အခန်း ၁၂၈
Viewers 43k

အခန်း (၁၂၈) - သာယာချမ်းမြေ့သော ဘဝလေး


“ဘယ်သူတွေက ဘာပြောရမှာလဲ။ ငါတို့တွေက အိမ်ထောင်စု ခွဲပြီးနေပြီ။ လူကြီးနှစ်ယောက်စလုံး စတုတ္ထလေးတို့ မိသားစုနဲ့ အတူစားနေကြတာ၊ သူတို့ဝေစုကို စတုတ္ထလေးတို့အိမ်ကို ပို့တာက ဖြစ်သင့်ဖြစ်ထိုက်တာပဲ။ ငါတို့ကိုယ်ပိုင်မိသားစုတွေမှာလည်း အလုပ်မှတ်တွေ ရှိနေတာပဲ၊ ငါတို့ အဖေတို့၊ အမေတို့ရဲ့ အသားတွေကို စောင်းငှဲ့မကြည့်သင့်ဘူး။” တတိယမရီးက နောက်မှာ ထောက်ခံပြောဆိုခဲ့သည်။


ဝမ့်လင်းပြောတာကို ကြားတော့ အနီးအနားကလူတွေက သို့လောသို့လော တွေးထင်မိကြပေမယ့် အကြီးဆုံးမရီးနှင့် တတိယမရီးတို့ရဲ့ စကားတွေ ကြားအပြီးတွင် သူတို့ ဘာမျှ မပြောကြတော့ပေ။


လူအိုကြီးကျိုးဇနီးမောင်နှံက သူတို့အိမ်မှာ ချက်ပြုတ်မစားသောက်တော့ပဲ စတုတ္ထကျိုလေးတို့အိမ်မှာ စားသောက်နေကြတာကို ရွာရှိ မည်သူကမှ မသိပဲ နေမှာလဲ။


ဒါ့ကြောင့်၊ စတုတ္ထလေးတို့အိမ်ကို အသားပို့တာက ပုံမှန်ပါပဲ။


ဝမ့်လင်းသည် လူတိုင်းက သူမဖက်တွင် မရှိတာကို မြင်လိုက်ရသည်နှင့် ဘာမှ ထပ်မပြောတော့ပေ။


ဒုတိယမရီးသည် ကြောက်စရာကောင်းတဲ့ မျက်နှာအမူအရာကို ထိန်းသိမ်းထားပြီး အထူးသဖြင့် သူမအလှည့်ရောက်ချိန်တွင် ပိုမိုဆိုးရွားသွားခဲ့သည်။ သူမတို့မိသားစုက အသားကို သုံးကျင်းသာ ရရှိခဲ့သည်။


တစ်ခု သိထားရမှာက၊ အခု လင်းချင်းဟယ်က အဆီအသားကောင်းကောင်း အသားတုံးအကြီးကြီးကို ရရှိချိန်တွင် သူမကတော့ အသားသုံးကျင်းသာ ရရှိခဲ့သည်။

 

တခြားအသားတွေရော ပါသေးတယ်မလား။


လင်းချင်းဟယ်သည် နံရိုးတွေနှင့် အရိုးတွေကို ခပ်များများ ဝယ်ယူထားသောကြောင့် ပမာဏ များပြားပုံရသည်။ စျေးသက်သာသောကြောင့် သူမသည် ဤအရာများကို ပိုမိုတောင်းဆို ဝယ်ယူခဲ့သည်။


အသားဖြန့်ဖြူးပြီးနောက် အိမ်ပြန်ရောက်တော့ ဒုတိယမရီးရဲ့ မျက်နှာအမူအရာဟာ အရမ်းဆိုးရွားနေဆဲ ဖြစ်သည်။


အခြားတစ်ဖက်တွင်မူ ဒုတိယအစ်ကိုကတော့ အရမ်းပျော်ရွှင်မြူးထူးနေပြီး “ငါတို့ ဒီည ဖက်ထုပ်လုပ်စားရအောင်။”


ရက်အတော်ကြာ ပင်ပန်းနွမ်းနယ်ရပြီးနောက် ဖက်ထုပ်များကို စားသုံးဖို့ တတ်နိုင်ပါသေးသည်။


“စား၊ စား၊ စား။ ရှင်သိသမျှက စားဖို့ချည်းပဲ။ စားသောက်တာကလွဲ့လို့ ရှင်က ဘာသိလို့လဲ။” ဒုတိယမရီးက ဆူပူပြစ်တင်သည်။


ဒုတိယအစ်ကိုက အံ့သြသွားသည်။ သူက ဖက်ထုပ်လေး စားချင်ရုံပါပဲ။ ဘာဖြစ်လို့ သူက အအော်ခံလိုက်ရတာလဲ။ သူက “အခု မင်း ဘာဖြစ်နေတာလဲ။ ဘယ်သူက မင်းကို ဒေါသထွက်အောင် လုပ်လိုက်တာလဲ။”

 

ဒုတိယမရီးက အံတင်းတင်း ကြိတ်လိုက်သည်။ “အခုလေးတင် အမေ့ကို စတုတ္ထလေးဇနီးနဲ့ အသားဖြန့်ဖြူးတဲ့နေရာမှာ တွေ့ခဲ့တယ်၊ အမေတို့ရတဲ့ ဝေစုအကုန်လုံးကို စတုတ္ထလေးတို့ကိုပဲ ပေးလိုက်တယ်။”


“အဲ့တာ ဘာဖြစ်လို့လဲ။ အဖေနဲ့ ချင်းပိုင်တို့က တစ်ယောက်ကို အလုပ်မှတ် ဆယ်မှတ်စီ ရကြတာပဲလေ။” ဒုတိယအစ်ကိုက ပြန်ဖြေပေးသည်။


အလုပ်ဆယ်မှတ် နှစ်ယောက်၊ အာ... ဒီတစ်ခေါက် အသားဝေစုရတာ ဘယ်လောက် များလဲ ဆိုတာကို စဥ်းစားကြည့်ပါလား။


“အဲ့ဒီအသားတွေအားလုံကို စတုတ္ထလေးတို့အိမ်ကို ပေးလိုက်တာ။” ဒုတိယမရီးက ဆက်ပြောသည်။


“အဲ့တာနဲ့ ပတ်သက်ပြီး ဘာပြောစရာ ရှိလို့လဲ။ အဖေတို့၊ အမေတို့က အဲ့ဒီအိမ်မှာ စားနေကြတာ။ အဲ့ဒီအိမ်ကို အသားမပို့ရင် ဘယ်ကို အသားပို့ရမှာလဲ။” ဒုတိယအစ်ကို စိတ်ပျက်လက်ပျက် ပြန်ပြောသည်။


သူ့မိန်းမ ဘာဖြစ်နေလဲ ဆိုတာကို သူ တကယ် နားမလည်နိုင်ဘူး။


“ရှင် ပြောကြည့်၊ အဖေတို့၊ အမေတို့ကို ကျွန်မတို့နဲ့အတူ လာစားခိုင်းရင်ရော ဘယ်လိုလဲ။” ဒုတိယမရီးက အကြံပြုသည်။


သူမယောက္ခတွေကို သူမတို့မိသားစုနှင့် အတူစားခိုင်းတာက ပိုကောင်းလိမ့်မယ်လို့ သူမ ခံစားလိုက်ရသည်။ လက်ရှိတွင် သူမယောက္ခထီးက အလုပ်တွေကို လုပ်နိုင်ကိုင်နိုင်သေးသည့်အတွက် အလုပ်မှတ် ဆယ်မှတ် ရနိုင်သေးသည်။ ယောက္ခမကတော့ လယ်ထဲဆင်း အလုပ်မလုပ်သော်လည်း ကလေးက သိပ်မကြာခင် ကြီးပြင်းလာမှာ ဖြစ်လို့ အလုပ်မှတ်တွေနှင့် လဲလှယ်နိုင်ဖို့ သူမ ဝက်စာမြက်တွေ လွတ်လွတ်လပ်လပ် စုဆောင်းနိုင်တော့မည် ဖြစ်သည်။


ဒါ့ကြောင့် အရှုံးမရှိပါဘူး။


“မင်း တကယ် တွေးတတ်တာပဲ။ မင်းရဲ့ ဟင်းချက်လက်ရာက စတုတ္ထလေးရဲ့ ဇနီးသည် ဟင်းချက်လက်ရာနဲ့ ဘယ်လိုယှဥ်နိုင်မှာလဲ။ ငါ့မိဘတွေ အဲ့အိမ်မှာ သွားစားနေကတည်းက သူတို့ ဘယ်လောက် စိတ်ကျေနပ်ပျော်ရွှင်နေလဲ ဆိုတာကို မင်း မတွေ့ဘူးလား။” ဒုတိယအစ်ကိုက ရယ်သည်။


သူ့မိဘတွေ အရမ်းပျော်နေတာကို သူသိသည်။ စတုတ္ထလေးတို့အိမ်မှာ စားသောက်နေကတည်းက သူ့မိဘတွေက ပိုမိုစိုပြေလာခဲ့သည်၊ ဒါကို ကြည့်လျှင် အဲ့ဒီအိမ်က အစားအသောက်တွေ ဘယ်လောက် ကောင်းမွန်ကြောင်းကို သိနိုင်လောက်တဲ့အထိပါပဲ။


သူ့ဇနီးသည်က သူတို့အိမ်မှာ သူ့မိဘတွေကို လာစားစေချင်တယ်။ သူ့မိဘတွေက သူတို့မိသားစုရဲ့ အသီးအရွက်ဆားရည်စိမ်နဲ့ အသီးအရွက်ဟင်းလျာတွေကို စားရတာ ပျော်နေတယ်ဆိုရင် ထူးဆန်းနေပေလိမ့်မည်။


“ရှင်က ပြောတောင် ပြောမကြည့်ရသေးဘူး၊ ရှင့်မိဘတွေ လိုလားလား၊ မလိုလားဘူးလား ဆိုတာကို ရှင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”


“ပြဿနာ မရှာစမ်းနဲ့။” ဒုတိယအစ်ကိုက ခပ်ပြတ်ပြတ် ပြောလိုက်သည်။


သူ့မိဘတွေကိုပင် မပြောနဲ့၊ အဲ့နေရာမှာ သူသာ ဆိုရင် ဘယ်တော့မှ အိမ်ပြောင်းပြီး စားသောက်မှာ မဟုတ်ဘူး။ စတုတ္ထလေးတို့အိမ်က အနပ်တိုင်းတွင် ဟင်းပွဲ မထပ်ပဲ အနပ်တိုင်းတွင် အသား ဒါမှမဟုတ် ဥတွေ ပါရှိကြောင်းကို သူ ကြားသိခဲ့ရသည်။


အနပ်တိုင်းမှာ အသားတွေ ပါတယ် ဆိုတာ မဖြစ်နိုင်ပေမယ့် အနပ်တိုင်းမှာ ကြက်ဥပါတာတော့ ဖြစ်နိုင်ပါတယ်။ စတုတ္ထရဲ့ ဇနီးသည်က အပြင်ကနေ ကြက်ဥတောင်းအပြည့်နှင့် ပြန်လာတာကို သူ မြင်တွေ့ခဲ့ရဖူးသည်။


ဥတွေက တစ်တောင်းလုံးအပြည့်ပဲ။ အာ... အဲ့တာကို ကွန်မြူနတီရဲ့ ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းကနေ ဝယ်ယူလာတာ ဖြစ်လိမ့်မည်။


ဒုတိယမရီးက ဒေါသအရမ်းထွက်သွားသည်၊ “ရှင် မပြောရဲရင်၊ ကျွန်မ သွားပြောမယ်။”


“ဒါဆိုလည်း မင်းဖာသာ သွားပြော” ဒုတိယအစ်ကိုက သူ့လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်သည်။


ဒုတိယမရီးက ချက်ချင်း မသွားခဲ့ဘူး။ သူမက သင့်တော်တဲ့အချိန်မှာ သွားရှာဖို့ စိတ်ကူးထားတယ်။


သို့သော်လည်း အမေကျိုးသည် ယခုအချိန်တွင် အချိန်အား သိပ်မရှိပေ။


လင်းချင်းဟယ်သည်လည်း အရမ်းအလုပ်ရှုပ်နေသည်။ အသားတွေ အများကြီး ရရှိခဲ့တာကြောင့် အဲ့တာတွေ အားလုံးကို သင့်တော်သလို ပြင်ဆင် သိမ်းဆည်းထားရမည်။


သူမက အဆီများများ ပါဝင်တဲ့ အပိုင်းကို လှီးဖြတ်ပြီး ဝက်ဆီ ချက်ဖို့ စတင်ပြင်ဆင်သည်။


သူမနေရာလွတ်တွင် မြေပဲဆီ ၂စည်ခန့်သာ ကျန်ရှိတော့သည်၊ သူမသည် ဆီကို ပေါပေါများများ သုံးစွဲမိသောကြောင့် အဆီများများပါသည့် အသားများကို ရှိနေပါက ပျော်ပျော်ကြီး ဆီထုတ်ယူဖို့ လုပ်ရမည်။


ဒီခေတ်ဒီအခါမှာ ဝက်တွေကို သဘာဝအတိုင်း မွေးမြူထားတာ ဖြစ်သောကြောင့် အဆီများအသားမှ ထုတ်ယူရရှိသော ဝက်ဆီသည် အရမ်းအရသာရှိသည်။


ဆီထုတ်ယူပြီး ကျန်ရှိသည့် ဝက်ဆီဖတ်တွေလည်း စားကောင်းတယ်။ က‌လေးတွေက ဝက်ဆီဖတ်တွေကို အရမ်းကြိုက်တယ်။


လင်းချင်းဟယ်က ဘန်းမုန့်ပေါင်းဖို့ ရည်ရွယ်ထားသည်။


ဝက်ဆီဖတ်တွေနဲ့ ဂေါ်ဖီထုတ်တွေကို အစာသွပ်ဖို့ ပြင်ဆင်ထားသဖြင့် အခြားပါဝင်ပစ္စည်းတွေ မလိုအပ်တော့ပေ။ ဒီဘန်းမုန့်ပေါင်းတွေရဲ့ နောက်ဆုံးရလဒ်က အရမ်းအရသာရှိပြီး အရမ်းမွှေးသည်။


ဝက်ဗိုက်သားကိုမူ လင်းချင်းဟယ်က ကြာကြာခံအောင် ဆားလက်တစ်ဆုပ်စာ ဖြူးပြီး ကြော်ဖို့ လုပ်ထားသည်။


အဆီနည်းအသား၊ ဝက်နံရိုး၊ ဝက်အရိုးကြီတွေကိုလည်း အလုံးစုံ လုပ်ကိုင်ဖို့ စီစဥ်ထားပြီး မည်သည့်အရာကိုမှ ဖြုန်းတီးမည် မဟုတ်ပါ။


ဒါပေမယ့် ရာသီဥတု သိပ်မအေးသည့်အတွက် အသားတွေကို မြန်မြန် စားသင့်သည်။


ဝက်အူမကြီး၊ ဝက်အစာအိမ်နှင့် ဝက်အူသိမ် အားလုံးကို အမေကျိုးက ကိုင်တွယ်ပေးပြီး လင်းချင်းဟယ် ကိုင်တွယ်စရာ မလိုအပ်ပေ။ ဝက်အူမကြီးကို ဆားရည်စိမ်ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ရောကြော်လိုက်သည်။ ဝက်အစာအိမ်ကိုတော့ ပါးပါးလှီးဖြတ်ပြီး ငရုတ်ကောင်းခတ်ကာ စွပ်ပြုတ်ချက်သည်။ ဝက်အူသိမ်တွေကိုတော့ မီးကင်ထားသည်။


တိုတိုပြောရရင် ဒီနေ့ စားသောက်ရတဲ့ အစားအစာအားလုံးက အရမ်းကောင်းတယ်။ ကျိုးချင်းပိုင်က ဝိုင်ပုလင်းကိုတောင် ထုတ်ယူခဲ့ပြီး အဖေကျိုး၊ အမေကျိုးတို့နဲ့အတူ သောက်ခဲ့သည်။


လင်းချင်းဟယ်နဲ့ ကလေးတွေကတော့ မသောက်ကြဘူး။ တကယ်တော့ လောင်တက သောက်ချင်ပေမယ့် လင်းချင်းဟယ်ရဲ့ အကြည့်စူးစူးဖြင့် ကြည့်တာကို ခံလိုက်ရသည်။ သူ့အသက် ၁၅ မပြည့်မချင်း ဝိုင်ကို တစ်စက်တောင်မှ ထိတွေ့ခွင့် မရှိဘူးလို့ လင်းချင်းဟယ်က စည်းကမ်းတင်းကြပ်ထားသည်။


စားပွဲပေါ်တွင် ဟင်းလျာတွေ ပေါကြွယ်ဝပြီး လူတိုင်း စိတ်ကျေနပ်သည်အထိ စားသောက်ကြသည်။


အဖေကျိုးနှင့် အမေကျိုးတို့ဟာ အစားအသောက်တွေကို အရမ်းသဘောကျသည်။


အဖေကျိုးတို့ ဇနီးမောင်နှံ နှစ်ယောက်သား ထမင်းစားပြီး‌နောက် အနားယူလိုက်ကြသည်။ သူတို့သည် ဒီအတောအတွင်း အလုပ်အများကြီး လုပ်ကိုင်ခဲ့ရသဖြင့် ယခုအခါ ကောင်းမွန်စွာ အနားယူဖို့ လိုအပ်နေပြီ ဖြစ်သည်။ 


သူတို့နှစ်ယောက် အိမ်ပြန်ရောက်သည်နှင့် သူတို့ရဲ့ ဒုတိယချွေးမက ပြုံးပြုံးချိုချိုဖြင့် ဖက်ထုပ်တစ်ပန်းကန်ယူပြီး ရောက်လာခဲ့သည်။


“အဖေနဲ့ အမေ၊ ဒါက ငါလုပ်ထားတဲ့ ဖက်ထုပ်တွေလေ။ မြည်းစမ်းကြည့်ပါဦးလား။” ဒုတိယမရီးက ပြုံးရွှင်ကာ စကားဆိုသည်။


“မစားတော့ဘူး။ ငါတို့ ခုပဲ နင်တို့စတုတ္ထမတ်လေးတို့အိမ်မှာ စားသောက်လာပြီးပြီ။” အမေကျိုးက ပြောသည်။


ဒုတိယမရီးက အရက်နံ့ရပြီး “အဖေနဲ့ အမေ ဝိုင်သောက်လာသေးတာလား။” လို့ မေးသည်။


“ဟိုအိမ်က အစားအသောက်တွေက အရမ်းအရသာရှိလွန်းလို့၊ ငါ နည်းနည်း သောက်လာခဲ့တာ။” အမေကျိုးက ပြုံးရယ်ရင်း ပြောသည်။


ဒုတိယမရီးက ပြုံးပင် မပြုံးနိုင်တော့ချေ။ သူမ စကားတောင် မစ,ရသေးဘူး၊ သူမယောက္ခမဖြစ်သူက သူမရဲ့ ပါးစပ်ကို ပိတ်အောင် လုပ်လိုက်နိုင်သည်။


အမေကျိုးက ဒုတိယမရီးရဲ့ အစီအစဥ်ကို မသိပဲ သူမမြေးငယ်လေးကို ချီပြီး အနားယူရန် အခန်းထဲသို့ ဝင်သွားခဲ့သည်။


ဒုတိယမရီးသည် ဖက်ထုပ်တစ်ပန်းကန်နဲ့ အိမ်ပြန်လာခဲ့ရသည်။


“မင်း အဲ့တာကို ယူသွားစရာ မလိုဘူးလို့ ငါ မင်းကို ပြောပြီးသားပဲ။ အဖေတို့၊ အမေတို့က စတုတ္ထလေးတို့အိမ်မှာ စားသောက်လာခဲ့ပြီ မဟုတ်လား။” ဒုတိယအစ်ကိုက မှတ်ချက်ပြုသည်။


“ငါ့ရဲ့ သိတတ်မှုကို ဂရုမစိုက်မှတော့ ဒါကို ငါကိုယ်တိုင်ပဲ စားလိုက်မှာပေါ့။” ဒုတိယမရီးက ဒေါသတကြီး ပြောသည်။


ဒုတိယအစ်ကိုက ဘာမှ ပြန်မပြောပဲ သူ့ကလေးတွေကိုသာ မြန်မြန်စားဖို့ ပြောလိုက်သည်။ ဖက်ထုပ်စားရတယ် ဆိုတာက သူတို့အတွက် ရှားရှားပါးပါး အခွင့်အရေးတစ်ခုပဲ။ မျိုချရခက်ခဲသော အစေ့အဆန်များနှင့် မတူပဲ အရသာအရမ်းရှိသည်။


ဒါတောင်မှ သူတို့အိမ်မှာ ဂျုံမှု့န်များများ ရှိတာတောင် သူတို့သည် ထမင်းအနပ် အနည်းငယ်သာ စားနိုင်သည်။


အကြီးဆုံးမရီးနှင့် တတိယမရီးတို့လည်း ဒီနေ့ အသားအများကြီး ရရှိခဲ့ကြသည်။ သူမတို့နှစ်ယောက်စလုံက အဖေကျိုးနှင့် အမေကျိုးအတွက် အသားအနည်းငယ် ယူလာပေးမယ့် လူကြီးတွေက လက်မခံခဲ့ကြဘူး။ သူတို့ဖာသာစားဖို့သာ ပြန်ယူသွားခိုင်းသည်။


“အဖေနဲ့ အမေတို့ စတုတ္ထမတ်လေးတို့အိမ်မှာ စားရတာ အရမ်းကျေနပ်နေပုံပဲ။” အကြီးဆုံးမရီးက တခစ်ခစ်ရယ်ရင်း စကားဆိုသည်။


“ဒီနေ့ အရမ်းစိတ်ကျေနပ်တယ်။ နင်တို့ပဲ စားဖို့ ပြန်ယူသွားချေ။ နင်တို့အဖေနဲ့ ငါက နင်တို့ ကျင့်ဝတ်သိတတ်မှန်းကို သိပါတယ်။” အမေကျိုးက အပြုံးခပ်ချိုချိုဖြင့် ပြောသည်။


တတိယမရီးလည်း အပြုံးလေးဖြင့် ခေါင်းညိတ်သည်။


ထို့နောက် ချွေးမနှစ်ယောက်စလုံး ပြန်သွားကြသည်။


“ကျွန်မတို့နှစ်ယောက်စလုံး အခုဆို အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နေပြီလို့ ဆိုရမယ်။” အမေကျိုးက တခစ်ခစ်ရယ်ရင်း အဖေကျိုးကို ပြောလိုက်သည်။


အဖေကျိုးက စိတ်အေးသက်သာစွာဖြင့် သူ့မျက်လုံးတွေကို မှေးစက်လိုက်သည်။ ဒီနေ့ရက်တွေမှာ အတော်လေး နေထိုင်ကောင်းလှသည်။