အခန်း (၁၀၉) – နွေဦးပန်ကိတ်
သားအမိတစ်တွေ စျေးဝယ်ခြမ်းပြီး ပြန်လာတော့ အချိန်က ဆယ်နာရီလောက် ရှိနေပြီ။
“အမေ သားဗိုက်ဆာတယ်။” လောင်စန်းလေးက သူ့မိခင်ရဲ့ ခြေထောက်ကို ဖက်တွယ်ရင်း ချွဲကာ ဆိုလိုက်သည်။
“လောင်အာ့၊ နင့်ညီလေးကို နို့မှုန့်ဖျော်တိုက်လိုက်ချေ။” လင်းချင်းဟယ်က အမိန့်ပေးသည်။
“သားလည်း သောက်ချင်တယ်။” လောင်အာ့ ပြောသည်။
“ဒါဆိုရင်လည်း နှစ်ခွက်ဖျော်လိုက်။” လင်းချင်းဟယ်က ခေါင်းညိတ်ရင်း စကားဆိုသည်။
လောင်အာ့က နို့မှုန့်ဖျော်လိုက်သည်။ လောင်စန်းလေးက သူ့ဒုတိယအစ်ကိုနောက်ကနေ အမြီးလေးလို လိုက်ပါနေခဲ့သည်။
လင်းချင်းဟယ်က ဝက်စာကျိုရန် စတင်ပြင်ဆင်ခဲ့သည်။
ပြီးခဲ့တဲ့ ဆောင်းရာသီက ပြန်ခေါ်လာတဲ့ ဝက်နှစ်ကောင်က အခုအချိန်လောက်ဆို အိမ်နောက်ဖေးခြံဝန်းထဲမှာ ဗိုက်ဆာနေလောက်ပြီ။
ဝက်စာကျိုပြီးတာနဲ့ လင်းချင်းဟယ်သည် ဝက်စာကျွေးဖို့ ရောစပ်ပြီးနောက် ဝက်တွေကို အစာကျွေးလိုက်သည်။ သူမသည် ကြက်တွေပါ တစ်ခါတည်း အစာကျွေးသည်။ ကြက်ခြံထဲတွင် နောက်ထပ် ကြက်အပိုနှစ်ကောင် ရှိသည်။ သူတို့ကို ကျိုးချင်းပိုင်အတွက် ရည်ရွယ်ထားခဲ့တာ ဖြစ်သည်။ သူ ဒီနွေစပါးရိတ်သိမ်းချိန်မှာ ကောင်းကောင်းမစားရတာ တကယ် သည်းမခံနိုင်စရာပဲ။
ဝက်တွေနဲ့ ကြက်တွေကို အစာကျွေးပြီးနောက် လင်းချင်းဟယ်သည် ဂျုံမုန့်ညက်တွေကို အမြန်ပြင်ဆင်လိုက်သည်။ သူမသည် နေ့ခင်းစာအတွက် နွေဦးပန်ကိတ်တွေ ပြုလုပ်ဖို့ စီစဥ်ထားသည်။
နွေဦးနေ့ရက်တွေအတွက် နွေဦးပန်ကိတ်တွေဟာ အပြီးပြည့်ဆုံး အလိုက်ဖက်ဆုံးပင်။
ဂျုံမုန့်ညက်တွေ နှပ်ပြီးသွားတဲ့အခါမှာတော့ လင်းချင်းဟယ်သည် အိုးခွက်ပန်းကန်တွေကို တိုက်ချွတ်ဆေးကြောပြီးနောက် ခြံနောက်ဖေးက ကြက်သွန်မြိတ်တွေကို သွားဖြတ်လိုက်သည်။ သူမသည် အာလူးတွေနဲ့ ကြက်သွန်နီကို အပိုင်းသေးသေးတွေ လှီးဖြတ်ပြင်ဆင်ထားသည်။
သူမသည် နေရာလွတ်ထဲမှ ဝက်သားအချို့ကို ထုတ်ယူလိုက်ပြီး အပိုင်းလေးတွေ လှီးဖြတ်လိုက်ပြီး ကြက်ဥ ငါးလုံးလည်း ကြော်လိုက်သေးသည်။ ပါဝင်ပစ္စည်းအကုန်လုံးကို ပြင်ဆင်ပြီးနောက် မုန့်ညက်တွေက အဆင်သင့် ဖြစ်နေခဲ့ပြီ။
လင်းချင်းဟယ်သည် ဂျုံမုန့်ညက်တွေကို နယ်ပြီးနောက် လှိမ့်လိုက်ပြန်သည်။
သူမသည် တစ်မိသားစုလုံးစာ ချက်ပြုတ်ပြင်ဆင်ပြီးချိန်မှာ ကျိုးလောင်တက ကျောင်းကနေ ပြန်ရောက်လာခဲ့သည်။
“အမေ၊ သူတို့အတွက် ဖန်ဒိုးတွေနဲ့ ပုံပြင်စာအုပ်တွေ ဝယ်လာပေးတယ်။ သားအတွက်ရော ဘာဝယ်လာသေးလဲ။” ကျိုးလောင်တသည် သူ့ကျောင်းလွယ်အိတ်ကို ချရင်း အနားရောက်လာသည်။
“အမေ သားအတွက် ကျောင်းသုံးပစ္စည်းတွေ ဝယ်လာတယ်။ အဲ့တာတွေကို သားတို့ရဲ့ အနွေးကုတင်ပေါ်မှာ တင်ထားတယ်။ မင်း အဲ့တာတွေကို မတွေ့ဘူးလား။” လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်ရင်း ပြောလိုက်သည်။
“အမေ၊ သားအတွက် တခြား ဘာမှ ဝယ်မလာဘူးလား။” ဒါပေါ့၊ ကျိုးလောင်တက အဲ့တာတွေကို မြင်ပေမယ့် အဲ့တာတွေက သူလိုချင်တာ မဟုတ်ဘူး။
“တခြားဟာတွေလား။ အမေလည်း သားအတွက် ဝယ်ပေးချင်ပါတယ်၊ ဒါပေမယ့် ဒီတစ်ခါ အမေ ယူသွားတဲ့ ပိုက်ဆံ မလောက်ဘူး။” လင်းချင်းဟယ်က တုံ့ပြန်ပြောသည်။
“အမေ၊ သားကို မစပါနဲ့။” ကျိုးလောင်တက ဒါကို ယုံကြည်ခြင်း အလျဥ်း မရှိချေ။
“ဒါဆို ငါက နင့်ကို စနောက်နေတယ်လို့ ဘာဖြစ်လို့ ထင်နေရတာတုန်း။” လင်းချင်းဟယ်က သူမလက်တွေကို ဝှေ့ယမ်းရင်း စကားဆိုလိုက်သည်။
“အမေ” ကျိုးလောင်တ မကျေမနပ် အော်ခေါ်လိုက်သည်။
လင်းချင်းဟယ်က ရယ်မောရင်း “နင် ဘောလုံးလိုချင်လား” လို့ ပြောလိုက်သည်။
“ဘောလုံးလား” ကျိုးလောင်တရဲ့ မျက်လုံးလေးတွေက ပြူးကျယ်သွားသည်။
“ဟုတ်တယ်။ ဒါပေမယ့် ဒါက စျေးမနည်းဘူး၊ ဘောလုံးတစ်လုံးအတွက် ယွမ်နှစ်ဆယ်ကျော် ပေးရတယ်။” လင်းချင်းဟယ် ပြောသည်။
ဒီခေတ်ဒီအခါက ဘောလုံးတစ်လုံးကို ယွမ်နှစ်ဆယ်ကျော် ပေးရတာက တကယ့်ကိုပဲ စျေးကြီးလွန်းသည်။
ကုန်တိုက်တွင် လင်းချင်းဟယ် မြင်တွေ့ခဲ့ရတာက ထုတ်ကုန်အသစ်စက်စက်ဖြစ်ပြီး အရင်က တစ်ခါမှ စျေးကွက်ကို မရောက်ဖူးသေးဘူး။
ပိုက်ဆံအလုံအလောက် မယူလာဖြစ်၍ အဲ့တာကို မဝယ်နိုင်ခဲ့ဘူး။ သူမက ပိုက်ဆံနဲ့ ကူပွန်လက်မှတ်တွေကို နေရာလွတ်ထဲမှာ စုဆောင်းသိမ်းဆည်းထားသည်။ သူမသည် လောင်တအတွက် ဒါကို ဝယ်ပေးဖို့ ရည်ရွယ်ထားပေမယ့် ခဏလောက်တော့ ထားရစ်ခဲ့လိုက်သည်။
“ယွမ်နှစ်ဆယ်ကျော်တာလား။” ကျိုးလောင်တက ဝမ်းသာအားရ အံ့အားသင့်သွားခဲ့သလို ချက်ချင်း ကြက်သေ သေသွားခဲ့သည်။ သူ့အမြင်အရ ယွမ်နှစ်ဆယ်ဆိုတာ အရမ်းများတယ်။
“နင်နဲ့ လောင်အာ့တို့ ပိုက်ဆံ ဘယ်လောက်စုထားကြလဲ။ အမေ့ဆီ ယူလာပေးချေ၊ အဲ့တာနဲ့ အမေ စုဆောင်းထားတာနဲ့ လုံလောက်မှု ရှိ မရှိ ဆိုတာ တစ်ချက်ကြည့်ရအောင်။” လင်းချင်းဟယ်သည် ရသမျှ အရေခွံနွှာဖို့ ဆုံးဖြတ်ပြီး ပြောလိုက်သည်။
“သားတို့စုထားတာ တစ်ယွမ်ပဲ ရသေးတယ်။” ကျိုးလောင်တ ပြောသည်။
“တစ်ယွမ်လည်း ပိုက်ဆံပဲ။” လင်းချင်းဟယ်က ပြုံးလိုက်သည်။ “လောင်အာ့ကို အဲ့ဒီဘောလုံးအကြောင်း သွားမေးချေ၊ သူလည်း အဲ့ဘောလုံးကို မြင်တယ်။”
ကျိုးလောင်တက လောင်အာ့ကို သွားမေးခဲ့တော့ လောင်အာ့က ပြောလိုက်သည်။ “ဘာဖြစ်လို့ အဲ့တာကို အစ်ကိုကြီးက လိုချင်နေရတာလဲ။ အဲ့တာက ကန်ဖို့ပဲ သုံးလို့ရတာ။ အစ်ကိုကြီး၊ ကျွန်တော်နဲ့အတူ ကလေးပုံပြင်တွေ လာဖတ်ပါလား။ ဒါက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။”
“ငါ အဲ့တာကို လိုချင်တယ်။” ကျိုးလောင်တ ပြောသည်။
“ဒါဆိုရင် အစ်ကိုကြီး အမေ့ကို မရပ်မနား ပူဆာလိုက်လေ၊ အဲ့တာဆို အမေ အစ်ကိုကြီးကို အဲ့ဒီဘောလုံး ဝယ်ပေးမှာပေါ့။” လောင်အာ့က သူ့ကို မော့မကြည့်ပဲ ပြောလိုက်သည်။
“အမေက ငါ့ကို ငါတို့စုထားတဲ့ ပိုက်ဆံယူလာဖို့ ပြောတယ်။” ကျိုးလောင်တ ပြောသည်။ “မင်းပိုက်ဆံ သွားယူချေ။”
သူတို့တွေက သွားတိုက်ဆေးဗူးခွံတွေကို ရောင်းချရာမှ စုဆောင်းရရှိထားသော ငွေတွေကို လောင်အာ့မှ စုဆောင်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့သွားတွေကို မနက်ရော ညပါ တိုက်ရသောကြောင့် သူတို့ရဲ့ သွားတိုက်ဆေးတွေက အကုန်မြန်ပါသည်။ သွားတိုက်ဆေးဗူးခွံတွေကို ရောင်းချတာက သူတို့ညီအစ်ကို နှစ်ယောက်ရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်သည်။
အခုလောလောဆယ်မှာတော့ လောင်စန်းလေးက ပိုက်ဆံဆိုတာ ဘာမှန်း မသိသေးသည့်အတွက် သူတို့ထဲ မပါဝင်သေးပါဘူး။
တကယ်တော့ သွားတိုက်ဆေးဗူးခွံတွေကို သကြားနဲ့ လဲလှယ်လို့ရသော်လည်း သူတို့နှစ်ယောက်အတွက် သကြားဆိုတာ ရှားပါးသောအရာ မဟုတ်ပေ။ သူတို့အိမ်မှာ သကြားညို၊ သကြားခဲ၊ သကြားဖြူ ဒါမှမဟုတ် နို့သကြားလုံး ဒါမှမဟုတ် မုယောသကြားလုံးတို့တောင် ရှိလေသည်။ ဒါ့ကြောင့် သူတို့က အရင်ကနဲ့ မတူတော့ဘူး။
ဒါ့ကြောင့် ညီအစ်ကိုတွေဟာ ဒါကို ပိုက်ဆံနဲ့ လဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ကြသည်။
နည်းနည်းချင်းစီ စုဆောင်းလာရင်းနဲ့ သူတို့က တစ်ယွမ် စုမိလာခဲ့သည်။
ဒါပေါ့၊ သူတို့က တစ်ခါတစ်လေ မုန့်ဝယ်စားသည့်အခါမျိုးမှာလည်း ဒီပိုက်ဆံထဲက အသုံးပြုတယ်၊ မဟုတ်လျှင်၊ သူတို့ ဒီထက်ပိုစုဆောင်းမိလိမ့်မယ်။
“ငါတို့ပိုက်ဆံနဲ့ ဘယ်လုံလောက်ပါ့မလဲ။” လောင်အာ့က တုံ့ဆိုင်းစွာ ပြောသည်။
“စကားသိပ်မပြောနဲ့။ ပိုက်ဆံကိုသာ မြန်မြန်သွားယူချေ။” ကျိုးလောင်တ တိုက်တွန်းပြောဆိုခဲ့သည်။
လောင်အာ့က ပိုက်ဆံသွားယူသည်။ အဲ့တာတွေကို သေတ္တာတစ်ခုထဲ ထည့်ထားခဲ့သည်။ သူက ပိုက်ဆံတွေကို ထုတ်ယူလာပြီး သူ့အစ်ကိုကြီးနဲ့အတူ သူတို့ရဲ့မိခင်ဖြစ်သူကို ရှာဖွေဖို့ လိုက်လာခဲ့သည်။
“အမေ၊ သားတို့ကို ဘောလုံး တကယ်ဝယ်ပေးမှာလား။” လောင်အာ့က တိုက်ရိုက်တန်းမေးလိုက်သည်။
“ဟုတ်တယ်၊ အဲ့တာကြောင့် မင်းတို့ရဲ့ စုဆောင်းငွေတွေပါ အတူထည့်ဝင်ပေးကြ။” လင်းချင်းဟယ်က ခေါင်းညိတ်ကာ စကားဆိုသည်။
“ဒါပေမယ့် ကျွန်တော်တို့ အကြာကြီး စုဆောင်းခဲ့ပြီးတော့မှ ရတဲ့ ပိုက်ဆံက သိပ်မများဘူး။ အမေ၊ အဲ့တာကို အမေ့ဖာသာ သားတို့ကို ဝယ်ပေးပါလား။” လောင်အာ့ ပြောသည်။
“ငါ့ပိုက်ဆံတွေကလည်း နင်တို့အဖေ ပင်ပင်ပန်းပန်း အလုပ်ကြိုးစားလုပ်ကိုင်ပြီးမှ ရတာပဲလေ။ ဒါ့အပြင် ငါက ဒါကို နင်တို့အတွက် ဝယ်ပေးရမှာလေ။ ဒီတစ်ခါ ငါက နင့်အတွက် အဝတ်အစားအသစ်တွေလည်း ချုပ်ပေးရသေးတယ်။” လင်းချင်းဟယ်က ရှင်းပြသည်။
လောင်အာ့က သူ့ပိုက်ဆံသေတ္တာလေးကို ဖက်တွယ်ထားရင်း ခဏအကြာမှာတော့ သက်ပြင်းချကာ သူ့အမေလက်ထဲသို့ လွှဲပြောင်းပေးလိုက်ရင်း “အမေ၊ ဒါကိုယူလိုက်ပါ။ သားတို့အတွက် ပစ္စည်းကောင်းကောင်းလေး ဝယ်ပေးရမယ်နော်။” လို့ ပြောလိုက်သည်။
“ကောင်းပြီ” လင်းချင်းဟယ်က ခေါင်းညိမ့်ပြီး နောက်တစ်ကြိမ် ဘောလုံးကို တကယ်ဝယ်ပေးမှာ ဖြစ်ကြောင်း သူတို့ကို ကတိပေးခဲ့သည်။
“နောက်တစ်ခါသွားရင် သားလည်း လိုက်ခဲ့မယ်။” ကျိုးလောင်တက ခပ်မြန်မြန် ဝင်ပြောသည်။
“မင်း ကျောင်းတတ်ဖို့ လိုအပ်တယ် မဟုတ်လား။ ပြီးတော့ ငါ မင်းတို့သုံးယောက်စလုံးကို တင်မခေါ်သွားနိုင်ဘူး။ အဲ့တာ မဖြစ်နိုင်ဘူး။” လင်းချင်းဟယ် ငြင်းပယ်သည်။
ကျိုးလောင်တ ပြောသည်။ “ဒါပေမယ့် သူတို့ကျ လိုက်လို့ရတယ်။”
“သူတို့က ငယ်သေးတယ်၊ မင်းကတော့ အရွယ်ရောက်နေပြီ။ မင်းအဖေကလွဲရင် မင်းက မိသားစုထဲမှာ အကြီးဆုံး ယောကျာ်းသားပဲ။” လင်းချင်းဟယ်က သူ့လက်ကို ဆုပ်ကိုင်ရင်း ပြောသည်။
ကျိုးလောင်တက အနည်းငယ် စိတ်ကျေနပ်သွားသဖြင့် သူ့မိခင်ကို စိတ်ကသိကအောင်ဖြစ်အောင် မလုပ်တော့ပေ။ “အမေ၊ သားတို့နေ့လည်စာ ဘာစားရမလဲ။”
“နွေဦးပန်ကိတ်” လင်းချင်းဟယ် ပြန်ဖြေသည်။ “မင်းအဖေ ပြန်လာတော့မလား ဆိုတာ သွားကြည့်ချေ။”
ကျိုးလောင်တက စစ်ဆေးရန် ထွက်လာခဲ့သည်။
ထို့နောက် သူက ဖခင်ဖြစ်သူနဲ့အတူပြန်လာခဲ့သည်။
“ဒီရေခွက်က ရှင့်အတွက်ပဲ၊ ဆေးကြောပြီး စားသောက်ဖို့ ပြင်ဆင်တော့။” လင်းချင်းဟယ်က သူ့ကို ညွှန်ကြားလိုက်သည်။
သူ့မျက်ခုံးကြားက ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင်တွေကို မြင်ရတော့ လင်းချင်းဟယ်လည်း အနည်းငယ် စိတ်မချမ်းမသာ ဖြစ်မိသည်။ ဒါပေမယ့် တခြားနည်းလမ်း မရှိပါဘူး။ သူ့အတွက် အရသာရှိတဲ့ အစားအသောက်အချို့ ချက်ပြုတ်ပြင်ဆင်ပေးပြီး အိမ်ထောင်မှုကို ထိန်းသိမ်းပေးတာကလည်း နှစ်သိမ့်ပေးမှု တစ်မျိုးပါပဲ။
ထုံးစံအတိုင်း လင်းချင်းဟယ်ရဲ့ အချက်အပြုတ်လက်ရာက ပြောစရာမလိုလောက်အောင် ပြီးပြည့်စုံသည်။ သူမက နွေဦးပန်ကိတ်တွေကို အဆင်သင့် ပြင်ဆင်ပေးထားပြီး သူတို့က အဆင်သင့် လက်ဆေး စားသောက်ဖို့ပဲ လိုအပ်သည်။
“အမေ၊ ဒီဆော့စ်က တကယ် အရသာရှိတယ်။” ကျိုးလောင်တ ပြောသည်။
“ချိုချိုချဥ်ချဥ်လေး” လောင်အာ့ကလည်း ထောက်ခံသည်။
“အရသာ အရမ်းရှိ” ဒါကတော့ လောင်စန်းလေးရဲ့ အကဲဖြတ်ချက်ပါ။
လင်းချင်းဟယ်လည်း အနည်းငယ် စိတ်ကျေနပ်သွားသည်။ ဒါက ခရမ်းချဥ်သီးဆော့စ်ပါ။ အိမ်နောက်ဖေးမှာ စိုက်ပျိုးထားတဲ့ ခရမ်းချဥ်သီးတွေနဲ့ သူမကိုယ်တိုင် ပြုလုပ်ထားခဲ့တာ ဖြစ်သည်။ သူမက ဒါကို မနှစ်တုန်းက ပြုလုပ်ထားခဲ့ခြင်းဖြစ်သည်။ သူမသည် ဒါကို နေရာလွတ်မှာ ထည့်သိုထားခဲ့ပြီး ပြဿနာမရှိခဲ့ဘူး။ အခုမှ ဒါကို ထုတ်ယူစားသုံးတာဖြစ်ပြီး ဒါက အရသာရှိနေဆဲ ဖြစ်သည်။
“ရှင့်အကြိုက်နဲ့ မကိုက်ညီဘူးလား။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ဖက်သို့ လှည့်မေးသည်။
“ဒါက အရသာရှိတယ်။” ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်သည်။ အစားအသောက်နဲ့ ပတ်သက်လျှင် သူ့ဇနီးသည်ကို သူ ဘာမှ ပြောစရာ မရှိဘူး။
“ဒီနှစ် ကျွန်မ ရှင့်အတွက် ငရုတ်ဆော့စ်များများ လုပ်ပေးမယ်။ ဒီချိုချိုချဥ်ချဥ် ခရမ်းချဥ်သီးဆော့စ်က ရှင့်အရသာနဲ့ မကိုက်ညီလောက်ဘူး။ ငရုတ်ဆော့စ်ကမှ ရှင့်အတွက် လုံးဝပြီးပြည့်စုံစေမှာ။” လင်းချင်းဟယ် ပြောသည်။
“ကောင်းပြီ” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
“ရှင် စားသောက်ပြီးရင် အနားယူလိုက်ဦး။” လင်းချင်းဟယ်က ပြောသည်။
ယခုအချိန်သည် နွေဦးလယ်ထွန်ယက်ချိန် ဖြစ်သောကြောင့် အလွန်ပင်ပန်းလှသည်။ ကျိုးချင်းပိုင်လို ရုပ်ပိုင်းဆိုင်ရာ ခွန်အားပြည့်ဝသူတောင် တစ်မနက်ခင်းလုံး လယ်ထဲဆင်း အလုပ်လုပ်ကိုင်ပြီးနောက် မပင်ပန်းပါဘူးလို့ မပြောနိုင်ပေ။
ထို့ကြောင့် သူက နွေဦးပန်ကိတ်များကို စားသောက်ပြီးတာနဲ့ အရင်ဆုံး အနားယူလိုက်သည်။ ထို့နောက် သူ ခဏလောက် အနားယူပြီးသွားရင်တော့ နေ့ခင်းဖက်မှာ အလုပ်ပြန်ဆင်းမည် ဖြစ်သည်။