အခန်း (၁၁၃) – ကြက်သွန်မြိတ်ဖက်ထုပ်ကြော်
ကျိုးချင်းပိုင် အိမ်ပြန်လာသောအခါတွင် သူ့မှာ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ်တစ်ကွင်း၊ ရွှေနားကပ်တစ်ရံနှင့် ရွှေလက်ကောက်တစ်ရံကိုပါ ယူဆောင်လာခဲ့သည်။ ထို့အပြင် သူ့ဇနီးအတွက် ကျောက်စိမ်းတစ်တုံးတို့ကိုပါ ပြန်ယူလာခဲ့သည်။
ယခုခေတ်အချိန်တွင် ဒီအရာဝတ္ထုတွေကို အလွယ်တကူ ဝယ်ယူနိုင်ခြင်း မရှိသေးပေ။
ကျိုးချင်းပိုင်သည် ပြည်သူ့လုံခြုံရေးဗျူရိုတွင် သူ့ရဲဘော်ဟောင်းရှိ၍သာ ဒါတွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်တာ ဖြစ်သည်၊ သို့မဟုတ်ပါက ဒါကို အလွယ်တကူ ဝယ်လို့မရပဲ ကျိုးချင်းပိုင်က ဒါတွေကို ဝယ်ယူနိုင်ဖို့ ကိုယ်တိုင်သတင်းပို့နေရမည် ဖြစ်သည်။
ဒီပစ္စည်းတွေကို အိမ်ပြန်ရောက်တာနဲ့ သူ့ဇနီးသည်လက်ထဲ အပ်လိုက်သည်။
လင်းချင်းဟယ်သည် သဘာဝအတိုင်း အံ့သြသွားခဲ့သည်။
သူမ လုံးဝ အံ့အားသင့်သွားမိသည်။ သူ့ယောကျာ်းလို ရှေးရိုးစွဲအမျိုးသားတစ်ယောက်က သူမ စိတ်ကျေနပ်အောင် ဒီလိုအရာတွေကို သူမအတွက် ပြန်ယူလာပေးလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
“ဒါတွေကို အပြင်မှာ ထုတ်ဖော်မပြသနဲ့။” ဇနီးသည်ရဲ့ မျက်လုံးထဲမှ အံ့အားသင့်နေသည့် အရိပ်အယောင်များကြောင့် ကျိုးချင်းပိုင်က ချောင်းခြောက်ဆိုးရင်း သဘာဝမကျစွာ ပြောလိုက်သည်။
လင်းချင်းဟယ်က ဒါတွေကို ဘေးဖယ်လိုက်သည်။ ကလေးတွေက ငယ်တုန်းပဲ။ ကလေးတွေသာ ဒါတွေကို မြင်သွားခဲ့ရင် အပြင်ဖက်သို့ ပေါက်ကြားသွားလိမ့်မည်။
“ပြီးခဲ့တဲ့တစ်ခေါက်က ရှင် ကြားခဲ့တာကို စိတ်ထဲထားနေတုန်းလား။” လင်းချင်းဟယ်က ဒါတွေကို လုံခြုံသည့်နေရာမှာ သိမ်းဆည်းလိုက်သလိုနှင့် တကယ်တမ်းတော့ ဒီပစ္စည်းတွေကို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်ရင်း ကျိုးချင်းပိုင်အား ပြောလိုက်သည်။
ကျိုးချင်းပိုင်သည် ချစ်ခြင်းမေတ္တာကို ထုတ်ဖော်ပြသခြင်း မရှိသော်လည်း လင်းချင်းဟယ်က သူ့ကို နားလည်သည်။ သူမက အပြုံးလေးဖြင့် သူ့ကို စိုက်ကြည့်နေမိသည်။ တကယ့်ကို ဒီလူကတော့လူအေးကြီးပါပဲ။ သူမမဟုတ်တဲ့ ဘယ်အမျိုးသမီးကများ သူ့ရဲ့ ပင်ကိုယ်စိတ်ရင်း နားလည်နိုင်ပါ့မလဲ။
“ကျွန်မက ပြောရုံပဲ ပြောလိုက်တာပါ။ နောက်ထပ် အန္တရာယ်ရှိမယ့်အရာတွေဆို ရှင် မလုပ်ပါနဲ့။” လင်းချင်းဟယ်က သူ့ခါးကို ဖက်တွယ်ရင်း သူ့ရင်ဘတ်ပေါ် မျက်နှာအပ်လိုက်သည်။ သူ့ရဲ့ ကျယ်လောင်သော ရင်ခုန်သံကို နားဆင်ရင်း သူမ ပြောလိုက်မိသည်။
ကျိုးချင်းပိုင်က သူမ ပြောတာကို နာခံသည့်အသံလေး ထုတ်လိုက်သည်။
လင်းချင်းဟယ်က “ရှင် နေ့လည်စာ ဘာစားခဲ့လဲ။ ရှင် ဗိုက်ပြည့်ရဲ့လာ” လို့ မေးမြန်းခဲ့သည်။
“ဖက်ထုပ်တွေ စားခဲ့တယ်။ မင်းလက်ရာလောက် စားမကောင်းဘူး။” ကျိုးချင်းပိုင် ပြန်ဖြေသည်။
ဒီစကားက မြှောက်ပင့်ပြောဆိုနေခြင်း မဟုတ်ရပါ။ လက်ရာကောင်းတဲ့ သူ့ဇနီးသည်ရဲ့ ဟင်းချက်လက်ရာတွေကို အမြဲတမ်း စားနေရသည့် သူ့အတွက် အပြင်မှာ စားသောက်ရတဲ့ အစာအစားတွေကို လုံးဝ ကျင့်သားရမနေခဲ့ပါဘူး။ ဒီလက်ရာတွေက သူ့ဇနီးသည်ရဲ့ ဟင်းချက်လက်ရာနဲ့ ကွာခြားချက် ကြီးမားလွန်းတယ်။
လင်းချင်းဟယ်က တစ်ခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။ “ဒီနေ့ ကျွန်မတို့ ဂျုံယာဂုကို ကြက်သွန်မြိတ်ဖက်ထုပ်ကြော်အတူတွဲစားဖို့ လုပ်လိုက်မယ်လေ။”
“ကောင်းပြီ” ကျိုးချင်းပိုင် ခေါင်းညိတ်လိုက်သည်။
လင်းချင်းဟယ်က သူ့ကို အရင်ဆုံး အနားယူခိုင်းလိုက်သည်။ အဆုံး၌ သူက အပြင်မှာ တစ်နေ့လုံး နေထိုင်ခဲ့ရသည်။
လင်းချင်းဟယ်သည် ဂျုံယာဂုကို စတင်ချက်ပြုတ်နေခဲ့ပြီး တစ်ချိန်တည်းမှာ ဂျုံမု့န်ညက်ကို နယ်ထားခဲ့သည်။
လင်းချင်းဟယ်ရဲ့ ဟင်းချက်လက်ရာဟာ အထူးသဖြင့် ကူးပြောင်းလာပြီးနောက်တွင် လျင်မြန်စွာ တိုးတက်လာသည်ဟု ပြောနိုင်ပေသည်။ မိသားစုထဲတွင် ကောင်လေးသုံးယောက်က ထမင်းစားဖို့ စောင့်ဆိုင်းနေသည့်အပြင် သူမ မှီခိုနေရသည့် ယောကျာ်းသားတစ်ယောက်လည်း ရှိနေသေးသည်။ ဒါ့ကြောင့် သူမ အစားအသောက်ကို ကောင်းကောင်း မချက်ပြုတ်တတ်လို့ ဘယ်ဖြစ်ပါ့မလဲ။
ဂျုံယာဂုကျိုပြီးနောက် အိုးလှယ်လိုက်သည်။ လင်းချင်းဟယ်သည် ဒယ်အိုးကို တိုက်ချွတ်ဆေးကြောပြီးနောက် နောက်ဖေးခြံဝန်းထဲက ကြက်သွန်မြိတ်တွေကို လှီးဖြတ်ဖို့ ထွက်လာခဲ့လိုက်သည်။ သူမသည် ခူးဆွတ်လာသည့် ကြက်သွန်မြိတ်ပင်များကို ဆေးကြောသန့်စင်ပြီး သေးသေးလေးတွေ လှီးဖြတ်ပြီး ကြော်လိုက်သည်။ ကြော်ပြီးသည့် ကြက်သွန်မြိတ်တွေကို ပန်းကန်တစ်လုံးထဲ လှယ်ထည့်လိုက်ပြီး ကြက်ဥအနည်းငယ် ထည့်မွှေလိုက်သည်။ ဆားအနည်းငယ်ဖြူး၍ ဆီပူအိုးထဲ ထည့်ကြော်ထားသော ကြက်သွန်မြိတ်နှင့် ကြက်ဥတွေကို ကြက်သွန်မြိတ်ဖက်ထုပ်ကြော်ထဲသို့ထည့်၍ နုတ်နုတ်စဥ်းထားလိုက်သည်။
ထို့နောက် သူမသည် ထိုကြက်သွန်မြိတ်ကြက်ဥကြော်ကို မုန့်ညက်ထဲသို့ အစာသွပ်လိုက်သည်။ ဒယ်အိုးထဲသို့ ဆီလောင်းထည့်ပြီး ကြက်သွန်မြိတ်ဖက်ထုပ်များကို ထည့်ကာ ရွှေညိုရောင်သန်းလာသည်အထိ ကြော်လိုက်သည်။ တစ်အိမ်လုံး ကြက်သွန်မြိတ်ဖက်ထုပ်ကြော်ရဲ့ မွှေးရနံ့ဟာ သင်းပျံ့သွားခဲ့သည်။
လောင်တက ကျောင်းက ပြန်မလာသေးသည့်အတွက် လောင်အာ့နဲ့ လောင်စန်းတို့က အပြင်မှာ ကစားဖို့ ထွက်သွားခဲ့ကြသည်။
အထူးသဖြင့် လောင်စန်းသည် သူ့ရဲ့ ဆိုးသွမ်း ခလောက်ဆန်သည့် အဆင့်သည် အသက်ငယ်ငယ်လေး ရှိသေးပေမယ့် သူ့အစ်ကိုကြီးနှင့်ယှဥ်နိုင်သည်။
သို့သော် လင်းချင်းဟယ်က သူတို့ကို အလွန်အမင်း ဟန့်တားခြင်း မရှိပေ။ သူမသည် သူတို့ကို မြစ်နားသို့ မသွားဖို့ရန်သာ တားမြစ်ထားခဲ့သည်။ သူတို့ကို မြစ်ကမ်းနားကို သွားချင်ရင် သူမနဲ့သာ သွားလာရမည်ဟု မှာကြားထားခဲ့သည်။ အဲ့ဒီလိုမှမဟုတ်ပဲ သူမ မသိပဲ မြစ်ကမ်းနားသို့ တိတ်တိတ်လေး ခိုးသွားတာကို သူမ ပြန်သိခဲ့ရင် မုန့်ပဲသရေစာ တစ်ပတ်စာ ဖြတ်တောက်ရလိမ့်မည်ဟု ခြိမ်းခြောက်ထားခဲ့သည်။
လောင်တက မနာခံပဲ သွားရောက်ခဲ့တာကို လင်းချင်းဟယ် သိရှိသွားသောအခါတွင် သူမသည် သူ့ကို မုန့်ပဲသရေစာ တစ်ပတ်လုံး မပေးပဲ ထားခဲ့သည်။
ယခုအချိန်အထိ ဒီအကြောင်းဟာ လောင်တရဲ့ အသိစိတ်ထဲ နက်နက်ရှိုင်းရှိုင်း စွဲထင်နေခဲ့သည်။
သူ့ညီတွေ ဖရဲသီးစားနေချိန်မှာ သူ မစားရဘူး။ သူ့ညီငယ်တွေ သကြားလုံး စားနေရချိန်မှာ သူ မစားရဘူး။ သူ့ညီငယ်တွေ ငါးအရေခွံကြော်ကို စားနေရချိန်မှာ သူ မစားရဘူး။
အဲ့ဒီခုနစ်ရက်အတွင်းမှာ သူ့မိခင်က အရသာရှိတဲ့ အစားအသောက်တွေ ချက်ပြုတ်ပြင်ဆင်ထားပေမယ့် သူ့ဝေစု မရှိဘူး။
ဒီထက် ပိုဆိုးတဲ့ ပြစ်ဒဏ် မရှိဘူး။
လောင်အာ့နဲ့ လောင်စန်းတို့ဟာ အသက်ငယ်သေးသော်လည်း ဒါကို သတိပေးချက်အဖြစ် မှတ်ယူခဲ့ကြသည်။ သူတို့သည် ဒါကို သူတို့အစ်ကိုကြီးထံမှ လေ့လာသင်ယူခဲ့ပြီး ဤနည်းမျိုးဖြင့် အပြစ်ပေး မခံချင်ကြပေ။
လင်းချင်းဟယ်သည် သူမအချိန်တွေကို စီမံခန့်ခွဲထားသည်။ လောင်တ ကျောင်းကနေ အိမ်ပြန်ရောက်ချိန်မှာ လင်းချင်းဟယ်ရဲ့ ဖက်ထုပ်ကြော်တွေက ချက်ပြုတ်ပြီးစီးသွားခဲ့ပြီ။
“အမေ၊ အနံ့အရမ်းမွှေးနေတာပဲ။ အဲ့တာက ကြက်သွန်မြိတ်ဖက်ထုပ်ကြော်လား။” လောင်တရဲ့ မျက်လုံးတွေက တောက်ပလာခဲ့သည်။
“အင်း၊ လောင်အာ့နဲ့ လောင်စန်းတို့ကို သွားခေါ်လာခဲ့။ ညစာစားချိန်ရောက်ပြီ။” လင်းချင်းဟယ်က ပြောသည်။
“အရမ်း မစောဘူးလား။” လောင်တက မနေနိုင်စွာ မေးလိုက်မိသည်။
“ညစာစားဖို့ စောနေသေးပေမယ့် မုယောစပါးပဲနီလေးစွပ်ပြုတ်ချိုက နောက်ကျရင် မကောင်းပဲ နေမယ်။” လင်းချင်းဟယ်က တုံ့ပြန်လိုက်သည်။
“သား အခုချက်ချင်း သူတို့ကို သွားခေါ်လိုက်မယ်။” လောင်က ဒီစကာကို ကြားလိုက်တာနဲ့ သူ့ညီငယ်တွေ သွားခေါ်ဖို့ ချက်ချင်း ထွက်သွားခဲ့သည်။
လောင်အာ့နဲ့ လောင်စန်းတို့ နှစ်ဦးစလုံး ကစားရာမှ တစ်ကိုယ်လုံး ညစ်ပတ်ပေပွပြီး ပြန်လာခဲ့သည်။ အိမ်ပြန်ရောက်တာနဲ့ လင်းချင်းဟယ်ရဲ့ အကြည့်စူးစူးအောက်တွင် သူတို့မျက်နှာနဲ့ လက်တွေကို သေသေချာချာ သန့်စင်ဆေးကြောခဲ့သည်။
“နောက်တစ်ခါ နင်တို့ အရမ်းညစ်ပတ်ပြီး အိမ်ပြန်လာခဲ့ရင် နင်တို့ ငါနဲ့ တွေ့မယ်။” လင်းချင်းဟယ်က သူတို့ကို ဆေးကြောသန့်စင်ပေးရင် ဆူပူနေခဲ့သည်။
“ဒါတွေအားလုံး လောင်စန်းရဲ့အမှားပဲ။ သူက ဖန်ဂေါ်လီကစားနည်းကို မသိလို့ ကျွန်တော့်ကို သင်ခိုင်းလို့ပါ။” လောင်အာ့က ရှင်းပြသည်။
“မင်းလည်း သိပ်မသိပါဘူး။ အရမ်းကျွမ်းကျင်နေတာလည်း မဟုတ်ဘူး။” လောင်စန်းက သူ့ကို လှောင်ပြောင်ပြောဆိုသည်။
“ဒါဆို နောက်တစ်ခါကျရင် မင်းနဲ့ အသင်းအတူတူနေပေးဖို့ မတောင်းဆိုနဲ့။” လောင်အာ့က ပြန်ပက်လိုက်သည်။
“ကောင်းပြီ၊ ငါ နောက်ဆို ဟွမ်းကျီနဲ့ တစ်သင်းဖွဲ့မယ်။” လောင်စန်းက ပြန်ပြောသည်။
ဒီကလေးက စကားပြောနိုင်တဲ့ အရွယ်ကစပြီး စကားပြောဆိုရာတွင် ကျွမ်းကျင်လိမ္မာသူ ဖြစ်သောကြောင့် သူ့အစ်ကိုနှစ်ယောက်နှင့် စကားများရန်ဖြစ်သည့်အခါမှာ လုံးဝ မရှုံးနိမ့်ပေ။
“နင်တို့ ဘာလို့ရန်ဖြစ်နေကြတာလဲ။ နင်တို့လက်တွေကို နောက်တစ်ကြိမ် သေချာဆေးကြောလိုက်ဦး။ နင်တို့လက်တွေမပြောရင် နင်တို့ စားရမယ် မထင်နဲ့။” လင်းချင်းဟယ်က ပြောလိုက်သည်။
“အမေ၊ အဖေရော ပြန်မလာသေးဘူး။” ကျိုးလောင်တက နောက်ဆုံးတော့ သူ့အဖေကို သတိရသွားသည်။
“နင်တို့အဖေ အစောကပဲ ပြန်ရောက်ပြီး အခန်းထဲမှာ အနားယူနေတယ်။ ငါ သူ နိုး မနိုး သွားကြည့်လိုက်ဦးမယ်။ နင် သူတို့ လက်ဆေးတာ ပြောင် မပြောင် သေချာကြီးကြပ်ပေးလိုက်ဦး။” လင်းချင်းဟယ်က ပြန်ဖြေရင်း အထဲသို့ ပြန်ဝင်သွားခဲ့သည်။
သူမ အထဲသို့ ရောက်တာနဲ ကျိုးချင်းပိုင်ရဲ့ အကြည့်စူးစူးတွေနဲ့ ရင်ဆိုင်လိုက်ရသည်။
“ရှင် နိုးနေပြီလား။ ကျွန်မက ရှင် အိပ်နေသေးတယ်လို့ ထင်နေတာ။ ရှင် နိုးလာပြီဆိုတော့ ညစာစားဖို့ အပြင်ထွက်ခဲ့လေ။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က အိပ်ရာနိုးတာ ကြာပါပြီ။ အပြင်မှာ ကလေးတွေနဲ့ သူမ အပြန်အလှန် စကားပြောဆိုနေတာကို နားထောင်ရင်း သူ့နှလုံးသားထဲမှာ နွေးထွေးမှုတွေ ပြည့်နှက်နေခဲ့သည်။ သူ့ကို ဒီလိုမိသားစုမျိုးလေးကို ပေးစွမ်းတဲ့အတွက် သူမကို အရမ်းကျေးဇူးတင်မိသည်။
ကျိုးချင်းပိုင်ရဲ့ လက်သည် လင်းချင်းဟယ်ဆီသို့ ဆန့်တန်းထားခဲ့သည်။
လင်းချင်းဟယ်က သူ့လက်ကို ဆုပ်ကိုင်လိုက်တာနဲ့ သူက ဆွဲခေါ်လိုက်သည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ရဲ့ ရင်ခွင်ထဲသို့ ပုံလျက်ကျဆင်းသွားခဲ့သည်။
“ရှင် ဘာလုပ်နေတာလဲ။ သူတို့ အချိန်မရွေး ဝင်လာနိုင်တယ်လေ။” လင်းချင်းဟယ်က သူ့ကို ရှက်စနိုး ပြောလိုက်သည်။
“ဇနီးလေး၊ သမီးမိန်းကလေး ယူကြရအောင်။” ကျိုးချင်းပိုင်က သူမရဲ့ ဆံကေသာကို မွှေးကြူရင်း ပြောသည်။
လင်းချင်းဟယ်ဟာ ရှက်နေသည်။ ဒီအကြောင်းအရာကို သူတို့ မပြောဖြစ်တာ ကြာပြီ၊ အခုမှ သူက ဘာဖြစ်လို့ ထပ်ပြောရပြန်တာလဲ။
“တကယ်လို့ ကျွန်မမှာ ကိုယ်ဝန်ရှိနေမယ်ဆိုရင် ကျွန်မတို့ ကလေးယူကြတာပေါ့။” လင်းချင်းဟယ်က သူ့ကို ခြောက်ကပ်ကပ်အပြုံးဖြင့် ပြောလိုက်သည်။
“အင်း” ကျိုးချင်းပိုင်က ခေါင်းညိတ်လက်ခံပြီး သူမလည်တိုင်သို့ အနမ်းခြွေချခဲ့သည်။
“သား ဘာမှမမြင်လိုက်ဘူး။” ဘယ်အချိန်ကတည်းက အခန်းဝမှာ ရောက်နေမှန်းမသိသည့် လောင်အာ့က သူ့မျက်လုံးတွေကို လက်ဖြင့် ဖုံးအုပ်ထားပြီး လက်ချောင်းကြားမှ ခိုးကြည့်နေရင်း ပြောလိုက်သည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တွန်းထုတ်ရင် ချောင်းခပ်ဖွဖွဆိုးလိုက်သည်။ “လောင်အာ့၊ နင် အခန်းထဲ မဝင်လာခင် အခန်းတံခါးကို ခေါက်ရမယ်လေ။”
“တံခါးခေါက်စရာ မလိုဘူးလေ။ အခန်းတံခါးက ပိတ်မှာ မပိတ်ထားတာ။” ကျိုးလောင်အာ့က ပြန်ဖြေသည်။
“အဖေ၊ အမေ၊ ထမင်းစားဖို့ အပြင်မြန်မြန်ထွက်လာခဲ့လေ။ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်က အေးသွားရင် စားမကောင်းပဲ နေလိမ့်မယ်။” ကျိုးလောင်တက အခန်းအပြင်ကနေ လှမ်းအော်လိုက်သည်။
ထို့ကြောင့် ကျိုးချင်းပိုင်လည်း လင်းချင်းဟယ်ကို လွှတ်ပေးလိုက်ပြီး ညစာစားဖို့ အပြင်ထွက်လာခဲ့ကြသည်။ လောင်အာ့က တခစ်ခစ်ရယ်ရင်း သူတို့နောက်မှ လိုက်လာခဲ့သည်။
မိသားစုတစ်စုလုံး ကြက်သွန်မြိတ်ဖက်ထုပ်ကြော်တွေကို နှစ်ခြိုက်စွာ စားသောက်ခဲ့ကြသည်။ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်တွေကို ဂျုံယာဂုနဲ့ တွဲဖက်စားသောက်ကြသည်။ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်က သူ့ချည်းသား စားသောက်လျှင် အနည်းငယ် ငြီးငွေ့စရာ ကောင်းပေမယ့် ဂျုံယာဂုနဲ့ တွဲဖက်စားရင် အရသာလည်း အရမ်းလိုက်ဖက်ညီသည်။
ပြောရရင် လင်းချင်းဟယ်ရဲ့ ကြက်သွန်မြိတ်ဖက်ထုပ်ကြော်လေးတွေက အရမ်းသပ်ရပ်လှပသည်။ အဓိကအကြောင်းအရင်းကတော့ သူမရဲ့ ဆီများများသုံးတတ်တဲ့ အကျင့်ကြောင့် ကြက်သွန်မြိတ်ဖက်ထုပ်ကြော်လေးတွေက အရမ်းအရသာရှိသည်။
သို့သော် လောင်စန်းသည် ကြက်သွန်မြိတ်ဖက်ထုပ်ကြော် အများကြီးစားရန် ငယ်သေးသောကြောင့် သူမက သူ့ကို နှစ်ခုသာ စားခိုင်းပြီး ဂျုံယာဂုကိုသာ အများဆုံး စားစေခဲ့သည်။
သူမသည် လောင်တနဲ့ လောင်အာ့တို့ကိုတော့ ကန့်သတ်ထားခြင်း မရှိပေ။ သူတို့က အရမ်းမငယ်တော့တာကြောင့် နည်းနည်းပိုစားနိုင်သည်။