အခန်း(၁၁၉)က​လေးလေးစုချန်
Viewers 43k

အခန်း (၁၁၉) - ကလေးလေး စုချန်


ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ရဲ့ သားဖြစ်သူ နာမည်သည် စုချန်လို့ မှည့်ခေါ်ခဲ့သည်။


ကလေးလေး စုချန်သည် အံ့သြဖွယ်ကောင်းလောက်အောင် အထွားမြန်သည်။ သူလေးသည် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ရဲ့ ကြည့်ကောင်းသော ရုပ်ဆင်းသွင်ပြင်ကို အမွေဆက်ခံထားပြီး ချစ်စရာကောင်းလှသည်။


သူလေး အရမ်းချစ်စရာကောင်းလွန်းသဖြင့် လောင်တ၊ ‌လောင်အာ့နှင့် လောင်စန်းတို့က မကြာမကြာ သူလေးဆီကို သွားရောက်လည်ပတ်ကြသည်။


လင်းချင်းဟယ်သည်လည်း အမေကျိုးကို အရေးကြီးကိစ္စရှိလျှင် သူမဆီကို ကလေးလေးကို ပို့ထားနိုင်ပြီး ကလေးကို ကူညီထိန်းကျောင်းပေးမယ်လို့ ပြောထားခဲ့သည်။


ထို့နောက် လင်းချင်းဟယ်သည် တတိယမရီးနှင့် စကားစမြည် ပြောဆိုဖို့ သွားရောက်လည်ပတ်ခဲ့သည်။


“ဒီနေ့ ဘာဖြစ်နေတာလဲ။ အဲ့ဒီဖက်က ဘာလို့ လှုပ်လှုပ်ရှားရှား မလုပ်တာလဲ။” လင်းချင်းဟယ်သည် ဒုတိယမရီးတို့ နေထိုင်သည့် အိမ်ခန်းဖက်သို့ မေးထိုးကာ တတိယမရီးအား မေးမြန်းကြည့်သည်။


တတိယမရီးက “မနေ့က ယောင်းမလေးတို့ ဇနီးမောင်နှံ အိမ်ပြန်ရောက်တော့ ငါ့အတွက်ကျ လက်ဆောင်ပစ္စည်း ပါလာပြီး သူ့အတွက်ကျ လက်ဆောင်ပစ္စည်း မပါလာတော့ ဆူပူသောင်းကျန်းတယ်လေ။ ဝူနီ့ရဲ့ဦးလေးကလည်း သည်းမခံနိုင်တော့တာနဲ့ သူမကို ပြန်ပြောခဲ့တယ်။ ဒီနေ့ မနက်စောစောစီးစီး သူမ ပစ္စည်းတွေကို ထုပ်ပိုးပြီး သူမ မိခင်ဖက်အိမ်ဆီကို ဆင်းသွားတော့တာပဲ။” ဟု ငေါ့တော့တော့ ပြောလိုက်သည်။ 


“ဒီကိစ္စလေးနဲ့ သူမက ချန်အိမ်ဟောင်းကို ပြန်သွားခဲ့တာပေါ့။ ငါတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။” လင်းချင်းဟယ်သည် အံ့အားသင့်နေသည့်အသွင်ဖြင့် ပြောခဲ့သည်။


“သူမက ကျိုးအိမ်ဟောင်းကပဲ သူမကို အနိုင်ကျင့်နေသလို ပြုမူလိုက်တာပဲ။” တတိယမရီးက အထင်အမြင်သေးသလို ပြောလိုက်သည်။

 

“သူမက ကျွန်မတို့ ကျိုးမိသားစု တစ်ခုလုံးက သူမ တစ်ယောက်တည်းကိုပဲ အနိုင်ကျင့်နေတယ်လို့ ယုံကြည်ထားတာ။ ကျွန်မတို့က သူမကို ပစားမပေးတော့ သူမကို အနိုင်ကျင့်တယ်လို့ ယူဆလိုက်တာပဲ။” လင်းချင်းဟယ်က ပြောသည်။


“သူမလို အကျင့်စရိုက်မျိုးကို ဘယ်သူက လက်သင့်ခံနိုင်မှာလဲ။” တတိယမရီးက တုံ့ပြန်သည်။


လင်းချင်းဟယ် ပြောသည်။ “သူမအကြောင်း မပြောတော့ဘူး။ နင့်ရဲ့ မီးတွင်းကာလကို သေချာဂရုစိုက် နေသင့်တယ်။ နင် အဲ့ဒီပစ္စည်းတွေကို သိမ်းထားဖို့ မလိုအပ်ဘူး။ ကလေးနှစ်ယောက်ကို ကြည့်ရှုစောင့်ရှောက်ရမှာ တကယ် မလွယ်ဘူး။ နင် စားသင့်တာကို စား။”


“ငါ သိပါတယ်။” တတိယမရီးသည် မနေ့က ရလာတဲ့ လက်ဆောင်ပစ္စည်းတွေရဲ့ မျက်နှာကြောင့် ကလေးကို နို့တိုက်ပေးရမည့် ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်ခြင်းအလျဥ်းမရှိပဲ သူမ မျက်နှာက လင်းလက်တောက်ပနေသည်။ ညဖက်တွင် သူမက ကလေးကို ခေါ်သိပ်ရန် မလိုပေ။ ကလေးက အဖွားဖြစ်သူနှင့်သာ အတူ အိပ်စက်လိမ့်မည်။ သူလေး ညဖက် ဗိုက်ဆာလို့ နိုးလာရင် ကလေးလေးကို‌‌ ခေါ်ယူပြီး နို့တိုက်ပေးရမည် ဖြစ်သည်။ သူမ သမီးလေးကိုလည်း နို့တိုက်ဖို့ ညဖက် အိပ်ရာထရတာမို့ ဒါက ဘာမှာ မဖြစ်ပါဘူး။


ဒီလိုနဲ့ပဲ ကလေးလေး စုချန်သည် ကျိုးအိမ်ဟောင်းမှာ နေထိုင်ခဲ့သည်။


လောင်တတို့ညီအစ်ကိုတွေဟာ ကလေးလေး စုချန်ဆီ ခဏခဏ သွားရောက်လည်ပတ်ရတာကို အရမ်းသဘောကျနေကြသည်။


လောင်စန်းလေးတောင်မှ သူလေး အစားကောင်း တစ်ခုခု စားလိုက်မိတိုင်း ‘ဒါကို ညီလေး စားလို့ရလားဟင်’ လို့ မေးလေ့ရှိသည်။


တစ်ရက် သူတို့ အနီရောင်ပဲကိတ်ကို စားကြသည်။ လောင်စန်းလေးက ထပ်မေးပြန်သည်။ “ညီလေးရော ဒါကို စားလို့ရလား။”


“မရသေးဘူး။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


“သူ ဘယ်တော့လောက် စားနိုင်မလဲ။” လောင်စန်းက မေးသည်။


ကျိုးချင်းပိုင်က သူ့သားသုံးယောက် ကြီးပြင်းလာသည့်အချိန်တွင် တစ်ခါမှ အနားမှ မရှိခဲ့သည့်အတွက် ဒီအကြောင်းကို မသိပေ။ ဒါ့ကြောင့် ဒီမေးခွန်းကို မဖြေဆိုနိုင်တော့တာကြောင့် သူ့ဇနီးသည်ကို အားကိုးတကြီး လှမ်းကြည့်လိုက်သည်။


တကယ်တော့ လင်းချင်းဟယ်လည်း ဒီအကြောင်းကို ကောင်းကောင်း မသိဘူး။ သူမ ကူးပြောင်းလာတော့ လောင်စန်းလေးဟာ တစ်နှစ်ကျော်ရှိနေပြီ၊ ဒါ့ကြောင့် သူမက ပြောလိုက်သည်။ “ကလေးလေး တစ်နှစ်ဝန်းကျင်လောက်ဆို ဒါကို စားနိုင်လိမ့်မယ်။”


“အမေ၊ သားတို့မိသားစုမှာ ဘာဖြစ်လို့ ညီလေး မရှိရတာလဲ။” လောင်စန်းက သူ့မိခင်ကို ဆက်လက်မေးခွန်းထုတ်သည်။


လင်းချင်းဟယ်က တုံ့ပြန်ပြောဆိုသည်။ “ငါတို့မိသားစုမှာ မရှိဘူးလို့ ဘယ်သူ ပြောလဲ။ နင်က နင့်အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုတို့ရဲ့ ညီငယ်လေးပဲ မဟုတ်လား။ နင့်ရဲ့ အစ်ကိုကြီးအတွက်ကျ နင်နဲ့ နင့်ဒုတိယအစ်ကိုက သူ့ရဲ့ညီငယ်လေးတွေ မဟုတ်လို့လား။”


“ဒါပေမယ့် သား ညီငယ်လေး လိုချင်တယ်။” လောင်စန်းက သူ့အမေကို ကြည့်ရင်း ပူဆာသည်။ “အမေ၊ သားအတွက် အငယ်တစ်ယောက်လောက် မွေးပေးပါလား။”

 

သူ့ကို အသက်ငယ်သေးတယ်ဆိုပြီး လျော့မတွက်ပါနဲ့။ သူက အသက်ငယ်ငယ်လေးနှင့်ပင် သူတို့ညီအစ်ကိုတွေကို သူ့ဖခင်နှင့် မိခင် အတူအိပ်စက်ပြီးမှ မွေးဖွားလာခဲ့ကြောင်း ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်ပေသည်။ အဖေနှင့် အမေ အတူတူ မအိပ်ဘူးဆိုရင် သူတို့ကို ရရှိလာလိမ့်မည် မဟုတ်ပေ။


လင်းချင်းဟယ်သည် တစ်ယောက်ယောက် ထိုးနှက်လိုက်ချင်သည်။ ကျိုးချင်းပိုင်က ကလေးတစ်ယောက်လောက် လိုချင်တာ တော်သေးပေမယ့် ဒီကလေးပါ လိုချင်နေသေးသည်။


“နင်က အခုလောလောဆယ် ငါတို့မိသားစုရဲ့ အငယ်ဆုံးပဲ။ အကယ်၍ ငါ နင့်ကို ညီလေး ဒါမှမဟုတ် ညီမလေး မွေးပေးလိုက်မယ်ဆိုရင် နင်က အငယ်ဆုံး မဟုတ်တော့ဘူး။ အရသာရှိတဲ့ ဘယ်အရာမဆို နင် တစ်ကိုက်မှမစားရပဲ နင့်ညီလေး ဒါမှမဟုတ် ညီမလေးကို ကျွေးရလိမ့်မယ်။ အဲ့တာဆိုရင်ရော နင် လိုချင်‌သေးရဲ့လား။” လင်းချင်းဟယ်က ပြောသည်။


လောင်စန်းရဲ့ မျက်နှာပေါ်မှာ တွန့်ဆုတ်နေသည့် အရိပ်အယောင်လေး ဖြစ်သွားခဲ့သည်။


“အမေ၊ တစ်ယောက်လောက်တော့ မွေးပေးပါ။ သား သားရဲ့ ဝေစုကို သားညီမလေးအတွက် ပေးဖို့ ဆန္ဒရှိတယ်၊ ဒါပေမယ့် အမေက သားကို ညီမလေးတစ်ယောက်ပဲ မွေးပေးရမယ်။ သားမှာ ညီလေးနှစ်ယောက် ရှိပြီးသားမို့ နောက်ထပ်ညီလေး ထပ်မလိုချင်တော့ဘူး။” ကျိုးလောင်တက ဝင်ပြောသည်။


“သားလည်း ညီမလေးပဲ လိုချင်တယ်။” လောင်အာ့ကပါ ခေါင်းညိတ်ထောက်ခံသည်။


“အမေ၊ တစ်ယောက်လောက်ပဲ မွေးပေးပါ။ သားညီလေး ဒါမှမဟုတ် သားညီမလေးကို ကျွေးမွေးဖို့ ဆန္ဒရှိပါတယ်။ သားမှာ ညီလေးရော ညီမလေးရော မရှိဘူး။ သား နှစ်ယောက်စလုံး လိုချင်တယ်၊ အမေ သားကို တပြိုင်နက်တည်း နှစ်ယောက် မွေးပေးပါလား။” လောင်စန်းက စဥ်းစားပြီးတော့ ပြန်ဖြေသည်။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို တစ်ချက်လှမ်းကြည့်ရာ ထိုအမျိုးသားရဲ့ ပူလောင်ပြင်းရှနေသည့် အကြည့်တွေဖြင့် ရင်ဆိုင်လိုက်ရသည်။


ဒါပေမယ့်.....


သူမ ကလေးမမွေးနိုင်ဘူး။ သူမ သားကြောဖြတ်ထားတယ်၊ သူမ ဘယ်လိုလုပ်ပြီး ကလေးမွေးနိုင်မှာလဲ။


“နင်တို့တစ်ယောက်ချင်းစီတိုင်း အရမ်းပြဿနာရှာကြတာပဲ။ နင်တို့ကို စောင့်ရှောက်ပေးရုံနဲ့ မလုံလောက်ဘူး၊ အခု နင်တို့က ငါ့ကို နောက်ထပ် ကလေးတစ်ယောက်ပါ မွေးစေချင်ကြတယ်။ နင်တို့အားလုံး တစ်ဖက်တည်းတွေပဲ။ ဒါ့အပြင် နင်တို့ရဲ့ အဒေါ်သုံးယောက်ကလည်း နင်တို့အတွက် အစ်မတွေ၊ ညီမတွေ၊ အစ်ကိုတွေ၊ ညီတွေ မွေးပေးထားကြတယ်လေ။ အဲ့တာလည်း အတူတူပဲပေါ့။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။


ထို့နောက် သူမ ကလေးတွေနှင့် စကားပြောနေတာကို ရပ်တန့်လိုက်သဖြင့် ကလေးတွေရဲ့ စကားဝိုင်းခေါင်းစဥ်ဟာ ဒီနေရာမှာပင် ပြီးဆုံးသွားခဲ့သည်။ ဒီကောင်စုတ်လေးတွေနဲ့ စကားဆက်ပြောနေရင် သူမ ဘယ်လို ပြန်ဖြေရမလဲ ဆိုတာကို မသိတော့ဘူး၊ ဒီကလေးတွေက အသက်ပိုကြီးလာသည်နှင့်အမျှ ပြဿနာပိုရှာတတ်လာကြသည်။


လင်းချင်းဟယ်သည် အခန်းကို သပ်ရပ်သွားအောင် ပြုလုပ်ဖို့ အခန်းထဲ ပြန်ဝင်သွားခဲ့သည်။


ဒီနေ့က အံ့သြစရာကောင်းလောက်အောင် နေသာသည်၊ ဒါ့ကြောင့် သူမသည် ဒီနှစ် ဆောင်းရာသီမှာ အသုံးပြုထားတဲ့ စောင်တွေအားလုံးကို အပြင်ထုတ်ပြီး နေလှမ်းခဲ့သည်။


ကျိုးချင်းပိုင် အခန်းထဲ ဝင်လာခဲ့သည်။


“ရှင်လာတာ အချိန်ကိုက်ပဲ။ ဒါတွေကို အပြင်ထုတ်ပေးဖို့ မြန်မြန် လာကူညီပေး။ ကျွန်မတို့ရဲ့ စောင်ကြီးတွေကို နေလှမ်းဖို့ လုပ်ရမယ်။” လင်းချင်းဟယ်က သူ့ကို မြင်မြင်ချင်း အလုပ်ကူလုပ်ပေးဖို့ စီစဥ်ညွှန်ကြားခိုင်းစေလိုက်သည်။


ဒီစောင်ကြီး နှစ်ထည်က သူမ မကူးပြောင်းလာခင်က ဝယ်ယူလာခဲ့သော စောင်ကြီးတွေ ဖြစ်သည်။ တစ်ထည်ကို ခုနစ်ကျင်းခန့်လေးပြီး သာမာန်အရွယ်အစားတွေထက် ပိုကြီးသည်။ စောင်တစ်ထည်ကို ကျိုးချင်းပိုင် သုံးယောက်လောက် လုံလုံလောက်လောက် ခြုံနိုင်သည်။


“မတူဘူး။” ကျိုးချင်းပိုင်က သတိပေးခြင်း မရှိပဲ ပြောလိုက်သည်။


လင်းချင်းဟယ်သည် အစပိုင်းတွင် တုံ့ပြန်ခြင်း မရှိသော်လည်း ခဏအကြာတွင် လောင်တတို့ညီအစ်ကိုတွေ ပူဆာလိုက်သည့် ခေါင်းစဥ်နှင့် စပ်လျဥ်း၍ သူ ဖြေဆိုနေခြင်း ဖြစ်ကြောင်းကို နားလည်းသဘောပေါက်သွားသည်။

 

“မိရင်းဖရင်းကနေ မွေးလာတဲ့ ကလေးတွေကို သူတို့ ပိုသဘောကျလိမ့်မယ်။” ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


လင်းချင်းဟယ်က သူ့ကို ချိုမြိန်စွာ ပြုံးပြလိုက်သည်။ “ကျွန်မ သိပါတယ်။ ကျွန်မလည်း ကလေးထပ်မမွေးဘူးလို့ မပြောပါဘူး။ အဲ့တာက ကံကြမ္မာအလိုကျပဲလေ၊ မဟုတ်ဘူးလား။”


ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး သူအလုပ်ပိုကြိုးစားရမည်ဟု သူ့စိတ်ထဲမှာ ဆုံးဖြတ်ချက် ချလိုက်မိသည်။


အမှန်အတိုင်း ပြောရရင် ကျိုးချင်းပိုင်က သူ့အစ်ကိုသုံးယောက်ကို တကယ်မနာလိုဘူး။ သူတို့အားလုံးမှာ သားတွေရော သမီးတွေပါ ရှိကြသည်။ သူ့မှာ နောက်တက်တက်လုပ်တတ်သည့် သားသုံးယောက် ရှိပေမယ့် သမီးမိန်းကလေး လုံးဝ မရှိဘူး။

 

သူ့ဇနီးသည်နှင့် တူသည့် သမီးလေးတစ်ယောက်တော့ လိုချင်မိသည်၊ သူ့ဇနီးသည်နှင့်သာ တူမည်ဆိုလျှင် အရမ်းလှမှာ သေချာပေါက် ဖြစ်သည်။


လင်းချင်းဟယ်က ချောင်းဟန့်ရင်း စကားလမ်းကြောင်း လွှဲလိုက်သည်။ “ဒီနှစ် အဖေနဲ့ အမေတို့အတွက် စောင်အသစ်တစ်ထည်လောက် လုပ်ပေးရအောင်။ ကျွန်မ ပြီးခဲ့တဲ့ တစ်ခါက မြင်ခဲ့တာ အဖေနဲ့ အမေတို့ရဲ့ စောင်က တော်‌တော်လေး ဟောင်းနေပြီ။ ဒီနှစ်ကျရင် သူတို့ကို မွေ့ယာလုပ်ဖို့ အဆင်ပြေလောက်ပေမယ့် စောင်အဖြစ် ခြုံဖို့တော့ အဆင်သိပ်မပြေနိုင်လောက်ဘူး။”


“မင်း ကောင်းမယ် ထင်တာကိုသာ လုပ်ပါ။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


ဒီကိစ္စတွေကို သူ သိပ်ပြီး ဝင်မစွက်ဖက်ဘူး၊ သူမ အလိုရှိရာကိုသာ လုပ်ပါစေ။


လင်းချင်းဟယ်က ခေါင်းညိတ်သည်။ “ဝါဂွမ်းတွေ ပေါတဲ့အချိန်ကို စောင့်ရမယ်။ ရှင်နဲ့ ကလေးတွေအတွက် ချုပ်ပေးစရာ မလိုတော့ဘူး။ ပြီးခဲ့တဲ့နှစ်က ရှင်တို့တွေကို အဝတ်အစား တစ်ယောက် တစ်စုံဆီ ချုပ်ပေးထားတယ်။ ကျွန်မ ရှင့်အတွက် နောက်ထပ် ချိုင်းပြတ်အပေါ်ထပ်အင်္ကျီတစ်ထည်လောက် သိုးမွှေးထိုးပေးမယ်၊ အေးတဲ့အချိန်ရောက်ရင် ရှင် အရမ်းအေးမှာ မဟုတ်တော့ဘူး။”


ကျိုးချင်းပိုင်က သူမရဲ့ လူတွေကို ပြုစုစောင့်ရှောက်နိုင်မှုနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း အမြဲသိနေပါသည်။ သူမ မစီမံ မခန့်ခွဲနိုင်သည့် ကိစ္စမျိုး မရှိပေ။ သမီးလေးတစ်ယောက်လောက် ရအောင် စွမ်းဆောင်ရမည့် ကိစ္စတစ်ခုတည်းကသာလျှင် သူ့ကို ကူကယ်ရာမဲ့သလို ဖြစ်စေသည်။

 

သူ့ဇနီးသည်က ဘာဖြစ်လို့ အခုထိ ကိုယ်ဝန်မရသေးတာလဲ ဆိုတာကို သူ နားမလည်နိုင်ဘူး။


“ဒီနှစ်ဆောင်းခိုတဲ့အခါကျရင် ကိုယ် မင်းကို ဆေးရုံလိုက်ပြပေးမယ်။” ကျိုးချင်းပိုင်က ပြောသည်။


“ကောင်းပြီ” လင်းချင်းဟယ်သည် သူ့ကို ထိုအချိန်မှာ ဝန်ခံလိုက်ဖို့ စီစဥ်ခဲ့သည်။ ဒီကိစ္စကို ထာဝစဥ် ဖုံးကွယ်ထားလို့ မရဘူး၊ ဒီလူက နောက်ထပ် ကလေးတစ်ယောက်ကို အရမ်းလိုချင်နေသည့်အတွက် အနှေးနှင့် အမြန်ဆိုသလို သိလာလိမ့်မည်။


ဒါပေမယ့် သူမ ကလေးတစ်ယောက်ကိုမှ မမွေးပေးနိုင်ဘူး။ သူမ ဒီအကြောင်းကို ဝန်ခံလိုက်တာက တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။


ယခုအချိန်တွင် ကျိုးချင်းပိုင်သည် ဆောင်းဦးရာသီ ရိတ်သိမ်းချိန် စတင်နေပြီ ဖြစ်သောကြောင့် လယ်ထဲဆင်းနေရ၍ အားလပ်ချိန် မရှိတော့ပေ။

 

ကျိုးချင်းပိုင်က ဆောင်းဦးရာသီ ရိတ်သိမ်းသည့် လုပ်ငန်းစဥ်တွင် ပါဝင်နေရသည်နှင့် လင်းချင်းဟယ်သည် ငရုတ်ဆော့စ်ကို စတင်ပြုလုပ်ခဲ့သည်။


ဒါကို သူမ ခပ်စပ်စပ်လေး ပြုလုပ်ထားသည်။


ဒါပေမယ့် သူမအမျိုးသားက အစပ်ဟင်းလျာတွေကို စားသောက်ရတာ ကြိုက်နှစ်သက်သည့်အတွက် သူမ တစ်ခုခုကို စွန့်လွှတ်ရမယ် ဆိုရင်တောင် သူ့အတွက် ဒါကို ပြုလုပ်ပေးရလိမ့်မည်။