အခန်း (၁၁၆) – လူကိုတွယ်ကပ်လွန်းသည့် အမျိုးသား
နွေရာသီကာလ ညအချိန်မှာ တစ်မိသားစုလုံး ကြယ်ရောင်စုံ ကောင်းကင်အောက်မှာ ပင်ပန်းဆင်းရဲတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရပေမယ့် ဒီအချိန်လေးမှာတော့ ကျိုးချင်းပိုင်ဖြစ်ဖြစ် ကောင်လေးတွေပဲဖြစ်ဖြစ် သူတို့အားလုံး အတော်လေးကို ပျော်ရွှင်နေကြသည်။
သူတို့ အသက်ကြီးလာသည်နှင့်အမျှ ဒီညီအစ်ကိုတွေကို လှည့်စားဖို့ ပိုခက်ခဲလာခဲ့သည်။
သို့သော် ခြုံငုံကြည့်ရှုပြီး ပြောရမယ်ဆိုရင် လင်းချင်းဟယ်သည် သူမရဲ့ လက်ရှိဘဝကို ကျေနပ်နှစ်သက်မိသည်။
အချိန်က သိပ်မစောတော့သဖြင့် လင်းချင်းဟယ်သည် သူတို့ ညဖက် အဆာပြေ ပဲတီစိမ်းစွပ်ပြုတ်ချိုလေးကို တိုက်ကျွေးခဲ့သည်။
ဒီပဲတီစိမ်းစွပ်ပြုတ်ခပ်ပျစ်ပျစ်လေးက အနည်းငယ် ချိုမြမြ အရသာရှိပြီး ဒီကောင်လေးတွေရဲ့ အကြိုက် ဖြစ်လေသည်။ လင်းချင်းဟယ်သည် နွေရာသီ အပူ သက်သာစေရန်အတွက် ဒီစွပ်ပြုတ်လေးကို နေ့တိုင်းလိုလို ချက်ပြုတ်ထားလေ့ရှိသည်။
အိုးတစ်လုံးစာက သိပ်မများပေမယ့် လူတစ်ယောက်ကို တစ်ပန်းကန်စီ သောက်သုံးဖို့ လုံလောက်ပါသည်။ ဒါကို သောက်သုံးရတာ အရမ်းစိတ်ကျေနပ်ဖို့ ကောင်းနေဆဲပင်။
ညဖက် အိပ်စက်တဲ့အခါ လင်းချင်းဟယ်က ကောင်လေးတွေအတွက် ခြင်ထောင်ချပေးသည်။
ခြင်ထောင်အောက်မှာ အိပ်စက်ရတာ နည်းနည်းတော့ အနေရခက်ပေမယ့် ခြင်တွေကို သွေးအလှူ မပေးချင်သည့်အတွက် ခြင်ထောင်ထောင်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့သည်လည်း ခြင်ထောင်ထောင်ပြီး အိပ်စက်ကြသည်။ ဆောင်းရာသီမှာဆိုရင် ကျိုးချင်းပိုင်က မီးဖိုကြီးလို နွေးထွေးနေသည့်အတွက် သူနဲ့အတူ အိပ်ရတာ အလွန် သက်တောင့်သက်သာ ရှိသောကြောင့် လင်းချင်းဟယ်သည် သူနဲ့အတူ အိပ်စက်ရတာ အရမ်းကြိုက်သည်။
သို့ရာတွင် လင်းချင်းဟယ်သည် ဒီနွေရာသီမှာတော့ ၎င်းကို သည်းမခံနိုင်တော့ပဲ ကျိုးချင်းပိုင်နဲ့ ခပ်ဝေးဝေး နေချင်ခဲ့သည်။
ဒါပေမယ့် ကျိုးချင်းပိုင်ကတော့ အိပ်ရာတစ်ဖက်စီမှာ တစ်ယောက်စီ သီးသန့် အိပ်စက်ရတာကို မကျေနပ်ဘူး။
လင်းချင်းဟယ်သည် ဒီလူက အပြင်ပန်းတွင် ကြမ်းတမ်းတဲ့ အမျိုးသားပုံစံရှိပြီး သူက ဘာမဆို လုပ်နိုင်တယ်လို့ တွေ့ရှိခဲ့ရပေမယ့် ဒီလူက တကယ်တမ်းတော့ သူမကို အရမ်းတွယ်တာလွန်းသည်။
ဥပမာအားဖြင့် ဒီလို အိပ်စက်သည့်အခါမျိုးတွင် သူမသည် သူ့လက်မောင်းကို ခေါင်းအုံးမအိပ်သော်လည်း သူက ဒီလိုလက်မောင်းကို ခေါင်းအုံးအိပ်စက်တာမျိုးကို အရမ်းသဘောကျသည်။
ဒါမျိုးကို ကြိုက်နှစ်သက်တာက အသုံးမဝင်လှဘူး။ လင်းချင်းဟယ်က ဒီလို အိပ်စက်ရတာ အဆင်မပြေဘူး။ လူတိုင်း ကိုယ့်နည်းနဲ့ကိုယ် အိပ်စက်ရတာ ပိုကောင်းမွန်သည်။
“ပူတယ်” လင်းချင်းဟယ်သည် သူအနားကပ်လာတာကို ခံစားရပြီးနောက် ပြောလိုက်သည်။
ထို့နောက် ကျိုးချင်းပိုင်သည် သူမအား ပွေ့ဖက်ယုယချင်နေသေးသော်လည်း သူမကို ယပ်ခတ်ပေးနေရသည်။
“ဇနီးလေး၊ အပြင်ဖက်မှာ အခြေအနေတွေ တည်ငြိမ်လာပြီဆိုရင် ကိုယ် မင်းသွားချင်တဲ့နေရာဆီ အလည်လိုက်ပို့ပေးမယ်။” ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်သည် အနည်းငယ် အိပ်ငိုက်နေပြီး “အဲ့တာဆို အကြာကြီး စောင့်ရဦးမှာပေါ့” လို့ ယောင်ဝါးဝါး ရေရွတ်လိုက်သည်။
အခုမှ ၁၉၇၁ခုနှစ်ပဲ ရှိသေးကာ ၁၉၇၇မှာ ကောလိပ်ဝင်ခွင့် စာမေးပွဲတွေ ပြန်စသည့် အချိန်အထိ စောင့်ဆိုင်းရဦးမည်။ ခုနစ်နှစ်လောက် စောင့်ဆိုင်းရပေဦးမည်။ ခုနစ်နှစ်... အာ... လီလီပန်းတွေ အေးစက်နေတဲ့အချိန်အခါ ဘယ်လောက်များများကို ဖြတ်သန်းနေရဦးမှာလဲ။
ကျိုးချင်းပိုင်က သူမကို ဘာမှ ပြန်မတုံ့ပြန်တော့ပဲ သူမကိုသာ ဆက်လက် ယပ်ခတ်ပေးနေခဲ့သည်။
လင်းချင်းဟယ် စိတ်အားထက်သန်လာပြီး “ချင်းပိုင်၊ ရှင် မြို့ဝင်ခွင့်စာတစ်စောင် ဒါမှမဟုတ် မြို့တော်ကို ဒီအတိုင်း သွားလာခွင့်ရှိလား။”
“မင်း မြို့တော်ကို သွားချင်လို့လား။” ကျိုးချင်းပိုင်သည် သူ့မျက်ခုံးကိုပင့်ပြီး သူမကို ကြည့်လိုက်သည်။
“ကျွန်မ တစ်ချက်လောက် သွားကြည့်ချင်လို့။” လင်းချင်းဟယ်က မျက်လုံးလေးပြူးပြီး ပြန်ဖြေသည်။
အခုလောလောဆယ် မြို့တော်ပေကျင်းမှာ ပျက်စီးနေတဲ့ အမှိုက်ပုံတွေမှာ ပစ္စည်းကောင်းလေးတွေ ဘယ်လောက်များများ ရှိနေပြီလဲ ဆိုတာကို ဘယ်သူ သိမလဲ။ ယိုစိမ့်ထွက်ကျလာတဲ့ ပစ္စည်းတွေကို ကောက်ယူပြီး သိမ်းထားနိုင်မလား ဆိုတာကို သိဖို့ သူမ ပေကျင်းမြို့တော်သို့ သွားကြည့်ချင်တယ်၊ ဒါဆိုရင် သူမ အနာဂတ်မှာ ချမ်းသာကြွယ်ဝလာနိုင်မလား။
“ကိုယ် ဒီနှစ် စုံစမ်းကြည့်ပေးမယ်။” ကျိုးချင်းပိုင်က ပြောသည်။
ဒါကို ကြားလိုက်ရတော့ လင်းချင်းဟယ်သည် အရမ်းစိတ်လှုပ်ရှားသွားပြီး သူမရဲ့ မိသားစုဝင် ချင်းပိုင်ကို ပွေ့ဖက်လိုက်ကာ “ချင်းပိုင်၊ ရှင်က အကောင်းဆုံးပဲ”
စုံစမ်းကြည့်ပေးမယ်လို့ ပြောလိုက်တာက သူ သဘောတူတယ်လို့ ဆိုလိုလိုက်တာပဲ။ လင်းချင်းဟယ်သည် သူမအပိုင်ခင်ပွန်းအကြောင်းကို ကောင်းကောင်းသိသည်။
ကျိုးချင်းပိုင်က ရယ်မောရင်း “မင်း ကိုယ့်ကို ဘယ်လို ပြန်ပေးဆပ်မှာလဲ။”
“ကျွန်မတို့က လင်မယားတွေလေ၊ ပြန်ပေးဆပ်ဖို့ လိုအပ်နေသေးတာလား။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်လိုက်သည်။ လင်းချင်းဟယ်သည် သူ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ဘယ်လိုလုပ်ပြီး မသိပဲ နေမှာတဲ့လဲ၊ သူမက ရှက်ကိုးရှက်ကန်းအသွင်လေးဖြင့် “ရှင် ပင်ပန်းနေတာ မဟုတ်ဘူးလား။”
“ကိုယ် မပင်ပန်းပါဘူး။” ကျိုးချင်းပိုင်က အတော်လေးကို မြန်မြန်ဆန်ဆန် ပြန်ဖြေသည်။
သူက မပင်ပန်းဘူးဆိုတော့ ဒါကို လုပ်ဖြစ်သွားကြသည်။
အဲ့ဒီညရဲ့ ကိုယ်နေဟန်ထားက အတိတ်တုန်းကနဲ့ မတူညီ ပြောင်းလဲသွားခဲ့သည်။ ပြတင်းပေါက်အသစ်တစ်ခုကို ဖွင့်လှစ်လိုက်မိပြီး ကျိုးချင်းပိုင်သည် ကမ္ဘာသစ်တစ်ခုကို မြင်လိုက်ရပုံပေါ်သည်။
နောက်ပိုင်းတွင် လင်းချင်းဟယ်သည် သူမကိုယ်သူမ ပြန်လည်အကဲဖြတ်မိသည်၊ မင်း ဒါကို မလုပ်ရင် မင်း မသေနိုင်ပါဘူး။
သူမ ဘာဖြစ်လို့ အခြား တစ်ခုခုကို မလုပ်လိုက်မိရတာလဲ။ ဒီလိုကိစ္စရပ်မျိုးအတွက် ကိုယ်နေဟန်ထားအသစ်ကို သူမ ဘာဖြစ်လို့ ဖွင့်လှစ်ပေးလိုက်မိတာလဲ။ အခု သူမ ဒါကို လုပ်လိုက်မိသည်။ သူက တစ်ကြိမ်တည်းနဲ့ ဒါကို သင်ယူတတ်မြောက်သွားခဲ့ပြီး မလွတ်စတမ်း အသုံးချခဲ့သည်။ တစ်ခါတလေ သူမရဲ့ ဒူးနှစ်ဖက်လုံးမှာ ဒဏ်ရာတွေ ရရှိလာလိမ့်မယ်။
ဘာတွေ လုပ်ခဲ့လဲ ဆိုတာကို သူမ ဖော်ပြလို့ငှာ မစွမ်းသာနိုင်ဘူး။
အဲ့ဒီနေ့က လင်းချင်းဟယ်သည် ညီအစ်ကိုသုံးယောက်လုံးကို မြို့ပေါ်သို့ ခေါ်သွားခဲ့သည်။
လောင်စန်းသည် ကလေးစီးဖို့ သီးသန့်ပြုလုပ်ထားသည့် ကလေးထိုင်ခုံလေးဖြင့် ရှေ့တွင် ထိုင်သည်။ လောင်တနဲ့ လောင်အာ့တို့က နောက်တင်ခုံမှာ ထိုင်ကြသည်။ ဒါတောင်မှ လင်းချင်းဟယ်သည် ဒီညီအစ်ကိုသုံးယောက်ကို စက်ဘီးပေါ် နိုင်နိုင်နင်းနင်း တင်စီးပြီး ခရိုင်မြို့ပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။
ခရိုင်မြို့ပေါ်သို့ သွားရာလမ်းတွင် တောင်စောင်း အနည်းငယ် ရှိသည်။ သူမသည် လောင်တနဲ့ လောင်အာ့တို့ကို တောင်စောင်း အပေါ်သို့ အရင်တက်စေပြီးမှ ဆက်သွားရသည်။
သူမတို့ ခရိုင်မြို့ပေါ်သို့ ရောက်သွားတာနဲ့ သူတို့ညီအစ်ကို သုံးယောက်ကို တစ်ယောက် ရေခဲချောင်း တစ်ချောင်းစီ ဝယ်ပေးလိုက်သည်။ သူတို့က ဒါကိုစားရင်း အရင်လိုပဲ သူမကို ထိုင်စောင့်နေရမည်။
“အမေက ဘာသွားလုပ်တာလဲ။” ကျိုးလောင်တက ရေခဲချောင်းကို စားရင်း မေးလိုက်သည်။
“ကျွန်တော် မသိဘူး။” ကျိုးလောင်အာ့က ခေါင်းခါလိုက်သည်။ သူနဲ့ လောင်စန်းက ဒီပုံစံကို ကျင့်သုံးကြသည်။
“အမေ့ကို ထိုင်စောင့်နေ” လောင်စန်းက ပြောသည်။
သူတို့ရဲ့ အသွင်အပြင်ကို အကဲဖြတ်ကြည့်ရာ သူတို့ တကယ် မသိကြကြောင်းကို သိသွားသဖြင့် ကျိုးလောင်တက ထပ်မမေးတော့ဘူး။
သူမမှာ နေရာလွတ် ရှိသောကြောင့် လင်းချင်းဟယ်သည် သူမ ဝက်သားစရောင်းကတည်းက နှစ်ကြိမ်လောက် စစ်ဆေးရေးနှင့် တွေ့ကြုံခဲ့ပြီး ထိုအခါမျိုးမှာ အမေးအမြန်းမရှိ လွတ်မြောက်လာနိုင်ခဲ့ပါသည်။
စစ်ဆေးသည့်အချိန်မျိုးမှာ လက်ထဲမှာ ဘာပစ္စည်းမှ မရှိသည့်အတွက် ဘာမှ မေးမြန်းခြင်း မခံရတာ သဘာဝပါပဲ။
သို့သော်လည်း ဤအရာက လင်းချင်းဟယ်ကို ဒီခေတ်ဒီအခါရဲ့ စည်းမျည်းဥပဒေများကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားစေသောကြောင့် သူမသည် အလွန်နှိမ်ချသော အပြုအမူဖြင့် နေထိုင်ပြီး ဘာတစ်ခွန်းမှ မပြောဝံ့ပေ။
လင်းချင်းဟယ်သည် တစ်ခုခုဖြစ်ခဲ့ရင် ဒီလုပ်ငန်းကို ရပ်တန့်လိုက်ပါမည်ဟု သူမရဲ့ မိသားစုဝင်ချင်းပိုင်နှင့် သဘောတူညီချက် ထားရှိခဲ့သည်။
အဲ့တာကို ဘယ်လို ရပ်တန့်နိုင်ပါ့မလဲ။ နောက်ဆုံးမှာတော့ သူမသည် အခက်အခဲများစွာဖြင့် ဒီလို ငွေရှာနိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ တစ်လလျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့်သာ မြို့ပေါ်တက်ပြီး ဝက်သားရောင်းချတာ ဖြစ်ပေမယ့် သူမ ဝက်သားရောင်းချရာမှ ရရှိသော ဝင်ငွေသည် အလုပ်သမားတစ်ဦးရဲ့ ပျမ်းမျှဝင်ငွေထက် ပိုမြင့်မားသည်။
အကယ်၍ သူတို့မှာ အသားလက်မှတ်ရှိရင် သူမသည် အသားလက်မှတ်နှင့် လဲလှယ်ပေးသည်။ အကယ်၍ သူတို့မှာ အသားလက်မှတ်မရှိရင် လက်ရှိ အသားပေါက်စျေးထက် စျေးနည်းနည်းပိုမြင့်သည်။
လင်းချင်းဟယ်သည် သက်ကြီးပိုင်းကို အထူး ပစ်မှတ်ထားသည်။ ထိုကဲ့သို့ သက်ကြီးပိုင်း အဖွားအိုများသည် ဆင်းရဲဒုက္ခ အဖုံဖုံကို တွေ့ကြုံခံစားခဲ့ဖူးပြီး များသောအားဖြင့် သူတို့ဟာ ဒုက္ခဆင်းရဲကို မရှာဖွေချင်ကြတော့ပေ။ အရေးအကြီးဆုံးအချက်မှာ သူတို့အိမ်တွင် မြေးတွေ အများကြီး သေချာပေါက် ရှိလိမ့်မည်။ အဲ့ဒီအခါမျိုးမှာ အသား ဘယ်လောက်များများ လိုအပ်နေကြမလဲ။
အသားနည်းနည်းပဲ ကျန်မယ်ဆိုရင်တောင် သူတို့က အဲ့တာကို ရတနာလို တန်ဖိုးကြပေမည်။
သူတို့က သူတို့ရဲ့ မြေးလေးတွေ မြေးမလေးတွေအတွက် အသားကို သိမ်းထားချင်ကြတာ ဆိုတော့ သူတို့က ကိုယ့်ဒုက္ခကိုယ် ရှာဖို့ စိတ်ဝင်စားမှာ မဟုတ်ဘူ။ သူတို့ကိုယ်တိုင်လည်း ဒီကိစ္စရပ်ထဲမှာ ငြိစွန်းသွားနိုင်သည်။
လင်းချင်းဟယ်သည် သူမရဲ့ ဝက်သားတွေကို ရောင်းချတာ နာရီဝက်ခန့် ကြာခဲ့သည်။
ကောင်လေးတွေရှိရာသို့ သူမ ပြန်ရောက်လာသည့်အခါမှာ သူမသည် စုတာ့လင်းက သူ့စက်ဘီးကို တွန်းပြီး ကောင်လေးတွေက နောက်ကနေ လိုက်ပါသွားဖို့ လုပ်နေသည်။
“စတုတ္ထ... စတုတ္ထအစ်မ” စုတာ့လင်းက လင်းချင်းဟယ် ပြန်ရောက်လာတာကိုမြင်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။
သူက သူ့ဇနီးသည်ရဲ့ တူလေးတွေကို မြင်လိုက်ရသဖြင့် ရပ်စောင့်ပေးနေတာ ဖြစ်သည်။
“မတ်ကလေး ဖြတ်သွားတာလား။” လင်းချင်းဟယ်က တစ်ချက်ကြည့်ရုံဖြင့် အခြေအနေကို နားလည်သဘောပေါက်သွားကာ ပြုံးပြုံးရွှင်ရွှင် စကားဆိုလိုက်သည်။
“ဖြတ်... ဖြတ်သွားတာပါ” စုတာ့လင်းက ပြုံးကာ ရယ်ကာ ပြန်ဖြေသည်။
“နင်တို့ ရေခဲချောင်းတွေ စားပြီးတာတောင် မင်းတို့ဦးလေးကို မုန့်ဝယ်ကျွေးဖို့ ထပ်ပူဆာသေးတယ်ပေါ့လေ။” လင်းချင်းဟယ်က ကောင်လေးသုံးယောက်ထံ အကြည့်စူးစူးဖြင့် ပစ်ခွင်းလိုက်သည်။
“ဘာမှ... မဖြစ်ပါဘူး၊ ဒါက... ဒါက ရေခဲချောင်း... အနည်းငယ်ပါပဲ။” စုတာ့လင်းက အလျင်အမြန် စကားဖြတ်ပြောခဲ့သည်။
“နင်တို့ဦးလေးကို ကျေးဇူးမတင်ကြဘူးလား။” လင်းချင်းဟယ်က ပြောသည်။
“သားတို့ ကျေးဇူးတင်ပါတယ်။” ကျိုးလောင်တက သူ့ညီငယ်တွေကို ဦးဆောင်ရင်း ပြန်ဖြေခဲ့သည်။
လင်းချင်းဟယ်သည် စုတာ့လင်းနှင့် စကားအနည်းငယ် ပြောဆိုခဲ့သည်။ ကျိုးရှောင်မိန်ရဲ့ အခုကိုယ်ဝန်က တစ်လကျော်သာ ရှိသေးသည့်အတွက် ကလေးမွေးဖို့ ခုနစ်လကျော်လောက် လိုသေးသည်။
တတိယမရီးနဲ့ ကလေးမီးဖွားချိန် သိပ်မကွာလောက်ဘူး။
စကားအနည်းငယ် ပြောဆိုပြီးနောက် စုတာ့လင်း အိမ်ပြန်သွားခဲ့သည်။ ထို့နောက် လင်းချင်းဟယ်သည် ကောင်လေးသုံးယောက်ကို အကြည့်စူးစူးတွေဖြင့် ပစ်ခွင်းလိုက်ပြီး “နင်တို့ ဘာအမှားလုပ်မိလဲ ဆိုတာကို သိကြလား။”
“ဦးလေးကို ရေခဲချောင်း ဝယ်ကျွေးခိုင်းဖို့ ကျွန်တော်တို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သူက သူ့စိတ်ဆန္ဒနဲ့သူ သားတို့ကို ဝယ်ကျွေးဖို့ လုပ်တာပါ၊ အဲ့တာကို မစားဘူးဆိုရင် ဖြုန်းတီးရာကျလိမ့်မယ်။” လောင်အာ့က ပြောသည်။
“နောက်တစ်ခါ ဒီလို မလုပ်တော့ပါဘူးလို့ ကျွန်တော် ကတိပေးပါတယ်။” ကျိုးလောင်တက ချက်ချင်း ကတိပေးလိုက်သည်။
“အရသာ မကောင်းဘူး။” ဒါကတော့ လောင်စန်းလေးရဲ့ အကဲဖြတ်ချက်ပါ။
လင်းချင်းဟယ်က သူတို့ကို မေးခွန်းထုတ်သည်။ “တခြား လူစိမ်းတစ်ယောက်က နင်တို့ကို အရသာရှိတဲ့ ရေခဲချောင်း ကျွေးမယ်လို့ ပြောရင် နင်တို လက်ခံလိုက်မှာလား။”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။” ကျိုးလောင်တက ချက်ချင်း ပြန်ဖြေသည်။
“ဟုတ်တယ်၊ သူတို့ကို သိတောင် မသိဘူး။ မသိတဲ့သူတွေ ကျွေးတဲ့ အစားအစာကို ပေါ့ပေါ့တန်တန် မစားပါဘူး။” လောင်အာ့က ပြောသည်။
“မစားတော့ပါဘူး။” လောင်စန်းလေးက ပြောသည်။
ထို့နောက်တွင်တော့ လင်းချင်းဟယ်သည် ဒီကိစ္စကို ရုတ်သိမ်းလိုက်သည်။