အခန်း (၁၃၂) – စကားများရန်ဖြစ်ခြင်း
ဘန်းမုန့်နှစ်ခုနှင့် မန်ထိုတစ်လုံးရဲ့ ကုန်ကျစရိတ်ကို ပြန်ရမည် မဟုတ်သော်လည်း လင်းချင်းဟယ်က စိတ်ထဲ မထားပေ။
မနက်ဖြန်ကျရင် အရောင်းအဝယ်လုပ်ရန် လာခဲ့မည်ဟု အဖွားအိုလေးအား ပြောခဲ့သည်။ လင်းချင်းဟယ်သည် အပြင်မှာ ဝယ်ခြမ်းစားသောက်ပြီး ဧည့်ရိပ်သာကို ပြန်လာခဲ့သည်။
သူမ အိမ်ပြန်ရောက်ချိန်တွင် ကျိုးချင်းပိုင်က အခန်းထဲတွင် ပြန်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူမ ပြန်လာတာကိုတွေ့တော့ သူ စိတ်သက်သာရာ ရသွားခဲ့သည်။
ဒါပေမယ့် သူက လေးနက်တည်ကြည်သော မျက်နှာဖြင့် တိတ်တဆိတ်သာ ရှိနေဆဲ ဖြစ်သည်။
“ဒါက ကျွန်မအမှားမှန်း ကျွန်မ သိတယ်၊ ဒါပေမယ့် အဲ့ဒီအချိန်တုန်းက ကျွန်မ ရှင့်အပေါ်မှာ ခံစားချက်မရှိဘူးဆိုတာကို ရှင်လည်း သိသားပဲ။ ကျွန်မ ရှင့်ကို သားယောကျာ်းလေး သုံးယောက် မွေးပေးပြီးတော့ လုံလောက်ပြီလို့ ကျွန်မ တွေးမိတယ်၊ ဒါ့ကြောင့် ကျွန်မစိတ်အလိုအရ လုပ်လိုက်တာပဲ။” လင်းချင်းဟယ်က ရှင်းပြသည်။
ကျိုးချင်းပိုင်ရဲ့ မျက်နှာဟာ ပိုလို့တောင် မည်းမှောင်လာခဲ့သည်။
“ဒါပေမယ့် ရှင် ပြန်ရောက်လာပြီးနောက် ရှင်နဲ့ တစ်ရက်ပြီးတစ်ရက် အတူဖြတ်သန်းလာပြီးတော့ ရှင်နဲ့ လက်ထပ်ခဲ့ရတာ အရမ်းပျော်ဖို့ကောင်းတယ်လို့ ဘယ်အချိန်ကစပြီး ကျွန်မ ခံစားလာခဲ့မိမှန်း ကျွန်မ မသိတော့ဘူး။ ရှင်က ကျွန်မကို ကြည်နူးဖွယ်ရာ စကားတွေနဲ့ ရိုမန့်တစ်ဆန်တဲ့ အရာတွေ မပြောတတ် မလုပ်တတ်ပေမယ့် ကျွန်မကို ပျော်ရွှင်စေခဲ့တယ်၊ ရှင် မိသားစုအတွက် ကိုယ့်ကိုကိုယ် တိတ်တဆိတ် မြှုပ်နှံပြီး မိသားစုတာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်ပေးခဲ့တယ်။” လင်းချင်းဟယ်က ဆက်ပြောသည်။
ကျိုးချင်းပိုင်က သူမကို လှမ်းကြည့်သည်။
“အဲ့ဒီအချိန်တုန်းက ကျွန်မ ရှင့်ကို ချစ်မိသွားလိမ့်မယ်လို့ မထင်ခဲ့ဘူး။ ရှင် ပြန်ရောက်တုန်းကလည်း ကျွန်မ ရှင့်ကို ဘေးအခန်းမှာပဲ အိပ်ခိုင်းခဲ့တယ်။ ရှင့်အတွက် ခံစားချက်တွေ မရှိတုန်းက ကလေးတွေကို ကျွန်မ မမွေးပေးချင်ခဲ့ဘူး။ ကျွန်မ ရှင်နဲ့ အတူတူ အကြာကြီး နေပြီးတဲ့နောက်မှာ ကျွန်မ ရှင့်ကို ချစ်မိသွားခဲ့တယ်။ ရှင် သမီးလေးတစ်ယောက်လောက် လိုချင်တယ်လို့ ပြောတဲ့အခါမှာ ကျွန်မ တကယ် နောင်တရမိတယ်။ ရှင့်ကို ကျွန်မ ဒီအကြောင်းကို ဘယ်လို ပြောပြရမှန်း တကယ်မသိဘူး။”
ကျိုးချင်းပိုင်က “မင်း ကိုယ့်ကို ဘာဖြစ်လို့ ဒီအကြောင်းကို စောစောစီးစီး မပြောပြခဲ့တာလဲ။”
“ကျွန်မ ရှင့်ကို အစောကြီးကတည်းက ပြောမလို့ပဲလေ၊ ဒါပေမယ့် ကျွန်မ အဲ့တာကို ပြောမထွက်နိုင်ဘူး။ ရှင်က သမီးလေးတစ်ယောက်လောက် အရမ်းလိုချင်နေတာကို ကျွန်မ သိနေတာကိုး၊ ဒါပေမယ့် ကျွန်မက သားကြောဖြတ်ပြီးသား ဖြစ်နေခဲ့ပြီ။ ကျွန်မ တခြား ဘာကို လုပ်နိုင်မှာတဲ့လဲ။ ရှင် ကျွန်မကို ကိုယ်ဝန်ရအောင် စွမ်းဆောင်ပေးနိုင်မလား ဆိုတာကို တိတ်တဆိတ် စောင့်မျှော်နေခဲ့မိတာ။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်ရဲ့ မျက်နှာဟာ မည်းမှောင်သွားပြန်သည်။
လင်းချင်းဟယ်က ဤကဲ့သို့သော အတွေးမျိုးကို တကယ် တွေးနေမိတာ ဖြစ်သည်။ တကယ်လို့ သူ့မှာ သန္ဓေတည်စေနိုင်တဲ့အစွမ်းရှိလို့ သူမမှာ ကိုယ်ဝန်ရလာခဲ့ရင် အဲ့ကလေးကို သူမ သေချာပေါက် မွေးဖွားပေးမှာပဲ ဖြစ်သည်။
သို့ရာတွင် ကျိုးချင်းပိုင်က ဒါမျိုးကို လုံးဝ လက်သင့်မခံခဲ့ပေ။
ဒါ့ကြောင့် လင်းချင်းဟယ်က သူမခန္ဓာကိုယ်ကို အသုံးပြု၍ သူ့ကို ခွင့်လွှတ်မှု တောင်းခံခဲ့သည်။
အစကတော့ ကျိုးချင်းပိုင်သည် သူ့ဒေါသတွေ နည်းနည်းတောင် မလျော့သေးသည့်အတွက် သူမကို လျစ်လျူရှုထားချင်ခဲ့သည်။
ဒါပေမယ့် ဒီအမျိုးသမီးက နည်းစနစ်တွေကို ဘယ်လို အသုံးပြုသင့်လဲ ဆိုတာကို တကယ် သိတဲ့အတွက် သူ မထိန်းချုပ်နိုင်တော့ပဲ သူမကို ထိုနည်းလမ်းဖြင့် ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့သည်။
သူ့ရဲ့လုပ်ငန်းစဥ် ပြီးမြောက်သွားတဲ့အခါမှာတော့ ဒေါသတွေ ထွက်နေပြန်သေးသည်။
“ရှင် စိတ်ပြေသင့်ပြီနော်၊ ဟုတ်ပြီလား။” လင်းချ်ငးဟယ်က သူမအတွက် ကြီးမားသော စွန့်လွှတ်အနစ်နာခံမှုကို ပြုလုပ်ခဲ့ရသည်ဟု ခံစားခဲ့ရသည်။ ကျိုးချင်းပိုင်က သူ့ရဲ့လုပ်ငန်းစဥ် ပြီးဆုံးသွားသောအခါတွင်လည်း သူမအား ဆက်လက် စိတ်ဆိုးချင်နေသေးပေမယ့် သူမကတော့ သဘောမတူဘူး။
အစကနေ အဆုံးအထိ သူမကိုယ်တိုင်လည်း နစ်နာသူ ဖြစ်ခဲ့ရသော်လည်း သူ့ကို နှစ်သက်ပြီး ချစ်မြတ်နိုးသောကြောင့်သာ သူ့ကို နှစ်သိမ်ပေးခဲ့သည်။
သူက ထိန်းမနိုင် သိမ်းမရနဲ့ ဘယ်အချိန်ရပ်ရမှန်း မသိရင် သူမလည်း ဒေါသထွက်ပြရလိမ့်မည်။ ဘယ်သူက ပိုရက်စက်လဲ ဆိုတာကို သိချင်ရင် စမ်းကြည့်လိုက်လေ။
ကျိုးချင်းပိုင်က သူမကို တွန်းဖယ်လိုက်သည့်အခါမှာ လင်းချင်းဟယ်က ဒီလိုလေသံမျိုးကို အမှန်တကယ် အသုံးပြုခဲ့သည်။
သူက ရိုးရိုးရှင်းရှင်း လှည့်ထွက်သွားသည်။
လင်းချင်းဟယ်က ပြုံးလိုက်မိသည်၊ “ကျိုးချင်းပိုင်၊ ရှင့်မှာ အရည်အချင်းတွေ အများကြီး ရှိနေတယ်ပေါ့လေ၊ ကျွန်မ ရှင့်ကို ချော့နေတာ ကြာပြီ၊ ရှင်က အခုထိ ကိုယ့်ကိုကိုယ် ဘယ်အချိန်မှာ ရပ်တန့်ရမလဲ ဆိုတာကို မသိသေးဘူး၊ ရှင် ကွာရှင်းချင်တယ် ဆိုရင် ရှင် လုပ်ချင်တာကို လုပ်နိုင်တယ်၊ ဘာပဲဖြစ်ဖြစ် အဆင်ပြေတာပဲ။ ဒါပေမယ့် ကျွန်မ ရှင့်ကို အရင်ဆုံး ပြောစရာရှိတယ်၊ ကျွန်မ ကလေးသုံးယောက်ကို ခေါ်သွားမှာ မဟုတ်ဘူး။ ရှင့်ကလေးတွေကို ရှင်ကိုယ်တိုင်ပဲ ပြုစုပျိုးထောင်လို့ရတယ်။”
ဒါက မဖြစ်နိုင်ပါဘူး။ ဒီလူကို ကြောက်အောင် ခြိမ်းခြောက်လိုက်ခြင်းသာ ဖြစ်သည်။
ကျိုးချင်းပိုင်က ချာခနဲ လှည့်ပြီး သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်၊ “မင်းက ကွာရှင်းချင်နေတာလား။”
“အဲ့တာက ရှင်လိုချင်နေတာ မဟုတ်ဘူးလား။ ကျွန်မပြောတာ ဘာမှားနေလို့လဲ။ ကျွန်မ ဒါကို လုပ်မိလို့ နောင်တရပြီးပြီ။ ကျွန်မ ရှင့်ကို ချစ်မိပြီးနောက် ကျွန်မ ဒါကို လုပ်မိလို့ နောင်တရခဲ့တယ်။ ကျွန်မ အရမ်းနောင်တရတယ် ဆိုရင်တောင်မှ ဒါက မပြောင်းလဲနိုင်ဘူး၊ ဒါကို ရှင် သိတယ်မလား။” လင်းချင်းဟယ် ပြောသည်။
“မင်း ဘာမှားလဲ ဆိုတာကို သေသေချာချာ နားလည်သဘောပေါက်ဘူးလို့ ကိုယ်ထင်တယ်။” ကျိုးချင်းပိုင်က ပြောလိုက်သည်။
လင်းချင်းဟယ်သည် သူမဟာ ဘယ်သောအခါမှ စိတ်ရှည်ခြင်း မရှိကြောင်းကို သတိပြုမိခဲ့ပြီး သူမရဲ့ စိတ်ရှည်သည်းခံမှုတွေဟာ အခုအချိန်မှာ ဂိတ်ဆုံးသို့ ရောက်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ လင်းချင်းဟယ်က လေးလေးနက်နက် ပြောလိုက်သည်၊ “ပြန်ရောက်ရင် ထုံးထမ်းစဥ်လာအတိုင်း လုပ်ကြတာပေါ့။ ကျွန်မ ရှင့်ကို ကလေး ထပ်မမွေးပေးနိုင်တော့ဘူး။ ရှင် ကလေးလိုချင်တယ်ဆိုရင် ငယ်ရွယ်ချောမောလှပတဲ့ အခြား အမျိုးသမီးတစ်ယောက်ကို သွားရှာလို့ရတယ်။ ကလေးတွေကတော့ သူတို့ အလိုရှိတဲ့သူနဲ့ လိုက်နေလိမ့်မယ်။ တကယ်လို့ သူတို့က ရှင်နဲ့ အတူနေချင်တယ်ဆိုရင်လည်း ကျွန်မ ပြောစရာ မရှိဘူး။”
ကျိုးချင်းပိုင် ကဲ့သို့သော စိတ်သဘောထားကောင်းသည့် လူတစ်ယောက်ပင် သူမကြောင့် သေလုနီးပါး ဒေါသထွက်နေခဲ့သည်။
ဒီမိန်းမက သူ ဒေါသထွက်လွန်းလို့ မသေမချင်း ရပ်ရကောင်း သိမှာ မဟုတ်ဘူး။
ဘာစကားမှ ပြန်မပြောပဲ သူက လင်းချင်းဟယ်ကို မျက်နှာမည်းဖြင့် စိုက်ကြည့်နေခဲ့သည်။
လင်းချင်းဟယ်က သူ့ကို မျက်စောင်းထိုးလိုက်ပြီး အိပ်စက်အနားယူရန် လှဲလိုက်သည်။ အခုနကပင် ဒီဝံပုလွေက သူမကို ပြင်းပြင်းထန်ထန် စားသောက်ခဲ့သဖြင့် သူမ ပင်ပန်းနွမ်းနယ်နေပြီ။ ပြီးတော့ သူမက သူ့ကို ဆက်ချော့ရဦးမယ်ပေါ့၊ မချော့နိုင်ဘူး။
တကယ်လို့ ဒေါသထွက်ချင်ရင်တောင် သူမကို ဘယ်လိုမှ ဒေါသမထွက်နိုင်ဘူး။
ကျိုးချင်းပိုင်သည် လင်းချင်းဟယ်က နှလုံးသားမဲ့စွာ အိပ်စက်သွားသည်ကို မြင်လိုက်ရသဖြင့် ဒေါသထွက်ပြီး မရယ်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
သူ တကယ်ပဲ ဒီလို ဆင်ခြင်တုံတရား ကင်းမဲ့သော အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ခဲ့မိတာလား။
သူမသည် ဒီလို ကြီးမားသော ကိစ္စရပ်ကို သူမဘာသာသူမ ဆုံးဖြတ်ခဲ့ပြီး သူ့ကို စိတ်ဆိုးရန် ခွင့်မပြုပေ။ သူ့ကို ခဏလောက် ချော့မော့ပြီးနောက် သူမ ဆက်လက် သည်းမခံနိုင်တော့ပေ။
ထို့အပြင်၊ သူမက ကွာရှင်းဖို့ကိုပင် တွေးလိုက်သေးကာ ကလေးတွေကိုပင် မလိုချင်တော့ဟု ဆိုလိုက်သေးသည်။
ကျိုးချင်းပိုင် ခေါင်းကိုက်သွားသည်။
အချိန်ကိုကြည့်လိုက်တော့ မစောတော့ပေ၊ မွန်းတည့်ချိန်လောက် ရောက်နေပြီမို့ ကျိုးချင်းပိုင်က “အိပ်ရာထဦး၊ ကိုယ်တို့ ထမင်းသွားစားကြရအောင်” လို့ နှိုးလိုက်သည်။
“ရှင့်ဖာသာရှင် သွားစားချေ။ ကျွန်မ ရှင့်ကို မြင်ရတာ စိတ်အနှောင့်အယှက်ဖြစ်တယ်။” လင်းချင်းဟယ်က ငိုက်မျဥ်းနေလျက် ဗလုံးဗထွေး ပြောလိုက်ပေမယ့် စကားလုံး တစ်လုံးချင်းစီက ရှင်းလင်းနေခဲ့သည်။
ကျိုးချင်းပိုင် သူ့ရင်ထဲ နာကျင်သွားသလို ခံစားလိုက်ရသည်။ ဒီရက်စက်တဲ့ အမျိုးသမီးက သူ့ကို နှလုံးသားကို အကြိမ်ပေါင်းများစွာ မထိုးနှက်ရမချင်း ရပ်တန့်သွားမှာ မဟုတ်ဘူး။
ဒါတောင်မှ၊ ကျိုးချင်းပိုင်က သူ့ဘာသာသူ ထမင်းစားသောက်ပြီးတော့ သူမအတွက် ယူလာခဲ့ပေးသည်။
လင်းချင်းဟယ်က သူမဘာသာသူမ စားသောက်ပြီးခဲ့ပြီမို့ သူ ပြန်သယ်လာတဲ့ အစားအသောက်တွေကို မစားဖို့ ဆုံးဖြတ်ထားသည်၊ “ရှင့်ဖာသာရှင်ပဲ စားလိုက်၊ ကျွန်မ ရှင့်ရဲ့ အစားအသောက်တွေကို မစားနိုင်ဘူး။”
နားထောင်ပါ၊ ဒါက သူနဲ့ တိုက်ရိုက်ဆော့ကစားနေတာပင်၊ အခုတော့ ဒါက သူ့အပြစ် ဖြစ်သွားပြီ။
“အိပ်ရာထပြီး ထမင်းစားချေ” ကျိုးချင်းပိုင် ပြောသည်။ ဘာပဲဖြစ်ဖြစ် သူမ ဒီလိုမျိုး အငတ်မနေသင့်ဘူး။ ရန်ဖြစ်တာက ရန်ဖြစ်တာပဲ၊ အစာအိမ်ကတော့ ဗိုက်ပြည့်နေရမယ်။
“စားချင်စိတ်မရှိဘူး” လင်းချင်းဟယ်ရဲ့ အသံက စိတ်မရှည် ဖြစ်နေပြီ။
ကျုးချင်းပိုင်သည် အမျိုးသမီးတစ်ယောက်ကို တစ်ခါမှ မချော့ခဲ့ဖူးသောကြောင့် သူ့ပါးစပ်က ဘာပြောရမှန်းမသိ ခပ်ဖွဖွဟနေရင်း ကုတင်ဘေးတွင် ရပ်ကာ သူမကို ကြည့်နေခဲ့မိသည်။
လင်းချင်းဟယ်က ဆက်လက် အိပ်စက်နေကာ ဒီအမျိုးသားကို သူမကို လိုချင်တာလား ဒါမှမဟုတ် ကလေးကို လိုချင်တာလား ဆိုတာကို စဥ်းစားခွင့် ပေးထားလိုက်သည်။ ထို့ကြောင့် သူမသည် ကျိုးချင်းပိုင်ကို လျစ်လျူရှုထားခဲ့သည်။
ကျိုးချင်းပိုင်က သူ့ဘာသာသူ နှစ်နပ်လုံး စားလိုက်သည်။ သူမအတွက် ချန်ထားသည့် အစားအသောက်တွေ အေးစက်လာပြီး သူမ မစားတာကို မြင်လိုက်ရတော့ သူ စားလိုက်ရတာ ဖြစ်သည်။
လင်းချင်းဟယ်သည် ညနေငါးနာရီထိုးထိတိုင်အောင် အိပ်စက်ခဲ့ပြီး သူမ အပြင်ထွက်စားသောက်ဖို့ ပြင်ဆင်ခဲ့သည်။
ကျိုးချင်းပိုင် နောက်မှ လိုက်လာသည်။ လင်းချင်းဟယ်က သူ့ကို တစ်ချက်လှမ်းကြည့်လိုက်ရင်း “ကျွန်မ နောက်က လိုက်မလာနဲ့။”
သူမနောက်ကို မလိုက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီနေ့ သူ ပြန်လာရောက်ချိန်မှာ သူမကို ဧည့်ရိပ်သာမှာ ရှိမနေတာကို တွေ့လိုက်ရသည်။ သူ ဒီလိုထိတ်လန့်မှုမျိုးကို ထပ်မံ မခံစားချင်တော့ပါ။
“နင်တို့ လင်မယား ရန်ဖြစ်နေကြတာလား။” တည်းခိုခန်းမှ မဒမ်တစ်ယောက်က သူတို့ကို တွေ့တော့ ရယ်မောရင်း စကားဆိုသည်။
“မဒမ် နားလည်မှုလွဲနေတာပါ။ ကျွန်မတို့က ဘာဖြစ်လို့ ရန်ဖြစ်ရမှာလဲ။” လင်းချင်းဟယ်က အပြုံးလေးဖြင့် စကားဆိုလိုက်သည်။
ကျိုးချင်းပိုင်ကတော့ ဘာမှ မပြောပေ။
လင်မယားနှစ်ယောက် ညစာစားဖို့ အပြင်ထွက်လာကြသည်။
ကျိုးချင်းပိုင်က ဗိုက်မဆာပေမယ့် သူမနှင့်အတူ ထမင်းလိုက်စားတုန်းပါပဲ။ အာလူးဖက်ထုပ်တွေက အတော်လေး အရသာရှိသည်။
ဒီခေတ်ဒီအခါတွင် မြို့တော်မှာ သွားလာလည်ပတ်စရာ နေရာ မရှိသေးဘူး။ စားသောက်ပြီးနောက် လင်းချင်းဟယ်သည် ဧည့်ရိပ်သာသို့ ပြန်သွားချင်သည်။
“ကိုယ်နဲ့ လမ်းအတူလျှောက်ရအောင်။” ကျိုးချင်းပိုင်က အသာအယာ သက်ပြင်းချလိုက်သည်။
လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်နေသည်။ အဆုံး၌ သူမရဲ့ စိတ်နှလုံး ပျော့ပျောင်းသွားသဖြင့် သူမ သူ့နောက်သို့ လိုက်ပါသွားခဲ့သည်။ ဒါပေမယ့် အချိန်အတော်ကြာ လမ်းလျှောက်လာပြီးနောက် နှုတ်ဆိတ်နေမြဲ ဖြစ်နေသေးသည့်အတွက် လင်းချင်းဟယ်က “ရှင့်ဘာသာရှင်ပဲ လျှောက်တော့” လို့ ဆိုလိုက်သည်။