အခန်း(၁၁၈)သားယောကျ်ားလေးဖွားမြင်တယ်
Viewers 38k

အခန်း (၁၁၈) - သားယောကျာ်းလေး ဖွားမြင်တယ်


ကျိုးချင်းပိုင်သည် လယ်ထဲသို့ အလုပ်ပြန်ဆင်းသွားပြီး သိပ်မကြာခင် ကောင်လေးတွေ အိပ်ရာနိုးလာကြသည်။ သူတို့အတွက် ချန်ထားသော ဖရဲသီးစိတ်တွေကို အလောတကြီး စားသောက်ခဲ့ကြသည်။


အစပိုင်းမှာတော့ လင်းချင်းဟယ်သည် သူတို့ ဒီနေ့ အအေးစာတွေ အများကြီး စားသောက်လိုက်လို့ ဝမ်းပျက်သွားမလားလို့ စိုးရိမ်ပူပန်နေမိသေးသည်။ မထင်မှတ်ပဲ ဒီကလေးတွေ ကိုယ်ခံအား တော်တော်ကောင်းပြီး ဘာမှ ဖြစ်မလာဘူး။


သူတို့ အပြင်မှာ ကစားဖို့ ထွက်သွားတဲ့အခါမှာ လင်းချင်းဟယ်သည် ဂျုံမုန့်ညက်ကိုနယ်ပြီး နှပ်ထားလိုက်သည်။


သူတို့ ညနေစာကတော့ ပဲမုန့်နဲ့ ပြုလုပ်ထားတဲ့ မန်ထိုရယ် လယ်ငါးလေးချက်ဟင်းလျာတို့ကိုပင် ဖြစ်သည်။


လင်းချင်းဟယ် ချက်ပြုတ်ထားသော လယ်ငါးလေးချက်ဟင်းလျာသည် ပါဝင်ပစ္စည်းတွေကို ပြည့်ပြည့်စုံစုံ ထည့်သွင်းချက်ပြုတ်ထားသောကြောင့် အလွန်အရသာရှိသည်။


ပါဝင်ပစ္စည်းတွေကတော့ ဆန်ဝိုင်ရယ်၊ ဂျင်းပါးပါး လှီးထားတာရယ်၊ ကြက်သွန်မြိတ် ခပ်ရိတ်ရိတ် လှီးထားတာရယ်၊ ငရုတ်သီးစိမ်း၊ သကြား၊ ဆားနဲ့ ကြက်သွန်ဖြူတို့ ဖြစ်သည်။ 

 

လယ်ငါးလေးတွေကို ဗိုက်ဖွင့်ပြီး အညစ်အကြေးတွေကို အသေအချာ ဖယ်ရှားပြီးနောက် ဒယ်အိုးထဲကို အခြားပါဝင်ပစ္စည်းတွေနဲ့အတူ ထည့်လိုက်သည်။ အိုးထဲမှ လယ်ငါးလေးချက်ကို ပန်းကန်ကြီးကြီး တစ်ပန်းကန် ခူးခပ်ထားလိုက်သည်။


ဒါက နည်းနည်းတော့ ကရိကထ နိုင်ပေမယ့် ကျိုးချင်းပိုင်က နေ့တိုင်း လယ်ထဲသို့ဆင်း၍ အလုပ်လုပ်ရတာကြောင့် လင်းချင်းဟယ်သည် သူ များများစားနိုင်အောင် သူ့အတွက် အရသာပိုရှိတဲ့ အစားအစာတွေကို ချက်ပြုတ်ပေးဖို့ ဆန္ဒရှိသည်။

 

လယ်ငါးလေးချက်အပြင် နေ့လည်တုန်းကလို သခွားသီးအေးအေးနဲ့ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တို့လည်း ပါရှိသေးသည်။


တကယ်တော့ အိမ်မှာ စားသောက်နေကြတဲ့ ဟင်းပွဲတွေက ထပ်တလဲလဲ ဖြစ်နေကြပြီး အနည်းငယ်သာ ကွာခြားမှု ရှိကြသည်။ လင်းချင်းဟယ်သည် ဟင်းလျာတွေကို တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားပြီး ချက်ပြုတ်ထားတာ ဖြစ်သည်။


ဒါပေမယ့် အခုအချိန်မှာ အိမ်က သားအဖတွေက သူမရဲ့ အချက်အပြုတ်လက်ရာကို တော်တော်လေးကို ကြိုက်နှစ်သက်ကြသည်။


လောင်တ၊ လောင်အာ့နဲ့ ‌လောင်စန်းတို့က ညနေ လေးနာရီခန့်တွင် အိမ်ပြန်လာသည်။ သူတို့က ငါးရှဥ့်ခြင်းတစ်ဝက်ကို ပြန်ယူလာကြသည်။


လင်းချင်းဟယ်က တစ်ခဏမျှ အေးခဲသွားသည်။ “ဒီငါးရှဥ့်တွေကို ဘယ်က ရလာတာလဲ။”


“အစ်ကိုကြီးကျိုးတုန်း ပေးလိုက်တာ။” လောင်တက ပြောသည်။


လင်းချင်းဟယ်သည် ဒါကို ကြားလိုက်တာနဲ့ ပြုံးပြီး ခေါင်းညိတ်ကာ ဘာမှ ထပ်မမေးတော့ဘူး။


ကျိုးချင်းပိုင် အိမ်ပြန်ရောက်ကတည်းက သူမသည် ထင်းရှာရန်အတွက် ကျိုးတုန်းကို မလိုအပ်တော့ဘူး။ ကျိုးတုန်းက အခု အရွယ်ရောက်နေပြီမို့ သူက အရွယ်ရောက်ပြီး လူကြီးတွေလို တစ်နေ့ကို အလုပ်မှတ် ၈မှတ် ရနိုင်နေပြီ။ သူက အခုဆို သူ့ညီမလေးကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ခဲ့ပြီ။


သူ့ညီမလေး ကျိုးရှားကလည်း သန်မာသူတစ်ယောက် ဖြစ်တာကြောင့် အလုပ်မှတ်တွေ ရရှိရန် ဝက်စာမြက်တွေကို စုဆောင်းခဲ့သည်။ ဒီမောင်နှမနှစ်ယောက်ရဲ့ တက်ညီလက်ညီ အလုပ်ကြိုးစားမှုတွေကြောင့် သူတို့ဟာ ကောင်းစွာ နေထိုင်စားသောက်လာနိုင်ခဲ့သည်။


အဆုံး၌ ကျိုးရှားဟာ အရွယ်ရောက်သည့် မိန်းမပျိုလေး ဖြစ်လာခဲ့ပြီ။ မကြာသေးမီက သူမ ဓမ္မတာ စလာခဲ့ပြီး ဘာဖြစ်တာမှန်း နားမလည်ခဲ့ဘူး။ လင်းချင်းဟယ်က သူမဘောင်းဘီမှာ သွေးတွေ ပေနေတာကို မြင်လိုက်ရတာကြောင့် အိမ်ခေါ်လာခဲ့သည်။


လင်းချင်းဟယ်က သူမကို သိသင့်သိထိုက်တဲ့ ဗဟုသုတအချို့ကို မျှဝေပေးခဲ့ပြီး ဂျင်းပြုတ်ရည် လုပ်သောက်ရန် သကြားညိုကျင်းဝက်ကိုပါ ပေးလိုက်သေးသည်။


ကျိုးရှားက ဒါကို လက်မခံဝံ့ပေမယ့် လင်းချင်းဟယ်က သူမကို အတင်းပေးခဲ့ပြီး သူမ အားလပ်ချိန်ကျမှ အိမ်ကကောင်‌လေးတွေအတွက် ဖိနပ်ချုပ်နေရာမှာ လာရောက်ကူညီပေးရင် လုံလောက်ပြီလို့ ပြောခဲ့သည်။


အစ်ကိုကြီးတစ်ယောက်အနေဖြင့် ကျိုးတုန်းက သူမကို အရမ်းကျေးဇူးတင်တဲ့အတွက် ငါးရှဥ့်ခြင်းတစ်ဝက်ကို လက်ဆောင်ပေးလိုက်တာ ဖြစ်သည်။


လင်းချင်းဟယ်သည် ငါးရှဥ့်တွေကို တစ်ဝက်ခွဲထားလိုက်သည်။ ညစာအတွက် ဟင်းပွဲတွေ ပြင်ဆင်ပြီး ဖြစ်ပေမယ့် ငါးရှဥ့်တွေ များများရှိနေပြီဖြစ်တော့ ညစာအတွက် ငါးရှဥ့်ဟင်းတစ်ခွက်လောက် ထပ်ထည့်လိုက်မည်။ သူမသည် အခု ငါးရှဥ့်တစ်ဝက်ကို ချက်ပြုတ်ပြီး နောက်တစ်ဝက်ကို မနက်ဖြန်အတွက် ဖယ်ထားလိုက်မည်။


ဒါ့ကြောင့် ညစာအတွက် ငါးရှဥ့်ဟင်းတစ်ခွက်၊ လယ်ငါးလေးချက်တစ်ခွက်၊ သခွားသီးနဲ့ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တို့ ပြင်ဆင်ထားသည်။ ဒါက ပေါပေါများများ ပြင်ဆင်ထားမှန်း သိသာသည်။


ကျိုးချင်းပိုင်တို့တစ်တွေ လယ်ကွင်းထဲ မျိုးစေ့တွေ ကျဲလိုက်သည်နှင့် တပြိုင်နက် မိုးကောင်းကင်မှာ မိုးအုံ့သွားပြီး မိုးသည်းထန်စွာ ရွာသွန်းလာပြန်သည်။


ဒီမိုးသည်းထန်စွာ ရွာသွန်းခြင်းသည် ဒီလို ပူပြင်းလှသော ရာသီဥတုကို လန်းဆန်းသွားစေသည်။


ဒါ့အပြင် လူတိုင်းဟာ ရွှင်မြူးပျော်ရွှင်နေကြသည်၊ အဘယ့်ကြောင့်ဆိုသော် သူတို့ မျိုးစေ့ကြဲပြီးချိန်မှာ အဆင်သင့် မိုးရွာသွန်းပြီး ရေရရှိသောကြောင့် ဖြစ်သည်။


မိုးဟာ ငါးရက်ဆက်တိုက် ရွာသွန်းခဲ့သည်။ ပြောစရာမလိုလောက်အောင်ပင် သူတို့ ထိုရက်များတွင် လယ်ထဲဆင်း အလုပ်လုပ်ရန် မလိုပေ။ ကျိုးချင်းပိုင်သည်လည်း အနားရနေခဲ့သည်။


ကျိုးချင်းပိုင်က အနားယူနေနိုင်သော်လည်း လင်းချင်းဟယ်ကတော့ အနားမယူနိုင်သေးပေ။


ဒီအမျိုးသားက သူ့မှာ လုပ်စရာ မရှိတာနဲ့ သူမအနားကပ်လာခဲ့သည်။


ညတိုင်း သူမကို ပူဆာပြီး တစ်ကြိမ် နှစ်ကြိမ်လောက် အနည်းဆုံး အသားယူသည်။


ဒီအမျိုးသားက သမီးလိုချင်တဲ့ စိတ်အားထက်သန်နေတာကို မြင်တွေ့နေရဆဲပါပင်။


လင်းချင်းဟယ်က သူ အလုပ်သွားစရာ မလိုသေးသည့်အတွက် သူ့ရဲ့ဖြတ်လတ်တက်ကြွနေမှုကို မတားမြစ်နေတော့ဘူး။ ဒါပေမယ့် ဒီအမျိုးသားကတော့ သူ့စွမ်းအင်တွေကို သူမအပေါ်မှာသာ...


အချိန်တွေက တရွေ့‌ရွေ့ကုန်လွန်သွားခဲ့ပြီး စက်တင်ဘာလထဲသို့ ချဥ်းနင်းဝင်ရောက်လာခဲ့သည်။ လောင်တသည်လည်း ကျောင်းပြန်တက်ရပြီ။


လင်းချင်းဟယ်က ငရုတ်ဆော့စ်ပြင်ဆင်ရန် အိုးတွေကို စတင်ဆေးကြောခဲ့သည်။


ငရုတ်သီးတွေက အခု မရင့်မှည့်သေးပေမယ့် နောက်လမှာတော့ ရင့်မှည့်လောက်ပြီ။ အခု အိုးတွေကို ဆေးကြောသန့်စင်ထားတာက အကောင်းဆုံးအချိန်ပါပဲ။


အိုးကြီးနှစ်အိုးကို ပြင်ဆင်ထားသည်။ အဲ့ဒီအိုးတွေက ပျားရည်ကို ထည့်လာတဲ့ အိုးတွေပါ။ တစ်အိုးလျှင် အများကြီး ရတယ်လို့ ဆိုနိုင်တော့ နှစ်အိုးလောက်တော့ ရှိသင့်သည်။


ဒီလကုန်မှစ၍ ဆောင်းဦးရိတ်သိမ်းချိန် စတင်မည် ဖြစ်သည်။


ဆောင်းဦးရိတ်သိမ်းချိန်ဟာ အခုလကုန်မှစ၍ နောက်လအထိ ဆက်လက်ကြာမြင့်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ အလွန်ခမ်းနားလှသော ဆောင်းဦးရာသီဖြစ်ပြီး နှစ်စဥ်နှစ်တိုင်း ဤအတိုင်းပင်။


ထိုအချိန်မှာပင် မြို့ပေါ်မှ ကျိုးရှောင်မိန်ဟာ ကလေးမွေးဖွားခဲ့သည်။


လင်းချင်းဟယ်က သူမမှာ လုပ်စရာအလုပ် သိပ်မရှိသည့်အတွက် သူမသည် အမေကျိုးကို ကိုယ်စားပြုပြီး ကျိုးရှောင်မိန်ထံ သွားရောက်လည်ပတ်ခဲ့သည်။ သူမသည် ဝက်ခြေထောက်နှစ်ချောင်းအပြင် သကြားညိုတစ်ကျင်းကို ယူဆောင်သွားခဲ့သည်။ အမေကျိုးကလည်း ကျိုးရှောင်မိန်အတွက် ကြက်ဥခြင်းတစ်ဝက် ထည့်ပေးလိုက်သေးသည်။


ဒီအရာတွေက အလွယ်တကူ ဝယ်လို့ ရနိုင်ပါသည်။


“စတုတ္ထယောင်းမ၊ တတိယယောင်းမ ဘယ်လိုနေလဲ။” ကျိုးရှောင်မိန် မေးမြန်းခဲ့သည်။


ဒီတစ်ခါမှာ ကျိုးရှောင်မိန်သည် သားယောက်ျားလေး မွေးဖွားပေးခဲ့တာကြောင့် စုတာ့လင်း အလွန်ပျော်ရွှင်နေခဲ့သည်။ သူ့မိသားစုမှာ မျိုးဆက်ဆိုလို့ သူတစ်ယောက်တည်း ရှိသည့်အတွက် သူ့ဇနီးသည်က သူ့ကို သားတစ်ယောက် မွေးဖွားပေးခဲ့သောကြောင့် ဘယ်လိုလုပ်ပြီး မပျော်ရွှင်ပဲ နေပါ့မလဲ။

 

သူ့ဦးလေးတို့လင်မယားကလည်း သူ့အတွက် ပျော်ရွှင်ဝမ်းမြောက်နေခဲ့ကြသည်။ သူတို့ဟာ တူချွေးမဖြစ်သူ ကျိုးရှောင်မိန်ကို အလွန်စိတ်ကျေနပ်ကြသည်။


“သူမ အဆင်ပြေတယ်။ နောက်လထဲမှာ သူမရဲ့ မီးနေတဲ့ မီးတွင်းကာလ ပြီးလိမ့်မယ်၊ အဲ့ကျရင် နင် နင့်ကလေးကို လာပို့ထားလို့ ရပြီ။” လင်းချင်းဟယ်က ပြန်ဖြေသည်။

 

စုတာ့လင်းက တတိယမရီးရဲ့ မီးတွင်းကာလအတွက် အာဟာရရှိမည့် အရာတွေ အများအပြား ပြန်ထည့်ပေးခဲ့သည်။


မြက်ငါးကြင်း၊ ဝက်လက်ဝက်ခြေ၊ ဝက်သား အစရှိသဖြင့် အားဖြည့်အစားအသောက်တွေ ပါဝင်သည်။


ရည်ရွယ်ချက်ကတော့ သူတို့ကလေးကို နောက်လကျရင် ရွာကို ပြန်ပို့မှာ ဖြစ်သည့်အတွက် အာဟာရပြည့်စုံလုံလောက်အောင် ရရှိစေဖို့ပါပဲ။


တတိယမရီးသည် သဘာဝကျစွာ စိတ်ကျေနပ်ပျော်ရွှင်နေပြီး သူမရဲ့ ပျော်ရွှင်တက်ကြွနေမှုကို ထိန်းမထားနိုင်တော့ပေ။


သို့သော် ဒုတိယမရီးကတော့ စုတာ့လင်း လက်ဆောင်ပေးလိုက်သည့်အထဲတွင် သူမအတွက် ဝေစုမပါသောကြောင့် မကျေမနပ် ဖြစ်ခဲ့ရသည်။ သူမအိမ်မှာ သူမရဲ့ဒေါသတွေကို အဆက်မပြတ် ဖွင့်ချခဲ့သည်။


ဒုတိယမရီးသည် ဒီတစ်ကြိမ်မှာ သမီးမိန်းကလေး မွေးဖွားခဲ့ပြီး တတိယမရီးသည်လည်း သမီးမိန်းကလေးကိုသာ မွေးဖွားခဲ့သည်။

 

သူမတို့နှစ်ယောက်စလုံးမှာ သားယောကျာ်းလေး ကိုယ်စီ ရှိနေပြီမို့ အခုတစ်ကြိမ် မွေးဖွားတာ သားယောကျာ်းလေးဖြစ်ဖြစ် သမီးမိန်းကလေးဖြစ်ဖြစ် ဂရုမစိုက်တော့ပေမယ့် မီးတွင်းကာလ ကွာခြားချက်က နည်းနည်းပိုကြီးတယ်။


စုတာ့လင်းက သူ့ကလေးကို သူ့ယောက္ခမအိမ် ပို့ထားချင်တာကြောင့် ဘယ်သူမှ သူ့ကို ဘာမှ မပြောနိုင်ဘူး။ ဒီကလေးက ငယ်သေးပြီး နို့သောက်ရန် လိုအပ်နေသေးသည်။ ထုံးစံအတိုင်း ကျိုး‌ရှောင်မိန်နှင့် နည်းနည်း ပိုပြီးနီးကပ်သည့် တတိယမရီးသာ ဒီတာဝန်ကို ထုံးစံအတိုင်း ဒုက္ခခံ တာဝန်ယူရပေလိမ့်မည်။


ဒါကို တုံ့ပြန်တဲ့အနေနဲ့ ဒုတိယမရီးဖြစ်သူက သူမအတွက် အဲ့ကလေးကို လုံးဝ ကူကြည့်ပေးမှာ မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့သည်။


လူတိုင်းက သူမပြောတာကို ဂရုမစိုက်ပဲ နားပဲ နားထောင်လိုက်သည်။


အခု သူတို့အားလုံး ကိုယ်စီ အိမ်ထောင်စုခွဲ နေထိုင်ကြတာဖြစ်လို့ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်နေခဲ့ကြပြီ။ ညစ်ပတ်တဲ့ ခြေထောက်တွေကို ထောက်ပံ့ပေးဖို့ ဘယ်သူက စိတ်ဆန္ဒရှိမှာလဲ။ လူတွေက သူတို့နဲ့ အဆင်ပြေတဲ့သူတွေနဲ့ ဆက်ဆံ‌ရေး ပိုခိုင်မာဖို့ လုပ်ဆောင်ကြပြီး သူတို့နဲ့ မပြေလည်တဲ့လူတွေကတော့ ကိုယ့်လမ်းကိုယ်လျှောက်ကြလိမ့်မည်။


ကျိုးရှောင်မိန်သည် သူမရဲ့ စတုတ္ထယောင်းမ ပြောစကားကို နားထောင်ပြီးနောက် စိတ်သက်သာရာရသွားခဲ့သည်။


စက်တင်ဘာလကုန်တွင် ကျိုးရှောင်မိန်နှင့် စုတာ့လင်းသည် သူတို့ကလေးကို အမေကျိုးထံသို့ လာပို့ပြီး ပြုစုစောင့်ရှောက်ပေးဖို့ အပ်နှံခဲ့သည်။


အမေကျိုး ကလေးကို ပြုစုပျိုးထောင်ပေးဖို့အတွက် အရင်က သူတို့ သဘောတူထားသည့်အတိုင်း လစဥ်ထောက်ပံ့ငွေ ပေးမည် ဖြစ်သည်။


အမေကျိုးသည် သဘာဝအတိုင်း ပျော်ရွှင်နေခဲ့သည်။ သူမသည် သူမ တစ်ဘဝလုံး အလုပ်အများကြီး လုပ်ကိုင်ခဲ့ရသည်။ အခု သူမ သားတွေ အရွယ်ရောက် ကြီးပြင်းလာပြီဖြစ်၍ သူမသည် အိမ်မှာ အနားယူပြီး အိမ်ကလူအိုကြီးအတွက် ထမင်းချက်ကျွေးတဲ့ တာဝန်ကိုပဲ လုပ်တော့မယ်။ သူမအကြောင်းကို ဘယ်သူက မကောင်းပြောရဲမှာလဲ။


ဒါ့အပြင် သူမ မြေးဖြစ်သူကို ပြုစုစောင့်ရှောက်ပေးရသည်မှာ ကိစ္စ ကြီးကြီးမားမား မဟုတ်ပေ။ အမေကျိုး ဒီကိစ္စလောက်ကို အသာလေး လုပ်ကိုင်နိုင်သေးသည်။


စုတာ့လင်းနှင့် ကျိုးရှောင်မိန်သည် သူတို့ကလေးနှင့် ခွဲနေရမှာ ဖြစ်သည့်အတွက် အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း အဆုံးမှာတော့ မနက်ဖြန်ကျရင် အလုပ်ဆင်းရမည် ဖြစ်သည်။ ရွာမှာ တစ်နေကုန် နေပြီးနောက် ကလေးကို ချန်ထားခဲ့ကာ မြို့ပေါ်သို့ ပြန်သွားကြသည်။


ဒီတစ်ခါမှာ သူတို့သည် အသား၊ ငါး၊ ဥ အပါအဝင် ပစ္စည်းတွေ အများကြီး ယူလာပေးသည်။ သူတို့က လောင်တတို့ညီအစ်ကိုတွေအတွက် သကြားလုံးတစ်ထုပ်ကိုပါ မမေ့မလျော့ ပါလာခဲ့သည်။


လင်းချင်းဟယ်ကလည်း အမေ အလုပ်များနေရင် သူမအိမ်မှာ ကလေးကို လာထားနိုင်တယ်လို့ ပြောထားတာကြောင့် သူတို့နှစ်ယောက် စိတ်ချလက်ချနဲ့ ကလေးကို ထားခဲ့နိုင်ပြီး သူတို့ အားလပ်ရက်တွေမှာ လာရောက်ကြည့်ရှုနိုင်တယ်လို့ ပြောလိုက်သည်။


အဆုံး၌ တတိယမရီးရဲ့ အကျင့်စရိုက်က တော်‌တော်လေး ကောင်းမွန်သည်။ သူမက ပစ္စည်းတွေ အများကြီး လက်ခံရရှိထားသောကြောင့် ကလေးကို ကောင်းကောင်းမွန်မွန် ဆက်ဆံမည်မှာ သေချာပါသည်။