေချိုးပြီးမှ လုပ်ကြတာပေါ့ " လင်းချင်းဟယ်က ပြန်ဖြေသည်။


လောင်တသည် ရေနွေးစတည်သည်။ လောင်အာ့က ဘေးမှ ဝိုင်းကူနေပြီး လောင်စန်းကတော့ ဖေးယင်းနှင့်အတူ ဝက်နှင့်ကြက်များကို စောင့်ကြည့်ရန် အိမ်နောက်ဖေးသို့ သွားလိုက်သည်။


ရေနွေးဆူလာသောအခါ လင်းချင်းဟယ် ရောက်လာပြီး ရေနွေးများကို ခပ်ထုတ်ပေးသည်။ သူတို့တွေက ငယ်ရွယ်သေးတာကြောင့် ရေနွေးကို သူမပဲ ခပ်ထည့်ပေးတာ ပိုကောင်းသည်။


သူတို့သည် သစ်သားဖြင့်ပြုလုပ်ထားသည့် ကြီးမားသော ရေချိုးဇလုံထဲတွင် ရေချိုးကြသည်။ ရေနွေးတစ်အိုးသည် ညီအစ်ကိုသုံးယောက်စလုံးအတွက် လုံလောက်ပြီ။


သူတို့တွေက ညစ်ပတ်လွန်းနေသဖြင့် သူမက လောင်တကို အရင်ရေချိုးစေသည်။ ပြီးနောက် လောင်အာ့နှင့် လောင်စန်းကို သူမ ရေချိုးပေးလိုက်သည်။ လောင်တက သူ ကြီးလာပြီဟု ပြောပြီး သူမ၏အကူအညီကို နောက်ထပ် မယူတော့ပေ။


လင်းချင်းဟယ်က သူ့ဆုံးဖြတ်ချက်ကို အလေးထားပြီး သူ့ဘာသာ လုပ်ခွင့်ပေးလိုက်သည်။

ရေချိုးနေစဉ်တောင် သူက အငြိမ်မနေဘူး။ ရေချိုးနေစဉ်အတွင်း သူက 

လောင်အာ့၊လောင်စန်းတို့နှင့် ရောထွေးဆော့ကစားနေသေးသည်။ သူ ရေချိုးပြီးသောအခါ လောင်အာ့နှင့် လောင်စန်းတို့သည် ရေစိုရွှဲနေပြီ။


ကောင်လေးသုံးယောက်ကို ရေချိုးပေးပြီးနောက် လင်းချင်းဟယ်သည် ဖိနပ်ခုံများကို ဆက်လက် ချုပ်နေရင်း အလုပ်ဆင်းလာမည့် ကျိုးချင်းပိုင်ကို စောင့်ဆိုင်းနေခဲ့သည်။


ယခုအချိန်သည် အလုပ်များသော နွေဦးမျိုးစေ့ကြဲသည့်ရာသီ ဖြစ်ပြီး ကျိုးချင်းပိုင်သည် ခြောက်နာရီ ထိုးခါနီးမှ အလုပ်မှ ပြန်ရောက်လာသည်။


ဒါတောင်မှ အိမ်ပြန်ရောက်ချိန်တွင် သူမှာ လုပ်စရာ ရှိနေသေးသည်။ ဥပမာအားဖြင့် သူသည် အဆော့သန်သော သားတွေ၏ အဝတ်အစားများကို လျှော်ဖွတ်ရသည့်အပြင် အိမ်နောက်ဖေးရှိ ဝက်ခြံနှင့် ကြက်ခြံကိစ္စများကိုလည်း ဆောင်ရွက်ရသည်။


လင်းချင်းဟယ်သည် နွေရာသီ ကောက်သိမ်းချိန်နှင့် ဆောင်းဦးရာသီ ကောက်သိမ်းချိန်များမှသာ ညှာတာပြီး ကူလုပ်ပေးမည်ဖြစ်သည်။ ကျန်သည့်အချိန်များမှာတော့ ၎င်းကို သူ ကိုင်တွယ်နိုင်နင်းနိုင်သည်။


သူမသည် ထိုကဲ့သို့ပင် မမွန်မြတ်၊ မကောင်းမြတ်သောသူ ဖြစ်သည်။