အခန်း (၁၁၂) - မိသားစု ပြဿနာ
“ကောင်းပြီ” အမေကျိုးက အပြုံးလေးဖြင့် သဘောတူလိုက်သည်။
ရှောင်မိန်နဲ့ သူမရဲ့ စတုတ္ထယောင်းမတို့ ရင်းနှီးကြတာ အံ့သြစရာ မဟုတ်ပေ။ သူမက ရှောင်မိန်အပေါ် အတော်ကောင်းတယ်။
မဟုတ်ရင် စတုတ္ထရဲ့ဇနီးသည်ရဲ့ ပင်ကိုယ်စရိုက်အရ ကလေးကို ကူညီကြည့်ရှုပေးဖို့ နေနေသာသာ သာကြောင်းမာကြောင်းတောင် မေးမြန်းနေမှာတောင် မဟုတ်ဘူး။
အမေကျိုးသည် သိပ်ကြာကြာ မနေတော့ပဲ ပြန်သွားခဲ့သည်။
“အမေ၊ သားကို ဘယ်တော့လောက် ဘောလုံး ဝယ်ပေးမှာလဲ။” လောင်တက ကိတ်မုန့်စားရင်း မေးလိုက်သည်။
“သိပ်မကြာခင်ပေါ့။” လင်းချင်းဟယ်က ပြန်ဖြေသည်။
သူမ ဝက်သားများများ စုဆောင်းပြီးတဲ့အခါကျရင် မြို့ပေါ်တက်ပြီး ဝက်သားတွေကို ရောင်းချမှာ ဖြစ်သည်။
ကျိုးချင်းပိုင်က တိတ်ဆိတ်နေသည်။ ကျိုးချင်းပိုင်က သူ့အိမ်မှုကိစ္စ ပြဿနာများကို ဘယ်တော့အခါမှ မမေးမြန်းပဲ သူ့ဇနီးသည် လက်ထဲသာ ဝကွက်အပ်ထားသည်။ သူ့အိမ်မှာ သူ့ဇနီးသည်က အခရာပဲ။ သူတောင်မှ သူ့ဇနီးသည် ပြောစကား နာခံရမည်။
နေ့ရက်တွေက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးသွားသည်။ နေ့တွေကုန်ဆုံးတာ တကယ်မြန်တယ်။
သိပ်မကြာခင်မှာ မတ်လကုန်ပြီး ဧပြီလထဲသို့ ချဥ်းနင်းဝင်ရောက်သွားခဲ့ပြီ။
နှစ်ကုန်ဆုံးသောအခါ သူတို့သည် ဆောင်းခိုသည့် အနားယူနိုင်ချိန်မှလွဲ၍ ကျန်အချိန်များတွင် အလွန်အလုပ်များသည်။
ကျိုးချင်းပိုင်သည် အလွန်အလုပ်များပြီး မအားမလပ်ဖြစ်နေခဲ့သော်လည်း ရံဖန်ရံခါအချိန်များတွင် သူသည် လယ်ငါးလေးတွေနှင့် ငါးရှဥ့်တွေကို ဖမ်းပြီး အိမ်ပြန်သယ်လာလေ့ရှိသည်။ လင်းချင်းဟယ်သည် သူ့အတွက် ငါးရှဥ့်ဟင်းလျာများကို ချက်ပြုတ်ပြင်ဆင်ပေးခဲ့သည်။
တို့ဟူးနဲ့ ရောချက်ထားသည့် လယ်ငါးကလေးဟင်း၊ ငါးရှဥ့်ဟင်းလျာနှင့် ကျန်အမယ်များဟာ အရမ်းအရသာရှိပြီး အာဟာရပြည့်ဝပါသည်။
လင်းချင်းဟယ်သည် သူမ ဝက်သားသွားရောင်းချသည့်အခါမှာ လောင်တကို ကတိပေးထားသည့်အတိုင်း ဘောလုံးကို ဝယ်ယူခဲ့သည်။
လောင်တသည် အိမ်သို့ ပြန်ရောက်သည်နှင့် တပြိုင်နက် လောင်အာ့နှင့် လောင်စန်းတို့က ဘောလုံးကို ပျော်ရွှင်စွာ အော်ဟစ် ဆော့ကစားနေတာကို မြင်လိုက်ရသည်။ လောင်တလည်း ကျောင်းလွယ်အိတ်ကို ပစ်ချကာ ဘောလုံးသွားကစားခဲ့သည်။
ရွာရှိ ကလေးတွေက အရမ်းမနာလိုအားကျဖြစ်ပြီး သူတို့ပါ အတူဝိုင်းဖွဲ့ကစားလိုကြသည်။
လောင်တက ကန့်ကွက်ခြင်းမရှိပဲ သူတို့နဲ့အတူတကွ ကစားခဲ့ကြသည်။
ဒါပေါ့၊ သူနဲ့ ဆက်ဆံရေး ကောင်းမွန်သူတွေသာ ပါဝင်ကစားရတာ ဖြစ်သည်။ သူတို့နဲ့ မခင်မင် မရင်းနှီးတဲ့သူ ဆိုပါက ဘေးမှာသာ ရပ်ကြည့်နေနိုင်ပြီး ပါဝင်ကစားနိုင်ခြင်း မရှိပေ။
ဒီလို ဘောလုံးအသစ်တစ်လုံးကို ဝယ်ယူလိုက်တာက အဲ့တာကို မြင်တွေ့ရသည့် ကလေးတွေအားလုံးကို မနာလိုဖြစ်စေခဲ့သည်။
ကျိုးလောင်တရဲ့ အမေဟာ ရွာရဲ့ အကောင်းဆုံးမိခင် ဖြစ်ထိုက်သူပင်။ အရသာရှိတဲ့ အစားအစာတွေကို လောင်တတို့ညီအစ်ကိုတွေအတွက် ပုံစံအမျိုးမျိုး ဖန်တီးကျွေးမွေးသည့်အပြင် အခု သူမက ဘောလုံးလိုမျိုး အဖိုးတန်တဲ့အရာတွေကိုတောင် ဝယ်ပေးနေခဲ့ပြီ။
ဒီထက် ပိုကောင်းတဲ့ မိခင် ရှိနိုင်ပါဦးမလား။
ရွာထဲက ကလေးတိုင်း ထိုသို့ တွေးကြပေမယ့် အရွယ်ရောက်ပြီး လူကြီးတွေအကုန်လုံး ခေါင်းခါကုန်ကြသည်။
ချင်းပိုင်ရဲ့ ဇနီးသည် မိသားစုကို မည်ကဲ့သို့ စီမံခန့်ခွဲရမည်ကို မသိသော ရွာရှိ နံပါတ်တစ် အသုံးအဖြုန်းကြီး မိသားစုရဲ့ ဇနီးသည် ဖြစ်ထိုက်ပါပေသည်။ ဘောလုံးကန်တာက ဘာပျော်စရာကောင်းလို့လဲ။ ပိုက်ဆံ အများကြီး ကုန်ကျရုံသာမက ဒီလိုကစားစရာမျိုးက မြို့ပေါ်က ကလေးတွေ ဆော့ကစားရာသာ ဖြစ်သည်။ ကျေးလက်ဒေသက ကလေးတွေအတွက် ဒီလိုကစားစရာမျိုး ဝယ်ပေးဖို့ ဘယ်လိုလုပ်ပြီး လိုအပ်မှာတဲ့လဲ။
သူမက ဘဝကို ဘယ်လို ရှင်သန်နေထိုင်ရမလဲ ဆိုတာကို တကယ် မသိတာပဲ။
ကုန်တိုက်မှာ ဒီဘောလုံးကို မြင်သူတွေရဲ့ အဆိုအရ ဒီဘောလုံးရဲ့ တန်ကြေးက ယွမ်နှစ်ဆယ် ကုန်ကျသည်။
ဘုရားရေ... တစ်နှစ်ပတ်လုံး လယ်ထဲဆင်း အလုပ်လုပ်ကိုင်မှ ငွေ ဘယ်လောက် ရမှာမို့လဲ။ အလုပ်မှတ် ဆယ်မှတ်ဖြင့် မိသားစုကို ထောက်ပံ့ပေးဖို့ ကျိုးချင်းပိုင်အတွက် မလွယ်ကူလှပါ။ မိသားစုတွင် အသုံးအဖြုန်းကြီးသော ဇနီးသည်တစ်ဦးလည်း ရှိသေးသည့်အတွက် တစ်ပဲနိမျှ မကျန်တော့မည့် အဖြစ်ကို မေ့ထား၍ မရနိုင်ပါ။
ရွာလမ်းတွင် ဝမ့်လင်းက ဒုတိယမရီးကို တွေ့တော့ မေးမြန်းစပ်စုသည်။ “သူမမှာ ပိုက်ဆံမရှိတော့ဘူးလို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ သူမမှာ ပိုက်ဆံမရှိဘူးဆိုရင် သူမသားတွေ ကစားဖို့ ဘောလုံးတစ်လုံးကို ဘယ်လိုလုပ်ပြီး ဝယ်နိုင်မှာလဲ။ အဲ့ဒီဘောလုံးက ယွမ်နှစ်ဆယ်ကျော်တန်တယ်။”
“သူမ မျက်နှာကို ကယ်တင်ပြီး ဒုက္ခရောက်ချင်နေတာကို ဘယ်သူက မသိမှာမို့လဲ။ သူမမှာ ပိုက်ဆံမရှိတာကို အပြင်လူတွေကို မသိစေချင်လို့ ဟန်ဆောင်နေတာ ဖြစ်နိုင်တယ်။” ဒုတိယမရီးက လင်းချင်းဟယ်မှာ ပိုက်ဆံရှိသေးတယ် ဆိုတာကို မယုံချင်ဘူး ဆိုတော့ သူမ ဒီလောက်ပဲ ရှင်းပြနိုင်သည်။
ဒါပေမယ့် ဝမ်လင်းကတော့ မယုံကြည်ခဲ့ဘူး။ “သိပ်မကြာခင်တုန်းက သူတို့တွေ ကိတ်မုန့်လုပ်စားကြတယ်လို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား။ အဲ့တာက အရမ်းအရသာရှိတယ်လို့ ငါကြားဖူးတယ်။ နင့်ရဲ့ စတုတ္ထမတ်လေး စစ်တပ်ကနေ အငြိမ်းစားယူပြန်လာတုန်းက ပိုက်ဆံတွေ အများကြီး ပြန်ပါလာတာ ဖြစ်နိုင်တယ်၊ မဟုတ်ရင်၊ သူမ ဘယ်လိုလုပ်ပြီး ဒီလိုသုံးစွဲနိုင်မှာလဲ။”
“မဖြစ်နိုင်ဘူး။ လင်းချင်းဟယ်က သူမရဲ့ မိခင်ဖက်မိသားစုဆီကနေ ပိုက်ဆံချေးဖို့ သွားခဲ့တယ်လို့ လူတွေ ပြောကြဆိုကြတာကို ငါကြားခဲ့တယ်။ မမှားနိုင်ဘူး။” ဒုတိယမရီးက ပြောသည်။
“အဲ့လိုဆိုတော့ ဘာဖြစ်သလဲ။ နင့်ရဲ့ စတုတ္ထမတ်လေးက ပိုက်ဆံပြန်ယူလာပေမယ့် သူမက သူမရဲ့ မိခင်ဖက်မိသားစုကို အကျိုးမပြုချင်လို့ သူ့မိခင်ဖက်မိသားစုကို တမင်တကာ ပြဿနာရှာဖို့ သွားခဲ့တာ။” ဝမ်လင်းက နှာခေါင်းရှုံ့လိုက်သည်။
ပြောရမယ်ဆိုရင်တော့ ဝမ်လင်းက အမှန်စကား ဆိုလိုက်ပေမယ့် ဒုတိယမရီးက သူမနှာခေါင်းကို ပွတ်ရင်း ပြောလိုက်သည်။ “အရင်တုန်းက သူ့မိခင်ဖက်မိသားစုကို ဘယ်လောက် တန်ဖိုးထားလဲ ဆိုတာကို နင် မသိဘူးလား။ သူမ တမင်တကာ ပြဿနာရှာတာ မဖြစ်နိုင်ဘူး။ တစ်ခါက ငါ့စတုတ္ထမတ်လေး စစ်အင်္ကျီအသစ်စက်စက်တစ်ထည် ပြန်ပို့လိုက်တာကို ငါ မှတ်မိသေးတယ်။ သူမက အဲ့တာကို သူ့မိခင်ဖက်မိသားစုစီ ပြန်ယူသွားခဲ့တယ်။”
ဒါကိုပြောရင်း ဒုတိယမရီးက အံတင်းတင်းကြိတ်မိသွားသည်။
အဲ့ဒီနှစ်က အရမ်းအေးတယ်။ သူမမိသားစုမှာ စောင်တစ်ထည်တောင်မှ မရှိခဲ့ဘူး။ တကယ်တော့ သူမက လင်းချင်းဟယ်ထံမှ အဲ့ဒီစစ်အင်္ကျီကို ချေးငှားချင်ပေမယ့် လင်းချင်းဟယ်က သူမမှာ ငှားစရာမရှိဟုဆိုကာ ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။
ထို့နောက် သူမက ထိုစစ်အင်္ကျီကို သူမမိခင်ဖက်မိသားစုထံ ပြန်ယူသွားခဲ့သည်။ သူမယောက္ခမဖြစ်သူက ထိုအကြောင်းကြောင့် မြည်တွန်တောက်တီးခဲ့ပေမယ့် ကျင့်ဝတ်မသိတတ်သည့် လင်းချင်းဟယ်ကတော့ လုံးဝ ဂရုစိုက်ခြင်း အလျဥ်းမရှိခဲ့ဘူး။
ဝမ်လင်းသည် ယခင်က ရိုင်းရိုင်းစိုင်းစိုင်း စကားတွေကို ပြောနေခဲ့ပြီး ဒီစကားကြားပြီးနောက် သူမ နှုတ်ခမ်းကိုက်ကာ ဆက်မပြောတော့ပေ။
“ငါ နင့်ကို တကယ်စာနာပါတယ်ဟယ်။ နင်ရော သူရော ကျိုးမိသားစုထဲ လက်ထပ်ပြီး ဝင်ရောက်ခဲ့ပေမယ့် နင့်ကျ ဘာဖြစ်လို့ ဒီလို နေထိုင်နေရတာလဲ။ နင် ကိုယ်ဝန်လွယ်ထားရတဲ့အချိန်မှာတောင် အလုပ်မှတ်တွေ ရဖို့ လယ်ထဲဆင်း အလုပ်လုပ်ခဲ့ရပေမယ့် သူမကတော့ ဘာမှ လုပ်စရာ မလိုဘူး။” ဝမ်လင်းက ပြောသည်။
အဲ့ဒီအကြောင်းကို ပြောတဲ့အခါမှာတော့ ဒုတိယမရီးသည် သွေးအန်ကာ “ငါ့မှာ သူမလို ကံကြမ္မာမျိုး မရှိဘူး။ ငါက ဘာလုပ်နိုင်မို့လဲ။”
“ဒါပေမယ့် ပြောရရင် သူမ ကိုယ်ဝန်မဆောင်တာ အချိန်အတော်ကြာနေပြီ။ သူမရဲ့ အငယ်ဆုံးသားလေးတောင် ဒီနှစ်ဆို နှစ်နှစ်ရှိပြီ၊ မဟုတ်လား။” ဝမ်လင်းက ပြောသည်။
“ငါ မသိဘူး။” ဒုတိယမရီးကတော့ ဒီအကြောင်းကို စိတ်မဝင်စားပဲ သူမစိတ်ထဲတွင် လင်းချင်းဟယ်ကို ဘယ်တော့မှ ကလေးမမွေးစေချင်လိုကြောင်း တောင်းဆုပြုမိသည်။ ဒီအမျိုးသမီးရဲ့ ဘဝက ကံကောင်းလွန်းတယ်။ စတုတ္ထမတ်လေးလို ယောကျာ်းမျိုးကို လက်ထပ်နိုင်ရုံသာမက သူမမှာ ကိုယ်ဝန်ဆောင်နိုင်စွမ်း အပြည့်ရှိသည်။ သူမသည် သားသုံးယောက်ကို ဆက်တိုက် မွေးဖွားခဲ့သည်။
“သူမက မြုံနေတယ်လို့ နင်ထင်လား။” ဝမ်လင်းက မေးသည်။
ဒုတိယမရီးက သူမလက်ကို ဝှေ့ယမ်းကာ “သူမက သားသုံးယောက်တောင် မွေးဖွားခဲ့ပြီးပြီ၊ သူမက မြုံနေတယ်လို့ နင်ထင်လား။”
ဝမ်လင်း ဆို့နင့်သွားသည်။ သားယောက်ျားလေး မွေးဖွားတာနဲ့ ပတ်သက်ပြီး ရွာမှာ လင်းချင်းဟယ် ယှဥ်ပြိုင်နိုင်သည့်သူ တစ်ယောက်မှ မရှိကြဘူး။ ရွာမှာ လင်းချင်းဟယ်နဲ့ ပုခုံးချင်းယှဥ်နိုင်တဲ့ မိသားစုအနည်းငယ်သာ ရှိကြပြီး ကလေးသုံးယောက်လျှင် သားယောက်ျားလေး တစ်ယောက်နှုန်းဖြင့် မွေးဖွားခဲ့ကြတာ ဖြစ်သည်။
“မြန်မြန်ဖြတ်ကြရအောင်။ ငါ ဒီတာဝန်ပြီးရင် အနားယူလို့ ရပြီ။ ဒီနေ့တွေ ပိုပိုပူလာတယ်။” ဒုတိယမရီးက ညည်းညူပြောဆိုသည်။
သူမနှင့် ဝမ်လင်းတို့သည် ဝက်စာရွက်များကို ဖြတ်နေကြနေတာ ဖြစ်သည်။
ဝမ်လင်းသည် စကားမဆိုတော့ပဲ ဝက်စာရွက်များကိုသာ မြန်မြန်ဆန်ဆန် ဖြတ်တောက်လိုက်သည်။
ဘောလုံးကိစ္စနှင့် ပတ်သက်သည့် တရားခံဖြစ်သည့် လင်းချင်းဟယ်သည်လည်း ဝက်စာရွက်များကို ဖြတ်နေခဲ့သည်။ သူမသည် ဝက်စာရွက်များကို စုဆောင်းပြီးနောက် ဟင်းရွက်ရိုင်းများကိုပါ လက်အပြည့် ခူးဆွတ်လာခဲ့သည်။ နေ့လည်စာအတွက် အသုတ်ပြင်ဆင်ဖို့ရာအတွက် ဖြစ်ပေသည်။
နေ့လည်စာအတွက် ပဲပေါက်စီကို အသားကြော်၊ ဟင်းရွက်ရိုင်း၊ ကြက်ဥပြုတ်တွေနဲ့ တွဲဖက်စားသုံးဖို့ ပြင်ဆင်ထားသည်။
သူမတို့မိသားစုရဲ့ အစားအသောက်ဟာ ရွာတွင် ထိပ်ဆုံးဖြစ်သော်လည်း လင်းချင်းဟယ်သည် ရံဖန်ရံခါ အစေ့ကြမ်းအချို့ကို အဓိကအစားအသောက်ထဲတွင် ထည့်သွင်းလေ့ရှိသည်။
ပဲပေါက်စီနဲ့ ပြောင်းဖူးပေါက်စီတို့ကို အိမ်တွင် မကြာခဏ စားသောက်လေ့ရှိသည်။
ဟင်းရွက်ရိုင်းတွေ၊ အိမ်နောက်ဖေးမှာ စိုက်ပျိုးထားတဲ့ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း အိမ်မှာ မကြာခဏဆိုသလို စားသောက်ကြသည်။
မိသားစုထဲမှ ကောင်လေးတွေဟာ သန်မာသော သွားတွေရှိကြသည်။ သူတို့က အခြေခံအားဖြင့် သူမ လုပ်ကျွေးသမျှကို စားသောက်ကြပြီး ဇီဇာမကြောင်ကြပေ။ ဒါပေါ့၊ ဒီလိုချက်ကျွေးနိုင်တာကလည်း လင်းချင်းဟယ်က အလုပ်မလုပ်တာကြောင့်လည်း ဖြစ်တယ်၊ မဟုတ်ရင် သူမ ဒီလို အရသာရှိတဲ့ အစားအသောက်တွေ ချက်စားဖို့ ဆန္ဒမရှိပဲ လွယ်လွယ်ကူကူ ချက်ပြုတ်စားသောက်နိုင်တာမျိုးကိုသာ စားသုံးရလိမ့်မည်။
နေ့လည်ခင်းမှာ သူတို့ဟာ ပဲပေါက်စီကို ကြက်ဥပြုတ်၊ အသားကြော်နဲ့ ဟင်းရွက်ရိုင်းတွေကို စားသောက်ကြရသည်။
ကျိုးချင်းပိုင်က သူ မနက်ဖြန်ကျရင် မြေသြဇာသွားဝယ်ရမယ့်အကြောင်းကို ပြောပြသည်။
ဒီအရေးကိစ္စအားလုံးကို အဖွဲ့က သူ့ကို အပ်နှံထားခဲ့သည်။
“အဲ့တာဆို ရှင် မနက်ဖြန် နေ့လည်စာစားချိန် အိမ်ပြန်လာမှာလား။” လင်းချင်းဟယ်က မေးသည်။
“မဟုတ်ဘူး။” ကျိုးချင်းပိုင်က မနက်ဖြန် ညနေခင်းလောက်မှ အိမ်ပြန်လာနိုင်မှာ ဖြစ်သည်။
နောက်တစ်နေ့မနက်မှာ လင်းချင်းဟယ်က မနက်စာ စားပြီးတာနဲ သူ့ကို အစားအသောက်ကူပွန်လက်မှတ်၊ အသားကူပွန်လက်မှတ်နဲ့ ပိုက်ဆံကိုပါ ပေးလိုက်သေးသည်။ “ရှင် အပြင်မှာစားရင် ကောင်းကောင်းစားဖို့ မမေ့နဲ့။ ရှင် ဒီပိုက်ဆံတွေကို ချွေတာသုံးစရာ မလိုဘူး။”
“ကောင်းပြီ” ကျိုးချင်းပိုင်က အပြုံးဖြင့် စကားဆိုသည်။
ကျိုးချင်းပိုင် အလုပ်များနေသည့်အချိန်တွင် လင်းချင်းဟယ်က အိမ်မှာ စာတွေကို လေ့လာသင်ယူ ကျက်မှတ်နေခဲ့သည်။
ကျိုးချင်းပိုင် ပိုးသတ်ဆေး ဝယ်ပြီးတာနဲ့ တန်းပြန်လာမယ်လို့ လင်းချင်းဟယ်က တွေးထင်ထားခဲ့ပေမယ့် တကယ်တော့ ကျိုးချင်းပိုင်က ပိုးသတ်ဆေး ဝယ်ယူပြီးနောက် တန်းမပြန်လာခဲ့ဘူး။ သူရဲ့ ရဲဘော်ဟောင်းကိုရှာဖို့ ပြည်သူ့လုံခြုံရေးဗျူရိုကို သွားရောက်ခဲ့သည်။