အခန်း(၁၁၅)ပြောရဆိုရခက်တဲ့လောင်တ
Viewers 38k

အခန်း (၁၁၅) – ပြောရဆိုရခက်တဲ့ လောင်တ


သို့ပေမယ့် ယွမ်ခုနစ်ဆယ်ရတာ မဆိုးဘူး။ ယွမ်ခုနစ်ဆယ်ဆိုသည်မှာ ဒီခေတ်အချိန်မှာ သေးငယ်သော ပမာဏ မဟုတ်ပေ။


ပြီးတော့ ဒါက ရိက္ခာရောင်းချရုံပဲ ရှိသေးသည်။ ဝက်သားရောင်းဖို့ ကျန်သေးသည်။ ဒီတစ်ကြိမ် ဝင်ငွေက အနည်းဆုံး ယွမ်တစ်ရာဝန်းကျင်လောက် ရသည်။


ကုန်လက်ကျန်များကို ရှင်းလင်းပြီးနောက် လောင်အာ့နဲ့ လောင်စန်းတို့ကို ခေါ်ပြီး စျေးပတ်ခဲ့သည်။ သူမ စျေးရောင်းပြီး ပြန်လာတော့ ကလေးနှစ်ယောက်ဟာ သူမရဲ့ စက်ဘီးဘေးမှာ လိမ်လိမ်မာမာ ထိုင်စောင့်နေကြသည်။


သူတို့ရဲ့ မျက်လုံးလေးတွေကတော့ ဘေးနားပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေခဲ့ကြသည်။ တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့က စကားနားထောင်မယ့်ပုံမပေါ်သော်လည်း သူတို့က ဟိုဟိုဒီဒီ လျှောက်မသွားခဲ့ပဲ သူတို့မိခင်ပြောစကားကို နာခံပြီး မိခင်ဖြစ်သူကို ထိုင်စောင့်နေခဲ့ကြသည်။


သူတို့က လင်းချင်းဟယ်ကို တွေ့လိုက်တာနဲ့ မျက်လုံးတွေ တလက်လက် တောက်ပသွားခဲ့သည်။


“အမေ” လောင်စန်းက အရှေ့သို့ အပြေးလာပြီး သူလေးမိခင်ရဲ့ ‌ပေါင်တံကို ပွေ့ဖက်လိုက်သည်။


“နင်တို့ အမေ ပြန်လာမှာကို ငြိမ်ငြိမ်သက်သက် စောင့်နေရဲ့လား။” လင်းချင်းဟယ်က မေးလိုက်သည်။


“ဟုတ်၊ သားတို့ ဒီနေရာမှာပဲ စောင့်နေခဲ့တာ။” လောင်အာ့က ပြန်ဖြေသည်။


လောင်စန်းက ခေါင်းညိတ်ထောက်ခံပြီး ပူဆာလိုက်သည်။


“အမေ၊ သားကို ထန်ဟူလုတစ်ချောင်းလောက် ဝယ်ကျွေးပါလား။”


“ရေခဲချောင်းတစ်ချောင်းစားရုံနဲ့ မလုံလောက်သေးဘူးလား။” လင်းချင်းဟယ်က ပြောသည်။


ရေခဲချောင်းတစ်ချောင်းကို ရှစ်ဆင့်ကျသည်။ သူမက ရေခဲချောင်း နှစ်ချောင်းဝယ်ပြီး တစ်ယောက် တစ်ချောင်း ပေးခဲ့သည်။


“သား စားချင်နေတုန်းပဲ။” လောင်စန်းသည် အလိုလိုက်ခံရသည့် ကလေးငယ်လို ပြုမူလာခဲ့သည်။


“အမေ နင်တို့အတွက် တစ်ချောင်းဝယ်ပေးမယ်။ ဒါပေမယ့် အမေတို့ အဲ့တာကို အိမ်ပြန်ယူသွားပြီး အမေ၊ နင်တို့အဖေနဲ့ နင်တို့အစ်ကိုကြီးတဲ့ မျှဝေစားသောက်ရမယ်။” လင်းချင်းဟယ်က ပြောသည်။


“ဟုတ်ကဲ့ပါ” လောင်အာ့က ပျော်ရွှင်စွာ ခေါင်းညိတ်သည်။


လောင်စန်းက တုံ့ဆိုင်းသွားခဲ့သည်။ သူ့အဖေနဲ့ အစ်ကိုတွေနဲ့ မျှဝေစားသောက်သင့်တယ် ဆိုသည့် အသိဖြင့် ခေါင်းညိတ်ခဲ့သည်။


လင်းချင်းဟယ်က သူတို့ကို အနားပတ်လည် ခဏလောက် ခေါ်သွားခဲ့သည်။ အိမ်မှာ သကြား ကုန်ခါနီးပြီ။ သူမ နောက်ထပ် သကြားတစ်ကျင်းလောက် ဝယ်ယူခဲ့သည်။ အခြား ဘာမှ မလိုအပ်တော့ဘူး။ ဒါပေါ့၊ သူမ နို့မှုန့်တစ်ဗူးလည်း ဝယ်ယူခဲ့သေးသည်။ ကလေးတွေက ဒါကို သောက်လို့ရတယ်။


ကျန်တာကတော့ ဘာမှ မလိုအပ်ဘူး။ သူမသည် ဆီစိမ်စက္ကူဖြင့် ပတ်ထားသော ထန်ဟူလုတစ်ချောင်းကို ဝယ်လိုက်သည်။ ထို့နောက် သူမတို့ အိမ်ပြန်လာခဲ့ကြသည်။


အိမ်ပြန်ရောက်သောအခါ လောင်အာ့တို့ညီအစ်ကိုနှစ်ယောက်က ထန်ဟူလုကို အခုစားချင်တယ်လို့ လင်းချင်းဟယ်ကို ပူဆာကြသည်။ သူတို့ကို တစ်ယောက်တစ်ခုစီ ကျွေးလိုက်တော့ သုံးခု ကျန်ခဲ့သည်။


နေမွန်းတည့်ချိန် ကျိုးချင်းပိုင် အလုပ်မှ အိမ်ပြန်လာပြီး လောင်တ ကျောင်းဆင်းလာပြီးနောက် ဝက်စာမြက်ရှာဖွေပြီး အိမ်ပြန်ရောက်သောအခါတွင် လင်းချင်းဟယ်က ထန်ဟူလုကို ထုတ်ယူကာ သူတို့ကို ကျွေးလိုက်သည်။ သူတို့ တစ်ယောက် တစ်ခုစီ စားရသည်။


ဒါကိုကြည့်ရင်း လောင်အာ့နဲ့ လောင်စန်းတို့က သွားရည်ယိုနေခဲ့ကြသည်။


“အမေ” လောင်စန်းက ထန်ဟူလုကို စားချင်နေသေးသည်။


“နင် ငိုပြနေလည်း အသုံးမဝင်ဘူး။ နင် တစ်ခု စားပြီးပြီ၊ အခု နင့်ဝေစု မကျန်တော့ဘူး။” လင်းချင်းဟယ်က ပြောသည်။


လောင်စန်းလေးက ငိုချင်နေသော မျက်နှာလေးဖြင့် နောက်သို့ ပြန်ဆုတ်သွားခဲ့သည်။


“နောက်တစ်ခါ နင်တို့ အဖေနဲ့ အစ်ကိုကြီးကို မစောင့်ပဲ ကိုယ့်ဝေစုကို အရင် စားကြဦးမလား။” လင်းချင်းဟယ်က မေးသည်။


လောင်အာ့နဲ့ လောင်စန်းတို့က မစောင့်ပဲ တစ်ယောက်တည်း မစားတော့ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့သည်၊ မဟုတ်ပါက သူတို့ဝေစု မရှိတော့သည့်အတွက် အဖေနဲ့ အစ်ကိုကြီးတို့ စားနေတာကို ကြည့်ရင်း ငိုချင်နေမိခဲ့သည်။


လင်းချင်းဟယ်သည် သူမရဲ့ စိတ်ကျေနပ်မှုကို ထုတ်ဖော်ပြသပြီးနောက် သူတို့ကို နေ့လည်စာစားရန် စုရုံးခဲ့သည်။


ကျိုးချင်းပိုင်သည် သူမ ကလေးတွေကို သိတတ်လိမ္မာအောင် ပညာပေးနေသည့် မည်သည့်အခါမျိုးမှ ဝင်ရောက်စွက်ဖက်ပြောဆိုခြင်း မရှိပေ။ ဒီရှေးရိုးစွဲအမျိုးသားသည် အိမ်အပြင်မှာ အမျိုးသားတွေက စီးပွားရှာပြီး အိမ်အတွင်းမှာ မိန်းမတွေရဲ့ ပြောစကားကို အမြဲလိုက်နာခဲ့သည်။ အိမ်တွင် သူမရဲ့ ပြောစကားက အရေးပါဆုံးပင်။


လင်းချင်းဟယ်သည် ဒီလိုရှင်းလင်းသော သဘောထားကို အမှန်တကယ် စိတ်ကျေနပ်သည်။


အဆုံး၌ ဒါဟာ သူမအပေါ် သူ့ရဲ့ အသိအမှတ်ပြုမှုတစ်ခုပဲ ဖြစ်သည်။


“ဒီကြက်နှစ်ကောင်ကို ရှင် ဘယ်က ဝယ်ခဲ့တာလဲ။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို မေးသည်။


“ကျေးရွာအတွင်းရေးမှုးဆီက ဝယ်လာတာ။” ကျိုးချင်းပိုင်ရဲ့ အကြည့်တွေက နူးညံ့ညင်သာနေခဲ့သည်။


သူတို့မိသားစုမှာ ကြက်ဥ ဥတဲ့ ကြက်မသုံးကောင်ကို မွေးမြူထားသည်။ အခု ကြက်ပေါက် နှစ်ကောင် ထပ်ဝယ်လာခဲ့သည်။ နောက်ဆုံးကျန်ရှိသည့် ကြက်နှစ်ကောင်ကို နွေဦးပေါက်မှာ တစ်ကောင်၊ နွေစပါးရိတ်သိမ်းပြီးချိန်မှာ တစ်ကောင် သူတို့သားအဖတွေအတွက် စွပ်ပြုတ်ချက်ပေးရန် သတ်ခဲ့ပြီးပြီ ဖြစ်သည်။


အခု ဝယ်လာသည့် ကြက်ပေါက် နှစ်ကောင်ကို ဇူလိုင်လမှ အောက်တိုဘာလအထိ မွေးမြူထားနိုင်သည်။ ကြက်ပေါက်လေးတွေ ကြီးထွားလာဖို့ အချိန် သုံးလကျော်က လုံလောက်ပါသည်။

 

အချိန်ကျရင် သူတို့ကိုသတ်ပြီး ဒီသားအဖတွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးနိုင်သည်။


အခြားနည်းလမ်း မရှိဘူး။ ဒီခေတ်အချိန်အခါမှာ သယံဇာတ အရင်းအမြစ်တွေက အရမ်းရှားပါးပြီး နေ့စဥ် အဆက်မပြတ် အလုပ်လုပ်ကြရသည်။ ကြက်သားနဲ့ ငါးတွေကသာ သူတို့ရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပါသည်။


အခြေခံအားဖြင့်တော့ အခြား စားစရာ ဘာမှ မရှိကြဘူး။


အနာဂတ်ကာမှ အချိန်ကူးပြောင်းလာခဲ့သော သူမ တစ်ဦးတည်းသာလျှင် ဤကဲ့သို့ စားသောက်နေထိုင်ခြင်း ဖြစ်သည်။ သူမ ရွာထဲမှာ လေ့လာကြည့်လိုက်တော့ သူမတို့မိသားစုလိုမျိုး စားသောက်တဲ့ မိသားစုမျိုး မရှိဘူး။


ဒီလိုမျိုး စားသောက်နေထိုင်ရသည့် အဓိက အကြောင်းအရင်းမှာ လင်းချင်းဟယ်သည် အာဟာရ ပြည့်ဝစွာ မစားသောက်ရသောကြောင့် ကျိုးချင်းပိုင်ရဲ့ ကျန်းမာရေး အလွန်ထိခိုက်သွားမှာကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

 

ဒါ့ကြောင့် သူမကို အပြင်ဖက်မှာ ဘယ်သူ ဘာပြောပြော သူမ ဂရုမစိုက်ဘူး။ အိမ်မှာ တစ်နေ့ သုံးနပ်ပြည့်အောင် စားသောက်ရမယ်။


နေ့လည်စာအတွက်ကတော့ ဝက်နံရိုးကို ပင်လယ်ရေညှိနဲ့ စွပ်ပြုတ်ချက်ထားတာရယ်၊ သခွားသီးနဲ့ ကြက်ဥကို မွှေကြော်ရယ်၊ ခရမ်းချဥ်သီးစွပ်ပြုတ်နဲ့ ပဲပေါက်စီကို တွဲဖက်စားသုံးမည်။


ဒီဟင်းလျာသုံးမျိုးက အရမ်းရိုးရှင်းပေမယ့် အာဟာရဓာတ် ပြည့်စုံလုံလောက်သည်။


“ညနေခင်းကျရင် လယ်ငါးလေးဖြစ်ဖြစ် ငါးရှဥ့်ဖြစ်ဖြစ် ရ မရ ရှင် သွားကြည့်ပါလား။” နေ့လည်စာစားပြီးနောက် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။


“ကောင်းပြီ” ကျိုးချင်းပိုင်က သဘောတူသည်။


ညနေခင်း အလုပ်ဆင်းတာနဲ့ ကျိုးချင်းပိုင်သည် လယ်ငါးလေးတွေ ဖမ်းရန် ထွက်သွားခဲ့သည်။


လယ်ငါးလေးတွေ ခြင်းတစ်ဝက်ခန့် ဖမ်းမိခဲ့ပြီး ငါးရှဥ့်နှစ်ကောင်ပါ ဖမ်းမိခဲ့ပါသည်။ ငါးရှဥ့် တစ်ကောင်ကို ၂၅၀ဂရမ် ၃၀၀ဂရမ်လောက် ရှိမည်။ ဒီလိုအချိန်အခါမျိုးမှာသာ ဒီလိုငါးရှဥ့်ကြီးတွေ ရနိုင်ပေသည်။ နောက်ပိုင်းကျရင် ဒီလိုမျိုး ငါးရှဥ့်ကြီးတွေ ဖမ်းမိဖို့ အတော်လေး ရှားပါးသွားလိမ့်မည်။


ဒါတွေကို ဖမ်းမိပြီး အိမ်ပြန်ရောက်လာတော့ လင်းချင်းဟယ် အရမ်းအံ့အားသင့်သွားခဲ့သည်။


လယ်ငါးလေးတွေကို ရွှံ့တွေ ကင်းစင်စေရန် ရေဇလားတစ်ခုထဲ ထည့်ထားခဲ့သည်။ ဒီလယ်ငါးလေးတွေကို မနက်ဖြန်ရန် တို့ဟူးနဲ့ ရောချက်စားမည်။ ငါးရှဥ့်နှစ်ကောင်ကိုတော့ ဒီည ချက်စားမည်။ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဒီငါးရှဥ့်နှစ်ကောင်ကို သတ်ခိုင်းခဲ့ပြီး သူမကတော့ ကြက်သွန်နီဥတွေ တူးဖော်ဖို့ နောက်ဖေးခြံဝန်းထဲသို့ သွားရောက်ခဲ့သည်။


လင်းချင်းဟယ်က ငါးရှဥ့်ရောပြွမ်းဟင်းလျာကို ကြိုက်နှစ်သက်သည်။ ငါးရှဥ့်က နှစ်ကောင်ပဲ ဆိုပေယ့် အကောင် မသေးပေ။ ဒါ့ကြောင့် တစ်မိသားစုလုံး ဗိုက်ဝအောင် စားသောက်နိုင်ခဲ့သည်။


ညနေစာကတော့ ငါးရှဥ့်ရောပြွမ်းဟင်းလျာတစ်ခွက်နဲ့ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တို့ပဲ ဖြစ်သည်။ သားအဖတွေဟာ တစ်ယောက်ကို ကြက်ဥပြုတ် တစ်လုံးစီပါ ရခဲ့သေးသည်။ အဓိက စားသောက်ရတာက‌တော့ ပြောင်းဖူးမန်ထိုပဲ ဖြစ်သည်။


ညစာစားပြီးနောက် ပဲတီစီမ်းစွပ်ပြုတ်ကို ရေတွင်းထဲ ထည့်စိမ်ထားခဲ့သည်။


ပဲတီစိမ်းစွပ်ပြုတ်ထဲတွင် သကြားခဲအနည်းငယ် ထည့်ထားသောကြောင့် ချိုမြမြ အရသာလေးကို ရရှိပေသည်။ အရသာက ပြောစရာ မလိုလောက်အောင် အရမ်းကောင်းသည်။ သူတို့ကို ည ခုနစ်နာရီလောက်မှာ သောက်ဖို့ ခဏဘေးဖယ်ထားခဲ့သည်။


“လောင်တ စာမေးပွဲ ဖြေရတော့မှာလား။” လင်းချင်းဟယ်က လောင်တကို မေးသည်။


သိပ်မကြာခင်က နွေစပါးရိတ်သိမ်းချိန်ဖြစ်၍ ကျောင်းခဏပိတ်ထားသည်။ နွေစပါးရိတ်သိမ်းချိန်ပြီးတော့ ကျောင်းပြန်တက်ရသည်။


ဒီခေတ်အခါတွင် ပညာရေးကို သိပ်အရေးမထားသည့်အတွက် ‌ကျောင်းစနစ်က အလွန်လျော့ရဲရဲနိုင်တယ်လို့ ဆိုရပေမည်။


“သဘက်ခါကျရင် စာမေးပွဲ ဖြေရမယ်။ စာမေးပွဲဖြေပြီးသွားရင် ‌ကျောင်းပိတ်ပြီ။” ကျိုးလောင်တက ပြန်ဖြေသည်။


“နင်သာ အကောင်ဆုံး ကြိုးစားချေ။” လင်းချင်းဟယ်က ခေါင်းညိတ်ရင်း သတိပေးသည်။


“အမေ၊ သား စာမေးပွဲပြီးရင် နွေရာသီ အားလပ်ရက် ရပြီ။ သားကို မြို့ပေါ်မှာ ကစားဖို့ ခေါ်သွားပေးပါလား။ အမေ အမြဲတမ်း လောင်အာ့နဲ့ လောင်စန်းတို့ကိုပဲ ခေါ်သွားနေတာ၊ သားကို တစ်ခါမှ မခေါ်သွားသေးဘူး။” ကျိုးလောင်တက ပြောသည်။


“ကောင်းပြီ၊ ငါ နင့်ကို နောက်တစ်ခါ သွားတဲ့အခါကျရင် ခေါ်သွားပေးမယ်။ သေချာပေါက် နင် ဒီတစ်ခါမှာ အဆင့်ကောင်းကောင်း မရဘူးဆိုရင် အဲ့ဒီအကြောင်းကို စဥ်းတောင် မစဥ်းစားနဲ့တော့။” လို့ လင်းချင်းဟယ်က တုံ့ပြန်သည်။

 

ကျိုးလောင်တရဲ့ မျက်လုံးတွေက တလက်လက် တောက်ပသွားခဲ့ပြီး “ဒီတစ်ခေါက် စာမေးပွဲကို သေသေချာချာ ဖြေပါ့မယ်လို့ သား ကတိပေးတယ်။”


လင်းချင်းဟယ်က ဖိနပ်ကိုသာ ဆက်ချုပ်နေခဲ့သည်။ ကျိုးချင်းပိုင်က သူမကို ယပ်ခတ်ပေးနေခဲ့သည်။ လင်းချင်းဟယ်က ထိုင်နေတာ ခဏကြာပြီးနောက် ပြောလိုက်သည်။ “ကျွန်မတို့အိမ်ရဲ့ အရမ်းသန့်ရှင်းနေပေမယ့် ခြင်တွေ အများကြီး ရှိနေသေးတယ်။”


ခြင်တွေ တော်တော်များတာကြောင့် သူတို့ ခြင်ကိုက်ခံရတာ များသည်။


“အမေ၊ သားကို ခြင်ကိုက်နေတယ်၊ သားကို ဆီနည်းနည်းလောက် သုတ်ပေးပါဦး။” ‌လောင်စန်းလေးက ပြောသည်။


လင်းချင်းဟယ်က အထဲသို့ ပြန်ဝင်သွားပြီး ဆီကို ထုတ်ယူကာ သူလေးကို လိမ်းပေးလိုက်သည်။


“သားကိုလည်း နည်းနည်းလောက် ပေးပါဦး။” လောင်အာ့က သူ့လက်တွေနဲ့ ခြေထောက်တွေကို ဆန့်ထုတ်ပေးလိုက်သည်။


လင်းချင်းဟယ်က သူ့ကိုလည်း လိမ်းပေးလိုက်သည်။ ဒီဆီတွေက သူမ မကူးပြောင်းလာခင်က ဝယ်လာခဲ့တာ ဖြစ်သည်။ ဒီဆီက အလွန်ထိ‌ရောက်မှုရှိပြီး ခြင်ပြေးစေသည့် အာနိသင် ရှိသည်။ 


“လောင်တ နင်ရော နည်းနည်းလောက် လိုချင်သေးလား။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကိုပါ တစ်ခါတည်း လိမ်းပေးနေရင်း လောင်တကို လှမ်းမေးလိုက်သည်။


“အမေက အမေ့ယောကျာ်းကိုကျ ဒီအတိုင်း လိမ်းပေးနေပြီး သားကျတော့ လိုချင်လားလို့ မေးတယ်။ အမေ သားကို ဒီဟာ တကယ် မသုံးစေချင်တာ မဟုတ်လား။” လောင်တက သက်ပြင်းချပြီး ညီးညူသည်။


“ဟီးဟီး... ဟီးဟီး” လောင်အာ့က တခစ်ခစ်ရယ်သည်။


လောင်စန်းလေးကလည်း လိုက်ရယ်သည်။


ကျိုးချင်းပိုင်ကတော့ သူ့ဇနီးသည်ကို နူးညံ့နွေးထွေးသော အကြည့်များဖြင့်သာ စိုက်ကြည့်နေခဲ့သည်။ လင်းချင်းဟယ်က အနည်းငယ် ရှက်သွားခဲ့သည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အထူးတလည် လိမ်းပေးတာမျိုး မဟုတ်ရပါ။ ဒီလောင်တကတော့ အသက်ကြီးလာတာနဲ့ တကယ် ပြောရဆိုရခက်လာတဲ့ ကောင်လေးပဲ။