အခန်း ၁၃၄
Viewers 43k

အခန်း (၁၃၄) – သူတို့ကို သေသည့်အထိ သွေးဆောင်ပစ်မယ်


ထွက်ခွာသွားသော လင်းချင်းဟယ်သည် အဖွားအိုလေးရဲ့ သား၊ ချွေးမနှင့် သူမမြေးလေးတို့က အစားအသောက်ကူပွန်တွေ၊ ဝက်သားနှင့် ဂျုံမှုန့်တွေကို မြင်တွေ့လိုက်ရသဖြင့် အရမ်းဝမ်းသာအားရ ဖြစ်နေတာကို သဘာဝအတိုင်း မသိလိုက်ပေ။


နိုင်ငံသား အစားအသောက်ကူပွန်ကိုပါ ပေးခဲ့သည်။ အသားကလည်း အသားကောင်းဖြစ်ကာ ဂျုံမှုန့်ကလည်း သန့်စင်ပြီး ဂျုံမှုန့်ဖြူဖြစ်သည်။ ဒီအရောင်းအဝယ်က တကယ့်ကို ကောင်းမွန်သည်။


အဖွားအိုလေးသည် နည်းနည်းလေးတောင် နောင်တရမိသည်။ သူမ ဒီထက်ပိုပြီး စုဆောင်းထားသင့်သည်။


သို့သော်လည်း ဒီမိန်းကလေးက နောက်တစ်ကြိမ် ထပ်မလာတော့ဘူး ဆိုတာကို သူမ ကောင်းကောင်းသိသည်။


နောက်ဆုံးတော့ ဒီလိုကိစ္စမျိုးက နှစ်ခါမဖြစ်နိုင်ဘူး။


လင်းချင်းဟယ်သည် လမ်းတစ်လျှောက် အလွန်စိတ်ပျော်ရွှင်နေသည်။


ယခုတစ်ကြိမ်တွင် သူမ ရွှေချောင်း ရှစ်ချောင်းအပြင် ကျောက်စိမ်းပိုင်း ‌ခြောက်ခု၊ ကျောက်စိမ်းဆံထိုး နှစ်ခု၊ ‌ရွှေလက်ကောက် တစ်ကွင်းနှင့် ရှေးဟောင်းအိုးတစ်လုံးတို့ကို ရရှိခဲ့သည်။


ဒါတွေအားလုံးက ပစ္စည်းကောင်းတွေပဲ။


ဒါပေါ့၊ လင်းချင်းဟယ်ဟာ ဒီပစ္စည်းတွေဟာ အဖွားအိုလေးနှင့် မသက်ဆိုင်ကြောင်း ကောင်းကောင်းသိပြီး ဒါတွေအားလုံးကိ သူတို့ အပြင်ကနေ ပြန်ယူလာခဲ့တာ ဖြစ်ပါတယ်။


ဒါ့ကြောင့် သူမပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ လဲလှယ်ရတာ မှားယွင်းတယ်လို့ မထင်ခဲ့ဘူး။


အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေအရ လာမည့် ခုနစ်နှစ်၊ ရှစ်နှစ်အတွင်းတွင် ဒီအဝါရောင်၊ အဖြူရောင် အရာဝတ္ထုများသည် ပျံ့နှံ့နိုင်တော့မည် မဟုတ်ပေ။


သူ့မလက်ထဲတွင် ဤမျှလောက် ပစ္စည်းအရေအတွက်ကို လဲလှယ်ပေးလိုက်တာ သိပ်မဆိုးလှဘူး။


ဘာကြောင့်လဲ ဆိုတော့ ဒီဆောင်းရာသီမှာ သူမ ပေးခဲ့တဲ့ ပစ္စည်းတွေက သူတို့အတွက် ပိုအသုံးဝင်တယ် ဆိုတာ သိသာပါသည်။


လင်းချင်းဟယ်သည် စိတ်ပျော်ရွှင်စွာဖြင့် ဧည့်ရိပ်သာကို ပြန်လာခဲ့သည်။ သူမ ပြန်ရောက်လာသောအခါ ကျိုးချင်းပိုင်သည် သူမကို ကုတင်ပေါ်တွင် ထိုင်ပြီး စောင့်ဆိုင်းနေတာကို တွေ့လိုက်ရသည်။


သူမ ပြန်လာတာကို မြင်တော့ ကျိုးချင်းပိုင်က ချက်ချင်း မတ်တပ်ထရပ်သည်။


လင်းချင်းဟယ်က သူ့ကို ချက်ချင်းဆိုသလို သတိပေးလိုက်သည်၊ “ကျွန်မ အရင်ဆုံး ရှင့်ကို သတိပေးထားစရာ ရှိတယ်။ ကျွန်မ အိမ်တွင်းအကြမ်းဖက်တဲ့ ယောကျာ်းတွေကို အမုန်းဆုံးပဲ။ ရှင် ကျွန်မကို တစ်ခုခု လုပ်ဝံ့ရင် ကျွန်မတို့အိမ်ထောင်ရေး ရှေ့လျှောက် လက်တွဲမြဲမှာ မဟုတ်ဘူး။”


ကျိုးချင်းပိုင်သည် တစ်မနက်လုံး အပြင်ထွက်သွားပြီး အသည်းနှလုံး မရှိသော ဒီအမျိုးသမီးကို သူ့ရင်ခွင်ထဲ အတင်းဆွဲသွင်းလိုက်သည်။


လင်းချင်းဟယ်သည် သူမကို ရိုက်နှက်ရန် မလုပ်ပဲ ပွေ့ဖက်လိုက်သောအခါ စိတ်သက်သာရာရသွားခဲ့သည်။ ရွှေနှင့် အဖိုးတန်ကျောက်စိမ်းများစွာကို သူမ စုဆောင်းမိသောကြောင့် သူမတို့ ဘဝ အနာဂတ်တွင် အာမခံချက်အချို့ ရှိသွားပြီး ဖြစ်တာကြောင့် လင်းချင်းဟယ်ဟာ စိတ်ကောင်းဝင်နေခဲ့သည်။


လင်းချင်းဟယ်ကလည်း ပြန်ဖက်လိုက်ပြီး “ကျွန်မ ရှင့်အတွက် စာချန်ပေးခဲ့တယ် မဟုတ်ဘူးလား။ ရှင် ကျွန်မကို ဘာဖြစ်လို့ ဒီလောက် စိုးရိမ်ပူပန်နေသေးတာလဲ။ ကျွန်မ စိတ်ပြေလက်ပျောက် အပြင်ခဏထွက်သွားတာပါ။”


“ကိုယ် စိတ်ပူတယ်” ကျိုးချင်းပိုင် ပြောသည်။


အပြင်မှာ ဘယ်လိုအခြေအနေရှိလဲ ဆိုတာကို သူ ကောင်းကောင်းသိသည်။ သူ့မှာ ဘာအဆက်အသွယ်မှ မရှိတာမို့ တစ်ခုခု ဖြစ်ပျက်ခဲ့ရင် သူ သူမကို မကာကွယ်ပေးနိုင်မှာ စိတ်ပူတယ်။


“ကိုယ်တို့ အိမ်ပြန်ကြရအောင်လား။” ကျိုးချင်းပိုင်က သူမကို ကြည့်ကာ စကားဆိုသည်။


သူ တကယ် အိမ်ပြန်ချင်နေပြီ။ ခရီးထွက်လာရလို့ ကောင်းတာ ဘာမှ မရှိဘူး။ အစတုန်းကတော့၊ သူ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ချင်တာ ဖြစ်ပေမယ့် အကြောင်းပြချက်က သူ့ကြောင့် မဟုတ်မှန်းကို သိလိုက်ရတော့ ဒီမှာ ဆက်နေစရာ အကြောင်း ဘာမှ မရှိတော့ဘူး။


“ကောင်းပြီ” လင်းချင်းဟယ်က အဆင်သင့် သဘောတူလက်ခံလိုက်သည်။


အများကြီး စုဆောင်းမရခဲ့ပေမယ့် ဒီရလဒ်ကလည်း သိပ်မဆိုးပါဘူး။


ပို၍အရေးကြီးတာက၊ အဲ့ဒီရွှေချောင်းမျိုးက တစ်ချောင်းကို တစ်ကျင်း(၅၀၀ ဂရမ်)လောက် ရှိလိမ့်မည်။ အဲ့လောက် မရှိဘူးဆိုရင်တောင် အနည်းဆုံး ခုနစ်လျန်၊ ရှစ်လျန်(၃၅၀-၄၀၀ ဂရမ်)လောက် ရှိလိမ့်မည်။ နောင်အနာဂတ်တွင် ယွမ်တစ်သိန်းလောက် မရှိပဲ ဒီအရာများကို မဝယ်နိုင်ပေ။


သူမ စုဆောင်းထားတာတွေ ပေါင်းလိုက်ရင် ယွမ် တစ်သန်းနီးပါးလောက် ရှိပြီ။


ပြီးတော့ တခြားပစ္စည်းတွေပါ ကျန်ရှိနေသေးသည်။


ဒါ့ကြောင့် လင်းချင်းဟယ် ပီတိဖြစ်နေခဲ့သည်။


ကျိုးချင်းပိုင်က မနက်ဖြန်အတွက် လက်မှတ်ကို ချက်ချင်း ကြိုတင်မှာယူလိုက်သည်။ လင်းချင်းဟယ်က အရမ်းအံ့အားသင့်သွားကာ “အရမ်း မမြန်လွန်းဘူးလား” လို့ အမေးပြုမိသည်။


“မြန်မြန်ပြန်ရောက်လေ ‌ကောင်းလေပဲ။” ကျိုးချင်းပိုင်က သူမကို ကြည့်သည်။


အပြင်မှာ ရောက်နေတော့၊ သူက လင်းချင်းဟယ်က အဝေးကို ပြေးထွက်သွားတော့မလို အမြဲလိုလို ခံစားနေရသည့်အတွက် သူ အပြင်မှာ လုံးဝ ဆက်မနေချင်တော့ပဲ ရွာကို အမြန်ပြန်ချင်နေခဲ့သည်။


“ကောင်းပြီ၊ ရှင်က အိမ်ထောင်ဦးစီးပဲ။ ရှင်ပြောတဲ့အတိုင်း လုပ်ကြတာပေါ့။” လင်းချင်းဟယ်က ပြောသည်။


ကျိုးချင်းပိုင်ရဲ့ မျက်နှာအမူအရာဟာ ပိုမိုကောင်းမွန်လာသော်လည်း လက်မှတ်ကို ကြိုတင်မှာယူပြီးနောက်မှာတော့ လင်းချင်းဟယ်က သူ့ကို စျေးဝယ်ထွက်ဖို့ ဆွဲခေါ်သွားခဲ့သည်။


သူတို့ဟာ မြို့တော်ရဲ့ နာမည်ကြီး ကုန်ပစ္စည်း ရှစ်မျိုးလောက်ကို ကလေးတွေ စားသောက်ဖို့ အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူခဲ့ကြသည်။


တခြားပစ္စည်းတွေကတော့ ဘာမှ ထပ်မဝယ်တော့ဘူး။


နောက်တစ်နေ့ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ဟာ ရထားဖြင့် အိမ်ပြန်လာခဲ့ကြသည်။


ယခင်အတွေ့အကြုံအရ၊ အခုတစ်ကြိမ်တွင် လင်းချင်းဟယ်သည် ရထားစီးဖို့ ကြောက်ရွံ့စပြုလာသော်လည်း သူမ ကြောက်နေလျှင်ပင် ဘာလုပ်နိုင်မှာလဲ။ သူမ အိမ်ပြန်သွားဖို့ လိုနေသေးသည်။


အိမ်ပြန်သည့် ခရီးစဥ်အတွင်း လင်းချင်းဟယ်သည် အနည်းငယ် စိတ်တိုဒေါသထွက်နေပြီး သူမ စိတ်အခြေအနေ သိပ်မကောင်းပေ။ သူမ ဒီလိုဖြစ်နေတာ သိပ်တော့မလွန်လှပေ၊ ရထားစီးရတာ တကယ့်ကို အသက်ရှု ကျပ်စေသည်။


ဒါပေမယ့် ဘယ်တတ်နိုင်ပါ့မလဲ၊ သူမကိုယ်တိုင် ဒီပစ္စည်းတွေကို ရှာဖွေနေတာပဲလေ။


ဒီအချိန်ကာလကို အခွင့်ကောင်းယူပြီး နောက်ပိုင်းမှာ ချမ်းသာကြွယ်ဝစေမယ့် အရာတွေကို စုဆောင်းဖို့ သူမကို ဘယ်သူ ပြောလို့လဲ။ ဒါက ပြန်ပေးဆပ်ရတဲ့ တန်ဖိုးပဲလေ။


လင်းချင်းဟယ်က ဒါက တကယ့်ကို ပင်ပန်းတယ်လို့ ဝန်ခံရပေမည်။


“ကိုယ်တို့ သိပ်မကြာခင် အိမ်ပြန်ရောက်တော့မှာပါ။” ကျိုးချင်းပိုင်က သူမကို နှစ်သိမ့်ပေးသည်။


လင်းချင်းဟယ်က သူ့ကို ကြည့်ပြီး “ရှင် အဲ့ဒီကိစ္စကို မေ့ပျောက်ထားနိုင်ပြီလား။”


“အင်း” ကျိုးချင်းပိုင် ပြန်ဖြေသည်။


တကယ်လို့ သူ လွှတ်မချနိုင်သေးရင် ဘာဆက်ဖြစ်မလဲ။ သူ့ဇနီးသည်က သူ့ကို ကြိုတင်သတိပေးထားပြီးပြီဆိုတော့ သူ ဒါကို မေ့‌ပျောက်ထားလိုက်ရမယ်။


မဟုတ်ရင်၊ သူ သူ့ဇနီးသည်ကို ဆုံးရှုံးသွားရလိမ့်မည်။


ပြီးတော့ တခြားအရာတွေနှင့် နှိုင်းယှဥ်လျှင် သူ သူ့ဇနီးသည်ကိုပဲ ပိုအလိုရှိသည်။ သူ့ဇနီးသည်ကိုပဲ ထာဝစဥ်အလိုရှိသည်။


လင်းချင်းဟယ်က ခေါင်းညိတ်ပြီး သူ့ကို နှစ်သိမ့်ပေးသည်၊ “တကယ်တော့၊ အိမ်ကကောင်လေးသုံးယောက်နဲ့တင် လုံလောက်နေပြီ။ ရှင်က ခွန်အားရှိတော့ သူတို့ကို ကျွန်မတစ်ယောက်တည်း ပြုစုပျိုးထောင်ရတာ ဘယ်လောက် ခက်ခဲပင်ပန်းလဲ ရှင် မသိဘူး။ တစ်နေကုန် တစ်နေခမ်း အလုပ်နဲ့လက် မပြတ်ရဘူး၊ ဂျင်လို လည်နေတာပဲ။ ကျွန်မရှေ့မှာ အလုပ်လုပ်နေရင် နောက်မှာ ရှုပ်ပွနေပြန်ရော၊ ဒါ့ကြောင့် ကျွန်မ ဒီလို ယုတ္တိမတန်တဲ့ကိစ္စမျိုးကို လုပ်ခဲ့မိတာပဲ။ နောက်မှ ကျွန်မ ဒါကို နောင်တရမိတယ်။”


လူတိုင်း စိတ်အေးလက်အေး ဖြစ်နေသည့်အချိန်မှ စကားအေးအေးဆေးဆေး ပြောဆိုနိုင်တာ ဖြစ်သည်။


ကျိုးချင်းပိုင်သည် သူ့ဇနီးသည်ရဲ့ ပါးစပ်ကနေ ကြားရတဲ့ စကားလုံးတွေ တစ်ခွန်းမှ မယုံကြည်ရဘူး ဆိုတာကို ကောင်းကောင်း သိပေသည်၊ မိန်းမတစ်ယောက်ရဲ့ ပါးစပ်ကနေ ထွက်လာတဲ့ စကားလုံးတွေကို ယုံကြည်နိုင်တယ်ဆိုရင် ဝက်တွေတောင် သစ်ပင်ပေါ်ကို တတ်နိုင်လိမ့်မည် ဆိုတဲ့ စကားတစ်ခွန်းရှိပေသည်။


ပြောစရာ မလိုလောက်အောင်ပင်၊ အထက်ပါ လင်းချင်းဟယ် ပြောသော စကားများသည် လုပ်ကြံဖန်တီးထားခြင်း ဖြစ်သည်။


ဒါတွေအားလုံးဟာ သူမအရင်ဘဝတုန်းက လုပ်ဖော်ကိုင်ဖက်တွေရဲ့ အတွေ့အကြုံကနေ သင်ယူထားခဲ့တာပါ။


ဒါပေမယ့် သူမ ဒါကို အသုံးပြုခြင်းမှ မတားဆီးနိုင်ခဲ့ပေ။ အဖြူရောင်လိမ်ညာမှုတွေဟာ ခွင့်လွှတ်ပေးနိုင်စွမ်းရှိသည်။


နောက်ဆုံးတော့၊ ဒီကိစ္စက တကယ့်ကို ပြင်ဆင်လို့ မရတော့ပါဘူး။ အနည်းဆုံးတော့ သူမကိုယ်တိုင်က ဒါကို ပြုလုပ်ခဲ့တာကို မပြောင်းလဲနိုင်ဘူး။


သို့‌သော်လည်း ကျိုးချင်းပိုင်က သူမရဲ့ ရှင်းပြချက်ကို လက်ခံပေးခဲ့သည်။


သူ့မိခင်နှင့် သူ့ဇနီးသည်က အရင်တုန်းက ဆက်ဆံရေး သိပ်မကောင်းခဲ့တာကို သူ ကောင်းကောင်းသိသည်၊ ဒါ့ကြောင့် အခြေခံအားဖြင့်တော့ သူမက အကူအညီတောင်းမှာ မဟုတ်ဘူး။ ကလေးသုံးယောက်စလုံးကို သူမကိုယ်တိုင် ပြုစုထိန်းကျောင်းရသောကြောင့် ထိန်းမနိုင် သိမ်းမရ ဖြစ်နေသည်ကို နားလည်ပေးနိုင်သည်။


ဒါ့အပြင်၊ နောက်ထပ် ကလေးမမွေးဖွားနိုင်တာက အတိတ်ဖြစ်သွားပြီမို့ ဒီအကြောင်းကို နောက်ထပ် ပြောရန် မလိုအပ်တော့ပေ။


သူတို့နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုပြီး အဆင်ပြေသွားကြပေမယ့် လင်းချင်းဟယ်ဟာ သဘာဝအတိုင်း ပျော်ရွှင်နေခဲ့သည်။ သို့ပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် သူမ မူးနောက်နေခဲ့သည်။


သူတို့မြို့သို့ ရောက်သောအခါတွင် လင်းချင်းဟယ်က တစ်ညလောက် အနားယူပြီး မနက်ဖြန်မှ အိမ်ပြန်ကြဖို့ အဆိုပြုခဲ့သည်။


ကျိုးချင်းပိုင်က ကန့်ကွက်ခြင်း အလျဥ်းမရှိပေ။ သူတို့နှစ်ယောက်သား မြို့ထဲတွင် တစ်ညတာ အနားယူခဲ့ကြသည်။ နောက်တစ်နေ့ မနက်မှာတော့ ခရိုင်မြို့ပေါ်သို့ ဘတ်စ်ကားဖြင့် ပြန်သွားခဲ့သည်။


သူတို့နှစ်ယောက်က ကံကောင်းကြသည်။ ထုတ်လုပ်ရေးအဖွဲ့ဟာ လယ်ထွန်စက်တစ်စီးကို ပြန်ရလာသည့်အတွက် သူတို့နှစ်ယောက် လယ်ထွန်စက်နဲ့ ရွာကို ပြန်လာခဲ့ကြသည်။


ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ ခရီးထွက်သွားတာကို ဖုံးကွယ်ထားလို့ မရပါဘူး။ လင်မယားနှစ်ယောက်စလုံး အိမ်မှာ မရှိတော့ ညတွင် အဖေကျိုးက ကလေးသုံးယောက်ကို ကြည့်ရှုစောင့်ရှောက်ဖို့ သွားအိပ်ပေးသည်။


အမေကျိုးကမူ၊ စုချန်လေးကို ညဖက်တွင် နို့တိုက်ပေးဖို့ တတိယမရီးထံ ပို့ပေးရမှာ ဖြစ်သည့်အတွက် သူမမှာ စောင့်အိပ်ပေးဖို့ အချိန်မရှိဘူး။


သူတို့ ခရီးထွက်သွားတာကို သိကြပေမယ့် သူတို့လင်မယား ဘယ်ကို ဘာလုပ်ဖို့ သွားမှန်းကို သူတို့ မသိရသေးဘူး။


သူတို့မိဘတွေ ပြန်လာတာကို မြင်တော့ ကောင်စုတ်လေး သုံးယောက်က အရမ်းပျော်သွားကြသည်။


ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ မရှိသည့် အချိန်ခဏလေးအတွင်းမှာ ရွာထဲမှာ အတင်းအဖျင်းတွေ အများကြီး ပွထနေခဲ့သည်။ ပြီးတော့ သူတို့က စကား အမျိုးမျိုး ပြောကြသည်။ ထုံးစံအတိုင်း၊ ကလေးတွေက ဒီစကားတွေကို ကြားကြတယ်။


အထူးသဖြင့် သူတို့က လင်းချင်းဟယ်က ကျန်းမာရေးမကောင်းပဲ အသည်းအသန် ဖျားနာနေတယ်လို့ ကြားရသောအခါတွင် သူတို့သုံးယောက်လုံး အလွန်စိုးရိမ်သွားကြသည်။


အခုတော့ သူတို့မိဘတွေ ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာ ဖြစ်လို့ သဘာဝအတိုင်း ပျော်ရွှင်နေကြသည်။


သူတို့ဟာ မိဘတွေ မြို့ပြန်လက်ဆောင်အဖြစ် ဝယ်ယူလာသည့် မြို့တော်ရဲ့ နာမည်ကြီး ကုန်ပစ္စည်း ရှစ်မျိုးကိုတောင် စိတ်မဝင်စားပဲ သူတို့မိဘတွေအနားသာ ကပ်နေခဲ့သည်။


လင်းချင်းဟယ်က သူတို့နှင့် စကားပြောဆို နှစ်သိမ့်ပေးပြီး ကလေးတွေကို ကစားဖို့ လွှတ်လိုက်သည်။


ထို့နောက် ကလေးတွေဟာ အလွန်အရသာရှိသော နာမည်ကြီး မြို့ပြန်လက်ဆောင် ရှစ်မျိုးကို ထုတ်ယူပြီး အပြင်သို့ ထွက်သွားခဲ့ကြသည်။ ဒါတွေက သူတို့မိဘတွေ သူတို့အတွက် မြို့ပြန်လက်ဆောင် ဝယ်လာပေးတဲ့ သရေစာမုန့်တွေပင်။


အရသာရှိလွန်းလို့ သူတို့လျှာကိုတောင် မျိုချလုနီးပါးပဲ။


သူတို့ကို သေသည့်အထိ သွေးဆောင်ပစ်မယ်။ နောက်တစ်ခါ သူတို့မိဘတွေကို ဘယ်သူတွေကများ အတင်းအဖျင်း ပြောရဲဦးမလဲ စောင့်ကြည့်ကြတာပေါ့။