အခန်း(၁၁၄)အစားအသောက်ရောင်းချခြင်း
Viewers 38k

အခန်း (၁၁၄) – အစားအသောက်ရောင်းချခြင်း


ကြက်သွန်မြိတ်ဖက်ထုပ်ကြော်နဲ့ ဂျုံယာဂုကို စားသောက်ပြီးနောက် လောင်တက ပန်းကန်ခွက်ယောက်တွေနဲ့ ထမင်းစားတူတွေကို ဆေးကြောသန့်စင်ခဲ့သည်။ ‌လောင်အာ့နဲ့ လောင်စန်းတို့ကတော့ ခြံဝန်းထဲမှာ ပြေးလွှားဆော့ကစားဖို့ ပြင်ဆင်နေကြသည်။


လင်းချင်းဟယ်ကတော့ အခန်းထဲ ပြန်ဝင်လာခဲ့သည်။


ကျိုးချင်းပိုင်ကတော့ ရပ်ရွာအတွင်းရေးမှုးရဲ့နေအိမ်သို့ ထွက်သွားခဲ့သည်။


“အမေ၊ သား ပန်းကန်ခွက်ယောက်တွေ ဆေးပြီးပြီ။ ဟင်းချက်တဲ့ ဒယ်အိုးတွေပါ ဆေးပြီးပြီ။” ကျိုးလောင်တက လာသတင်းပို့သည်။


“ဒါဆိုရင် နင့်ရဲ့ အိမ်စာတွေ သွားလုပ်ချေ။ နေ့လည်ခင်းတုန်းက မုယောစပါးပဲနီစွပ်ပြုတ်ချို ငါတို့လုပ်စားကြတယ်။ အခု နင် စားဖို့အတွက် ဖယ်ထားပြီးသား ရှိတယ်။” လင်းချင်းဟယ်သည် သူ ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားလည်သဖြင့် ပြန်ဖြေခဲ့သည်။


ထို့ကြောင့် ကျိုးလောင်တသည် သူ့အိမ်စာတွေလုပ်ဖို့ ထွက်သွားခဲ့သည်။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင် ပြန်သယ်လာခဲ့သော ရွှေငွေလက်ဝတ်ရတနာနှင့် ကျောက်စိမ်းတုံးကို ထုတ်ယူကြည့်သည်။


ရွှေငွေလက်ဝတ်ရတနာပဲဖြစ်ဖြစ် ကျောက်စိမ်းတုံးဖြစ်ဖြစ် အရည်အသွေးတွေကတော့ ထိပ်တန်းပင်။


ဒါပေမယ့် ဒီခေတ်ဒီအခါမှာတော့ ဒီပစ္စည်းတွေက ဂျုံပေါက်စီတစ်လုံးလောက်တောင် အဖိုးမတန်ဘူး။


တန်ဖိုးမရှိရုံသာမက ထုတ်ယူသုံးစွဲဝံ့သူပါ ပြစ်တင်ဝေဖန်ခံရမည် ဖြစ်သည်။


သို့သော်လည်း လင်းချင်းဟယ်သည် ဒီအရာများကို ကြည့်ရှုနေရင်းဖြင့် အကြံတစ်ခု ရခဲ့သည်။


ဒါပေမယ့် ဒီအကြံကို အကောင်အထည်ဖော်ရန် ဒီနှစ်နွေစပါးရိတ်သိမ်းချိန်အထိ ရောက်အောင် အရင်စောင့်ဆိုင်းရပေမည်။ အဲ့ဒီအချိန်အတွင်းမှာ တခြားတစ်ခုခုကို လုပ်ကိုင်ရန် ပိုလျှံသော ဆန်စပါးများ ရှိနေမည် ဖြစ်သည်။


လင်းချင်းဟယ်သည် နေရာလွတ်ထဲမှာ ထိုအရာအားလုံးကို သိမ်းဆည်းထားပြီး ယခင်က သူမ ဝယ်ယူထားခဲ့သော တံဆိပ်ခေါင်းများကိုလည်း နေရာလွတ်မှာပင် တစ်စုတစ်စည်းတည်း သိမ်းဆည်းထားသည်။


နောင်အနာဂတ်တွင် ဒီတံဆိပ်ခေါင်းများ တန်ဖိုးတက်လာမည့်အချိန်အထိ သူမ သိမ်းဆည်းထားနိုင်လိမ့်မည် မဟုတ်ပါလား။


လင်းချင်းဟယ်သည် နေရာလွတ်ထဲရှိ ပစ္စည်းများကို ထပ်မံရေတွက်စစ်ဆေးခဲ့သည်။ သစ်သီးတွေ အကုန်လုံး အသုံးပြုပြီးသွားပြီ။ လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ဘန်းမုန့်အားလုံး အကုန်အသုံးပြုပြီးသွားပြီ။ သူမ ဝယ်ယူလာသည့် ဂျုံမှုန့်နဲ့ ဆန် တစ်ဝက်စီပဲ ကျန်တော့တယ်။ ပဲငံပြာရည်၊ ရှာလကာရည်၊ ဆီ၊ ဆား၊ သကြားခဲနဲ့ သကြားညိုတို့ကလည်း တစ်ဝက်နီးပါး ကျန်ရှိနေသေးသည်။


ဝက်သားနှင့် ကြက်ဥတွေကို စားသုံးတာ အတော်လေး များပြားခဲ့သည်။ မူလရှိသည့် ပမာဏရဲ့ သုံးပုံတစ်ပုံသာ ကျန်ပြီး အများကြီး မရှိတော့ပေ။


နောင်ပိုင်းမှာ သူမ အနည်းငယ် ပိုချွေတာရမယ့်ပုံပင်။


ဒါပေမယ့် သူမမှာ အရင်ကထက် ပိုက်ဆံပိုရှိသည်။


စက်ဘီးလိုမျိုး စျေးကြီးတဲ့ကုန်စည်မျိုးကို ထပ်မံ ဝယ်ယူရင်တောင် သူမမှာ ပိုက်ဆံအများကြီး ကျန်သေးတယ်။ အဆုံး၌ သူမရဲ့ တစ်လလောက် ဝက်သားရောင်းချတာက စုတာ့လင်းရဲ့ လစာဝင်ငွေထက် ပိုရသည်။ ပုံမှန်အားဖြင့်တော့ ငွေကြေးကွာခြားချက်က သိပ်မများလှဘူး။


ည ၇နာရီခန့်တွင် လင်းချင်းဟယ်သည် ကလေးတွေအတွက် မုယောစပါးပဲနီလေးစွပ်ပြုတ်ချိုကို ထည့်ပေးလိုက်သည်။


ကလေးတွေ သိပ်အများကြီး မစားနိုင်ဘူး။ သူတို့ တစ်ယောက်ချင်းစီကို တစ်ပန်းကန်စီ ပေးခဲ့သည်။ လင်းချင်းဟယ်လည်း တစ်ပန်းကန်သောက်သုံးခဲ့သည်။ ကျန်တဲ့ ပန်းကန်နှစ်လုံးစာက ကျိုးချင်းပိုင်အတွက် ဖြစ်သည်။


ညနေခင်းတွင် သမီးလေးတစ်ယောက်လောက် လိုချင်နေသည့် ကြက်သွန်မြိတ်ဖက်ထုပ်ကြော် စားထားသော ကျိုးချင်းပိုင်သည် အလွန် စွမ်းအင်ပြည့်ဝနေလေသည်။


အခုရာသီဥတုက ပူလာတော့ ကလေးသုံးယောက်က ဘေးအခန်းမှာပဲ အိပ်ကြတော့တယ်။ ဒါ့ကြောင့် သူတို့နှစ်ယောက် ဆူဆူညံညံအသံတွေကို စိတ်ကြိုက်ဖန်တီးဖို့ ပြဿနာမရှိပါဘူး။ ကျိုးချင်းပိုင်တစ်ယောက် ဘယ်လောက်တောင် စိတ်ကျေနပ်နေမလဲ ဆိုတာကို တွေးကြည့်နိုင်ပေသည်။


ဒါပေါ့၊ လင်းချင်းဟယ်သည်လည်း ဒါကို သဘောကျတယ်။


အချိန်တွေက တရွေ့ရွေ့ကုန်ဆုံးသွားရင်း ဇွန်လထဲသို့ ချဥ်းနင်းဝင်ရောက်သွားခဲ့ပြီ။


ဇွန်လရဲ့ ရာသီဥတုအခြေအနေဟာ တကယ့်ကို ပူပြင်းလှသည်။ တစ်ရက်ပြီးတစ်ရက် ပိုပိုပူလာခဲ့သည်။ ဒါ့အပြင် ဒီလကုန်ဟာ နွေစပါးရိတ်သိမ်းချိန် ဖြစ်သည်။ 


ဒီရက်ပိုင်းမှာ အရမ်းပူလောင်လွန်းသော်လည်း ရုတ်တရတ် မိုးရွာချလာခဲ့သည်။ လျှပ်စီး တလက်လက် မိုးခြိမ်းသံတွေ ဆူညံနေပြီး အတော်လေး ပြင်းထန်သည်။


“ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် ကျေးရွာအတွင်းရေးမှုးနဲ့ ရွာလူကြီးတို့ စိုးရိမ်ကြောင့်ကြကြီးပြီး ငိုကြွေးနေကြလိမ့်မယ်။” လောင်တက အပြင်ဖက်တွင် သည်းထန်စွာ ရွာသွန်းနေသော မိုးကိုကြည့်ကာ အသက်ငယ်သေးသော်လည်း သက်ပြင်းချကာ ရင့်ကျက်စွာ ပြောခဲ့သည်။


လင်းချင်းဟယ်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ “ဒါက အထွေအထူး မဟုတ်ဘူး။ ဇွန်လရဲ့ ရာသီဥတုအခြေအနေက ဒီလိုမျိုး ဖြစ်နေကျပဲ။ မနက်ဖြန်ကျရင် နေသာသွားလိမ့်မယ်။”


ဒါပေမယ့် ဒီတစ်ခါမှာတော့ အရင်လို မဟုတ်ပဲ ခုနစ်ရက်ဆက်တိုက် မိုးရွာသွန်းခဲ့ပြီး ရပ်တန့်သွားမယ့် အရိပ်အယောင်မရှိဘူး။ ကျေးရွာလူကြီးနဲ့ ရွာအတွင်းရေးမှုးတို့ပင် မပြောနဲ့၊ ထုတ်လုပ်ရေးအဖွဲ့သားအားလုံးကလည်း စိုးရိမ်ပူပန်နေကြသည်။


ဒါပေမယ့် ရှေးလူကြီးတွေ ပြောသည့်အတိုင်း ဇွန်လရဲ့ ရာသီဥတုဟာ အစိုးမရချေ။

 

အဲ့ဒီညက တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းပြီး နောက်တစ်နေ့ မနက်ခင်းမှာ တိမ်ကင်းစင်ပြီး နေသာသွားခဲ့သည်။

 

မိုးရွာသွန်းပြီးနောက် ကောင်းကင်ဟာ အထူးတလည် တောက်ပနေပြီး မိုးရွာပြီးနောက် နေအပူရှိန်ကတော့ အတော်လေး ပူပြင်းသည်။


ဒါပေမယ့် ထုတ်လုပ်ရေးအဖွဲ့သားကတော့ နေအပူရှိန် ပြင်းထန်တာကို ဂရုမထားနိုင်ပဲ သူတို့အားလုံး စိတ်သက်သာရာရသွားခဲ့သည်။


ထို့နောက် သူတို့တွေဟာ နွေစပါးရိတ်သိမ်းဖို့ အမြန်ပြင်ဆင်ကြတော့သည်။


လင်းချင်းဟယ်ကတော့ နွေစပါးရိတ်သိမ်းခြင်းကို လုံးဝ ဂရုမစိုက်ပေ။ မိုးစဲသွားသည်ကို မြင်လိုက်ရသောအခါတွင် လင်းချင်းဟယ်သည် သစ်နံကိုင်းအရွက်များကို မီးရှို့ပြီး မီးခိုးမှိုင်းတိုက်သည်။ သူမ အဓိကမီးခိုးမှိုင်းတိုက်ပေးသည့်နေရာတွေကတော့ ဝက်ခြံနဲ့ ကြက်ခြံတွေ ဖြစ်သည်။ သစ်နံကိုင်းရွက်များကို အသုံးပြုပြီး မီးခိုးမှိုင်းတိုက်ပေးရုံသာမက ပိုးသတ်ရန်အတွက် ထုံးမှုန့်ဖြူးပေးခဲ့သည်။ ပတ်ဝန်းကျင် သန့်ရှင်းနေဖို့ကို အထူး အလေးအနက်ထားရမည်။


ရာသီဥတု သာယာပြီး ရက်အနည်းငယ်ကြာတော့ ရွာထဲမှာ နွေစပါးရိတ်သိမ်းချိန်၏ ဆော်သြသံကို ကြားရသည်။


အထူးသဖြင့် မိုးရွာသွန်းပြီးနောက် ရာသီဥတုက ဆိုးရွားလွန်းသဖြင့် ကျန်းမာရေး သိပ်မကောင်းသည့် ရွာရှိ အမျိုးသမီးတိုင်းလိုလို အပူလျှပ်သွားကြသည်။


လူတွေက သူမတို့နှစ်ယောက်အိမ်ကို ဆေးလာတောင်းကြသည်။


လင်းချင်းဟယ်က ခန့်မှန်းပြီး သူတို့အတွက် ဆေးပစ္စည်းအချို့ ဘေးဖယ်ထားလိုက်သည်။ ဒါတွေကို ဘယ်သူ့ကိုမှ ပေးလို့မရဘူး၊ သူမတို့မိသားစုအတွက် သိမ်းဆည်းထားရမည်။


ကျန်တစ်ဝက်ကို ဖြန့်ဝေပေးနိုင်သည်။ သူမတို့အပေါ် သဘောကောင်းသည့်သူများ တံခါးလာခေါက်ပြီး အကူအညီတောင်းလျှင် ကူညီပေးလိုက်မည် ဖြစ်သလို ငွေအသပြာကိုလည်း လက်ခံမည် မဟုတ်ပေ။

 

ဒီနည်းအားဖြင့် သူမရဲ့ ပုံရိပ်ကိုပါ ဖြူစင်သွားစေပြီး သူမက တကယ့်ကို စိတ်သဘောထား ကောင်းမွန်တယ်လို့ လူတွေက ဆိုကြပါသည်။


သို့‌သော် လင်းချင်းဟယ်က ဒီလိုမှတ်ချက်များကို စိတ်ကျေနပ်ခြင်း မရှိပေ။ သူမကို လူကောင်းတစ်ယောက်အဖြစ် တံဆိပ်ကပ်တာမျိုး မလိုချင်ဘူး။ ဒီလိုလူကောင်းတံဆိပ်နဲ့ဆို သူမကို လူတွေက အခွင့်ကောင်းယူဖို့ လွယ်ကူတယ်လို့ ထင်မြင်ကြပေလိမ့်မည်။


ဒါ့ကြောင့် နောက်ပိုင်းမှာ သူမဆီ တစ်ယောက်ယောက် အကူအညီ လာတောင်းသည့်အခါမှာ အကုန်ဖြန့်ဝေပြီးသွားလို့ မရှိတော့ဘူးဟု ရိုးရိုးရှင်းရှင်းပဲ ပြောလိုက်တော့သည်။


ဒါ့ကြောင့် တစ်လက်မ ပေးရင် တစ်ထွာလောက် လိုချင်တယ် ဆိုသည့် စကားအတိုင်း သူမက သူတို့အပေါ် ဘာမှ မပေးကမ်းသည့်အခါမှာ လူတွေက သူမကို ငြူစူစောင်းမြောင်း ပြောဆိုချင်ကြသည်။

 

အပြင်လူတွေ ဘာပြောပြော လင်းချင်းဟယ်ကတော့ လုံးဝ ဂရုမစိုက်ဘူး။ နွေစပါးရိတ်သိမ်းချိန်စတင်ပြီး သုံးရက်အတွင်း သူမသည် အိမ်မှာ မွေးမြူထားသည့် ကြက်အပိုနှစ်ကောင်ထဲမှ တစ်ကောင်ကို သတ်ပစ်ခဲ့သည်။


သူမသည် ထိုကြက်သားကို တရုတ်ဆီးသီးနီနဲ့ ကိုချီဘယ်ရီတို့ဖြင့် ရိုးရှင်းစွာ ချက်ပြုတ်ခဲ့သည်။


တစ်မိသားစုလုံး အာဟာရဓာတ်ပြည့်ဝနေဖို့ လိုအပ်သည်။


ကျန်ရှိနေသည့် ကြက်ကိုတော့ နွေစပါးရိတ်သိမ်းပြီးချိန်မှာ သတ်ပြီး ချက်ပြုတ်စားသောက်ခဲ့သည်။


နွေစပါးရိတ်သိမ်းပြီးနောက် ပင်ပန်းနွမ်းနယ်နေပေမယ့် သူတို့ရဲ့ စိတ်ဝိညာဥ်တွေကတော့ လန်းဆန်းတက်ကြွနေခဲ့သည်။


အဆုံး၌ လင်းချင်းဟယ်သည် တစ်နေ့ သုံးနပ် ပြည့်စုံလုံလောက်စွာ စီမံခန့်ခွဲပေးခဲ့သည်။ သူက ပင်ပန်းနွမ်းနယ်နေရင်တောင် သူ့ရဲ့ ဖြတ်လတ်နေမှုကို မဆုံးရှုံးစေပါဘူး။


နွေစပါးရိတ်သိမ်းပြီးနောက် ရိက္ခာတွေကို ဝေငှပေးခဲ့သည်။


ကျိုးချင်းပိုင်နဲ့အတူ သူတို့ရဲ့ မိသားစုတွေကလည်း ရိက္ခာအများအပြား ရရှိခဲ့သည်။ လင်းချင်းဟယ်ကလည်း ပိုက်ဆံဖြင့် ရိက္ခာတွေကို ထပ်မံ လဲလှယ်ခဲ့သေးသည်။


သူမက ရိက္ခာကို ထပ်မံ လဲလှယ်တော့ အဖွဲ့က ဘာမှ မပြောပါဘူး။ အဆုံး၌ သူမဟာ ဘဝကို ဘယ်လိုရှင်သန်နေထိုင်ရမှန်း မသိပဲ ကောင်းကောင်းမွန်မွန် စားသောက်သုံးစွဲတတ်တာကို သူတို့အားလုံး သိရှိထားခဲ့ကြသည်။


အထူးသဖြင့် ဝက်စာကျွေးသည့်အခါမှာပင် ပြောင်းဆန်များကို ကျွေးမွေးကြောင်း သူတို့ ကြားသိခဲ့ရသည်။ ဒါက တကယ့်ကို အသုံးအဖြုန်းကြီးမားတာပါပဲ။


ဒါ့ကြောင့် သူမ ရိက္ခာများများ လဲလှယ်တာက သူတို့အတွက် အဆင်ပြေသည်။


ကျိုးချင်းပိုင်သည်လည်း ဒီအကြောင်းကို သိသည်။ ရိက္ခာတွေကို တွန်းလှည်းဖြင့် အိမ်သို့ ပြန်ပို့ပြီးတာနဲ့ သူ့ဇနီးသည်ကို အကြည့်ဖြင့် မေးလိုက်သည်။


“အဟွတ်... အဟွတ်၊ ကျွန်မ မြို့ပေါ်က အဖွားကြီးတစ်ယောက်နဲ့ သိခဲ့တယ်။ သူမရဲ့အိမ်အခြေအနေက သိပ်အဆင်မပြေဘူး။ တစ်ခါတစ်ရံဆို တစ်နေ့မှ ထမင်း တစ်နပ်ပဲ စားနိုင်ပြီး နှစ်နပ်ကို ဗိုက်ဟောင်းလောင်းနဲ့ ဖြတ်သန်းရတယ်။ ဒါပေမယ့် သူမရဲ့ချွေးမဖြစ်သူက အထည်စက်ရုံမှာ အလုပ်လုပ်တယ်။ ကျွန်မ ရှင်တို့အတွက် ဖိနပ်များများ ပိုချုပ်ပေးချင်တယ်။ ဒါကြောင့် သူမမှာ ရှိတဲ့ အဝတ်စဖြတ်ပိုင်းတွေနဲ့ ရိက္ခာကို လဲလှယ်ချင်တယ်။ အထူးသဖြင့် ရှင်နဲ့ လောင်တတို့အတွက်ပေါ့။ ရှင်တို့ရဲ့ ဖိနပ်တွေက စီးနေတာ တော်တော်ကြာပြီ။” လင်းချင်းဟယ်က ပြောသည်။


ကျိုးချင်းပိုင်ရဲ့ အကြည့်တွေက နူးညံ့သွားပြီး “မင်း ပင်ပန်းရပြီ” လို့ တုံ့ပြန်ပြောဆိုလိုက်သည်။


“မလိုပါဘူး။ ကျွန်မရဲ့ အရင်ဘဝက ရှင့်ဆီကို အကြွေးတင်နေတာ ဖြစ်နိုင်တယ်။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းရင်း စကားဆိုသည်။

 

ကျိုးချင်းပိုင်က ရယ်မောလိုက်မိသည်။


လင်းချင်းဟယ်သည် သူမ၏ အစားအသောက် ရောင်းချသည့် လုပ်ငန်းကို စတင်ခဲ့သည်။


တကယ့်တော့ ဒီခေတ်ဒီအခါမှာ ရိက္ခာတွေရောင်းချတာမျိုး သိပ်မရှိဘူး။ သူမသည် ပြောင်းစေ့ ကျင်း၃၀၀နဲ့ ဂျုံ ကျင်း၅၀ကျော်လောက်ကိုသာ ဝယ်ယူခဲ့သည်။


သို့သော် သူမသည် ကန်စွန်းဥ၊ အာလူး၊ ပဲအမျိုးမျိုး၊ မြေပဲ၊ နှမ်း စသည်တို့ကို အများအပြား ဝယ်ယူခဲ့သည်။


သူမသည် ဒီအရာများကို နည်းနည်းချင်းစီ ခွဲခြမ်းပြီး နေရာလွတ်ထဲသို့ ပြောင်းထည့်ကာ မြို့ထဲသို့ ပို့‌ဆောင်ခဲ့သည်။


ရိက္ခာကူပွန် မလိုအပ်တဲ့ ရိက္ခာတွေရဲ့ စျေးနှုန်းက အနည်းငယ် မြင့်မားပြီး ရောင်းချရတာ အရမ်းအဆင်ပြေသည်။ လင်းချင်းဟယ်သည် ယခင်ကတည်းက ရောင်းချရာမှာ အတွေ့အကြုံရှိသူတစ်ဦး ဖြစ်ပြီး ငွေကြေးနဲ့ ကုန်ပစ္စည်းတွေကို ရှင်းရှင်းပြတ်ပြတ် ဖလှယ်နိုင်စွမ်းရှိသည်။

 

ရိတ်သိမ်းပြီးခွဲဝေရရှိသော ဆန်စပါးတွေရဲ့ စျေးနှုန်းက နှစ်ဆနီးပါး မြင့်တက်ပြီး အမြတ် ယွမ် ခုနစ်ဆယ်နီးပါး ရရှိခဲ့သည်။ ဆန်စပါးအပြင် ဂျုံက အမြတ်အစွန်း အရဆုံးပင်။

 

သူမ ရောင်းချသော ပမာဏက အရမ်းနည်းတယ်၊ မဟုတ်ရင်၊ သူမ ဒီထက် ဝင်ငွေ ပိုရနိုင်သည်။