အခန်း(၁၂၀)ယုန်၀တုတ်ကြီး
Viewers 43k

အခန်း (၁၂၀) - ယုန်ဝတုတ်ကြီး


ညနေစောင်း ကျိုးချင်းပိုင် အလုပ်ကနေ အိမ်ပြန်လာသောအခါ သူ့ဇနီးသည်ရဲ့ မျက်ဝန်းတွေဟာ အရမ်းနီရဲနေတာကို မြင်တွေ့လိုက်ရသည်။


သူက ဘာဖြစ်တာလဲလို့ မေးသည့်အခါမှ သူမက ငရုတ်ဆော့စ်ပြုလုပ်နေတာကြောင့် ဖြစ်ကြောင်း သူ သိလိုက်ရသည်။


ဒါက ကျိုးချင်းပိုင်အတွက် ပြုလုပ်ပေးတာ ဖြစ်သည်။ ဒီလူကြီးဟာ ရင်ထဲ အရမ်းထိသွားပြီး ခံစားသွားရသည်။


“ရှင် ဘာဖြစ်လို့ ကျွန်မကို ဒီလိုကြည့်နေရတာလဲ။ ဒါကို နှစ်ရက် သုံးရက်လောက်ပဲ လုပ်ရတာ။ ပြီးတော့ ကျွန်မလည်း ငရုတ်ဆော့စ်ကို ကြိုက်တယ်လေ။” လင်းချင်းဟယ်က မှတ်ချက်ပြုသည်။


ထို့နောက် သူမသည် ကလေးတွေကို လက်ဆေးဖို့ ပြောဆိုကာ ထမင်းပွဲပြင်ခဲ့သည်။


ဆောင်းဦးရိတ်သိမ်းချိန် စတင်နေပြီ ဖြစ်သောကြောင့် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အား အာဟာရဓာတ်ပြည့်ဝအောင် ဂရုတစိုက် ချက်ပြုတ်ကျွေးမွေးခဲ့သည်။


ဒီနေ့ညစာကတော့ သခွားသီးနှင့် ကြက်ဥမွှေကြော် တစ်ပန်းကန်၊ ပဲနှင့် ဝက်သားစင်းကော တစ်ပန်းကန်၊ ဝက်နံရိုးနှင့် ပိန်းဥဟင်းတို့ ဖြစ်ပြီး စွပ်ပြုတ်ကတော့ ပင်လယ်ရေညှိ ပုစွန်ဆိတ်စွပ်ပြုတ်ပဲ ဖြစ်သည်။


အဓိက အစားအစာကတော့ ပြောင်းဖူးပေါက်စီပဲ ဖြစ်သည်။ 


ထမင်းစားပြီးသောအခါတွင် လင်းချင်းဟယ်သည် သူမ လုပ်လက်စ သူမရဲ့ အိမ်ချက်ငရုတ်ဆော့စ်ကို ဆက်လက်ပြုလုပ်သည်။ ပန်းကန်ခွက်ယောက်တွေနှင့် ထမင်းစားတူတွေကတော့ လောင်တ ဆေးကြောဖို့ ထားခဲ့သည်။


ကျိုးချင်းပိုင်က သူမကို ကူညီလုပ်ကိုင်ပေးဖို့ လုပ်ပေမယ့် လင်းချင်းဟယ်က သူ့ကို အပြင်လွှတ်လိုက်သည်။ “အချိန်စောနေသေးတာကို အခွင့်ကောင်းယူပြီး ရှင် လယ်ငါးလေးနဲ့ ငါးရှဥ့်နည်းနည်းလောက် သွားဖမ်းပါလား။”


လင်းချင်းဟယ်သည် အိမ်က ဝက်ခြံနှင့် ကြက်ခြံတွေကို သန့်ရှင်းရေးလုပ်ပြီး အစာလည်း ကျွေးမွေးခဲ့ပြီးပြီ။


သူမသည် ဝက်ခြံနှင့် ကြက်ခြံသန့်ရှင်းရေးကို နွေစပါးရိတ်သိမ်းချိန်နှင့် ဆောင်းဦးရာသီရိတ်သိမ်းချိန်တို့တွင်သာ လုပ်ဆောင်ပေးတာ ဖြစ်သည်။ ကျိုးချင်းပိုင်က ဘာမှ လုပ်စရာမရှိ၍ အနားမယူချင်ပါက တောရိုင်းအသားအချို့ သွားရှာနိုင်ခဲ့သည်။


သူ ဟင်းစားနည်းနည်းလောက် ရလာရင် နောက်နေ့အတွက် ဟင်းတစ်ခွက် ထပ်ထည့်လို့ ရတာပေါ့။


ကျိုးချင်းပိုင်က လယ်ငါးနှင့် ငါးရှဥ့်ကို ဖမ်းဖို့ ညနေခြောက်နာရီခွဲတွင် အိမ်မှာ ထွက်သွားခဲ့ပြီး ခုနစ်နာရီထိုးသည်အထိ ပြန်မလာသေးပေ။ ဒီနေ့ရက်တွေမှာ နေ့တာရှည်သောကြောင့် မှောင်စပျိုးရုံသာ ရှိသည်။


ကျိုးချင်းပိုင် ငါးဖမ်းပြန်ရာမှ အိမ်ပြန်ရောက်တော့ လယ်ငါလေး ခုနစ်ကောင် ရှစ်ကောင်ခန့်သာ ရလာပြီး ငါးရှဥ့်တစ်ကောင်မျှ မရလာခဲ့ပေ။


“အရင်ဆုံး ရေထဲထည့်ထားလိုက်။ နောက်တစ်ခါ များများ ရတဲ့အခါကျ အတူတူ ရောချက်စားတာပေါ့။” လင်းချင်းဟယ်သည် ရလာသည့် ငါးတွေကို တစ်ချက်လှမ်းကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် သူ့ကို ရေချိုးပြီး အိပ်ဖို့ ပြင်ဆင်ခိုင်း၏။


လင်းချင်းဟယ်သည် ငရုတ်သီးဆော့စ်ကို ဒီနေ့အပြီးလုပ်ခဲ့ပြီး သန့်သန့်ရှင်းရှင်း အိုးတစ်လုံးထဲသို့ ထည့်လိုက်သည်။


ငရုတ်သီးဆော့စ်ကို ပြုလုပ်ရတာ အလွန်လွယ်ကူသည်။ ငရုတ်သီးကို နုတ်နုတ်စဥ်း၊ ကြက်သွန်ဖြူ နုတ်နုတ်စဥ်း ပြီးတော့ ဆားထည့်ပြီး ရောမွှေလိုက်ရုံပဲ။ ဒီသုံးမျိုးကို နှံ့နှံ့စပ်စပ်‌ရောသမွှေလိုက်တာနဲ့ ငရုတ်သီးဆော့စ်ဖြစ်သွားသည်။


ကြက်သွန်ဖြူကို များများ ထည့်လျှင် အရသာ ပိုကောင်းသည်။


အိုးထဲမှာ လဝက်လောက် နှပ်ထားလိုက်ပြီးလျှင် အသင့် စားသုံးနိုင်သည့် ငရုတ်သီးဆော့စ် ရလာသည်။


လင်းချင်းဟယ်က သူမရဲ့ အချက်အပြုတ်လက်ရာအပေါ် ယုံကြည်မှု ရှိသည်။ ငရုတ်သီးဆော့စ်တစ်ပုလင်းက မိသားစုတစ်ခုလုံး စားရန် မလုံလောက်သည့်အတွက် ဒီတစ်ခါမှာတော့ ငရုတ်သီးအမြောက်အမြားကို ပြန်ယူလာပြီး ငရုတ်သီးဆော့စ် ပုလင်းအနည်းငယ်ခန့် ပြုလုပ်ထားပြီး ဖြည်းဖြည်းချင်းစားဖို့ စီစဥ်ခဲ့သည်။


လင်းချင်းဟယ်က နောက်တစ်နေ့တွင်လည်း ငရုတ်သီးဆော့စ်တွေကို ဆက်လုပ်ခဲ့ပြန်သည်။


မွန်းတည့်ချိန်တွင် သူမသည် ကျိုးချင်းပိုင်နှင့် သူမ သားသုံးယောက်ထံ နေ့လည်စာ သွားပို့ပေးခဲ့ပြီး သူမမျက်ဝန်းတွေက နီရဲလာပြန်သည်။


“မင်း ငရုတ်သီးဆော့စ်တွေကို အများကြီး လုပ်ဖို့ မလိုအပ်ဘူး။” ကျိုးချင်းပိုင်က ပြောသည်။


“ကျွန်မ အဆင်ပြေပါတယ်။” လင်းချင်းဟယ်က သူပြောတာကို ဂရုမစိုက်ဘူး။


လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ ညီအစ်ကိုသုံးယောက်ဟာ အရမ်းဗိုက်ဆာနေမှန်း သိသာထင်ရှားလှသည်။ သူတို့သည် သူတို့အမေက ငရုတ်သီးဆော့စ်ကို လုပ်နေမှန်းကို သိသောကြောင့် သူတို့အတွက် ထမင်းဟင်း မချက်မိမှာကို စိုးရိမ်နေကြသည်။


နေ့လည်စာအတွက် လင်းချင်းဟယ်က နွေဦးပန်ကိတ်တွေနဲ့ ပုစွန်ဆိတ်စွပ်ပြုတ်တို့ကိုပဲ ပြင်ဆင်ချက်ပြုတ်ထားခဲ့သည်။


နွေဦးပန်ကိတ်ထဲတွင် ကြက်ဥနှင့် အသားအတုံးလေးတွေကို အစာသွပ်ထည့်ထားခဲ့ပြီး ခရမ်းချဥ်သီး၊ သခွားသီးနှင့် အခြားဟင်းသီးဟင်းရွက်စိမ်းများကိုပါ ထည့်သွင်းထားသည့် နွေဦးပန်ကိတ်တွေလည်း ပါရှိသည်။


နွေဦးပန်ကိတ်ကို ပုစွန်ဆိတ်စွပ်ပြုတ်နှင့် တွဲဖက်စားသောက်ပြီးနောက် သားအဖတွေဟာ အရမ်းစိတ်ကျေနပ်သွားကြသည်။


“လောင်စန်း၊ နင် အမေနဲ့ အိမ်ပြန်လိုက်ချင်လား။” လင်းချင်းဟယ်က လောင်စန်းကို မေးသည်။


“သား အဖေနဲ့မှ အတူပြန်လာခဲ့မယ်။” လောင်စန်းက ခေါင်းခါလိုက်၏။


လင်းချင်းဟယ်က သူ့ကို ထားခဲ့လိုက်သည်။ ဒီရွှတ်နောက်နောက်ကောင်လေးက သူ့အစ်ကိုနှစ်ယောက်နှင့်အတူ ဆောင်းဦးရိတ်သိမ်းချိန်ကို အတူဆင်နွှဲနေတာ ကြာပါပြီ။ အရင်က သူဟာ အရမ်း ငယ်သေးပေမယ့် အခု သူက သုံးနှစ်ပြည့်ပြီး ကြံ့ခိုင်သန်မာလွန်းတော့ သူမ သူ့ကို နေဖို့ ခွင့်ပြုထားလိုက်သည်။


လင်းချင်းဟယ်က သူမတစ်ယောက်တည်း အိမ်ပြန်လာသည်။ သူမ အိမ်ပြန်နေရင်း မနက်ဖြန်ကျရင် အိမ်က ကြက်တစ်ကောင်ကို သတ်ပြီး ချက်ပြုတ်မယ်လို့ တွေးနေခဲ့သည်။


ဒီတစ်ခါတော့ အရင်မွေးထားသည့် ကြက်အိုကို သတ်ပြီး ကြက်အသစ်ကို ဥ,ဥဖို့အတွက် ချန်ထားဖို့ ဆုံးဖြတ်ထားသည်။


ဒါပေမယ့် ညနေစောင်း ကျိုးချင်းပိုင် အိမ်ပြန်လာသောအခါတွင် ယုန်ဝတုတ်တုတ် တစ်ကောင်ကိုပါ ပြန်သယ်လာခဲ့သည်။


“ယုန်ဝတုတ်ကြီးပါလား။ ဘယ်က ရလာတာလဲ။” လင်းချင်းဟယ်ရဲ့ မျက်ဝန်းတွေက တလက်လက် တောက်ပသွားသည်။


“အမေ၊ ဒါကို အဖေ ဖမ်းမိခဲ့တာ။’ လောင်တက စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။


လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့က အရမ်း စိတ်လှုပ်ရှားနေခဲ့သည်။ “ဒီယုန်ကြီးက ဝုန်းဒိုင်းကြဲပြေးသွားတာ။ လူတိုင်း အသိပြန်မဝင်သေးခင်မှာ အဖေက ဒီကောင်ကြီးကို ဖမ်းပြီးသွားပြီ။”


“ကန်းထျဲတို့တစ်တွေ မနာလိုလွန်းလို့ သေလုမတတ် ဖြစ်နေကြပေမယ့် အသုံးမဝင်ပါဘူး။ သူတို့အဖေက သားတို့အဖေလောက် မသန်မာဘူး။” လောင်အာ့က အလွန်ဂုဏ်ယူစွာ ပြော၏။


“ဟုတ်တယ်၊ သားတို့အဖေလောက် အစွမ်းကြီးတာ မဟုတ်ဘူး။” လောင်စန်းကလည်း သူ့ခေါင်းလေးကို တဆတ်ဆတ်ညိတ်ရင်း ပြော၏။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ခပ်ပြုံးပြုံးလေး ကြည့်နေ၏။ ကျိုးချင်းပိုင်ကလည်း သူမကို ကြည့်နေခဲ့၏၊ လင်းချင်းဟယ်က သူ့ကို ချီးကျူးစကားပြောဖို့ တွန့်ဆုတ်နေခြင်း မရှိပေ၊ “ကလေးတို့အဖေ၊ ကျွန်မ ရှင့်အတွက် ဒီည ယုန်သားဟင်း ချက်ကျွေးမယ်။”


“ကောင်းပြီ။” ကျိုးချင်းပိုင် ပြုံးရယ်နေ၏။


ထို့နောက် သူက ယုန်ကို ကိုင်တွယ်ဖြတ်တောက်ဖို့ ယူသွားခဲ့၏။


လင်းချင်းဟယ်က ဟင်းခတ်အမွှေးအကြိုင်တွေအားလုံးကို ပြင်ဆင်နေခဲ့သည်။ ဒီအချိန်က သိပ်နောက်မကျသေးပါဘူး၊ ညနေ ခြောက်နာရီထိုးပြီးရုံသာ ရှိသေးသည်။ ကျိုးချင်းပိုင်က ယုန်ကို ကိုယ်တွယ်ဖြတ်တောက်ပြီးတော့ ယုန်သားဟင်းချက်ပြုတ်ဖို့ သူ့ဇနီးသည်လက်ထဲ လွှဲပေးခဲ့သည်။ အိမ်နောက်ဖေးက အလုပ်တွေကို သူ့ဇနီးသည်က လုပ်ကိုင်ပြီးသားမို့ ကျိုးချင်းပိုင်က ခြင်းတောင်းတစ်ခု ဆွဲယူပြီး အပြင်ပြန်ထွက်သွားသည်။


“အဖေ၊ သားလည်း လိုက်မယ်။” လောင်တက နောက်မှ လိုက်သွားဖို့ ပြင်သည်။


“ဒါကို ယူသွားပြီး နင့်အဖေကို ဗိုက်အရင်ဖြည့်ထားဖို့ ဒါကို စားခိုင်းလိုက်ဦး။” လင်းချင်းဟယ်က သူ့ကို လှမ်းခေါ်ပြီး မှာလိုက်၏။

 

လောင်တက သူ့အဖေအတွက် ခရမ်းချဥ်သီးတစ်လုံးကို ယူနေစဥ် သူ့ပါးစပ်ထဲ ခရမ်းချဥ်သီးတစ်လုံးကို တမြုံ့မြုံ့ကိုက်စားနေခဲ့သည်။ ကျိုးချင်းပိုင်သည် လယ်ငါးသွားရှာသည့်လမ်းတွင် ခရမ်းချဥ်သီးကို စားလိုက်၏။


လင်းချင်းဟယ်က ယုန်သားနှင့် အာလူးအနည်းငယ်ကို ရောချက်လိုက်သည်။


ကျိုးချင်းပိုင်နှင့် လောင်တက အချိန်မီ ပြန်ရောက်လာသည်။ သူတို့ ပြန်လာတော့ လယ်ငါးတစ်ဒါဇင်လောက် ဖမ်းမိလာသည်။ မနေ့က ဖမ်းမိလာတာနဲ့ ပေါင်းလိုက်ရင် မနက်ဖြန်အတွက် ဟင်းတစ်ခွက် ရသွားပြီ။


သူတို့သားအဖတွေ ပြန်လာတော့ လောင်အာ့နှင့် လောင်စန်းလေးတို့ဟာ ဟင်းရနံ့ကြောင့် ငိုကြွေးမိတော့မလို ဖြစ်နေခဲ့ပြီ။ ဒီမွှေးရနံ့က အရမ်းအရသာရှိမယ့်ပုံပဲ။


“အချိန်ကိုက် ပြန်ရောက်လာတာပဲ။ နင်တို့အဖိုးအဖွားတွေ စားပြီးပြီလား မသိဘူး။ လောင်တ၊ နင့်အဖိုးအဖွားဆီ ဒီပန်းကန်လေး သွားပို့ပေးလိုက်ဦး။” လင်းချင်းဟယ်က ပန်းကန်သေးသေးလေးတစ်လုံးထဲသို့ ခွဲထည့်ပေးလိုက်၏။


ပန်းကန်သေးသေးလေးဆိုပေမယ့် ထည့်ပေးလိုက်သည့် အသားကတော့ မနည်းပါဘူး။ အဖေကျိုးနှင့် အမေကျိုးတို့ စားသောက်ဖို့ လုံလောက်သည်။


လောင်တ ခပ်မြန်မြန် သွားပို့ပေးလိုက်သည်။ ထိုသို့ သွားပို့ရာလမ်းတွင် ဒီဟင်းနံ့ကို ရသွားခဲ့သော ကလေးများသည် ဒီဟင်းကို မစားရသဖြင့် မျက်ရည်‌လေးတွေ ဝဲသွားခဲ့ကြသည်။


အဖေကျိုးနှင့် အမေကျိုးတို့သည် ထမင်းစားခန်းထဲတွင် ရှိနေခဲ့သည်။ သူတို့ထမင်းစားပွဲပေါ်တွင် အသီးအရွက်ဟင်းပန်းကန်တွေသာ ရှိသည်။။ ဒီယုန်သား၊ အာလူးဟင်းကို လာပို့ပေးသောအခါ အဖေကျိုးသည် သွားရည်ကျမတတ် ဖြစ်သွား၏။


အမေကျိုးလည်း ထိုနည်း၎င်းကောင်းပါပဲ။


“စတုတ္ထလေးရဲ့ ဇနီးသည်ရဲ့ ဟင်းချက်လက်ရာကို မချီးကျူးပဲ မနေနိုင်ဘူး။ သူမ ဒီလောက် အချက်အပြုတ်ကောင်းတာ အရင်ဘဝတုန်းက စားဖိုမှုးဖြစ်ခဲ့တာ နေမယ်။” အဖေကျိုးက အရမ်းချီးကျူးလေ၏။


အမေကျိုးက ပြုံးသာ ပြုံးနေပြီး သူမရဲ့ စတုတ္ထချွေးမ လင်းချင်းဟယ်အကြောင်းကို ဘာမှ မပြောပေ။


ချွေးမလေးယောက်နှင့် ပတ်သက်ပြီး ပြောရရင် ဒီစတုတ္ထမြောက်ချွေးမက သူမစကားကို အများဆုံး မနာခံတာ ဖြစ်ပေမယ့် ဝတ်ကြီးဝတ်ငယ် ပြုစုပေးတာနဲ့ ပတ်သက်ရင် ကျန်တဲ့ ချွေးမတွေက စတုတ္ထချွေးမလေးနှင့် ယှဥ်လို့မရဘူး။

 

သူတို့ဆီမှာ စားကောင်းတာ တစ်ခုခု ရှိတာနဲ့ သူမက သူတို့ဆီကို တစ်ပန်းကန် လာပို့ပေးပြီးသားပဲ။


ဒီနေ့ စတုတ္ထလေးက ယုန်တစ်ကောင်ကို ဖမ်းမိလာတော့ ဒါကို သေချာပေါက် ချက်ပြုတ်မှာပဲ။ ချက်ပြုတ်ပြီးတဲ့အခါကျရင် သူတို့အတွက် ဟင်းတစ်ပန်းကန် လာပို့ပေးလိမ့်မယ်လို့ မှန်းဆထားသောကြောင့် အမေကျိုးက ဟင်း ထပ်မချက်တော့ဘူး။ သူမ မှန်းဆထားသည့်အတိုင်း ဟင်းတစ်ပန်းကန် လာပို့ပေးသည်။


လောင်တက ဟင်းပို့ပေးပြီးတာနဲ့ ချက်ချင်း အိမ်တန်းပြန်သွားသည်။


“မင်းတို့ ငါ့ကို မစောင့်ကြဘူးပေါ့။” လောင်တက လောင်အာ့နှင့် လောင်စန်းလေးတို့က သူ့ကို မစောင့်ပဲ စားနေတာကို တွေ့လိုက်ရတော့ အကြည့်စူးစူးဖြင့် ကြည့်ပြီး ရန်လုပ်သည်။


“နင့်ကို မစောင့်တာ ဘာဖြစ်လို့လဲ။ နင့်အတွက် ယုန်ခေါင်း ချန်ထားတယ်။” လင်းချင်းဟယ်က ပြောသည်။


လောင်တက သူ့အတွက် ချန်ထားပေးသည့် ယုန်ခေါင်းကို ကြည့်ရင်း တခစ်ခစ် ရယ်လိုက်၏။ “အမေက သားကို အချစ်ဆုံး ဖြစ်နေတုန်းပါလား။”

 

“ပေါက်တက်ကရ ပြောနေတာကို ရပ်လိုက်။ နင့်လက်တွေကို မြန်မြန်ဆေးပြီး လာခဲ့တော့၊ နင့်အတွက် ထမင်းက အိုးထဲမှာ ရှိတယ်၊ ထည့်လာခဲ့။” လင်းချင်းဟယ်က စကားဆို၏။


လောင်တက မီးဖိုချောင်ထဲ ဝင်သွားပြီး ထမင်းသွားထည့်သည်၊ ပြီးတာနဲ့ ယုန်သားဟင်းကိုထည့်ပြီး စတင်စားသောက်တော့သည်။


အာလူးတွေနှင့် ရောချက်ထားသည့် ယုန်သားဟင်းဟာ ထမင်းနှင့် တွဲဖက်စားသောက်တော့ အရသာ ပိုရှိသည်။


ထမင်းပေါ်မှာ ဟင်းရည်စမ်းလိုက်လျှင် မွှေးရနံ့ပိုကြွယ်ပြီး သေချာပေါက် အရသာ ပိုကောင်းတာပေါ့။


ဒီညမှာ‌တော့ အရံဟင်းတွေ မရှိဘူး၊ ဒီယုန်သားဟင်းအပြင် ခရမ်းချဥ်သီးတစ်လုံးနှင့် ကြက်ဥစွပ်ပြုတ်သာ ရှိသည်။


ဒါက လုံလောက်ပါတယ်။ စားသောက်ပြီးတာနဲ့ လူတိုင်း စိတ်ကျေနပ်သွားကြသည်။


ပထမတော့ လင်းချင်းဟယ်က ထိုသားအဖတွေကို အာဟာရပြည့်ဝအောင် ကျွေးမွေးရန်အတွက် ကြက်တစ်ကောင် သတ်စားဖို့ စီစဥ်ထားတာ ဖြစ်သည်။