အခန်း (၁၂၇) - အသားဖြန့်ဖြူးခြင်း
ထိုဂွမ်းစောင်က အလွန်နွေးထွေးပြီး အကြမ်းခံသည်။ လင်းချင်းဟယ်ကလည်း ယင်းကို ချိန်ကြည့်ခဲ့သည်။ တစ်ဂရမ်မှ မလျော့ပေ။
ချည်သားများစွာလည်း ကျန်နေသေးသည်။
“ဖြတ်စတွေ ကျန်နေသေးတယ်၊ နင့်အတွက် စုထားပေးတယ်” အဘွားအိုလေးက သူမ၏ အမူအရာကို အကဲခတ်လျက် ပြောလိုက်သည်။
“ရပါတယ် အရီးရဲ့၊ အရီးအတွက် သိမ်းထားလိုက်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ပြီးနောက် သူမ၏ လက်ထဲရှိ အသားခြင်းကို သူမအား ပေးလိုက်သည်။
ယခုအခေါက်တွင် သူမက တစ်စိတ်တစ်ပိုင်းကို ရောင်းလိုက်သည်။ ကျန်သည်များကလည်း အရည်အသွေး ကောင်းသည်။ သူတို့ထဲတွင် ဝက်အဆီတုံးပါ ပါပြီး ကျင်းတစ်ဝက်ခန့် ရှိသည်။ ယနေ့ခေတ်တွင် ၎င်းကို နံပါတ်တစ်အသားအဖြစ် သတ်မှတ်နိုင်သည်။
ထို့အပြင် ကျန်သည့်အသားများလည်း ရှိသည်။ နှစ်ပေါင်၊ သုံးပေါင်ခန့် ရှိပေမည်။
လင်းချင်းဟယ် သယ်လာသည့်အသားက ထိပ်တန်းအဆင့်ဆိုတာ မြင်လိုက်ရသောအခါ အမယ်အိုလေးက အပျော်လွန်သွားသည်။ နှစ်ယောက်သားက အရောင်းအဝယ်လုပ်ပြီးနောက် လင်းချင်းဟယ်သည် ဂွမ်းစောင်ယူပြီး တောင်ကြားလေးထဲမှ သူမ၏ စက်ဘီးဖြင့် ထွက်ခွာလိုက်တော့သည်။
လူရှင်းသော တောင်ကြားသို့ ရောက်သည်နှင့် သူမက ချက်ချင်းပဲ စောင်ကို ထည့်လျက် ရွာပြန်ရန် စက်ဘီးစီးလိုက်သည်။
ထိုဂွမ်းစောင်ကြီးကို အိမ်ပြန်သယ်လာသည်။ အမေကျိုးက လန့်သွားရှာလေ၏။ သူမသည် စတုတ္ထလေး၏ ဇနီးက သူမနှင့် အဘိုးကြီးအတွက် ထိုကဲ့သို့ ဂွမ်းစောင်ကြီး လုပ်ပေးလိမ့်မည်ဟု တစ်ခါမှ မတွေးမိပေ။
“ဒါက ... ဝါဂွမ်းကျင်းဘယ်လောက်ကုန်လဲ” အမေကျိုးက ပြောမိသွားသည်။
“ခုနစ်ကျင်း” လင်းချင်းဟယ်က ပြောလိုက်သည်။
“အခုပြန်သယ်သွားရင် ဒုက္ခများမှာ၊ ညရောက်တဲ့အထိစောင့်၊ အမေတို့ဆီပို့ပေးဖို့ ကျိုးပိုင်ကို ပြောလိုက်မယ်”
“ဒီလိုဂွမ်းစောင်ကြီးကို သယ်လာတာ လမ်းတစ်လျှောက်မှာ နင့်ကို ဘယ်သူမှ မတွေ့ကြဘူးလား” အမေကျိုးက အမြန်မေးလိုက်သည်။
“ဘာကို မြင်ရမှာလဲ၊ သူတို့အားလုံးက အလုပ်သွားကြပြီ၊ ကျွန်မက တောအုပ်လေးထဲကနေ ဖြတ်လာတာ၊ ဘယ်သူ့ကိုမှ မမြင်မိဘူး၊ အမေ စိတ်ချလို့ရတယ်” လင်းချင်းဟယ်က ချွေးသိပ်လိုက်သည်။
“အဲဒီတောအုပ်က သိပ်မလုံခြုံဘူး၊ နောက်တစ်ခါကျ ဒီလို စွန့်စားဖို့ မလိုပါဘူးအေ၊ ချင်းပိုင်ကိုသာ ခေါ်သွားပြီး ညဘက် ပြန်သယ်လာခဲ့” အမေကျိုးက ပြောလိုက်သည်။
“အကြံကောင်းပဲ။ ကျွန်မ နောက်တစ်ခါကျ အဲလို လုပ်မယ်” လင်းချင်းဟယ်က ထောက်ခံသည့် အမူအရာ ပေါ်လာသည်။
သို့သော် အမှန်တကယ်တွင် ယင်းက မဖြစ်နိုင်ပေ။ ထိုပစ္စည်းများ သယ်ရန် ကျိုးချင်းပိုင်ကို သူ ပြောမှာ မဟုတ်ပေ။ သူ အသိစိတ်တချို့ ရှိတာကို မြင်သောအခါ အမေကျိုးက ဘာမှထပ်မပြောတော့ပေ။ သို့သော် ထိုဂွမ်းစောင်ကြီးချုပ်ရန် မည်မျှ ကုန်ကျသနည်း။
“ဒီလောက်အကြီးကြီး ချုပ်ဖို့ မလိုပါဘူး” အမေကျိုး ပြောလိုက်သည်။
“ကျွန်မတို့က ချုပ်ပြီဆိုမှတော့ ပိုကြီးတော့ ကောင်းပါတယ်လေ၊ နှစ်ကြာကြာ အသုံးခံတာပေါ့၊ ပြီးတော့ အမေ နောက်ကျ အေးမှာကို စိတ်ပူစရာ မလိုတော့ဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။
ပြောရန်မလိုဘဲ အမေကျိုးက ထိုဂွမ်းစောင်သည် သိပ်ကို ဇိမ်ကျမည်မှန်း သိနေသည်။ ခုနစ်ကျင်း.. အင်း။
ယခုနှစ်တွင် အိမ်တိုင်းက ဝါဂွမ်းအချို့ ရခဲ့သော်ငြား တစ်မိသားစုလုံး ခွဲပြီး ကျင်းတစ်ဝက်ခန့်သာ ရသည်။ ထိုဝါဂွမ်းက မည်ကဲ့သို့ လောက်မည်နည်း။
သူတို့ မိသားစုရထားသော ဝါဂွမ်းများကို လင်းချင်းဟယ်က ကျိုးရှီးဆီ ပို့ခဲ့သည်။ သူမအတွက်လည်း အဝတ်တစ်ထည် ညှပ်ပေးလိုက်သည်။
ထိုအကြောင်းပြချက်ကြောင် ကျိုးတုန်သည် ယခုနှစ်၌ သူတို့၏ အိမ်ဆီသို့ ချည်ထည်လက်မှတ်နှင့် ပိုက်ဆံ ယူလာပေးသည်။
“ဒေါ်လေး လက်မှတ်ပဲ လက်ခံလိုက်မယ်၊ ပိုက်ဆံကတော့ မေ့လိုက်တော့၊ မင်း အချိန်ရရင် ဒီတစ်ခေါက် လယ်ငါး၊ ဒါမှမဟုတ် ငါးရှဉ့်ရှိမလားလို့ သွားရှာပေး၊ ရှိရင် ဒေါ်လေးအတွက် ဖမ်းလာခဲ့” လင်းချင်းဟယ်က ချည်ထည်လက်မှတ်ကို ယူပြီး သူ့ကို ပြောလိုက်တော့သည်။
ကျိုးတုန်က ခေါင်းညိတ်ပြီး ငါးရှဉ့်နှင့် လယ်ငါး သွားဖမ်းတော့သည်။
ယခုအချိန်တွင် ရာသီဥတုက အေးနေပြီဖြစ်သည်။ ငါးရှဉ့်နှင့် လယ်ငါးတို့က ပုန်းနေကြပြီဖြစ်သော်ငြား သူတို့ ဖမ်းရန်အချိန်ရလျှင် အနည်းအကျဉ်း ဖမ်းနိုင်သေး၏။
ရက်အနည်းငယ်အတွင်း ကျိုးတုန်က ငါးရှဉ့်တစ်ခြင်း စုမိပြီး လာပို့ပေးသည်။
လင်းချင်းဟယ်က တသီးတသန့်ဆန်မနေတော့ဘဲ ယင်းကို လက်ခံလိုက်သည်။
ကျိုးတုန်နှင့် ကျိုးရှီး မောင်နှမအတွက် ငါးရှဉ့်တစ်အိုး၏ တန်ဖိုးက သူမ ပေးခဲ့သော ဝါဂွမ်းနှင့် မယှဉ်နိုင်ပေ။ သို့သော် လင်းချင်းဟယ်၏ အမြင်တွင် ယင်းတို့က ဝါဂွမ်းထက် တန်ကြေးပိုရှိသည်။
ယနေ့ခေတ်တွင် ဝါရွမ်းက ရှားနေရုံသာ ရှိသည်။ အထူးသဖြင့် ဆောင်းရာသီရောက်လာတော့မည့် အချိန်တွင် ဖြစ်သည်။
ကျိုးရှီးအား ပေးခဲ့သော ဝါဂွမ်းအသစ်ကျင်းတစ်ဝက်က ဆောင်းတွင်းဝတ် အနွေးထည်ပါးပါးချုပ်ရန် လုံလောက်သည်။
သူမ ပေးခဲ့သော ကျင်းတစ်ဝက်နှင့် သူတို့ ရထားသည့် ပမာဏကို ပေါင်းလိုက်လျှင် အနွေးထည်ထူထူ မချုပ်နိုင်ပေ။ သို့သော် ဘာမှမရှိတာထက် အမြဲပိုကောင်းသည်။
နောက်ဆုံးအခေါက်က ကျိုးရှီးသည် သူမကို သိုးမွေးဝယ်ရန် ပြောခဲ့သည်။ သူတို့မောင်နှမက ယခုနှစ်တွင် ဆွယ်တာ ဝတ်နိုင်တော့မှာ ဖြစ်သည်။ သူတို့၏ ဘ၀က နှစ်တိုင်း ပိုကောင်းလာနေသည်။
ကျိုးတုန် သယ်လာသည့် ငါးရှဉ့်တစ်ခြင်းနှင့်ဆို ဟင်းနှစ်ခွက် ဖြစ်သွားပြီ။ အရသာ အလွန်ရှိပြီး စားမြိန်သည်။
ဂွမ်းစောင်ကမူ ည ဆယ်နာရီထိုးချိန်တွင် ကျိုးချင်းပိုင်က သူ့မိဘအိမ်သို့ သယ်သွားပေးသည်။ ယင်းကို လျှို့ဝှက်လက်ရာယူ သတ်မှတ်နိုင်သည်။
မဟုတ်လျှင် ခုနစ်ကျင်းဂွမ်းစောင်က အာရုံစိုက်ခံရနိုင်သည်။
သို့သော် သူ့မိသားစုက ထိုအရွယ်အစားနှစ်ဆ ကြီးသော ဂွမ်းစောင်ကို ရထားသည်။ သူ့ဇနီး မည်ကဲ့သို့ သယ်ပြန်လာမှန်း သူ မသိပေ။ သို့သော် စောင်များက အမှန်တကယ်နွေးသည်ဟု ဆိုရမှာပဲဖြစ်သည်။
ဆောင်းစပါးစိုက်ပျိုးပြီးနောက် အမှန်တကယ် အေးလာသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ စွပ်ကျယ်အင်္ကျိကို ချုပ်ပေးပြီဖြစ်သည်။ အတွင်း၌ ရှပ်တစ်ထည် ခံဝတ်ပြီး အပြင်တွင် ထိုအထည် ဝင်ထားသည်က မျက်စိပသာဒ ဖြစ်စေသည်။
လောင်စန်းအတွက် တစ်ထည် ထိုးပေးပြီဖြစ်သည်။ လောင်အာ့က တစ်ဝက်သာ ပြီးသေးသည်။ လောင်တက မစရသေးချေ။ သူမအတွက်ကတော့ ယခုနှစ်တွင် မလိုအပ်ချေ။ ယခင်အဝတ်က ဝတ်၍ရသေးသည်။
ကျိုးချင်းပိုင်က မနက်စောစောတွင် ထင်းစုရန် သွားတော့သည်။ အိမ်ရှိ ထင်းများက ကုန်ခါနီးပြီဖြစ်ကာ ဆောင်းတွင်း၌ မီးလှုံရန် မလောက်ပေ။
“အဖေ အသင်းက မနက်ဖြန်က ဝက်သတ်တော့မှာ၊ စားဖို့အတွက် ဝက်အူနည်းနည်း ယူရအောင်လေ” လောင်တက ပြောသည်။
“မင်း အဖေပြန်လာတဲ့အခါ သွားမေးကြည့်၊ အဲဒါတွေကို ဘယ်လိုသန့်ရမလဲဆိုတာ အမေ မသိဘူး” လင်းချင်းဟယ်က ရိုးရိုးရှင်းရှင်း ပြောလိုက်သည်။
“အဖေ့ကို ဘာလို့ မေးမှာလဲ၊ အဖေက ထင်းစုရအောင်မှာ၊ အချိန်မရှိဘူး၊ သား အဘွားကို သွားမေးလိုက်မယ်”
လောင်တက ပြန်ပြောပြီး ကျိုးအိမ်ဟောင်းသို့ ဦးတည်လိုက်သည်။
အမေကျိုးက စုချန်လေးကို ချီလျက် ရောက်လာသည်။
“လောင်တက ဝက်အူ စားချင်တယ်ပြောတယ်၊ ညည်း အဲဒါတွေကို ဘယ်လို သန့်ရမလဲမသိဘူးဆို”
“ကျွန်မ မသိဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။
“ဒါဆို အဲဒါတွေကို အမေလုပ်လိုက်မယ်” အမေကျိုးက ခေါင်းညိတ်လိုက်သည်။
“အမေ ဝက်အူတွေကို ဘယ်လိုသန့်ရမလဲဆိုတာ သိတယ်လား” လင်းချင်းဟယ်က ထပ်မေးလိုက်သည်။
“လုပ်တတ်တယ်” အမေကျိုးက ပြုံးလိုက်၏။
“ဒါဆို သမီး ဝက်ကလီစာတွေပါ သွားယူလိုက်မယ်” လင်းချင်းဟယ်က ပြောလိုက်သည်။
ဝက်အစာအိမ်ကလည်း အရသာ ရှိသည်။ ဝက်ကလီစာကို ငရုတ်ကောင်းမှုန့်နှင့် ချက်သောက်လျှင်လည်း နွေးထွေးပြီး ကျန်းမာရေးကောင်းသည်။
အသားဖြန့်ဝေမှုကို လင်းချင်းဟယ်နှင့် ကလေးများဆီ အပ်ထားတာက ပြေသည်။ အမေကျိုးကလည်း သူတို့နှင့် ပါလာသည်။ ကျိုးချင်းပိုင် သွားရန် မလိုတော့ပေ။ သူက ထင်းများ ဆက်ရှာနေ၏။
ကျိုးချင်းပိုင်က အိမ်တွင် ရှိနေရာ သူတို့က အလုပ်မှတ်များစွာ ရထားသည်။ ထို့အပြင် လောင်တကလည်း ဝက်စာရွက်များ ရှာဖွေထားသည်။ အဖေကျိုးနှင့် အမေကျိုး၏ အလုပ်မှတ်များ ပေါင်းလိုက်လျှင် အသားစုဆောင်းမှုက တကယ် များပြားသည်။
လင်းချင်းဟယ်က တသီးတသန့် ပြုမူမနေဘဲ အဆီများများပါသော ဝက်အဆီတုံးကြီးကို တောင်းလိုက်သည်။
ကျန်သည်က ဝက်ဗိုက်သား၊ အဆီနည်းသောအသား၊ ဝက်နံရိုး၊ အရိုးကြီးများ၊ ဝက်ကလီစာနှင့် ဝက်အူမကြီးတို့ ဖြစ်သည်။ လင်းချင်းဟယ်က ဝက်အူသိမ်များကိုပါ မြင်၍ တောင်းလိုက်သည်။
သူမက ထိုအရာကို မကြိုက်သော်ငြား အရသာရှိသည်ဟု သူမ၏ သူငယ်ချင်းများ ပြောတာ ကြားဖူးသည်။
ထိုအူများပါ ပေါင်းလိုက်သောအခါ အမှန်တကယ် အတော်များသွားသည်။ ခြင်းအပြည့်ဖြစ်သည်။
ရွာထဲရှိ အမျိုးသမီးတစ်စုက ကြည့်ပြီး မနာလို အားကျနေကြသည်။
ဝမ်လင်းက မနာလိုဖြစ်လျက် ဒုတိယမရီးကို ပြောလိုကသ်ည်။
“နင့် ယောက္ခမက တကယ် မျက်နှာလိုက်တာနော်၊ ဒီလောက်များတဲ့အသားတွေကို နင့်စတုတ္ထမတ်ရဲ့အိမ်ကိုပဲ ပို့ပြီး နင်တို့ မိသားစုသုံးစုက ဘာမှမရဘူး”
“ငါတို့အိမ်ထောင်စုက ခွဲပြီးပြီလေ၊ အိမ်ထောင်စုတိုင်းမှာ အလုပ်မှတ်ကိုယ်စီ ရှိကြတာပဲ၊ အခု ကျွန်မတို့ အဖေနဲ့အမေက စတုတ္ထမတ်ရဲ့အိမ်မှာ စားနေတာ၊ အသားတွေ အဲဒီကို ပို့တာ သဘာ၀ ကျပါတယ်။ ကျွန်မတို့နဲ့ ဘာဆိုင်လဲ” ဘေးနားမှာ ရှိနေသည့် အကြီးဆုံးမရီးက ရိုးရိုးရှင်းရှင်း ပြန်ပြောလိုက်သည်။