အခန်း (၁၁၁) – ဘယ်လိုကောင်းကောင်းစားရမှန်းကို သိကြတာပဲ
“စတုတ္ထလေး မင်း ငှက်ပျောရွက်တွေကို ဘာအတွက် ခုတ်နေတာလဲ။” ငါးရှဥ့်ခြင်းကို ကိုင်ဆောင်လာသော ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့က ကျိုးချင်းပိုင်အား မေးမြန်းလိုက်သည်။ ငါးရှဥ့်က သိပ်အများကြီး မရပေမယ့် အနည်းငယ်လောက်တော့ ရရှိပါသည်။ အလုပ်ဆင်းပြီးနောက် သူတို့နှစ်ယောက်သည် မနေ့က ချထားခဲ့သော ငါးရှဥ့်မြှုံးကို သွားစစ်ဆေးကြည့်ခဲ့သည်။
သူတို့ ငါးရှဥ့်အချို့ ရိတ်သိမ်းရရှိခဲ့ကြသည်။
“ချင်းဟယ်က ကိတ်မုန့်လုပ်ပေးမယ် ပြောလို့လေ။” ကျိုးချင်းပိုင် ပြောသည်။
“အိုး... စတုတ္ထလေး၊ မင်းက ကောင်းကောင်း နေထိုင်နေရတာပဲ။” ဒုတိယအစ်ကိုသည် ကျိုးချင်းပိုင်ကို မနာလိုမဖြစ်ပဲ မနေနိုင်တော့ပေ။
ကိတ်မုန့်လား၊ သူလည်း အဲ့တာကို စားချင်တယ်။
ကျိုးချင်းပိုင်ရဲ့ ပါးစပ်ထောင့်စွန်းများက အနည်းငယ် ပင့်တက်လာခဲ့သည်။ “ဒုတိယအစ်ကိုလည်း စားချင်တယ်ဆိုရင် ဒုတိယမရီးကို အစ်ကို့အတွက် လုပ်ပေးဖို့ ပြောလိုက်လေ။”
“မင်းရဲ့ ဒုတိယမရီးက ခြိုးခြိုးခြံခြံ နေထိုင်တာ ဆိုတော့ သူမက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြုလုပ်ပေးဖို့ ဆန္ဒရှိနိုင်မှာလဲ။” ဒုတိယအစ်ကိုက တုံ့ပြန်ပြောဆိုသည်။
“ဘဝမှာ နည်းနည်းလောက် ပိုခြိုးခြံချွေတာ,တာ ပိုကောင်းပါတယ်။” တတိယအစ်ကိုက အစားဝင်ပြောပေးသည်။
“ဒါက ကိတ်မုန့်နည်းနည်းလေးပါပဲ။” ကျိုးချင်းပိုင်က ဒါကို သိပ်ပြီး စိတ်ထဲမထားပေ။
သူ့မိသားစု ကိတ်မုန့်စားဖို့ မတတ်နိုင်တာမျိုးကို သူ မနှစ်သက်ဘူး။ နောက်ပြီး သူလည်း စားချင်တယ်။ သူ့ဇနီးသည်ရဲ့ အချက်အပြုတ်လက်ရာက အလွန်ကောင်းမွန်ပြီး သူမ ချက်ပြုတ်သော အစားအသောက်များသည် မည်သည့်အခါမှ မဆိုးဝါးပေ။
ထို့နောက် သူက သူ့အစ်ကိုကြီးနှစ်ယောက်နှင့် လမ်းခွဲထွက်ခွာလာခဲ့သည်။
ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့သည် အိမ်ပြန်ရောက်ပြီး ငါးရှဥ့်တွေကို အညီအမျှ ခွဲယူခဲ့ကြသည်။
“လောင်တရဲ့အမေက ဘယ်လို ကောင်းကောင်း စားရမှန်းကို သိတယ်။ အခုလေးတင် ငှက်ပျောရွက်တွေ ဖြတ်နေတဲ့ စတုတ္ထလေးကို တွေ့တော့ ဘာလုပ်ဖို့လဲ မေးလိုက်တာ၊ သူတို့ ကိတ်မုန့်လုပ်ဖို့ ငှက်ပျောရွက်တွေ ဖြတ်နေတာလို့ ဆိုတယ်။” တတိယအစ်ကိုက ပြောသည်။
တတိယမရီးက ဒါကို ဂရုမစိုက်ဘူး။ “အဲ့တာ ဘာမှားလို့လဲ။ အဲ့တာက ကိတ်မုန့်ပဲ မဟုတ်လား။ အကယ်၍ ရှင် စားချင်တယ်ဆိုရင် ကျွန်မ ရှင့်အတွက် တစ်ခု လုပ်ပေးမယ်လေ။”
တတိယအစ်ကိုက အပြုံးလေးဖြင့် ခေါင်းခါလိုက်သည်။ မေ့လိုက်ပါ။ ဒီနှစ်၊ သူ့ဇနီးသည်က ကိုယ်ဝန်ထပ်ရခဲ့ပြီး ကိုယ်ဝန်လရင့်လာခဲ့ပြီ။ ထို့နောက်၊ မီးဖွားပြီးချိန် မီးတွင်းကာလအတွင်းမှာ အစားကောင်း အသောက်များ စားသုံးရန် လိုအပ်ပါသည်။ နည်းနည်းလောက် ချွေတာထားတာ ပိုကောင်းပါလိမ့်မည်။
ဒုတိယအစ်ကိုဟာ သူအိမ်ပြန်ရောက်တော့ ဒီအကြောင်းကို ပြောပြရင်လည်း စားရမှာ မဟုတ်တာကြောင့် ဒီအကြောင်းကို ပြန်ပြောမနေတော့ဘူး။
ညနေခင်းတွင် လင်းချင်းဟယ်သည် တရုတ်ဆီးသီးကိတ်မု့န်ပေါင်းဖို့ ပြုလုပ်ခဲ့သည်။ တရုတ်ဆီးသီးတွေကို ထက်ခြမ်း ခြမ်းကာ အစေ့ထုတ်ပြီး ကိတ်မုန့်ပေါ်တွင် အလှဆင်လိုက်သည်။
အညိုရောင်သကြား ထည့်ထားသောကြောင့် ကိတ်မုန့်သည် အညိုရောင်သမ်းနေခဲ့သည်။ အဆိုပါ ကိတ်မုန့်ဟာ နူးညံ့ပြီး အရသာဟာ အံ့မခန်း ထူးကဲလှပါသည်။
လင်းချင်းဟယ်သည် ကိတ်မုန့်ကို အကြီးကြီး ပြလုပ်ထားသည်။ သူမသည် ကိတ်မုန့်ရဲ့ လေးပုံတစ်ပုံကို ပိုင်းဖြတ်ပြီး လောင်တာ့ကို သူ့အဖိုးအဖွားတို့ထံ ပေးပို့ခိုင်းစေလိုက်သည်။
လောင်တာ့ကို ဒါကို ပေးပို့ပြီးနောက် စတုတ္ထရဲ့ဇနီးသည်ဟာ အရသာရှိတဲ့ ကိတ်မုန့်ကို ထပ်မံပြုလုပ်ခဲ့တယ် ဆိုတာကို ကျိုးအိမ်တော်ဟောင်းက လူတွေ သိရှိသွားခဲ့ကြသည်။
“တကယ်လို့ နင်တို့စားချင်ရင် နင်တို့အမေတွေကို လုပ်ခိုင်းလိုက်ပါ။ အဖိုးနဲ့ အဖွားတို့ဆီ လာမတောင်းကြနဲ့။ အဖိုးနဲ့ အဖွားတို့မှာ များများမရှိဘူး။” အမေကျိုးက သူမလက်ကို ဝှေ့ယမ်းရင်း သူမတို့အနား ချဥ်းကပ်လာတဲ့ ကလေးအုပ်စုကို မောင်းထုတ်ခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်သားပဲ စားသောက်ခဲ့ကြသည်။
ဒါက သူတို့အတွက် စတုတ္ထလေးတို့ မိသားစုရဲ့ သိတတ်မှုပင် ဖြစ်သည်။ သူတို့က ဒါကို မဝေခွဲပေးသင့်ဘူး၊ မဟုတ်ရင်၊ စတုတ္ထလေးရဲ့ ဇနီးသည်ကို မျက်နှာသာ မပေးရာ ရောက်ပေလိမ့်မည်။ စတုတ္တလေးရဲ့ ဇနီးသည်ကို အထင်အမြင်လွဲသွားရင် ဘယ်လိုလုပ်မလဲ။
ထို့အပြင် သူတို့နှစ်ယောက်ပဲ ဒီကိတ်မုန့်ကို စားသောက်တာ ဘာမှားနေလို့လဲ၊ လုံးဝ မလွန်ကဲပါဘူး။
ဒုတိယမရီးရဲ့ သားဖြစ်သူ ကျိုးရှားသည် အိမ်ပြန်ရောက်တာနဲ့ သူ့အတွက် ကိတ်မုန့်တစ်ခုလောက် ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့သည်။
ဒုတိယမရီးကို အလွန်အမင်း ဒေါသထွက်သွားစေသည်။ “အဲ့ဒီမိသားစုက ဘယ်အချိန် ရပ်တန့်ရမလဲ ဆိုတာကို မသိကြဘူး။ နေ့တိုင်း ငါ့အတွက် အမြဲတမ်း ပြဿနာတွေ ရှာပေးနေတော့တာပဲ။”
ဒုတိယအစ်ကိုက ဒါကို နားမလည်သဖြင့် မေးလိုက်မိသည်။ “ငါတို့သားက ကိတ်မုန့်စားချင်တယ်လို့ ပြောတာလေ၊ အဲ့တာကို မင်းက ဘာဖြစ်လို့ စတုတ္ထရဲ့ ဇနီးကို မြည်တွန်တောက်တီးနေရတာလဲ။”
“သူမကြောင့်သာ မဟုတ်ရင် ငါတို့သားက ဒီလို ပူဆာပါ့မလား။ တကယ်လို့ သူမ ကိတ်မုန့်ပို့တယ်ဆိုရင်လည်း ကိတ်မုန့်ကို ဒီအတိုင်းပဲ ပို့လိုက်ပေါ့။ ဒါပေမယ့် လောင်တာ့က တခြားသူတွေ မသိမှာ စိုးရိမ်လို့ တစ်လမ်းလုံး တောက်လျှောက် အော်လာရလား။” ဒုတိယမရီးက ဆောင့်ကြီးအောင့်ကြီး ပြောလိုက်သည်။
ဒုတိယအစ်ကိုသည် သူ့ဇနီးသည်ရဲ့ တွေးခေါ်ပုံကို ကျင့်သားရခဲ့သည်မှာ ကြာပါပြီ။ လောင်တက သူ့အဖိုးအဖွားတွေကို ဂါရဝတရားထားသည့်အနေဖြင့် မုန့်လာပို့တာကို ခိုးကြောင်ခိုးဝှက်လုပ်ဖို့ လိုအပ်လို့လား။
ဒါ့အပြင် စတုတ္ထလေးရဲ့ မိသားစုမှလွဲ၍ ကျန်မိသားစုသုံးယောက်မှ ဘာမှ မပေးခဲ့ကြပေ။ ဘယ်သူကမှ မဝေဖန်ခဲ့ကြသလို ဒေါသထွက်စရာ ဘာအကြောင်း ရှိလို့လဲ။
“သူမ ဒီပိုက်ဆံနည်းနည်းလေးကို ဘယ်လောက်ကြာကြာ သုံးဖြုန်းနိုင်ဦးမလဲ ဆိုတာကို ငါ စောင့်ကြည့်နေဦးမယ်။” ဒုတိယမရီးက သရော်ပြုံး,ပြုံးရင်း ဆိုလိုက်သည်။
ဒုတိယအစ်ကိုက သူ့မျက်လုံးတွေကိုသာ လှိမ့်လိုက်မိသည်။ “ကိတ်မုန့်ကိုသာ မြန်မြန် လုပ်စမ်းပါကွာ။ မင်းသားက ဝုန်းဒိုင်းကြဲနေပြီ။”
“ဘာကို လုပ်ခိုင်းနေတာလဲ။ လုပ်လို့ မရဘူး။ အိမ်မှာ ဂျုံမှုန့်မရှိဘူး။” ဒုတိယမရီးက ဒေါသတကြီး ပြောသည်။
ဒုတိယအစ်ကိုလည်း ဘာမှ ပြောစရာ စကား မရှိတော့ဘူး။ ဖက်ထုပ်ပြုလုပ်တုန်းက နောက်ဆုံးကျန်ရှိသည့် ဂျုံမှုန့်အနည်းငယ်ကို အသုံးပြုထားပုံရသည်။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့ကလည်း ကိတ်မုန့်တစ်လုံးမှ မပြုလုပ်ခဲ့ကြပေ။ သူတို့တွေရဲ့ မိသားစု အခြေအနေဟာ စတုတ္ထလေးတို့ရဲ့ မိသားစုအခြေအနေနဲ့ မနှိုင်းယှဥ်သာပေ။ အချိန်အခါမရွေး စားချင်တဲ့ဟာကို လုပ်မစားနိုင်ကြဘူး။
အဖေကျိုးသည် တရုတ်ဆီးသီးကိတ်မုန့်ကို စားသောက်ပြီးနောက် စိတ်ကျေနပ်သွားခဲ့ပြီး အမေကျိုးရဲ့ ပူဆွေးနေသော အမူအရာကို သတိပြုမိလိုက်သည်။
“မင်း ဘာဖြစ်နေတာလဲ။ ကိတ်မုန့်က အရသာမရှိလို့လား။” အဖေကျိုးက အေးအေးဆေးဆေး မေးလိုက်သည်။
“အရသာရှိပါတယ်။” အမေကျိုး ပြန်ဖြေသည်။
“အဲ့တာက အရသာ ရှိတယ် ဆိုရင်လည်း မင်းက ဘာဖြစ်လို့ အဲ့လိုပုံ ဖြစ်နေတာလဲ။” အဖေကျိုး မေးသည်။
အမေကျိုးက သက်ပြင်းအသာချလိုက်သည်။ ဒီကိတ်က အရသာ ထူးကဲကောင်းမွန်လှပေမယ့် အထဲမှာ သကြားညို၊ ဂျုံမှုန့်အဖြူနဲ့ တရုတ်ဆီးသီးတွေ ပါဝင်တယ်။ ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်။
သို့ပေမယ့် အမေကျိုးက အခု ဒီအကြောင်းတွေကို တွေးရုံသာ တွေးနိုင်သည်။ သူမသည် စတုတ္ထရဲ့ ဇနီးသည်အား ဒီအကြောင်းတွေကို ပြောဆိုမှာ မဟုတ်ပါဘူး။
ဘာပဲဖြစ်ဖြစ် သူမတို့လင်မယားက မြေးသုံးယောက်ရဲ့ အိမ်ထောင်ရေးအတွက် တင်တောင်းငွေကို စုဆောင်းပေးထားပြီးသားမို့ နောင်အနာဂတ်တွင် သူမရဲ့ မြေးသုံးယောက် ဇနီးသည်တစ်ယောက် မရမှာကို ပူပန်နေစရာ မလိုအပ်တော့ပါဘူး။
“စတုတ္ထလေးရဲ့ ဇနီးသည်က စတုတ္ထလေးကို အရမ်းဂရုစိုက်တာပဲ။” အဖေကျိုးက ရိုးရိုးသားသား ပြောသည်။
အနည်းဆုံး သူ့အမြင်အရတော့ သူ့သားအငယ်ဆုံးလေး အိမ်ပြန်ရောက်ပြီးကတည်းက ပိန်ပါးသွားတာမျိုး မရှိဘူး။ သူက အရပ်ရှည်ပြီး သန်မာနေဆဲဖြစ်ကာ အင်အားကြီးပြီး တောင့်တင်းသည့်ပုံရှိသည်။
အခြားသားသုံးယောက်တွင် အငယ်ဆုံးသားနှင့် တူညီသော စိတ်နေစိတ်ထားမျိုး မရှိပေ။ တခြားသားသုံးယောက်ကို မပြောနဲ့ဦး၊ ရွာထဲက တခြားယောကျာ်းသားတွေတောင် သူနဲ့ မနှိုင်းယှဥ်သာဘူး။
ဒါက ဘာကြောင့်လဲ။
ကောင်းပြီ၊ ဒါက အိမ်မှာ ကောင်းကောင်း စားသောက်နေထိုင်ရလို့ မဟုတ်လား။
အမေကျိုးက ဒီအကြောင်းကို ဆက်မပြောတော့ပဲ အခြားအကြောင်းကို ခေါင်းစဥ်လွှဲလိုက်သည်။ “ရှောင်မိန်နဲ့ နောက်ဆုံးအကြိမ် စကားပြောဖြစ်တုန်းက သူမက ကျွန်မကို သူမရဲ့ကလေးကို ပြုစုပျိုးထောင်စေချင်နေတယ်။ လူအိုကြီး၊ ရှင်ရော ဘယ်လိုထင်လဲ။” တစ်လလျှင် ငါးယွမ်ပေးမယ် ဆိုတာက အတော်လေး များတယ်။
တစ်လလျှင် ငါးယွမ်ဆိုတော့ တစ်နှစ်လျှင် ယွမ်ငါးဆယ်။ နှစ်အနည်းငယ်လောက်ဆို အတော်လေး စုဆောင်းသွားမိလိမ့်မည်။ လောင်တနဲ့ သူ့ညီတွေ အနာဂတ်မှာ အချိန်တန် အရွယ်ရောက်ပြီး လက်ထပ်ထိမ်းမြားတဲ့အခါမှာ အဓိကတင်တောင်းပစ္စည်းလေးမျိုးကို စုဆောင်းနိုင်မလား ဆိုတာကို စောင့်ကြည့်ရမယ်။
အမေကျိုးသည် သူမမြေးလေးတွေ သူတို့ရဲ့ ဇနီးမယားကို လက်ထပ်နိုင်ရန်ဖို့အတွက် သူ့သမီးရင်းရဲ့ ပိုက်ဆံတွေကို သုံးစွဲဖို့ ဆန္ဒရှိခဲ့သည်။
“မင်း အိမ်မှာနေတာလည်း ကောင်းသားပဲ။ မင်း အားတဲ့အခါ ဝက်စာရွက်နည်းနည်းလောက် စုဆောင်းနိုင်တာပဲလေ။”
အဖေကျိုးက သူ့ဇနီးသည်က ဘာတွေ တွေးတောနေလဲ ဆိုတာကို သူမသိပေမယ့် သူက ပြန်ပြောလိုက်သေးသည်။
သူသည် အလုပ်လုပ်နိုင်ဆဲဖြစ်ပြီး အလုပ်မှတ် ဆယ်မှတ်လောက် ရှာဖွေနိုင်ဆဲ ဖြစ်သောကြောင့် သူကိုယ်တိုင်နဲ့ သူ့ဇနီးသည်ကို ထောက်ပံ့ဖို့ရာ ပြဿနာ မဟုတ်ပေ။
ထို့အပြင် ရာသီတိုင်းတွင် သားယောကျာ်းလေးတွေက သူတို့ရဲ့ သိတတ်မှုကို ပြသသည့်အနေဖြင့် အစာအစားများနှင့် လိုအပ်သည့်အရာများကို ထောက်ပံ့ပေးဦးမည် ဖြစ်သည်။
“ဒါဆို ကျွန်မ လောင်တရဲ့အမေဆီ စကားသွားပြောလိုက်ဦးမယ်။ နောက်တစ်ကြိမ် သူမ မြို့ပေါ်သွားရင် ရှောင်မိန်ကို ဒီအကြောင်း ပြောလိုက်ဖို့ ကျွန်မ သွားမှာလိုက်ဦးမယ်။” အမေကျိုးက ပြောသည်။
“လောင်တရဲ့အမေကို သွားမဝေဖန်နဲ့ဦး” အဖေကျိုးက သူမကို သတိပေးလိုက်သည်။
“ကျွန်မ သိပါတယ်။” အမေကျိုးက သူမလက်ကို ဝှေ့ယမ်းရင်း လင်းချင်းဟယ်တို့အိမ်ဖက်သို့ ကူးသွားခဲ့သည်။
“အမေ ရောက်လာတာပဲ။ အဖေနဲ့အတူ ကိတ်မုန့်ရော စားပြီးခဲ့ပြီလား။” လင်းချင်းဟယ်က အမေးပြုသည်။
“ငါ စားပြီးပြီ။ အဲ့တာ တော်တော်အရသာရှိတယ်။” အမေကျိုးက ပြုံးလိုက်သည်။ လောင်တနဲ့ သူ့ညီတွေ ကိတ်မုန့်ကို စားသောက်နေကြသည်။ သူတို့ကိုကြည့်ရတာ ဒီကိတ်မုန့်ကို အတော်လေး ကြိုက်နှစ်သက်နေမှန်း သိသာသည်။
ကျိုးချင်းပိုင်သည်လည်း သူ့လက်ထဲမှာ ကိတ်မုန့်တစ်ပိုင်းကို ကိုင်ထားသည်။
“အမေက ရှောင်မိန်ရဲ့ ကလေးနဲ့ ပတ်သက်ပြီး ပြောစရာရှိလို့ လာခဲ့တာ” အမေကျိုးက ပြောသည်။
“အမေ သဘောတူလား။” လင်းချင်းဟယ် ပြောသည်။ “အကယ်၍ အမေ သဘောတူတယ်ဆိုရင် ကျွန်မ မြို့ပေါ်သွားတဲ့အခါကျရင် ရှောင်မိန်ကို ဝင်ပြောလိုက်မယ်လေ။”
“အင်း၊ ငါ သူမကို ကူညီပေးမယ်လို့ ပြောလိုက်ပါ။” အမေကျိုးက ပြန်ဖြေသည်။
“ယောင်းမက အမေ့ကို တစ်လ ငါးယွမ် ပေးမယ်လို့ ပြောတယ်။ အမေ ပိုက်ဆံလက်ခံတာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ အမေသာ သူမကို ကူညီပြီး ကလေးမထိန်းပေးနိုင်ရင် ယောင်းမလေး သူမအလုပ်ကို ဆုံးရှုံးသွားနိုင်တယ်။” လင်းချင်းဟယ်က ပြောသည်။
ကလေးကို ဘယ်သူကမှ မထိန်းပေးနိုင်ဘူးဆိုရင် သူမကိုယ်တိုင် ပြုစုပျိုးထောင်ရမှာ ဖြစ်သည့်အတွက် သူမအလုပ်ထွက်ရနိုင်သည်။
စုတာ့လင်းက ကတ်သပ်တတ်တဲ့ လူမျိုး မဟုတ်ရင်တောင် ကလေးတွေကိုပဲ ပြုစုပျိုးထောင်နေရတဲ့ အမျိုးသမီးတွေက တန်ဖိုးမရှိဘူး။ လင်းချင်းဟယ်သည် အမေကျိုးရဲ့ ကလေးတွေကို ပြုစုပျိုးထောင်ပေးလိုသော ဆန္ဒဟာ အရမ်းကောင်းတယ်လို့ ခံစားမိသည်။ ကျိုးရှောင်မိန်က အလုပ်ဆက်လုပ်နိုင်မည်။ အလုပ်အကိုင်ရှိတဲ့ အမျိုးသမီးတွေက ယုံကြည်မှုအပြည့်နဲ့ အထင်ကြီးစရာပါပဲ။
အမေကျိုးက ပြုံးလိုက်သည်။ စတုတ္ထရဲ့ ဇနီးသည်က စကားပြောကောင်းသူ ဖြစ်သည်။ အမေကျိုးသည် ပိုက်ဆံကို လက်ခံရသည့်အတွက် အနည်းငယ် ရှက်ရွံ့နေမိသော်လည်း စတုတ္ထရဲ့ ဇနီးသည်ရဲ့ စကားများကြောင့် သူမစိတ်နှလုံး သက်သာစွာ လက်ခံနိုင်ခဲ့သည်။
“ကလေး အရမ်းငယ်သေးတဲ့အခါမှာတော့ ကျွန်မ ဂရုမစိုက်ပေးနိုင်လောက်ဘူး။ ကလေးက နည်းနည်းလောက် ကြီးလာတဲ့အချိန် အမေ တစ်ခုခု လုပ်စရာ ရှိတဲ့အခါကျရင် သမီးဆီမှာလာထားလို့ရတယ်။ သမီး ကူညီပြီး ထိန်းပေးပါ့မယ်။” လင်းချင်းဟယ်က ပြောသည်။