အခန်း(၁၁၇)ကောလိပ်၀င်ခွင့်စာမေးပွဲပြန်လည်စတင်မည့်အချိန်ကိုစောင့်မျှော်နေသည်
Viewers 43k

အခန်း (၁၁၇) – ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်မည့်အချိန်ကို စောင့်မျှော်နေသည်


စုတာ့လင်း ထွက်သွားပြီးနောက် လင်းချင်းဟယ်သည် ကလေးသုံးယောက်ဖြင့် ခရိုင်မြို့ပေါ်မှာ လည်ပတ်ကြသည်။


ညီအစ်ကိုတွေက ဆက်လက်ပူဆာခဲ့ကြသည်။ လင်းချင်းဟယ်က အေးစက်စွာ ပြုံးရင်း “အစကတော့၊ ငါ နင်တို့ကို ထန်ဟူလုတစ်ချောင်းလောက် ဝယ်ကျွေးမလို့လုပ်ထားတာ၊ အခုတော့ ဝယ်မကျွေးတော့ဘူး။”


“ကျွန်တော်တို့အားလုံး ကိုယ့်အမှားကိုယ်သိပါပြီ။” လောင်တက ပြောသည်။


“နင်တို့ ဘာကို သိတာလဲ။ နင်တို့ရဲ့ အမှားကို နင်တို့ သိတယ် ဆိုရင်တောင် နင်တို့ အမှားကို ကျူးလွန်ခဲ့ပြီးတာက မပြောင်းလဲသွားဘူးလေ။” လင်းချင်းဟယ်က သနားညှာတာမှုကို လုံးဝမပြသပေ။


“အမေ၊ မြို့ပေါ်ကို တစ်ခေါက်လောက် ရောက်ဖြစ်ဖို့ ရှားပါးတယ်၊ ကျွန်တော်တို့အတွက် ထန်ဟူလုလေးတစ်ချောင်းလောက် ဝယ်ပေးပါနော်။” လောင်အာ့က ထပ်လောင်းပြောဆိုသည်။

 

“သားလည်း မှားမှန်းသိပါပြီ။” လောင်စန်းလေးကလည်း သူတို့ရဲ့ မိခင်ဖြစ်သူကို သနားစဖွယ် အသွင်လေးဖြင့် ကြည့်ကာ အသနားခံ ပြောဆိုခဲ့သည်။


လင်းချင်းဟယ်သည် ဒီညီအစ်ကိုသုံးယောက်ရဲ့ အပြုအမူကို တစ်ချက်ကြည့်ပြီး အရမ်း ကြမ်းကြမ်းတမ်းတမ်း မပြုမူတော့ဘူး။ သူမက “ငါ နင်တို့ကို တစ်ချောင်းတော့ ဝယ်ပေးနိုင်တယ်၊ ဒါပေမယ့် နင်တို့ ဒီနေ့ မစားရဘူး။ ငါတို့ ထန်ဟူလုကို အိမ်ပြန်ယူသွားပြီး သိမ်းဆည်းထားမယ်၊ အဲ့တာကို နင်တို့ မနက်ဖြန်မှ စားရမယ်။”


“အမေ...”


ကောင်ဆိုးလေး သုံးယောက်က သူတို့အမေကို ပူဆာလိုက်တာနဲ့ လင်းချင်းဟယ်က ချက်ချင်း “နင်တို့ လိုချင်လား မလိုချင်ဘူးလား ဆိုတာကိုပဲ ပြော” လို့ ကြားဖြတ်ပြောလိုက်သည်။


“လိုချင်ပါတယ်။” သူတို့ ဒီစကားကလွဲလို့ တခြားဘာစကားကို ဆိုနိုင်ဦးမှာလဲ၊ ဝယ်မကျွေးတာထက်စာရင် သိမ်းထားပြီး မနက်ဖြန်မှစားရမယ် ဆိုတာက တော်ပါသေးသည်။


“နင်တို့ ဒါကို မှတ်သားထားကြ။ ဒါက နင်တို့ရဲ့ ပထမဆုံးပြစ်မှုမို့ ငါ ညှာတာပေးလိုက်မယ်။ ဒါပေမယ့် နင်တို့ ဒုတိယအကြိမ် ထပ်ကျူးလွန်မယ် ဆိုရင်တော့ ဘာဖြစ်သွားမလဲ ဆိုတာကို နင်တို့ သိမှာပါ။” လင်းချင်းဟယ်သည် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော ထန်ဟူလုသုံးချောင်းကို ဝယ်ယူလိုက်သည်။


လောင်တ၊ လောင်အာ့နဲ့ လောင်စန်းတို့က နောင်အခါတွင် တခြားသူတစ်ယောက် ကျွေးမွေးသော အစားအသောက်များကို ပေါ့ပေါ့ဆဆ မစားတော့ကြောင်း သူတို့ခေါင်းကိုယ်စီညိတ်ပြီး ထောက်ခံသည်။


သူတို့သည် သူတို့မိခင်ဖြစ်သူရဲ့ အပြစ်ပေးနည်းလမ်းကို သိရှိကြသည်၊ ထိုနည်းလမ်းက ရိုးရှင်းပြီး ရက်စက်လွန်းသည်။ သူမသည် သူတို့ကို အပြစ်ပေးသည့်နည်းလမ်းမှာ ရည်ရွယ်ချက်ရှိရှိဖြင့် အရသာရှိသော အစားအသောက်များကို ချက်ပြုတ်ပြီး သွားရည်ကျစေခဲ့သည်။ သူတို့ သူမရဲ့ အပြစ်ပေးနည်းလမ်းကို အရမ်းကြောက်သည်။

 

အထူးသဖြင့် အိမ်မှာဆို သူတို့ဖခင်ဖြစ်သူတောင် သူမရဲ့ စကားကို မနာခံပဲ မနေရဲဘူး။


ထန်ဟူလုများကို ဝယ်ယူပြီးနောက် လင်းချင်းဟယ်သည် သူတို့အတွက် ကလေးဖတ်စာအုပ်များကို ဝယ်ပေးရန် စျေးဝယ်ထွက်ခဲ့သည်။ လောင်တသည် ပြန်လည်လေ့ကျင့်ခန်းစာအုပ်တစ်အုပ်ကို ဝယ်ပေးရန် တောင်းဆိုထားသော်လည်း ဒီခေတ်ဒီအခါက ပြန်လည်လေ့ကျင့်ခန်းစာအုပ်တွေက အရမ်းရိုးရှင်းလွန်းသည်။ ဒီတော့ သူတို့ ဘာတစ်အုပ်မှ မဝယ်ခဲ့တော့ဘူး။


အဲ့ဒီအစား သူတို့သည် စာအုပ်အဟောင်းတန်းက သတင်းစာအဟောင်းတစ်ပုံကို ဝယ်ယူခဲ့သည်။ ဒါတွေကို ကလေးတွေ ပျင်းပျင်းရှိသည်နှင့် အကြောင်းမဲ့လျှောက်၍ ရေးခြစ်ဖို့ ဝယ်ယူခဲ့တာ ဖြစ်သည်။


ဒါတွေက အလွန်စျေးပေါပြီး အထုပ်ကြီးတစ်ထုပ်ကို ဆင့်အနည်းငယ်ဖြင့် ဝယ်ယူရရှိခဲ့သည်။


ထို့အပြင် လင်းချင်းဟယ်သည် ဖရဲသီးတစ်လုံးကိုပါ ဝယ်ယူလာခဲ့သည်။ ပူပြင်းသော နွေရာသီတွင် စားရန် ဒီထက် ပိုကောင်းသည့်အရာ ဘာမှ မရှိဘူး။


ထို့နောက်တွင်တော့ လင်းချင်းဟယ်သည် ကောင်လေးသုံးယောက်နှင့်အတူ အိမ်ပြန်သွားခဲ့သည်။


အိမ်ပြန်ရောက်တော့ လင်းချင်းဟယ် လုံးဝကို ပင်ပန်းနွမ်းနယ်နေမိသည်။ ဒီညီအစ်ကိုသုံးယောက်ကို သူမ ပေါ့ပေါ့ပါးပါး မထားပဲ သူတို့ကို ကောင်းစွာပြုစုပျိုးထောင်ထားခဲ့သည်။


မနက်ဖြန်မှ စားရမယ်လို့ ပြောထားသည့်အတိုင်း ထန်ဟူလုတွေကို ဒီနေ့ လုံးဝ မကျွေးပဲ သိမ်းဆည်းထားလိုက်သည်။


ဖရဲသီးကိုမူ နေ့လည်စာ စားပြီးနော် အဆာပြေအဖြစ် စားသောက်ရန် ရေတွင်းထဲ အေးစိမ့်နေအောင် ထည့်ထားလိုက်သည်။

 

ပင်ပန်းနွမ်းနယ်နေသော်လည်း လင်းချင်းဟယ်သည် နေ့လည်စာအတွက် ပေါက်စီတစ်အိုး ပေါင်းထားပြီး ငရုတ်သီးစိမ်းနဲ့ ဝက်သားကြော် တစ်ပန်းကန်၊ ခရမ်းချဥ်သီးနဲ့ ကြက်ဥစွပ်ပြုတ် တစ်အိုးတို့ကို ပြင်ဆင်လိုက်သည်။


သို့ရာတွင် သူမရဲ့ မိသားစုဝင် အမျိုးသားသည် လယ်ယာထဲဆင်းပြီး အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည့်အပြင် အစာစားချင်စိတ်ပြင်းပြသော ကောင်လေးသုံးယောက်လည်း ရှိသဖြင့် ငရုတ်သီးနဲ့ ဝက်သားကြော် ပန်းကန်ထဲရှိ အသားပမာဏမှာ အတော်လေး များပြားပါသည်။

 

ဝက်ဗိုက်သားက ကြော်လှော်ချက်ပြုတ်သည့်အခါ အလွန်မွှေးပြီး ငရုတ်သီးစိမ်းကလည်း အရသာရှိလှသည်။


“အသား များများစား၊ ရှင်က တစ်နေ့လုံး လယ်ထဲဆင်းပြီး အလုပ်လုပ်နေရတာ။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ရဲ့ ပန်းကန်လုံးထဲကို အသားတွေ ထည့်ပေးလိုက်သည်။ ဒီအမျိုးသားက ငရုတ်သီးစိမ်းတွေကိုသာ များများစားနေပြီး အသားတွေကိုတော့ အများကြီး မစားဘူး။ သူ ဘာတွေးနေလဲ ဆိုတာကို သူမ မသိပဲ ဘယ်နေပါ့မလဲ၊ သူက အသားတွေကို သူမနဲ့ က‌လေးတွေကို များများစားဖို့ ချန်ထားချင်နေခဲ့တာပဲ ဖြစ်သည်။


ကျိုးချင်းပိုင်က ခပ်ဖျော့ဖျော့ပြုံးရင်း “မင်းလည်း များများစား။”


“ရှင် ကျွန်မကို များများစားဖို့ ပြောနေစရာ မလိုဘူး၊ ကျွန်မ စားနေသားပဲ။” လင်းချင်းဟယ်သည် အဆီအိအိ ဝက်ဗိုက်သား အနည်းငယ်ကို သူ့ပန်းကန်လုံးထဲ ထည့်ပေးလိုက်သည်။


ဒီခေတ်ဒီအခါမှာ အဆီပါဝင်မှုများသည့် အဆီများများအသားဟာ ပထမတန်းစား အသားအဖြစ် သတ်မှတ်ထားသည်။ တစ်ခါတရံမှာ မိန့်ကျဲထံမှ အဆီများများအသားကို ရတတ်သည်။ သို့သော် သူမသည် ထိုကဲ့သို့ အရည်အသွေးကောင်းသော အဆီများများအသား၊ ဝက်ဗိုက်သားနဲ့ အဆီနည်းသည့်အသားတို့ကို ရသည့်အခါတိုင်း သူမမိသားစု စားသောက်ဖို့အတွက် သိမ်းဆည်းထားလိုက်သည်။

 

ကျန်တဲ့ အသားအပိုင်းအစတွေကိုသာ ရောင်းချသည်။


လင်းချင်းဟယ်ကိုယ်တိုင်က သိပ်မစားပေမယ့် ကျိုးချင်းပိုင်ကတော့ နည်းနည်းလောက်ဖြစ်ဖြစ် စားသောက်ဖို့ လိုအပ်သည်။


ထိုကဲ့သို့ ကျန်းမာကြံ့ခိုင်သော အမျိုးသားသည် အသား စားသောက်ဖို့လည်း လိုအပ်ပါသည်၊ ထိုသို့ မစား‌သောက်ပါက သူ့ခန္ဓာကိုယ်က နေ့စဥ် လုပ်ကိုင်နေရသည့် အလုပ်များစွာ၏ဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။

 

“အရသာရှိလား။” လင်းချင်းဟယ်က သူမသားသုံးယောက်ကို ကြည့်လိုက်သည်။


လောင်တသည် ဆီဝင်းနေသည့် သူ့နှုတ်ခမ်းတွေကို လျှာဖြင့်သပ်ရင်း ပြန်တုံ့ပြန်သည်။ “အမေက ကျွန်တော့်ကို အဖေ့လို ဂရုစိုက်ချစ်ပေးမယ်ဆိုရင် ကျွန်တော့်ပန်းကန်လုံးထဲကို အသားထည့်ပေးပြီး လာ၊ များများစားလို့ နူးနူးညံ့ညံ့လေး ပြောမှာပေါ့။”


“ဟီးဟီး...” လောင်အာ့က တခစ်ခစ်ရယ်‌မောလိုက်သည်။


“အမေ” လောင်စန်းလေးလည်း ရယ်မောလိုက်ရင်း သူ့ပန်းကန်လုံးလေးကို သူမအနား တိုးပေးလိုက်သည်။


“နင်တို့တွေ အရမ်းနစ်နာသလို သရုပ်ဆောင်မနေနဲ့။ နင်တို့စားစရာ ရှိတာကိုသာ မြန်မြန်စားကြ။” လင်းချင်းဟယ်သည် ဒီကောင်ဆိုးလေးတွေကို ဒေါသတကြီး ပြောဆိုလိုက်သည်၊ အခု ဒီကောင်ဆိုးလေးတွေက သူမကို ကျီစားရဲနေပြီပေါ့လေ။


ဒါ့အပြင် သူမက သူမအမျိုးသားကို ချစ်မြတ်နိုးတာ ဘာမှားနေလို့လဲ။ သူက အလုပ် ပင်ပင်ပန်းပန်း လုပ်ကိုင်နေရပြီး သူ့ကို မျက်နှာသာပေးတာ မှန်ကန်သည့်ကိစ္စပဲလေ။


“သူတို့အတွက် စိတ်ပူမနေနဲ့။ သူတို့က မြက်စားပြီးတောင် ကြီးပြင်းလာနိုင်တယ်။ ရှင်သာ များများစားရရင် လုံလောက်ပြီ။” လင်းချင်းဟယ်သည် သူမအမျိုးသားဖက်မှ ပြတ်ပြတ်သားသား ရပ်တည်ခဲ့သည်။


လောင်တနဲ့‌ လောင်အာ့သည့် အလွန်ဝမ်းနည်းကြေကွဲစွာ အော်ဟစ်လိုက်သည်။


“မြက်မစားဘူး၊ မစားဘူး။” လောင်စန်းလေးကလည်း အမြန်ခေါင်းခါသည်။


ကျိုးချင်းပိုင်ရဲ့ သူ့ဇနီးသည်ကို အလွန်နူးညံ့သော အကြည့်ဖြင့် ကြည့်နေခဲ့သည်။


နေ့လည်စာက ရိုးရှင်းသော်လည်း အသားနှင့် ဥများ ပါဝင်သော နေ့လည်စာသည် ဒီခေတ်ဒီအခါတွင် အလွန်ဇိမ်ခံရာရောက်နေပြီဖြစ်သည်။


နေ့လည်စာစားပြီးနောက် သူတို့ အနားယူကြသည်။ ကောင်လေးတွေက ဖရဲသီးကို စိုက်ကြည့်နေကြသည်။


လင်းချင်းဟယ်က သူတို့ကို မတားမြစ်ခဲ့ဘူး။ သူတို့ ဒါကို စားချင်နေရင်တောင် ထမင်းစားပြီး မိနစ် လေးဆယ်ကြာမှ သူတို့ ဒါကို စားနိုင်မည်။


ကျိုးချင်းပိုင်က အိပ်ငိုက်နေပြီဖြစ်သည်။ ကောင်လေးတွေလည်း စားသောက်ပြီးပြီမို့ စိတ်ကျေနပ်စွာ အိပ်ပျော်သွားကြတယ်။ လင်းချင်းဟယ် တစ်ဦးတည်းသာ ကျန်နေခဲ့သည်။


လင်းချင်းဟယ်သည် တစ်ရေးတစ်မော အိပ်စက် အနားမယူတော့ပဲ လောင်အာ့အတွက် ဖိနပ်အောက်ခံပြားကို ချုပ်နေခဲ့သည်။


ကျိုးချင်းပိုင် အိပ်ရာနိုးလာ‌တော့ သူ့ဇနီးသည်က ပြတင်းပေါက်နားတွင် ထိုင်ပြီး ဖိနပ်ချုပ်နေတာကို မြင်လိုက်ရသည်။ သူ့အကြည့်တွေက အလွန်ပျော့ပြောင်းနူးညံ့သွားခဲ့သည်။


“မင်း မအိပ်ဘူးလား။” ကျိုးချင်းပိုင်က သူမအနားသို့ လျှောက်လာရင်း မေးသည်။


“မအိပ်‌တော့ဘူး။ တစ်နေကုန် အိပ်နေစရာ မလိုပါဘူး။” လင်းချင်းဟယ်က ပြန်ဖြေရင်း “မီးဖိုချောင်ထဲမှာ ဖရဲသီးရှိတယ်၊ ရှင် သွားယူပြီး စားလိုက်ဦး။”


ကျိုးချင်းပိုင်က မီးဖိုချောင်ထဲဝင်သွားပြီး ဖရဲသီးကို ခွဲစိတ်ကာ စားသောက်လိုက်သည်။


သူက ဖရဲသီးအစိတ်လေးတွေကို အပြင်သို့ ထုတ်ယူလာခဲ့သည်။ လင်းချင်းဟယ်က “ကျွန်မ စားပြီးပြီ၊ ရှင်ပဲ စားလိုက်ပါ။”


ကျိုးချင်းပိုင်က သူမအတွက် တစ်စိတ်ပိုင်းဖြတ်ပေးခဲ့သည်။ သူ့ရဲ့ ခိုင်မာတဲ့ စိတ်သဘောထားကို မြင်တော့ လင်းချင်းဟယ်သည် ဖရဲသီးစိတ်ကို လက်ခံပြီး စားလိုက်သည်။ “ဒီဖရဲသီးက အပူဒဏ်ကို သက်သာစေတယ်၊ ရှင် များများစားသင့်တယ်။ ဒီကောင်ဆိုးလေး သုံးယောက်အတွက် ချန်ထားစရာ မလိုဘူး။ သူတို့ အိပ်ရာမဝင်ခင်မှာ သူတို့ကို ကျွေးထားတယ်။”


“ချန်ထားတာ ပိုကောင်းပါတယ်။” ကျိုးချင်းပိုင်က ပြောသည်။


သူက သူ့လက်ထဲက ဖရဲသီးစိတ်ကိုသာ စားပြီး နောက်ထပ် ထပ်မစားတော့ဘူး။ ဒီအမျိုးသားသည် အကြင်နာစကားများကို မပြောတတ်သော်လည်း သူ့ဇနီးသည်နှင့် ကလေးတွေအပေါ် အရမ်းထောက်ထားငဲ့ညှာသည်။


စားကောင်းသည့်အရာများကို သူ့ဇနီးသည်နှင့် ကလေးတွေအတွက် ချန်ထားပြီး ဘယ်တော့မှ သူ့ကိုယ့်သူ ဦးစားပေးခြင်း အလျဥ်းမရှိဘူး။


ဤကဲ့သို့သော အမျိုးသားဖြစ်သည့်အတွက် လင်းချင်းဟယ်သည် သူ့ကို သူမ အသည်းနှလုံးထဲမှပင် နက်နက်ရှိုင်းရှိုင်း ချစ်မြတ်နိုးမိပါသည်။


“ဒီနေ့ည စောစောပြန်လာခဲ။ လယ်ငါးဟင်းလျာက အဆင်သင့် ချက်ပြုတ်ပြီးစီးနေပြီ။ ကျွန်မ ဒီည ရှင့်အတွက် လယ်ငါးဟင်းကို အထူးချက်ပြုတ်ပေးထားတယ်။” လင်းချင်းဟယ်က သူ့ကို အပြုံးလေးဖြင့် ပြောလိုက်သည်။


အိမ်မှာ ရွှံ့တွေကင်းစင်စေရန် ရေသန့်သန့်ထဲတွင် လှောင်ထားသော လယ်ငါးတစ်ဝက်လောက် ကျန်ရှိနေသေးသည်။


“ကောင်းပြီ” ကျိုးချင်းပိုင်က ပြန်ဖြေရင်း အလုပ်သို့ ထွက်သွားသည်။


“အိုး... ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်ဖို့ ခုနစ်လောက် စောင့်ဆိုင်းရဦးမယ်။” လင်းချင်းဟယ်က သက်ပြင်းချလိုက်သည်။


လင်းချင်းဟယ်သည် သူ့ကို လယ်ထဲဆင်း အလုပ်လုပ်ခိုင်းနေရတာကို မြင်ရတာ အလွန်ဝန်လေးနေခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်လျှင် သူမ ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုနိုင်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်သည့် ပထမဆုံးနှစ်အတွက် သတ်မှတ်ချက်တွေကို အလွန်လျော့ပေါ့ပေးထားသည်။ အိမ်ထောင်ကျပြီး သူမလို အသက်အရွယ်တွေပင် ဝင်ရောက်ဖြေဆိုနိုင်သည်။


တကယ်လို့ သူမ တက္ကသိုလ်တက်ရောက်ခွင့် ရရှိလျှင် သူမခင်ပွန်းသည်နှင့် သားသုံးယောက်ကိုပါ ခေါ်သွားမည်။


ဒီလိုပင်ပန်းတဲ့ လယ်ယာအလုပ်ကို မလုပ်ခိုင်းတော့ဘူး။


လင်းချင်းဟယ်ရဲ့ အတွေးတွေက အတော်လေး အကောင်းမြင်လွန်းတယ်လို့ ဆိုနိုင်ပေမယ့် သူမမှာ ဒီလိုမျိုး တွေးတောနိုင်ဖို့ ယုံကြည်မှုလည်း ရှိသည်။ မဟုတ်ရင် သူမ ရိက္ခာတွေနဲ့ ဝက်သား ရောင်းချဖို့ ဘာဖြစ်လို့ ဒီလောက် အရမ်းကြိုးစားလုပ်ကိုင်နေမှာလဲ။

 

ရိက္ခာကူပွန်တွေ၊ အသားကူပွန်တွေ သို့မဟုတ် မည်သည့်ကူပွန်တွေဖြစ်စေ သူမ အများကြီး စုဆောင်းသိမ်းဆည်းထားသည်။ ထို့ကြောင့် သူမသည် အနာဂတ်တွင် နေထိုင်စားသောက်ဖို့ တခြားနေရာသို့ ပြောင်းရွှေ့ခဲ့ရရင်တောင် ဒီကိစ္စအတွက် လုံးဝ စိတ်ပူနေစရာ မလိုအပ်ဘူး။


ခေတ်ကာလတွေ တိုးတက်ပြောင်းလာသည်နှင့်အမျှ ဒီကူပွန်လက်မှတ်တွေဟာ သမိုင်းဇာတ်ခုံပေါ်ကနေ တဖြည်းဖြည်း ဆုတ်ခွာသွားတော့မှာ ဖြစ်သော်လည်း သူမအိတ်ကပ်ထဲတွင် လက်ရှိ စုဆောင်းထားသော ငွေအမြောက်အများရှိသည်။


အနည်းဆုံးတော့ ကျိုးချင်းပိုင် စစ်တပ်မှ အနားယူပြီး ပြန်ပါလာသည့် ပမာဏထက် ပိုများပါသည်။


မိသားစုအတွက် သူမ အသုံးစရိတ် အများကြီး မသုံးစွဲခဲ့ဖူးဆိုရင် သူမ ဒီထက် ပိုက်ဆံ ပိုစုနိုင်လိမ့်မည်။