အခန်း ၁၃၃
Viewers 40k

အခန်း (၁၃၃) – ကြီးမားသော လဲလှယ်မှု


ကျိုးချင်းပိုင်ဟာ ဒီကိစ္စမှာ နောက်ဆုံး၌ သူက မှားယွင်းသူအဖြစ် ဘယ်လို ပြောင်းလဲသွားမှန်း မသိခဲ့ဘူး။


ညဖက် အိပ်စက်ချိန်မှာ လင်းချင်းဟယ်က သူမကို ပွေ့ဖက်ခွင့်မပြုဘူး။


နောက်တစ်နေ့မနက်ခင်းတွင် သူ မနက်စာ ဝယ်ခြမ်းပြီး ပြန်‌ရောက်လာတော့ သူမ ချန်ထားသည့် စာရွက်ပိုင်းလေးကို တွေ့လိုက်ရသည်၊ ထိုစာရွက်ပေါ်တွင် ‘ရှင် သေချာစဥ်းစားပြီးရင် ကျွန်မ ပြန်လာခဲ့မယ်’ လို့ ရေးသားထားသည်။


ဒါက ကျိုးချင်းပိုင်ရဲ့ မျက်နှာကို တစ်ခါတည်း ပျက်ယွင်းသွားစေသည်။


ချက်ချင်းပင်၊ ထိတ်လန့်တကြားနဲ့ သူ့ဇနီးသည်ကို ရှာဖွေဖို့ အောက်ထပ်သို့ အပြေးအလွှား ဆင်းလာခဲ့ပေမယ့် မနေ့က တွေ့သည့် မဒမ်က “ကောင်လေး၊ ဒီကို ခဏလာပါဦး” လို့ လှမ်းခေါ်လို့ သွားလိုက်ရသည်။


ကျိုးချင်းပိုင်က စိုးရိမ်ပူပန်စိတ်ကို ထိန်းကာ “မဒမ်၊ ဘာကိစ္စရှိလို့လဲ။”


“မင်းဇနီးသည်ကို လိုက်ရှာမလို့လား။” သန့်ရှင်းရေးလုပ်နေသည့် မဒမ်က ပြုံးပြုံးလေး မေးလိုက်သည်။


“သူမ ဘယ်သွားလဲ ဆိုတာကို မဒမ် သိလား။” ကျိုးချင်းပိုင်က ချက်ချင်း မေးမြန်းလိုက်သည်။


“မင်းဇနီးသည်က မင်း သူမကို အပြင်မှာ လိုက်မရှာဖို့ ငါ့ကို ပြောခိုင်းထားတယ်။ သူမ ပြန်လာချင်တဲ့အခါကျရင် ပြန်လာပါလိမ့်မယ်။ မင်းအပြင်မှာ လိုက်ရှာရင်လည်း မတွေ့နိုင်ဘူး။” မဒမ်က ပြန်ဖြေပေးခဲ့သည်။


ကျိုးချင်းပိုင်က အသက်ပြင်းပြင်းရှူပြီး “ကျွန်တော့်ဇနီးက တခြား ဘာပြောသေးလဲ။”


“မင်းဇနီးက မင်းတို့နှစ်ယောက်ကြားက ကိစ္စကို မင်း သေချာပြန်စဥ်းစားကြည့်ဖို့ ပြောခဲ့သေးတယ်။ သူမ ပြန်လာတာကို စောင့်နေတုန်း အခန်းထဲမှာ မင်း သေချာတွေးကြည့်လိုက်ပါ။ သူမ စိတ်ပြေလက်ပျောက် ‌စျေးဝယ်ထွက်ပြီးရင် ပြန်လာလိမ့်မယ်။” ဟု မဒမ်က ပြန်ဖြေသည်။


ကျိုးချင်းပိုင်ဟာ သူ့ဇနီးသည်ရဲ့ စိတ်ကို တကယ်ပဲ နားမလည်နိုင်ခဲ့ဘူး။


မဒမ်က သူ ဒီလို ဖြစ်နေတာကို မြင်လိုက်ရတော့ အပြုံးလေးဖြင့် “မင်း အဒေါ့်ကို ပြောပြချင်လား။ မင်းတို့ ဘာဖြစ်လို့ စကားများ ရန်ဖြစ်တာလဲ။ အဒေါ်က မင်းကို လှည့်ကွက်လေး တစ်ခု နှစ်ခုလောက် သင်ပေးလို့ ရတယ်။”


အရပ်ရှည်ပြီး ကြံ့ခိုင်သန်မာသော စစ်သားဟောင်းတစ်ဦးဖြစ်သည့် ကျိုးချင်းပိုင်ကို ဒီလို အသက်ကြီးကြီး မဒမ်တွေက သဘာဝအတိုင်း သဘောကျနှစ်သက်လေ့ရှိပြီးတော့ လင်းချင်းဟယ်က အရမ်းလှပြီး စကားအရာမှာ အလွန်လိမ္မာယဥ်ကျေးလိုက်သည်။


ဒါ့ကြောင့် သူမအနေနဲ့ သူတို့လင်မယား ပြန်လည်သင့်မြတ်ဖို့အတွက် ကူညီပေးချင်မိပါသည်။


“သူမ စိတ်မပျော်အောင် ကျွန်တော် ဘယ်လိုလုပ်မိမှန်း ကျွန်တော်မသိဘူး။” ကျိုးချင်းပိုင်က အလွန်နစ်နာသလို ခံစားလိုက်ရသည်။


သူက တရားဝင် ဒေါသမထွက်ရသေးပဲ သူမက အရင် ဒေါသထွက်သွားသည်။


မဒမ်က တခစ်ခစ် ရယ်မောလိုက်သည်။ “ကောင်လေး၊ မင်းဇနီးသည်နဲ့ ကျိုးကြောင်းဆီလျော်မှုကို ပြောလို့မရဘူး။ မင်းဇနီးသည်နဲ့ စကားများရန်ဖြစ်ရင်၊ မင်း ဘာမှ ပြောစရာ အကြောင်းမရှိဘူး။ မင်း မင်းအမှားကို တစ်ခါတည်း ဝန်ခံရမယ်။ မင်းအမှား မဟုတ်ဘူး ဆိုရင်တောင် ဒါက မင်းအမှားပဲ။ မင်းဇနီးသည်ရဲ့ အမှား ဆိုရင်တောင် မင်းအမှားလို့ ယူဆရမယ်။ အဲ့ဒီအတွက် အကြောင်းပြချက်မရှိဘူး၊ မင်း နားလည်သဘောပေါက်လား။”


ကျိုးချင်းပိုင်သည် ခဏတာမျှ ကြက်သေ သေသွားသည်။ သူ ပြောလိုက်သမျှကို လုံးဝ နားမလည်နိုင်ဘူး။


“ကောင်လေး၊ မင်း ရှေ့ဆက် လျှောက်ရမယ့်လမ်းက ရှည်လျားလွန်းတယ်။ ဖြည်းဖြည်းမှန်မှန်နဲ့လျှောက်၊ အဲ့တာဆို မင်း နောက်ပိုင်း နားလည်လာလိမ့်မယ်။” မဒမ်က သူ့ စိတ်ရှုပ်နေတာကို နားလည်သဖြင့် ဆက်မပြောတော့ပဲ အပြုံးလေးဖြင့် ကြမ်းပြင်ကို ဆက်လက် သန့်ရှင်းရေးလုပ်နေခဲ့သည်။


ထုံးစံအတိုင်း၊ လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ဟာ ဒီလိုအတွေ့အကြုံမျိုးကို သင်ကြားခဲ့ရတယ် ဆိုတာကို သူမ မသိခဲ့ပေ။


သူမသည် အဖွားအိုလေးကို ရှာရန် ထွက်လာဖို့ လိုအပ်သည့်အတွက် ကျိုးချင်းပိုင် အပြင်ထွက်သွားသည့်အချိန်ကို အခွင့်ကောင်းယူခဲ့ခြင်း ဖြစ်သည်။ မဟုတ်ရင်၊ သူက သူမနောက်သို့ လိုက်လာခဲ့ရင် သူမ ဘယ်လိုလုပ်ရမလဲ။


အဖွားအိုလေးမှာ အရောင်းအဝယ်လုပ်ဖို့ ဆန္ဒရှိလျှင် သူမတို့ တစ်ခါတည်း အရောင်းအဝယ် လုပ်နိုင်ရန် ပစ္စည်းတွေကို သေချာပြင်ဆင်ရပေလိမ့်မည်။


သူမ ရေတောင်းသောက်သည့် အဖွားအိုလေးတို့အိမ်ကို ရောက်ရှိသွားတော့ အဖွားအိုလေးက သူမကို အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။


“မိန်းကလေး၊ ငါတို့ မနေ့က ပြောခဲ့တာကို ထည့်တွက်လို့ ရနိုင်ဦးမလား။” အဖွားအိုလေးက အသံတိုးတိုးဖြင့် မေးမြန်းခဲ့သည်။


လင်းချင်းဟယ်က ခေါင်းညိတ်သည်၊ “ဒီနေ့ ထည့်တွက်လို့ ရသေးတယ်၊ ဒါပေမယ့် ဒီနေ့ပြီးသွားရင်တော့ မရတော့ဘူး။”


အဖွားအိုလေးက “ငါနဲ့အတူလိုက်ခဲ့” လို့ ပြောလိုက်သည်။


လင်းချင်းဟယ်သည် အဖွားအိုနောက်မှ လိုက်ပါသွားကာ ထင်းပုံနားသို့ ရောက်သွားခဲ့သည်။ အဖွားအိုလေးက ငုတ်တုတ်ထိုင်လိုက်ပြီး ထင်းတွေကို စတင်ကောက်ယူခဲ့သည်။


“မဒမ်၊ ဒီနှစ်ဆောင်းတွင်းက အပြင်မှာ တကယ်အေးတာပဲ” လင်းချင်းဟယ်က တစ်စုံတစ်ခုကို လှမ်းမြင်လိုက်ရသဖြင့် သူမအကြည့်တွေ စူးရှသွားကာ စကားဆိုသည်။


ဒီလိုအရာတွေကို အိမ်ထဲမှာ မထားတာက ဖြစ်နိုင်ပါသည်။ ဒီလိုအရာတွေကို အပြင်မှာ ထားတာ ပိုသင့်တော်သည်။ တကယ်လို့ အိမ်မှာ မတွေ့ဘူးဆိုရင် သူတို့ လွတ်မြောက်နိုင်ချေရှိသည်။


“တကယ် မနေနိုင်ဘူး။ ရာသီဥတုက အရမ်းအေးလွန်းတယ်။” အဖွားအိုလေး တုံ့ပြန်ပြောဆိုသည်။


“ကျွန်မ ရှင့်ကို ကူညီပေးမယ်” လင်းချင်းဟယ်က ပြောရင်း ငုတ်တုတ်ထိုင်ချလိုက်သည်။


ထို့နောက် ရွှေချောင်းတစ်ခုကို သူမလက်ထဲသို့ ဆွဲယူလိုက်သည်။ လင်းချင်းဟယ်က ရွှေချောင်းကို သူမ လွယ်အိတ်ထဲသို့ ချက်ချင်း ပစ်ထည့်လိုက်သည်။ စုစုပေါင်း ရွှေချောင်း ခုနစ်ချောင်းနှင့် ဘယ်လိုအရည်အသွေးရှိမှန်း မသိရသည့် ကျောက်စိမ်းအပိုင်းအစ ငါးခု ရရှိခဲ့ပေမယ့် အလွန်သမာရိုးကျဆန်ပုံ‌ပေါ်သည်။ လင်းချင်းဟယ်သည် ထိုအရာအားလုံးကို ချည်လွယ်အိတ်ထဲသို့ ပစ်ထည့်ခဲ့သည်။


“ပန်းအိုးက အရမ်းကြီးလွန်းတယ်။ ငါ အဲ့တာကြောင့် မယူခဲ့ဘူး။ ငါ နင့်အတွက် ဒါတွေပဲ ရှာလာနိုင်တယ်။” အဖွားအိုလေးက တီးတိုးဆိုသည်။


“မဒမ်၊ ရှင် ဒီလောက်အပင်ပန်းခံဖို့ မလိုပါဘူး။ ရှင် ကျွန်မကို ရေနွေးပေးစရာ မလိုအပ်ဘူး၊ ရေအေးတစ်ခွက် ပေးရုံနဲ့ လုံလောက်ပါတယ်။” လင်းချင်းဟယ်က ပြောသည်။ 


“ဒါဆိုရင်လည်း အိမ်ထဲဝင်ခဲ့ပါ။” အဖွားအိုလေးက ခြံဝန်းထဲမှ ထင်းတစ်စည်းကို သယ်လာကာ အိမ်ထဲသို့ ဝင်လိုက်သည်။


လင်းချင်းဟယ်က သူမကို နိုင်ငံသား အစားအသောက်ကူပွန် ခြောက်စောင် ပေးခဲ့သည်။ သူတို့တစ်စောင်ချင်းစီသည် ငါးကျင်းတန်ကြေးရှိပြီး စုစုပေါင်း နိုင်ငံသား အစားအသောက်ကူပွန် ကျင်းသုံးဆယ်စာ တန်ကြေး ရှိသည်။


အစားအသောက်ကူပွန်တွေ အများကြီး မြင်လိုက်ရ‌တော့ အဖွားအိုလေးရဲ့ မျက်လုံးတွေက တလက်လက် တောက်ပသွားသည်။


နိုင်ငံသား အစားအသောက်ကူပွန် ကျင်းသုံးဆယ်စာဆိုလျှင် သူတို့ဆီမှာ အစားအသောက် ကျင်းလေးဆယ်နှင့် လဲလှယ်နိုင်သည်။


“ကောင်မလေး၊ မင်းမှာ ကျန်သေးတယ် မဟုတ်လား။ ဒီအဖွားအိုကြီးမှာ မင်းအတွက် ယူဖို့ မေ့သွားတာကို အခုမှ သတိရလိုက်မိလို့။” အဖွားအိုက သူမရဲ့အစားအသောက်ကူပွန်တွေကို သိမ်းဆည်းရင်း စကားဆိုသည်။


လင်းချင်းဟယ် “...” ဂျင်းတွေက ပိုရင့်လေ ပိုစပ်လေ ဆိုတာ အမှန်ပါပဲ။


“ကျွန်မမှာ မနေ့ကလို ဘန်းမုန့်ဖြူကြီး သုံးခု ပါလာသေးတယ်။ အဲ့တာက အရမ်း အရသာရှိတယ်။ မဒမ်၊ ရှင် အဲ့တာကို ဘာနဲ့ လဲလှယ်ပေးနိုင်မလဲ။” လင်းချင်းဟယ်က သူမကို ကြည့်လိုက်သည်။


အဖွားအိုလေးရဲ့ မျက်လုံးတွေက တောက်ပလာသည်။ သူမသည် လင်းချင်းဟယ်နှင့် အလုပ်တွဲလုပ်ရန် ဆန္ဒရှိတာက မနေ့တုန်းက ဘန်းမုန့်ကြီးနှစ်ခုကြောင့်ပင် ဖြစ်သည်။ အဲ့တာတွေက အရမ်းအရသာရှိလွန်းတယ်။


အဖွားအိုလေးသည် သူမ တစ်သက်နှင့်တစ်ကိုယ် ထိုမျှလောက် အရသာရှိသော ဘန်းမုန့်မျိုးကို မစားဖူးခဲ့ပေ။


သူမ ချက်ချင်း အပြင်သို့ ပြန်ထွက်သွားပြီး ခြံဝန်းထဲက ထင်းပုံနားသို့ သွားခဲ့သည်။ သူမ ပြန်ဝင်လာသောအခါ သူမသည် လင်းချင်းဟယ်ကို ကျောက်စိမ်းဆံထိုး နှစ်ချောင်း၊ ရွှေလက်ကောက် တစ်ကွင်းနှင့် အခြားရွှေချောင်းတွေပါ ပေးခဲ့သည်။


ထိုအထဲတွင် ရှေးဟောင်းပုလင်းတစ်လုံးပါ ပါဝင်ခဲ့သည်။


ဒီအဖွားအိုက မရှိတော့ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား။ သူမက တကယ်ကို လိမ်ညာတတ်တာပဲ။


“ဘန်းမုန့် သုံးခုနဲ့ မလုံလောက်ဘူး။” အဖွားအိုလေးက တီးတိုးဆိုသည်။


လင်းချင်းဟယ်က ဤအရာအားလုံးကို ယူကာ သူမချည်လွယ်အိတ်ထဲသို့ ထည့်ကာ ဘန်းမုန့် သုံးခုကိုပါ ထုတ်ယူလိုက်ပြီး တီးတိုးပြောလိုက်သည်။ “ကျွန်မ အရင်ဆုံး ဒါတွေကို ပြန်ယူသွားလိုက်ဦးမယ်၊ မဒမ်၊ ကျွန်မကို ဒီကနေ စောင့်နေပေးပါ။”


“ငါ နင် ပြန်လာလိမ့်မယ်လို့ ဘယ်လို ယုံရမှာလဲ။” အဖွားအိုလေးက ပြောသည်။


“မဒမ်၊ မင်း ငါ့ကို ဒီလိုပြောလိုက်တာ၊ ငါ့ကို လျှော့တွက်တဲ့ သဘောလား။” လင်းချင်းဟယ်က ရယ်လိုက်သည်။


အဖွားအိုလေးသည် မနေ့က သူမရဲ့လုပ်ရပ်တွေကို ပြန်တွေးပြီး ခေါင်းညိတ်လက်ခံခဲ့သည်။ “ဒါဆိုရင် ဒီအဖွားကြီးက နင့်ကို တစ်ကြိမ်လောက် ယုံကြည်ပေးလိုက်ပါ့မယ်။”


လင်းချင်းဟယ်က ပုလင်းကို ထုတ်ယူလိုက်ပြီး “ဒီပုလင်းကို ဆီးအိုးအဖြစ်သုံးတာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။”


သူမ ဒါကို ပွင့်ပွင့်လင်းလင်း ထုတ်ကိုင်ထားတော့ မည်သူမှ သံသယဝင်တော့မှာ မဟုတ်ဘူး။


သူမရဲ့ အပြုအမူအပေါ် တခြားသူတွေ အကဲဖြတ်တာမျိုးကို သူမ အလေးအနက် မထားပါးဘူး။ ပြောရရင်၊ ဒီခေတ်ဒီအခါတွင် ဒီလိုပုလင်းမျိုးကို ဆီးပုလင်းအဖြစ် အသုံးပြုသူ လူအနည်းငယ်သာ ရှိတော့သည်။


သို့သော် လင်းချင်းဟယ်သည် လူသူကင်းမဲ့နေသည့် လမ်းကြားထဲသို့ ဝင်သွားသွားချင်မှာပင် အဖိုးတန်ရတနာပစ္စည်းတွေကို နေရာလွတ်ထဲသို့ ချက်ချင်း ထည့်သွင်းခဲ့သည်။


ဒီပုလင်းက တကယ့်အစစ်ဖြစ်ရမယ်။


အခြားအရာများအားလုံးကို နေရာလွတ်ထဲသို့ ထည့်သွင်းပြီးနောက် ဝက်သား နှစ်ကျင်း၊ ဂျုံမှုန့် ငါးကျင်းနှင့် အအေးမိဖျားနာပျောက်ဆေး အနည်းငယ်ကိုပါ နေရာလွတ်ထဲမှ ထုတ်ယူခဲ့သည်။


ဒီနေ့ အိမ်မှာ အဖွားအိုလေးတစ်ယောက်ပဲ ရှိတယ်။ အဖွားအိုလေးက သူမသားဖြစ်သူ၊ ချွေးမဖြစ်သူနှင့် မြေးဖြစ်သူတို့ကို အဝေးမှာ ရှောင်ခိုင်းတာ ဖြစ်လိမ့်မည်။ ကလေးလေးက အအေးမိနေသေးသည်။


ဒီအအေးမိဖျားနာပျောက်ဆေးက ကလေးလေးအတွက် သူမရဲ့ လက်ဆောင် ဖြစ်သည်။


ဒီပစ္စည်းတွေကို အဖွားအိုလေးထံ လွှဲပြောင်းပေးခဲ့သည်။ အဖွားအိုလေးရဲ့ အကြည့်တွေက မီးရှုးမီးပန်းသဖွယ် တလက်လက် တောက်ပနေခဲ့ပြီး အထူးသဖြင့် ဝက်သား နှစ်ကျင်းကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ပိုသိသာနေခဲ့သည်။


သူမတို့မိသားစု အသားမစားရတာ ဘယ်လောက် ကြာပြီလဲ။


လင်းချင်းဟယ်က ကျန်တာတွေကို ဂရုမစိုက်ဘူး။ ဒီအအေးမိဖျားနာပျောက်ဆေးကို အစာစားပြီးချိန်တိုင်း တစ်နေ့သုံးကြိမ်သောက်ဖို့ ညွန်ကြားပြီးနောက် ထွက်ခွာလာခဲ့သည်။ သူမသည် ပေးစရာရှိတာတွေ ပေးအပ်ပြီးနောက် မဆိုင်းမတွ နောက်မလှည့်စတမ်း ထွက်သွားခဲ့သည်။


သူမ ဒီအဖွားအိုလေးကို မသိတော့ဘူး။