အပိုင်း (၁၀၈) - ကျေးဇူးမသိတတ်သူ
လင်းချင်းဟယ်သည် ဖိနပ်ခုံကို ချုပ်နေရင်း အချိန်နီးလာပြီကို တွေ့လိုက်ရသောအခါ သူမသည် မုန့်ညက်ကို လှိမ့်ကာ ဖက်ထုပ်အဆာများဖြင့် ထုပ်လိုက်သည်။
သူမ၏ဖက်ထုပ်သည် ပါးလွှာသော ဖက်ထုပ်အရွက်နှင့် အလျှံပယ်ပေါများလှသော အဆာများ ပါဝင်သည်။ ဖက်ထုပ်အဆာများကို ပါးပါးလှီးထားသော ဝက်သားနှင့် တရုတ်နံနံများဖြင့် ပြုလုပ်ထားကာ ဝက်သားဖက်ထုပ်အဖြစ် လုပ်ထားသည်။
တစ်မိသားစုလုံးသည် ၎င်းကို ကြိုက်နှစ်သက်ကြပြီး အထူးသဖြင့် အနံ့အရသာကောင်းသော တရုတ်နံနံကို ဖြစ်သည်။
သေချာပေါက်ပင် သူမ ဖက်ထုပ်လုပ်ပြီးသွားတာနဲ့ ကျိုးချင်းပိုင်က အိမ်ပြန်ရောက်လာသည်။ လင်းချင်းဟယ်က ပြောလိုက်သည်။ " ရှင့်အတွက် ရေ အဆင်သင့်ဖြစ်နေပြီ။ မျက်နှာနဲ့ လက်တွေကို ဆေးကြောပြီး ဖက်ထုပ်စားဖို့ ပြင်ဆင်လိုက်တော့ "
ကျိုးချင်းပိုင်က သူမစကားကို အသိအမှတ်ပြုသည်။
လောင်တက အိမ်စာလုပ်နေပြီး လောင်အာ့နှင့် လောင်စန်းတို့က စားပွဲပေါ်တွင် စာရေး၊ ပုံဆွဲ လုပ်နေကြသည်။
" အဖေ… အိုးထဲမှာ စွပ်ပြုတ်ချိုချိုလေး ရှိတယ် " လောင်အာ့က ပြောသည်။
" ကောင်းပြီ " ကျိုးချင်းပိုင်က ပြန်ဖြေသည်။
သူ့မျက်နှာနှင့် လက်များကို ဆေးကြောသန့်စင်ပြီးနောက် သူ့တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ လင်းချင်းဟယ်က " အဲအချိုရည်ကို ညကျမှ သောက်လိုက်တော့။ အခု အဓိက အစားအစာကို စားရမယ့် အချိန်ရောက်နေပြီ "
ဖက်ထုပ်များသည် ကျက်ရန် အလွန်မြန်သည်။ လင်းချင်းဟယ်သည် ခဏအကြာတွင် ဖက်ထုပ်ပန်းကန်များကို သယ်ပြီး ထွက်လာသည်။ တစ်ယောက်ကို တစ်ပန်းကန်စီ ဖြစ်သည်။ ကျိုးချင်းပိုင်အတွက် ပန်းကန်က အလွန်ကြီးမားပြီး လင်းချင်ဟယ်နှင့် သားသုံးယောက်က ပန်းကန်သေးသေးလေးတွေ ဖြစ်သည်။ ကျိုးချင်းပိုင်၏ စားသုံးမှုပမာဏသည် အမေနှင့် သားများ၏ စားသုံးမှုပမာဏခန့် ရှိသည်။
သေချာတာတော့ ဒါက ယာယီပင်။
နောက်နှစ်အနည်းငယ် ကြာပြီးနောက်တွင် အိမ်တွင် ဘာမှမကျန်တော့သည်အထိ စားကြလိမ့်မည်။
ပထမကတော့ ကျိုးချင်းပိုင်သည် သူ့မိန်းမက သူ့ကို ပိုစားစေသည်ဟု ထင်ခဲ့ပေမယ့် အခုတော့ သူ့မိန်းမ၏စားချင်စိတ်က ကြီးကြီးမားမား မဟုတ်ဘူးဆိုတာ သူ နားလည်သဘောပေါက်သွားသည်။ သူမ ဒီထက် အနည်းငယ်မျှ ပိုစားမိလျှင် ကိုယ်အလေးချိန် လျှော့ချရမည့်အကြောင်းကို ညည်းညူပြောဆိုနေလိမ့်မည်။
ထိုအတွက် ကျိုးချင်းပိုင်သည် ကူကယ်ရာမဲ့သလို ခံစားရသည်။ သူမသည် အလွန် ပိန်လှီနေသည်မှာ ထင်ရှားလှသည်။ သူက သူမကို အနည်းငယ် ပိုပြည့်လာစေချင်သည်။ သို့သော် သူမ မလိုချင်လျှင် ဝလာသောအခါ သူမ၏ပင်ကိုအသွင်ကို ဆုံးရှုံးလိမ့်မည်ဟု ပြောလာမည်။
ထို့ကြောင့် ကျိုးချင်းပိုင်သည် ယခုအခါ သူမ ကြိုက်သလိုသာ လုပ်ခွင့်ပေးထားလိုက်တော့သည်။
ညစာစားပြီးနောက် လင်းချင်းဟယ်သည် ရေမချိုးမီ ခဏ အနားယူသည်။
ပန်းကန်တွေအတွက်တော့ လောင်တ၏တာဝန် ဖြစ်သည်။ ခြံဝင်းသန့်ရှင်းရေးက လောင်အာ့၏ တာဝန်ဖြစ်သည်။ အိမ်နောက်ဖေးရှိ အလုပ်က ကျိုးချင်းပိုင်၏ အလုပ်ဖြစ်သည်။ သူမနှင့် လောင်စန်းတို့က သူတို့ကိုယ်သူတို့ ပျော်ပျော်ရွှင်ရွှင်နေရန်အတွက် တာဝန်ရှိသည်။
ရေချိုးပြီးနောက် သူမ၏အဝတ်အစားများကို လျှော်ဖွပ်လိုက်သည်။ သူမ၏အဝတ်များကို သူ့ခွန်အား,အား ဘယ်လိုထိန်းချုပ်ရမည်မှန်း မသိသော ကျိုးချင်းပိုင်က လျှော်ပေးစရာ မလိုပေ။ သူမကိုယ်တိုင် ပြုလုပ်ခြင်းက တော်တော် လျင်မြန်ပြီး သုံးမိနစ်ပင် မကြာချေ။
သူမ လျှော်ဖွတ်ပြီးချိန်တွင် ကျိုးချင်းပိုင်က အိမ်နောက်ဖေးကို သန့်ရှင်းရေး လုပ်ပြီးသွားပြီ။ ထို့နောက် ရေချိုးပြီး သူ့အဝတ်အစားများနှင့် ကလေးအဝတ်များကို လျှော်ဖွပ်ခဲ့သည်။
ထိုအရာများကို ပြုလုပ်ပြီးချိန်တွင် ည ခုနစ်နာရီ နည်းနည်းကျော်နေပြီ။
" ကြက်ခြံထဲမှာ နောက်ထပ်ကြက်နှစ်ကောင်ပဲ ရှိတော့တာလား " ကျိုးချင်းပိုင်က သူ့ဇနီးကို မေးသည်။
" နွေရာသီ ကောက်ရိတ်သိမ်းပြီးချိန်အထိ ကောင်းကောင်း ပျိုးထောင်ပြီး ရှင့်ခန္ဓာကိုယ်အတွက် အာဟာရဖြည့်ဖို့ သတ်လိုက်မယ် " လင်းချင်းဟယ်က ဖိနပ်ခုံအတွက် ချုပ်နေရင်း ပြန်ဖြေလိုက်သည်။
သူမက တကယ့်ကို တွေးခေါ်စဉ်းစားတတ်သူဟု သူမ ခံစားရသည်။ အတိတ်တုန်းကတော့ သူမ ဒီလိုအရာတွေကို လုပ်ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးသော်လည်း အခုချိန်မှာတော့ သူမသည် အဝတ်အစားများနှင့် ဖိနပ်များကို ချုပ်နေသည်။ သူမက တကယ့်ကို အာရုံစူးစိုက်တတ်သော မိန်းမတစ်ယောက်လို သူမ ခံစားရသည်။
ကျိုးချင်းပိုင်၏ အမူအရာက နူးညံ့ပျော့ပြောင်းသွားသည်။
" အရင်ဘဝတုန်းက ကျွန်မ ရှင့်တို့သားအဖေတွေကို ဘာတွေများ ပေးဆပ်စရာရှိခဲ့လို့လဲ မသိဘူး… ယခုဘဝမှာ ရှင်တို့တွေကို နွားလို မြင်းလို ပြုစုပေးနေရတယ် " လင်းချင်းဟယ်က ခါးခါးသီးသီး ငြီးတွားလိုက်သည်။ ထို့နောက် သူမသည် ကျိုးချင်းပိုင်၏ ခြေဖဝါးကို မြှောက်စေကာ နှိုင်းယှဉ်ကြည့်ပြီးနောက် အလုပ်ဆက်လုပ်နေခဲ့သည်။
" မင်း ကြိုးကြိုးစားစား လုပ်ကိုင်တယ်ဆိုတာ ကိုယ် သိပါတယ် " ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေသည်။
လင်းချင်းဟယ်က သူ့ကို မျက်လုံးပင့်ကာ ကြည့်လိုက်ပြီး " အပြင်ကလူတွေက ကျွန်မကို ဖြုန်းတီးနေတဲ့သူတဲ့… မိသားစုကို ဖျက်ဆီးနေရုံသာမက ဘဝရဲ့လမ်းကြောင်းကို မသိနားမလည်စွာနဲ့ ရှင့်ကို ဖျက်ဆီးနေတယ်လို့ ပြောကြတယ်။ ရှင် ကျွန်မကို လက်ထပ်ခဲ့တာ ကံဆိုးတယ်တဲ့။ ကျွန်မက ရှင့်ကို အရင်ကရည်မှန်းချက်ကြောင့် လက်ထပ်ခဲ့တာ "
ကျိုးချင်းပိုင်၏ မျက်လုံးများက တလက်လက် တောက်ပနေပြီး " အပြင်လူတွေရဲ့စကားတွေကို အမှန်တွေလို့ မယူဆနိုင်ဘူး "
လင်းချင်းဟယ်က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး " ကျွန်မက အဲဒါကို ဘာမှမဟုတ်သလိုပဲ သဘောထားနိုင်တော့တယ် မဟုတ်ရင် အဲစကားတွေကို နှလုံးသွင်းရမှာလား "
ညဘက်အိပ်ချိန်တွင် ကျိုးချင်းပိုင်သည် သူ့ဇနီးကို အပြင်းအထန် အရမ်းချစ်ခဲ့သည်။
လင်းချင်းဟယ်ကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားပြီး သူမသည် ထိုအခိုက်အတန့်လေးကို နှစ်သက်သည်။
ကျိုးချင်းပိုင်သည်လည်း ထိုနည်း၎င်းပင်။
" အိမ်မှာ ပျင်းရင် လောင်အာ့နဲ့ လောင်စန်းတို့ကို ရုပ်ရှင်ကြည့်ဖို့ ခေါ်သွားလိုက်လေ " ကျိုးချင်းပိုင်က အကြံပေးသည်။
" ရုပ်ရှင်သွားကြည့်ဖို့ မလိုပါဘူး။ လောင်တ သိသွားတဲ့အခါ ဂျီကျနေလိမ့်မယ်။ မနက်ဖြန် မြို့ထဲမှာ ဈေးဝယ်ထွက်ဖို့ ကောင်လေးတွေကို ခေါ်သွားလိုက်မယ် " လင်းချင်းဟယ်က ပြန်ဖြေသည်။
" မင်း စားချင်တာ ဘာမဆို ဝယ်လိုက် " ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်က သူမ၏ အသိအမှတ်ပြု၊ ကျေးဇူးတင်မှုကို ထုတ်ဖော်ပြခဲ့သည်။
လင်မယားနှစ်ယောက်သည် တိုးဝှေ့ပူးကပ်ကာ အိပ်လိုက်ကြသည်။ လင်းချင်းဟယ်သည် အပူဒဏ်ကို မခံနိုင်သဖြင့် သူနဲ့ ခပ်ဝေးဝေး နေချင်ခဲ့သည်။ သို့သော် သူမကို ဖမ်းချုပ်ပွေ့ဖက်ထားသဖြင့် သူမဆန္ဒရှိသည့်အတိုင်း မအိပ်လိုက်ရပေ။
နောက်တစ်နေ့တွင် လောင်တက ကျောင်းသွားပြီး ကျိုးချင်းပိုင်က အလုပ်သွားသည်။
လင်းချင်းဟယ်သည် ဖေးယင်းကို အိမ်စောင့်ရန် ထားခဲ့ကာ တံခါးသော့ခတ်ပြီးနောက် လောင်အာ့နှင့် လောင်စန်းတို့ကို အပြင်ခေါ်သွားလိုက်သည်။
အိမ်ရှိ ဝက်များအတွက်တော့ သူတို့ကို အစာကျွေးပြီးပြီ။ နောက်ကျမှ ပြန်လာပြီး နောက်မှ ထပ်ကျွေးမယ်ဆိုလည်း ပြဿနာမရှိပါဘူး။
စတိုင်ကျလွန်းစွာ ဝတ်စားဆင်ယင်ပြီးနောက် သူမသည် သားနှစ်ယောက်နှင့်အတူ ထွက်လာခဲ့သည်။ တစ်ချက်ကြည့်ရုံနဲ့ သူမ မြို့ကို သွားမယ်ဆိုတာ လူတိုင်း ပြောနိုင်သည်။
" သူမ ဘယ်လိုပြုမူနေလဲ ကြည့်ပါဦး။ လူတိုင်း အလုပ်လုပ်နေချိန်မှာ သူမက မြို့သူမြို့သားတွေလို စက်ဘီးစီးနေတာပဲ။ မသိရင် အလုပ်သွားလုပ်တယ်လို့ ထင်လောက်တယ် "
နောက်ဆုံးတစ်ခေါက်က လင်းချင်းဟယ်ကြောင့် ဒေါသထွက်ခဲ့ရသည့် ဝမ်လင်က လှောင်ရယ်သရော်လိုက်သည်။
ဒုတိယမရီးကလည်း သရော်ပြုံးကို မျက်နှာပေါ် ချိတ်ဆွဲရင်း " အိမ်မှာဖြင့် ပိုက်ဆံက မကျန်တော့ဘူး… သူမက ဒီလိုမျိုး အများအပြား ဖြုန်းတီးဖို့ သတ္တိရှိနေတုန်းပဲ။ သူမရဲ့သားသုံးယောက်လုံး အနာဂါတ်မှာ သူတို့ရဲ့ဇနီးသည်တွေကို ဘယ်လိုလက်ထပ်ယူမလဲ ကြည့်ရသေးတာပေါ့ "
သူမ၏ဗိုက်က တော်တော်ကြီးနေပေမယ့် သူမက အလုပ်လာလုပ်နေရသေးတယ် မဟုတ်လား။ ဒါပေမယ့် လင်းချင်းဟယ်က အလုပ်လုပ်စရာ မလိုဘူး။ သူမက ဘာမှလုပ်စရာ မလိုဘဲ အိမ်မှာ တစ်နေကုန် အားနေသည်။
" ပိုက်ဆံမရှိတော့ဘူးဆိုတာ ဘယ်လိုသိတာလဲ။ ငါ မြင်ရသလောက်တော့ အများကြီး ရှိဦးမယ်ထင်တယ်… မဟုတ်ရင် သူမက ဒီလိုပြုမူဝံ့ပါ့မလား " ဝမ်လင်က ပြောသည်။
" ဒီလိုသုံးဖြုန်းဖို့ သူမအတွက် ဘယ်လောက်က လုံလောက်နိုင်မှာလဲ။ သူမရဲ့ မိဘမိသားစုနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီလို့ ကြားတယ်။ ရှင်းရှင်းပြောရရင် သူမက သူမရဲ့မိဘတွေဆီ ပြန်သွားပြီး ပိုက်ဆံသွားချေးပေမယ့် မိဘတွေက မချေးပေးခဲ့ဘူး "
" အဆက်အသွယ်ဖြတ်လိုက်တယ်?? " ဝမ်လင်က စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်ပြီး " သူတို့တွေ စကားများ၊ ကတောက်ကဆတ် ဖြစ်တာလို့ ပြောနေကြတာ မဟုတ်ဘူးလား "
" အဲဒါက သူတို့တွေ အပြင်လူတွေကို ပြောတဲ့စကား။ ပိုက်ဆံကို မချေးပေးလိုက်ဘူး၊ သူမကလည်း မိဘအိမ်မပြန်တာ နှစ်နှစ်ရှိပြီ "
" ပိုက်ဆံမရှိဘဲ သူမက ဒီလိုနေရဲသေးတယ်။ သူမသားသုံးယောက်က အိမ်ထောင်မပြုတော့ဘူးလား။ အရင်ကနဲ့ မတူတော့ဘူး။ မိန်းကလေးတွေက စားစရာရှိမှ လက်ထက်ကြတာ " ဝမ်လင်က ပြောသည်။
" သူမအတွက် ဘယ်သူက စိတ်ရှုပ်ခံမှာလဲ " ဒုတိယမရီးက နှာခေါင်းရှုံ့လိုက်သည်။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့လည်း အလုပ်လာလုပ်ကြသည်။ နှစ်ယောက်စလုံးက အနောက်နားတွင် ရှိနေသည်။ သူမတို့နှစ်ယောက်က အနောက် ခပ်လှမ်းလှမ်းတွင် ရှိနေသောကြောင့် ဘာတွေပြောနေကြမှန်း မသိသော်လည်း လောင်တ၏အမေအကြောင်း ပြောနေမယ်ဆိုတာတော့ သေချာသိနေသည်။
" မနေ့က တာ့နီ ပြန်ရောက်လာပြီး စတုတ္ထအဒေါ်က သူတို့ကို အားဆေးအချိုပြုတ်ရည် သောက်ဖို့ ဖိတ်ခေါ်တယ် ပြောတယ်။ စန်းနီအတွက်လည်း ဝေစုပါတယ် " အကြီးဆုံးမရီးက ပြောသည်။
အိမ်ပြန်ရောက်ချိန်တွင် ကျိုးတာ့နီတစ်ယောက်တည်းပဲ ပြန်ပြောပြခြင်း မဟုတ်ပေ။ ကျိုးဝူနီကလည်း တတိယမရီးအား ပြောပြခဲ့သည်။
" ကျေးဇူးမသိတတ်လိုက်တာ " တတိယမရီးက နှုတ်ခမ်းမဲ့ရင်း ပြောလိုက်သည်။
သူမသမီး ပြန်ရောက်လာသောအခါ အချိုပြုတ်ရည်ထဲတွင် ဇီးချိုသီး၊ ပဲနီစေ့၊ ဘယ်ရီသီး၊ လုံငန်းသီးခြောက်နှင့် မြေပဲများ ပါဝင်ကြောင်း ပြောပြခဲ့သည်။ ဒါ့အပြင် ၎င်းကို သကြားညိုဖြင့် ကျိုချက်ထားသည်။ အလွန်ချိုမြိန်ပြီး အနံ့အရသာပြည့်စုံသောကြောင့် အထူးအရသာရှိလှသည်။
လောင်တရဲ့အမေက စိတ်ထဲဘာမှမတွေးဘဲ စန်းနီအတွက် တစ်ပန်းကန်စာ ပေးခဲ့သည်။ စန်းနီသည် သတိတရား၊ စဉ်းစားဉာဏ်ရှိသည့်သူ ဖြစ်သောကြောင့် သူမ ပြန်ရောက်သွားသောအခါ ထိုအကြောင်းကို သေချာပေါက် သူမအမေအား ပြောပြလိမ့်မည်။
" ဒီလိုပြုမူလိုက်ခြင်းအားဖြင့် သူမ ဘာကိုရနိုင်မယ်လို့ မျှော်လင့်နေမှန်း နားမလည်နိုင်တော့ဘူး " အကြီးဆုံးမရီးထံမှ အသံထွက်လာသည်။
တတိယမရီးက ရယ်မောရင်း " ဘယ်သူ သိမှာလဲ "
လင်းချင်းဟယ်ဘက်သို့ ပြန်သွားရလျှင် သူမသည် ခရိုင်မြို့သို့ ဝက်သားရောင်းရန် လာခဲ့ခြင်း ဖြစ်သည်။ အချိန်အတန်ကြာအောင် စုဆောင်းထားခဲ့သောကြောင့် အများကြီး ရှိနေခဲ့သည်။
ရောင်းချပြီးနောက် လင်းချင်းဟယ်သည် သူမ၏သားနှစ်ယောက်ကို ကုန်တိုက်သို့ ခေါ်သွားခဲ့သည်။ လောင်တအတွက် ကျောင်းသုံးပစ္စည်းများ၊ လောင်အာ့အတွက် ကလေးစာအုပ်အနည်းငယ်နှင့် လောင်စန်းအတွက် ဖန်ဂေါ်လီလုံးတစ်ချို့တို့ကို ဝယ်ယူခဲ့သည်။ ကလေးတွေက အရမ်း ပျော်ရွှင်သွားကြသည်။
ကလေးစာအုပ်များကို လက်ခံရရှိသော လောင်အာ့သည် အလွန်ဝမ်းသာပီတိဖြစ်ကာ ချက်ချင်းပင် ထိုစာအုပ်များကို တွယ်တာသွားသည်။
" မင်းအစ်ကိုကြီးက ကြည့်ချင်တယ်ဆိုရင် ငှားပေးရမယ်။ သိမ်းထားလို့မရဘူး " လင်းချင်းဟယ်က ပြောသည်။
" ဟုတ်ကဲ့ " လောင်အာ့က ပျော်ရွှင်စွာ သဘောတူလိုက်သည်။
လင်းချင်းဟယ်သည် သူတို့နှစ်ယောက်ကို လျှောက်ပတ်ကြည့်ရန် ခေါ်သွားပြန်သည်။ အိမ်မှာ ထည့်စရာ ဘာတွေလိုအပ်သေးလဲ တစိမ့်စိမ့် ချင့်ချိန်တွေးဆကာ ဝယ်ယူပြီးနောက် အိမ်ပြန်လာခဲ့သည်။