အခန်း (၁၁၀) – ကိတ်မုန့်ပေါင်းမယ်
ကျိုးချင်းပိုင်က ဘေးခန်းမှာ အနားယူနေသည့်အချိန်တွင် လင်းချင်းဟယ်က ကလေးတွေအခန်းထဲမှာ ရှိနေခဲ့သည်။
အကယ်၍ သူမသာ သူ့အနားမှာ ရှိနေလျှင် သူက လုံးဝ အနားမယူပဲ သူမကိုသာ ကပ်တွယ်နေလိမ့်မည်။ ဒါ့ကြောင့် သူမက သူ့ကို အနှောင့်အယှက်မလိုသည့်အတွက် ရိုးရိုးရှင်းရှင်းပဲ အခန်းထဲသို့ မဝင်သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်။
“ဒီမေးခွန်းကို ဖြေရှင်းထားတာ ကောင်းတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ဒုတိယနည်းလမ်းတစ်ခု ရှိတယ်။” လင်းချင်းဟယ်က မေးခွန်းပေးပြီး လောင်တရဲ့ အိမ်စာတွေကို ထပ်မံစစ်ဆေးခဲ့ပြန်သည်။
“သားကို စဥ်းစားခွင့်ပေးဦး။” ကျိုးလောင်တကို စာအုပ်ကို ပြန်ယူကာ ထိုမေးခွန်းကို ဖြေရှင်းဖို့ ဒုတိယနည်းလမ်းကို စတင်စဥ်းစားအဖြေထုတ်နေခဲ့သည်။
ဒီကလေးက ထက်မြက်တယ်၊ စူးစမ်းလေ့လာတတ်ပြီး အာရုံစိုက်မှု အားကောင်းတယ်လို့ ပြောရမယ်။ ရဲရင့်ပြီး နည်းနည်းလေးမှ မကြောက်တတ်ပေမယ့် ဂရုစိုက်ကောင်းမှန်းသိတဲ့အရာတွေကို ဂရုစိုက်တတ်သည်။
အချိန်အတော်ကြာအောင် စဥ်းစားပြီးနောက် သူက အဖြေရှာနိုင်သွားပြီးနောက် သူ့မိခင်ကို အဖြေပြန်ပြခဲ့သည်။
လင်းချင်းဟယ်က အတော်လေး စိတ်ကျေနပ်သွားပြီး “အခု နေမင်းကြီး ဆိုတဲ့ ခေါင်းစဥ်နဲ့ စာစီစာကုံးတစ်ပုဒ် ရေးရမယ်။” လို့ ပြောလိုက်သည်။
“နေမင်းကြီးလား။” ကျိုးလောင်က ခေတ္တရပ်လိုက်ပြီး နားလည်သဘောပေါက်ဟန် ခေါင်းညိတ်ပြီး “စာလုံးရေ သတ်မှတ်ထားလား” လို့ မေးလိုက်သည်။
“အနည်းဆုံး စာလုံးရေ သုံးရာ ရေးရမယ်၊ ဒါပေမယ့် နင် အဲ့ထက်ပိုရေးနိုင်ရင် ရေးလို့ရတယ်။ မင်း အဲ့ထက်ပိုရေးနိုင်ရင် ငါ မင်းကို ဆုချီးမြှင့်မယ်။” လင်းချင်းဟယ်က သူမမျက်ခုံးကိုပင့်ရင်း စိန်ခေါ်လိုက်သည်။
“ဘာဆုလဲ။” ကျိုးလောင်တ မေးမြန်းသည်။
“နင် စားချင်တာ ပြောလို့ရတယ်၊ ငါ နင့်အတွက် အကောင်းဆုံး ချက်ပြုတ်ပေးမယ်။” လင်းချင်းဟယ်က ပြောသည်။
“ကျွန်တော် တရုတ်ဆီးသီးကိတ်မုန့် စားချင်တယ်။” ကျိုးလောင်တက ပြောသည်။
“ကိစ္စ မရှိဘူး။” လင်းချင်းဟယ်က သူ့အား ဘွင်းဘွင်းရှင်းရှင်း တုံ့ပြန်သည်။ “မင်းရေးတဲ့စာစီစာကုံးက ငါ့အကြိုက်နဲ့လည်း ကိုက်ညီမှု ရှိရမယ်။”
“အဲ့တာက ကျွန်တော့်အတွက် ပြဿနာမဟုတ်ပါဘူး။” ကျိုးလောင်တက ခေါင်းညိတ်လိုက်သည်။
ဒါက စာစီစာကုံးတစ်ပုဒ်မျှသာဖြစ်ပြီး သူမ မရေးသားနိုင်သော အရာ မဟုတ်ပေ။
သူ စာစီစာကုံး ရေးသားတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူး။
လင်းချင်းဟယ်က “နင် ဒါကို ဘယ်အချိန်မှာ စရေးပြီး ငါ့ကို ဘယ်အချိန်မှာ စာပြန်ပြမှာလဲ။ နင့်စာစီစာကုံးက ငါ့အကြိုက်နဲ့ ကိုက်ညီမှု ရှိတာနဲ့ နင့်အတွက် မုန့်ကို ချက်ချင်း လုပ်ပေးမယ်။”
ကျိုးလောင်တက စာစီစာကုံကို ဒီနေ့ ချက်ချင်း အပြီးရေးရန် ဆုံးဖြတ်ချက်ချထားသည်။
ကျောင်းကနေ ညနေ အိမ်ပြန်ရောက်တာနဲ့ အပြင်ထွက် မကစားတော့ဘူး။ ကျိုးတာ့နီနဲ့ တခြားသူတွေက သူ့ကို စာလာမေးကြသည်။ ကျိုးလောင်တက အပြင်သို့ ထွက်မကစားပဲ အိမ်မှာပဲ စာစီစာကုံး ထိုင်ရေးချင်ပေမယ့် စာလာမေးတဲ့ သူ့ညီအစ်ကို၊ မောင်နှမတွေအပေါ် အလွန်စိတ်ရှည်လက်ရှည် ရှိသည်။
ကျိုးတာ့နီနဲ့ တခြားသူတွေကို စာရှင်းပြပေးရင်း သူ့ကိုယ်ပိုင်စာစီစာကုံကို ရေးသားခဲ့သည်။
“လောင်တ၊ နင် ဘာတွေ ရေးနေတာလဲ။ နင် စာလုံးတွေ အများကြီး ရေးနေတာလား။” ကျိုးအာ့နီက သူ့ကို မေးသည်။
“ဒါက စာစီစာကုံးလို့ခေါ်တယ်။” ကျိုးလောင်တက ပြန်ဖြေသည်။
“စာစီစာကုံးလား။ အဲ့တာက ဘာလဲ။” ကောင်မလေးတွေက ဒါကို နားလည်သဘောပေါက်ခြင်း မရှိပေ။
“ဒါကို စာစီစာကုံးလို့ ခေါ်တယ်။” ကျိုးလောင်တက သူရေးနေတာကို ထောက်ပြရင်း ပြောလိုက်သည်။
ကျိုးတာ့နီနဲ့ တခြားသူတွေက စကားလုံးများစွာကို မမှတ်မိကြသေးသောကြောင့် ဒါကို ရှင်းရှင်းလင်းလင်း မသိပေ။ ကျိုးလောင်တက ဒါကို မျှော်လင့်ထားပြီး ဖြစ်သည့်အတွက် သူ့စာစီစာကုံးကိုသာ ဆက်ရေးသည်။
“လောင်တ၊ နင် ဒါကို ဘာအတွက် ရေးတာလဲ။ နင့်ရဲ့ တတိယတန်းဆရာမက ဒါကို ရေးခိုင်းလိုက်တာလား။” ကျိုးတာ့နီက မေးသည်။
“မဟုတ်ဘူး၊ ငါ့အမေက ငါ့ကို ရေးခိုင်းတာ။ ငါက ဒီစာစီစာကုံးကို ကောင်းကောင်း ရေးသားနိုင်ရင် ငါ့အမေက ငါ့ကို တရုတ်ဆီးသီးကိတ်မုန့် လုပ်ပေးမယ်လို့ ကတိပေးထားတယ်။” ကျိုးလောင်တက ပြန်လည်ဖြေကြားသည်။
“လောင်စန်းနဲ့ သားလည်း စားချင်တယ်။” လောင်အာ့က ချက်ချင်းပင် စကားကို ကြားဖြတ်ဝင်ပြောသည်။
“သားလည်း ကိတ်မုန့်စားချင်တယ်။” လောင်စန်းလေးက ခေါင်းညိတ်ထောက်ခံသည်။
“ဒါဆိုရင် မင်းတို့ ငါ့ကို ကျေးဇူးတင်ရမယ်။ အကယ်၍ ငါသာ စာစီစာကုံး ကောင်းကောင်းမရေးနိုင်ရင် အမေက ကိတ်မုန့်လုပ်ပေးမှာ မဟုတ်ဘူး၊ အဲ့တာဆို မင်းတို့လည်း မစားရတော့ဘူး။” ကျိုးလောင်တက ပြောသည်။
“မင်း အဲ့ဒီစာစီစာကုံးကို ကောင်းကောင်း ရေးသားခဲ့ရင်တောင် အမေက ကိတ်မုန့် မလုပ်ပေးရင် မင်း အဲ့ဒီကိတ်မုန့်ကို စားနိုင်မှာ မဟုတ်ဘူး။” လောင်အာ့က တုံ့ပြန်ပြောဆိုသည်။
“မင်းက အမေက မင်းလိုလူမျိုးလို့ မှတ်နေလား။ အမေက သူမပြောတဲ့စကားတိုင်းကို တည်တယ်။” ကျိုးလောင်တက ပြောသည်။
“ဘာတွေ စကားများနေကြတာလဲ။ စာစီစာကုံးကို မြန်မြန်ရေးလေ။” ခြင်းတောင်းတစ်ခုဖြင့် အပြင်ကနေ ပြန်ရောက်လာသော လင်းချင်းဟယ်က ပြောလိုက်သည်။ သူမသည် အပြင်သို့သွား၍ ဟင်းသီးဟင်းရွက်ရိုင်းများကို သွားရောက်ခူးဆွတ်လာတာ ဖြစ်သည်။ သူမ အိမ်ပြန်ရောက်တာနဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ စကားနိုင်လုရင်း ရန်ဖြစ်လုနီးပါး ဖြစ်နေတာကို မြင်တွေ့လိုက်ရသည်။
“စတုတ္ထဒေါ်လေး” သူမ ပြန်ရောက်တာကို မြင်တာနဲ့ ကလေးမလေးတွေက သူမကို လှမ်းအော်နှုတ်ဆက်လိုက်သည်။
“အေး...” လင်းချင်းဟယ်က သူမတို့ကို ခေါင်းညိတ်ပြပြီး လောင်အာ့နဲ့ လောင်စန်းတို့ဖက်သို့ လှည့်လိုက်သည်။ “နင်တို့ညီအစ်ကိုနှစ်ယောက်၊ အမေ့ကို ဟင်းသီးဟင်းရွက်ရိုင်းတွေ ရေဆေးဖို့ လာကူညီပေး။ အမေတို့ ဒီည ဒါတွေ ချက်ပြုတ်စားကြမယ်။”
“စတုတ္တဒေါ်လေး၊ သမီး ကူဆေးပေးမယ်လေ။” ကျိုးတာ့နီက စကားဝင်ပြောခဲ့သည်။
“ရတယ် သမီး၊ မလိုဘူး။ သမီးတို့က သမီးတို့တွေရဲ့ အိမ်စာတွေကို ပြီးအောင် လုပ်ကြနော်။” လင်းချင်းဟယ်က ပြောသည်။ “ဒါက ဟင်းရွက်ရိုင်းအနည်းငယ်ပဲ။ သူတို့နှစ်ယောက်က ဒါတွေကို ဘယ်လိုဆေးကြောရမှန်း သိတယ်။”
လောင်အာ့က ခေါင်းညိတ်ထောက်ခံသည်။ “ညီလေးနဲ့ ငါ ဒါကို လုပ်နိုင်တယ်။”
သူတို့နှစ်ယောက်သား ဟင်းရွက်ရိုင်းတွေကို ဆေးကြောရန် သွားခဲ့ပြီး သူတို့ဆေးကြောထားတာ အလွန်သန့်ရှင်းလှသည်။ သူတို့က ဟင်းရွက်တွေကို တစ်ရွက်ချင်းစီ သေသေချာချာ ဆေးကြောသန့်စင်ခဲ့သည်။ သူတို့ သေသေချာချာ မဆေးကြောဘူးဆိုရင် ဒီဟင်းရွက်တွေကို ချက်ပြုတ်စားတဲ့အခါ သဲတရှပ်ရှပ် ဖြစ်လိမ့်မည်။
လင်းချင်းဟယ်က ဒီနေ့ညစာကို ခဏဘေးဖယ်ထား၍ ဝက်စာကျိုဖို့ လုပ်သည်။ ဒီနေ့အတွင်း သူတို့ကို တစ်ကြိမ်သာ ကျွေးရသေးသည်။ ကိုးနာရီမှာ တစ်ကြိမ် ထပ်ကျွေးပြီးရင် နောက်ထပ် ထပ်မကျွေးတော့ဘူး။ မနက်ဖြန်မနက်စောစောမှ နောက်တစ်ကြိမ် ထပ်ကျွေးမွေးမည်။
လင်းချင်းဟယ်သည် ဝက်စာကျိုပြီးတာနဲ့ ဝက်တွေကို အစာကျွေးမွေးခဲ့ပြီး ကြက်တွေကိုပါ တစ်ခါတည်း အစာကျွေးပြီးနောက် ညစာပြင်ဆင်ဖို့ ပြန်လာခဲ့သည်။
ဒီအချိန်ကာလအတွင်းမှာ အလုပ်အရမ်းများလွန်းလို့ ကျိုးချင်းပိုင်ရဲ့ အလုပ်ပြန်ချိန်က တော်တော်လေး နောက်ကျသည်။ သူအိမ်ပြန်ရောက်တော့ ညနေခြောက်နာရီကျော်နေပြီ။
ကလေးမလေးတွေလည်း အိမ်ပြန်သွားခဲ့ကြပြီ။
လင်းချင်းဟယ်သည် အာလူးရောပြွမ်းဟင်းနှင့် ဝက်သားဖက်ထုပ်တွေကို ချက်ပြုတ်ထားသည်။ အခုနွေဦးရာသီမှာ ဟင်းရွက်ရိုင်းတွေ ပေါများပြီး သူတို့ကို စားသောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်သည်။ လတ်ဆတ်မှသည့်အပြင် အာဟာရလည်း ပြည့်ဝသည့်အတွက် ဒီနွေဦးနေ့ရက်များအတွက် အလွန်သင့်လျော်သည်။
အာလူးရောပြွမ်းဟင်းနှင့် ဝက်သားဖက်ထုပ်တွေက သိသိသာသာ အရသာရှိပြီး ကျိုးချင်းပိုင် စားသောက်လို့ အရမ်းစိတ်ကျေနပ်သည်။
ကျိုးချင်းပိုင်သည် တစ်နေ့လုံး အလုပ်များနေခဲ့ပေမယ့် အိမ်ပြန်ရောက်ချိန်တိုင်း အရသာရှိတဲ့ အစားအသောက်တွေ အမြဲတမ်း စားသောက်ရသဖြင့် သူ့ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေ အများကြီးကို ပျောက်ကွယ်သွားအောင် စွမ်းဆောင်စေနိုင်သည်။
ကျိုးချင်းပိုင်သည် စားသောက်ပြီးတာနဲ့ ဝက်ခြံနဲ့ ကြက်ခြံတွေကို သန့်ရှင်းရေးလုပ်သည်။
လင်းချင်းဟယ်က ကျိုးလောင်တကို စားသောက်ပြီး ပန်းကန်တွေ ဆေးကြောခိုင်းစေခဲ့ပြီး သူမက ကျိုးလောင်တရဲ့ အိမ်စာတွေကို စစ်ဆေးသည်။
ကျိုးလောင်တသည် တတိယတန်းကိုသာ တက်ရောက်နေခြင်း ဖြစ်သော်လည်း ဒီကလေးက စာလုံးရေ ငါးရာပါ စာစီစာကုံးတစ်ပုဒ်ကို ရေးသားနိုင်သည်။
နေမင်းကြီးရဲ့ အကြောင်းအရာနှင့် စပ်လျဥ်းသည့် စာစီစာကုံးကို အလွန်ကောင်းမွန်စွာ ရေးသားထားသည်။ မူလတန်းကလေးတစ်ဦးရဲ့ ရှုထောင့်မှကြည့်လျှင် လောင်တရဲ့ စာစီစာကုံးဟာ အတော်လေး ကောင်းမွန်သည်။
မနက်နေထွက်တာနဲ့ အဖေက အလုပ်သွားပြီး ကျွန်တော်က ကျောင်းလာသည်။ အဖေအိမ်ပြန်ရောက်ချိန်မှာတော့ နေဝင်သွားပြီ။
စာစီစာကုံးကို နေထွက်ခြင်းဖြင့် အစပြုထားပြီး နေဝင်ခြင်းဖြင့် အဆုံးသတ်ထားသည်။
သို့ရာတွင် ဒါက အစပဲ ရှိသေးသည်။
နောက်ပိုင်းတွင် သူက ဆောင်းရာသီတွင် နေမင်းကြီးရဲ့ အလွန်အရေးပါပုံကို ရေးသားထားသည်။ နေမသာသော ဆောင်းရာသီတွင် ဆီးနှင်းများ အဆုံးမဲ့ကျဆင်းပြီး ဆောင်းရာသီ အမြန်ကုန်ဆုံးသွားဖို့ လူတိုင်း မျှော်လင်ခဲ့ကြသည်၊ မဟုတ်ပါက သူတို့စုဆောင်းသိမ်းဆည်းထားသော စားနပ်ရိက္ခာများ ကုန်ဆုံးသွားမည်ဖြစ်သည်။
ထို့နောက် ပူပြင်းသော နွေရာသီနေမင်းရဲ့ ပူပြင်းသော အသွင်အပြင်သို့ ပြောင်းသွားခဲ့သည်။ နွေရာသီတွင် လူတိုင်း စပါးတွေရိတ်သိမ်းချိန်မှာ အရမ်းပူကြသည်။
သူက ဒီအကြောင်းကို ညည်းညူပြောဆိုထားသည်။ ဆောင်းရာသီနဲ့ နွေရာသီတို့ကို ဟန်ချက်ညီအောင် ထိန်းသိမ်းထားနိုင်ရင် ရာသီဥတုက အတော်လေး နေလို့ထိုင်လို့ကောင်းလိမ့်မည်။
ဒီစာစီစာကုံးက တော်တော်လေး ကောင်းမွန်သည်။
စာစီစာကုံးရဲ့ ခေါင်းစဥ်က နေမင်းကြီးရဲ့အကြောင်းဖြစ်သည်။
ဒါပေမယ့် သူက ပိုနက်နဲတဲ့အဆင့်အထိရောက်အောင် မရေးသားနိုင်ခဲ့ပါဘူး။
ဥပမာအားဖြင့် နိုင်ငံ့ခေါင်းဆောင်ကြီးများကို နေမင်းကြီးနှင့် နှိုင်းယှဥ်ကာ သူတို့သည် နေရောင်ခြည်ရဲ့ ရောင်ခြည်နှင့် ဂရုစိုက်မှုအောက်တွင် ပျော်ရွှင်စွာ နေထိုင်သော ကလေးများဖြစ်ကြောင်း နှိုင်းယှဥ်ရေးသားလို့ရသည်။
နောက်ဆုံးအချက်ကိုတော့ လင်းချင်းဟယ်က လောင်တ ပန်းကန်ခွက်ယောက်တွေကို ဆေးကြောပြီးချိန်မှာ ရှင်းပြခဲ့သည်။ လောင်တသည် ဒီရှင်းပြချက်ကို ကြားတော့ အံ့အားတသင့် ဖြစ်သွားခဲ့သည်။
“ကျွန်တော် အဲ့အကြောင်းကို လုံးဝ မတွေးခဲ့ဖူးဘူး။”
“နင်က ငယ်သေးလို့ ဒါကို မတွေးမိတာ ပုံမှန်ပဲ။ နင် နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါကျရင် စဥ်းစားတွေးခေါ်နိုင်လိမ့်မယ်။” လင်းချင်းဟယ် ပြောသည်။
“ဒါဆို သား အမေစစ်တဲ့ စာမေးပွဲ အောင်သွားပြီလို့ဆိုလိုတာလား။” ကျိုးလောင်တသည် သူ့မိခင်ကို မျှော်လင့်တကြီး စိုက်ကြည့်နေခဲ့သည်။
“လွဲချော်ချက် တချို့ ရှိပေမယ့် နင် ရေးသားထားတာ မဆိုးပါဘူး၊ ဒါ့ကြောင့် နင်အောင်တယ်။” လင်းချင်းဟယ်က ခေါင်းညိတ်ကာ စကားဆိုလိုက်သည်။
ကျိုးချင်းပိုင် အိမ်ထဲသို့ ပြန်ဝင်လာတာနဲ့ လင်းချင်းဟယ်က သူ့ကို ညွှန်ကြားလိုက်သည်။ “မနက်ဖြန် ရှင်ပြန်လာတဲ့အခါကျရင် ငှက်ပျောရွက်နည်းနည်း ခုတ်ခဲ့ပေး။ ကျွန်မ ရှင်တို့သားအဖတွေအတွက် တရုတ်ဆီးသီးကိတ်မုန့်နည်းနည်းလောက် လုပ်ပေးမလို့။”
“ဒီလောက်ဒုက္ခခံစရာ မလိုပါဘူးကွာ။” ကျိုးချင်းပိုင်က သူ့အကြီးဆုံးသားကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကျိုးလောင်တက စကားမပြောရဲပေ။
လောင်အာ့လည်း အတူတူပါပဲ။
လောင်စန်းလေးက ဒီအရာတွေကို မနားလည်သေးသည့်အတွက် သူလေးက သူ့ဖခင်ဆီသို့ သွားကာ ဖက်လိုက်သည်။ သူလေးက သူ့ဖခင်ကို အရမ်းသဘောကျသည်။
“ဒီနေ့၊ လောင်တက ကောင်းကောင်းလုပ်ခဲ့တယ်၊ လောင်အာ့နဲ့ လောင်စန်းတို့ကလည်း ဟင်းရွက်ရိုင်းတွေကိုလည်း သေသေချာချာ ဆေးကြောပေးခဲ့တယ်။ အဲ့တာကြောင့် ကျွန်မ သူတို့ကို တရုတ်ဆီးသီးကိတ်မုန့် လုပ်ကျွေးဖို့ ဆုံးဖြတ်လိုက်တာ။” လင်းချင်းဟယ်က ပြောသည်။
ထိုစကားတွေ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျိုးလောင်တနဲ့ ကျိုးလောင်အာ့တို့က ကျေနပ်ပျော်ရွှင်သွားကြသည်။
“ဒါဆို ကိုယ် မနက်ဖြန်အိမ်ပြန်လာတဲ့အခါကျရင် ခုတ်ခဲ့ပေးမယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
ငှက်ပျောရွက်တွေက ရှားပါးတဲ့အရာတွေ မဟုတ်ပေ။ နောက်နေ့ နေ့လည်ခင်း အလုပ်ဆင်းချိန် အိမ်အပြန်လမ်းမှာ ခုတ်လာခဲ့လိုက်မယ်။