အခန်း ၁၃၅
Viewers 43k

အခန်း (၁၃၅) – အကဲဖြတ်ခြင်း


အပြင်လူတွေက ဒီတစ်ခေါက် သူမ သားအငယ်ဆုံးနှင့် ချွေးမဖြစ်သူတို့ ဘာဖြစ်လို့ အပြင်ကို သွားကြမှန်း မသိပေမယ့် အမေကျိုးကတော့ ရှင်းရှင်းလင်းလင်း သိပါသည်။


ဒါနဲ့ သီးသန့်ရှိသည့်အချိန်မှာ အမေကျိုးက မေးမြန်းသည်။


ထုံးစံအတိုင်း ကျိုးချင်းပိုင်က သူ့ဇနီးသည် သားကြောဖြတ်ထားသည့် အကြောင်းကို မပြောခဲ့ပဲ သူ့ကြောင့်သာ ဖြစ်တယ်လို့ ဆိုခဲ့သည်၊ “ကျွန်တော့်ခန္ဓာကိုယ်က ပြန်သက်သာလာပေမယ့် အခြေခံကတော့ ပျက်စီးသွားခဲ့တယ်၊ ဒါ့ကြောင့် နောင်အနာဂတ်မှာ ကျွန်တော် ကလေးမရနိုင်တော့ဘူး။”


အမေကျိုးက အနည်းငယ် စိတ်မချမ်းမသာ ဖြစ်သွားသော်လည်း သူမသည် ဒါကို အလေးအနက် မထားခဲ့ပေ၊ သူမ သားအငယ်ဆုံးလေးကိုသာ နှစ်သိမ့်ပေးခဲ့သည်၊ “စိတ်မပူပါနဲ့၊ မင်းမှာ သားသုံးယောက်တောင် ရှိတယ်၊ ကလေးတစ်ယောက်မှ မရှိတာမှ မဟုတ်တာ။”


ဒါက အမှန်ပဲ။ ဒီလိုကျေးလက်ဒေသမျိုးမှ သားသုံးယောက်ရှိတဲ့ အိမ်ထောင်စုဆိုတာ သိပ်မရှိဘူး။


ကျိုးချင်းပိုင် ခေါင်းညိတ်သည်။


အမေကျိုးက တီးတိုးထပ်ဆိုပြန်သည်၊ “နင့်ဇနီးသည်က နင့်ကို အပြစ်မတင်ဘူးမလား။”


“သူမ အပြစ်မတင်ပါဘူး။” ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။


ထိုမှသာ အမေကျိုး စိတ်သက်သာရာ ရသွားခဲ့သည်။ အခုနောက်ပိုင်းတွင် သူမရဲ့ ချွေးမအငယ်ဆုံး လင်းချင်းဟယ်နှင့် စကားပြောဆိုဆက်ဆံရာတွင် သူမ အနည်းငယ် ယုံကြည်မှုနည်းလာခဲ့သည်။


လင်းချင်းဟယ် “...”


သူမ ပြန်ရောက်လာတော့ ကျိုးချင်းပိုင်ကို မေးမြန်းမိသည်၊ “ရှင် အမေ့ကို ဘာပြောလိုက်တာလဲ။ အခု ကျွန်မ အမေနဲ့ စကားစမြည် ပြောဆိုလာတာ၊ အမေ့ကြည့်ရတာ သူမ ကျွန်မအပေါ် အကြွေးတင်နေတဲ့ပုံလို ဖြစ်နေတယ်။”


ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် စကားအနည်းငယ် ပြောလိုက်သည်။


လင်းချင်းဟယ်က ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်မိသည်၊ “ဒါက ကျွန်မအမှားပါ၊ ချင်းပိုင်၊ ကျွန်မ အခု ရှင့်ကို လေးလေးနက်နက် တောင်းပန်နေတာပါ။ စိတ်မပူပါနဲ့၊ နောင်အနာဂတ်မှာ ကျွန်မ ကလေးမမွေးနိုင်တော့ပေမယ့် ကျွန်မ ကျွန်မရဲ့ ယောက္ခမတွေအပေါ် ရိုသေလေးစားပြီး၊ ခင်ပွန်းအပေါ် အကြင်နာပိုကာ ကလေးတွေအပေါ် သေချာဂရုစိုက်ပျိုးထောင်ပေးပါ့မယ်။”


“မင်း ကိုယ့်ကို ကွာရှင်းချင်တယ်၊ ကလေးတွေကို ကိုယ်နဲ့ ထားခဲ့ပြီးတော့ မင်းဘာသာမင်း တစ်ယောက်တည်း ထွက်သွားမယ်လို့ တွေးခဲ့သေးတယ်လေ။” ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်လိုက်သည်။


“ကျွန်မ ရှင့်ကို စိတ်ဆိုးလို့ ပြောခဲ့တာပါ။ လူတွေက စကားများ ရန်ဖြစ်တဲ့အခါ စိတ်ထဲက မပါပဲ နာကျင်စေတဲ့ စကားလုံးတွေကို အလိုအလျောက် ပြောမိတတ်တာ ရှင်လည်း သိတာပဲ။” လင်းချင်းဟယ်က ပြောသည်။


အဲ့ဒီအကြောင်းကို ပြန်တွေးမိတော့ သူမ အရမ်း စိတ်မကောင်းဖြစ်သွားသည်။


သူမ နည်းနည်းတော့ လွန်သွားတယ်။ သူ သူမကို သဘောကျနှစ်သက်မှန်းကို သိသောကြောင့် သူမ စိတ်အလိုရှိရာကို ပြောခဲ့မိပေမယ့် သူ ဒါကို ကြားလိုက်ရချိန်မှာ ဘယ်လောက်နာကျင်မလဲ ဆိုတာကို သူမ မတွေးခဲ့မိပေ။


ကျိုးချင်းပိုင်က စကားပြန်မပြောပဲ ဝက်ခြံကိုသာ ဆက်လက် သန့်ရှင်းရေး လုပ်နေခဲ့သည်။ သူ ဒီလိုမျိုး လုပ်နေတာကို မြင်တော့ လင်းချင်းဟယ်သည် သူက အလွန် အထီးကျန်ဆန်နေပြီး စိတ်ပျက်အားငယ်နေတယ်လို့ ခံစားလိုက်ရသည်။


သူက ဘာမှ ပြန်မပြောရင်တောင် သူမ ဒါကို ခံစားမိနိုင်သေးသည်။


လင်းချင်းဟယ်က သက်ပြင်းချပြီး နောက်လှည့်ကာ အရသာရှိမည့် အစားအသောက် တစ်ခုခု ချက်ပြုတ်ပေးရန် မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။


သူမ ထွက်သွားသည်နှင့် ကျိုးချင်းပိုင်က သူ့ခေါင်းကို မော့လိုက်ပြီး သူ့နှုတ်ခမ်းထောင့်စွန်းတွေ ကွေးညွှတ်သွားကာ ပြုံးသွားခဲ့သည်။ (T/N: သူက သရုပ်ဆောင်နေတာပဲ။)


ထိုညနေစာအတွက် ဟင်းလျာတွေက ထူးထူးခြားခြား အရသာရှိလှသည်။ လင်းချင်းဟယ်သည် သူမရဲ့ချင်းပိုင်အတွက် ကြိုးကြိုးစားစား ပြင်ဆင်ချက်ပြုတ်ပေးထားတာ ဖြစ်သည်။


ဒါပေမယ့် ကျိုးချင်းပိုင်က ဘာမှ မပြောခဲ့ပါဘူး။


ထို့ကြောင့် ညနေခင်းတွင် လင်းချင်းဟယ်သည် လောင်တအား အိမ်စာတွေ စစ်ဆေးသင်ပြပြီးသွားတော့ အကြီးနှစ်ယောက်ကို အတူအိပ်စက်စေကာ လောင်စန်းလေးကို သူမနှင့်အတူ ခေါ်လာခဲ့သည်။


လောင်စန်းက အသက်ငယ်သေးတာမို့ ဆောင်းရာသီမှာ သူမနဲ့ ကျိုးချင်းပိုင်နဲ့ အတူအိပ်စက်ပါသည်။

 

ကလေးကြီးနှစ်ယောက်တော့ သူတို့ဘာသာ ကောင်းကောင်းအိပ်စက်နိုင်ပြီ ဖြစ်လို့ သူတို့နှစ်ယောက်ကို အတူအိပ်ခိုင်းသည်။


ပြီးခဲ့နှစ်က လောင်တသည် ညသန်း‌ခေါင်တွင် အိပ်ရာနိုးလာပြီး သူ့မိဘတွေ ရန်ဖြစ်နေမှန်းကို သိလိုက်ရသည်။ ယင်းသည် ဒုတိယအကြိမ် မဖြစ်သင့်ဘူး။


လောင်စန်းလေးက သူ့မိဘတွေနဲ့ အတူအိပ်ရတာမို့ အရမ်းပျော်နေသည်။ အနွေးကုတင်ပေါ်မှာ ခဏလောက် လှဲလျောင်းပြီးတာနဲ့ သိပ်မကြာခင်မှာပဲ အိပ်ပျော်သွားခဲ့သည်။


ကျိုးချင်းပိုင် အပြင်ကနေ ပြန်ရောက်လာအခါ သူ့ဇနီးသည်နှင့် သူ့အငယ်ဆုံးသားလေးတို့က အိပ်ပျော်နေတာကို မြင်လိုက်ရသည်။


ကျိုးချင်းပိုင်က သူ့အပေါ်ထပ်ဝတ်ကို ချွတ်ပြီး အိပ်စက်အနားယူရန် အနွေးကုတင်ပေါ်သို့ တက်လာခဲ့သည်။


ထို့နောက် သူသည် သူ့ဇနီးသည်က မည်သည့် အဝတ်အစားများ မဝတ်ဆင်ထားဘူးဆိုတာ သိလိုက်ရသည်။


ဒါက ကျိုးချင်းပိုင်ကို တံတွေးမျိုချစေကာ သူ့အသံက အနည်းငယ် ခပ်အက်အက် ဖြစ်လာသော်လည်း သူ့စကားတွေကတော့ ဖြောင့်မတ်နေဆဲ ဖြစ်သည်၊ “မင်း အိပ်တဲ့အခါ အဝတ်အစား နည်းနည်းလောက် ဝတ်ပြီး အိပ်လေ၊ အအေးမမိစေနဲ့။”


“ချင်းပိုင်” လင်းချင်းဟယ်က သူ့ကို မြွေပျိုမယ်လေးလို ရစ်ပတ်လာခဲ့သည်။


ကျိုးချင်းပိုင်က ဘာတစ်ခွန်းမှ ပြန်မပြောပေမယ့် သူ့နှလုံးခုန်သံကတော့ တဒုန်းဒုန်း အခုန်မြန်နေခဲ့သည်။ ထို့နောက် ကျိုးချင်းပိုင်သည် ထိုညမှာ သူတို့နှစ်ဦးကြား ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကိစ္စအချို့ကို နှစ်သက်ခံစားခဲ့သည်။


လင်းချင်းဟယ်က သူမ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ပေမယ့် အဆုံးမှာတော့ သူမ ပင်ပန်းနွမ်းနယ်လာပြီး ကျိုးချင်းပိုင်ရဲ့ ပွေ့ဖက်ခြင်းကို ခံခဲ့ရသည်။


“ရှင် စိတ်ဆိုးပြေသွားပြီလား။” လင်းချင်းဟယ်က ဖျော့တော့စွာ မေးလိုက်သည်။


သူမသည် ကိုယ်ရေးကိုယ်တာအကြွေးကို အသားနဲ့ ပြန်ဆပ်ခြင်းကို အသုံးပြုခဲ့သည်။


“အင်း” ကျိုးချင်းပိုင်ရဲ့ စိတ်ကျေနပ်နေသည့်အသံက သူမခေါင်းအထက်မှ ထွက်ပေါ်လာခဲ့သည်။


လင်းချင်းဟယ်က တီးတိုးဆိုသည်၊ “ကျွန်မ မိခင်ဖက်မိသားစုနဲ့ ကျွန်မ ဆက်ဆံရေး ဖြတ်တောက်ထားပြီ။ ကျွန်မမှာ ရှင်နဲ့ ကလေးတွေပဲ ကျန်တော့တာ၊ ကျွန်မမှာ ရှင်တို့ကလွဲလို့ ဘယ်သူမှ မရှိဘူး။”


“ကိုယ်တို့အားလုံး မင်းကို ကာကွယ်ပေးမှာပါ။” ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်ကာ ပြောလိုက်သည်။

 

လင်းချင်းဟယ်က တခစ်ခစ် ရယ်မောလိုက်မိသည်။ သူမ တကယ်ကို ပင်ပန်းနေပြီ။ ကျိုးချင်းပိုင်က သူမကို အဝတ်အစားလဲပေးတာကို ခွင့်ပြုထားလိုက်သည်။ အဝတ်အစားတွေ ဝတ်ဆင်ပေးပြီးနောက် သူမ အိပ်ပျော်သွားသည်။


ကျိုးချင်းပိုင်ကလည်း သူ့ဇနီးသည်ကို အလွန်စိတ်ကျေနပ်စွာ သူ့လက်မောင်းထဲ ပွေ့ဖက်ထားသည်။


ကွာရှင်းတာလား၊ မဖြစ်နိုင်ဘူး။ ဒီဘဝမှာ ဒါက မဖြစ်နိုင်တဲ့အရာပဲ။


မျှော်လင့်ထားသည့်အတိုင်း လင်းချင်းဟယ်သည် နောက်တစ်နေ့ မနက်ခင်းတွင် နောက်ကျမှ အိပ်ရာနိုးသည်။


သူမ အိပ်ရာနိုးသောအခါတွင် ကျိုးချင်းပိုင်က ကလေးသုံးယောက်ကို မနက်စာ ကျွေးမွေးခဲ့ပြီးပြီ ဖြစ်သည်။


အဖေကျိုးနှင့် အမေကျိုးတို့လည်း စားပြီးပြီ။


သူတို့အားလုံး ကန်စွန်းဥဆန်ပြုတ်ရယ် ဝက်သားကြော် တစ်ပန်းကန်ရယ်နှင့် သခွားသီးတို့ကို စားသောက်ခဲ့ကြသည်။


လင်းချင်းဟယ်က ဒီလောက် နောက်ကျမှ အိပ်ရာနိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အိပ်ရာက နိုးလာတဲ့အခါ အမေကျိုး အိမ်မှာ ရောက်နေတာကို မြင်လိုက်ရတော့ အနည်းငယ် ရှက်သွားခဲ့သည်။


“နင် ခရီးသွားခဲ့ရတာ အရမ်းပင်ပန်းနေပုံပဲ။ မနက်စာ လာစားပြီးရင် အနားပြန်ယူလိုက်ဦး။” အမေကျိုးက ပြောပါသည်။

 

လင်းချင်းဟယ်က ခေါင်းညိတ်ပြီး မနက်စာ စားဖို့ ပြင်သည်။


မနက်စာ စားသောက်ပြီးနောက် လင်းချင်းဟယ်သည် စက်ဘီးတစ်စီးဖြင့် မိန့်ကျဲထံ ထွက်သွားခဲ့သည်။


လင်းချင်းဟယ်က နောက်ဆုံးအကြိမ် အသားလာယူတုန်းက ဒီရက်ပိုင်း အသားလာမယူဖြစ်ကြောင်း မပြောပဲ ထွက်သွားခဲ့သည်။ အခု သူမသည် ထုံးစံအတိုင်း အသားယူရန် လာနေပြီဆိုတော့ တစ်ခုခုတော့ ပြန်ပြောရမှာ သဘာဝပါပဲ။


“ကောင်းပြီ။ နောက်နှစ်ကျရင် လာယူချေ။” မိန့်ကျဲက သူမကို ချက်ချင်း ပြန်ဖြေပေးခဲ့သည်။


ဒီရက်ပိုင်း လင်းချင်းဟယ်က အသားလာမယူသည့်အတွက် သူတို့မိသားစု ဝင်ငွေ အများကြီး ဆုံးရှုံးသွားခဲ့သည်။ ဒါ့ကြောင့် ဝင်ငွေ ရှာဖွေတတ်တဲ့ မိန့်ကျဲဟာ အနည်းငယ် နေသားမကျ ဖြစ်ခဲ့ရသည်။ သူမသည် လင်းချင်းဟယ် ရောက်ရှိလာမည့် နေ့ရက်ကို စောင့်မျှော်နေပြီး ကျောက်ရုပ်ထု ဖြစ်လုနီးပါးပါပဲ။


လင်းချင်းဟယ်သည် မိန့်ကျဲနှင့် သဘောတူညီမှု ရရှိပြီးနောက် ဝယ်လိုအားနှင့် ရောင်းလိုအား သမဝါယမအသင်းသို့ သွားရောက်ခဲ့သည်။ သူမသည် ကြက်ဥ နှစ်ကျင်းနှင့် အခြားကုန်စည်တွေကို ဝယ်ပြီး အိမ်ပြန်ခဲ့သည်။


သူမ အိမ်က မထွက်လာခင်မှာ မီးဖိုချောင်ထဲ စစ်ဆေးခဲ့သည်။ သူမ ဝယ်ထားခဲ့သော ကြက်ဥတွေက တစ်ဝက်လောက် ကျန်နေသေးသည်။ အဲ့တာက အမေကျိုးရဲ့ နေထိုင်မှုပုံစံကြောင့်ပါပဲ။ အခု သူမ အိမ်ပြန်ရောက်လာပြီဆိုတော့ အိမ်က ကြက်ဥတွေက အကုန်မြန်တော့မည်။


လင်းချင်းဟယ်သည် စက်ဘီးလေး စီးပြီး အိမ်ပြန်ရောက်ချိန်တွင် ကျိုးချင်းပိုင်ကတော့ အိမ်ပြန် မရောက်သေးပေ။


“နင်တို့အဖေ ဘယ်သွားတာလဲ။” လင်းချင်းဟယ်က ခြံဝန်းထဲမှာ ကစားနေသည့် လောင်အာ့နှင့် လောင်စန်းတို့ကို မေးလိုက်သည်။


“အဖေက လယ်ထွန်စက်မောင်းပြီး အဖိုးအတွင်းရေးမှုးနဲ့ မြို့ပေါ်ကို ပါသွားတယ်။” လောင်အာ့က အဖြေကိုသိ၍ ချက်ချင်း ပြန်ဖြေသည်။


“မြို့ပေါ်ကို ဘာလို့ သွားတာလဲ။” လင်းချင်းဟယ်က အံ့အားသင့်စွာ မေးသည်။


“သားလည်း မသိဘူး၊ အဖေပြန်လာမှ မေးကြည့်လိုက်လေ။” လောင်အာ့ ခေါင်းခါလိုက်သည်။


“အမေ၊ အရသာရှိတဲ့ မုန့်တွေ ပါလာလား။” လောင်စန်းကတော့ ခေါင်းထဲမှာ ဒါကိုပဲ စဥ်းစားနေသည်။

 

လင်းချင်းဟယ်က အထဲ ပြန်ဝင်သွားပြီး သူ့ကို မုန့်တစ်ပိုင်း ကမ်းပေးလိုက်သည်။ ဒါကို မြင်လိုက်ရတော့ လောင်အာ့ကလည်း ချက်ချင်း သူပါ လိုချင်ကြောင်း ပြောလာသည်။


သူတို့တစ်ယောက်ကို မုန့်တစ်ပိုင်းစီ ပေးပြီးနောက် လင်းချင်းဟယ်က ချက်ပြုတ်ဖို့ စတင်ခဲ့သည်။


အဓိက အစားအစာကတော့ မန်ထိုပဲ ဖြစ်ပါသည်။


အချိန်အတော်ကြာ လှည့်လည်သွားလာပြီးနောက် နေရာလွတ်ထဲမှ အသားတွေအတွက် အကြောင်းပြချက်တစ်ခု ရရှိခဲ့သည်။ ဒါက သိပ်မများပါဘူး။ အသားတစ်ပိုင်းက သုံးလျန် (၁၅၀ ဂရမ်) လောက်သာ ရှိသဖြင့် အတုံးသေးသေးလေးတွေ လှီးဖြတ်ပြီး ခရမ်းသီးနှင့် ရောချက်လိုက်သည်။


ကြက်ဥမွှေကြော်တစ်ခွက်ပါ ချက်ပြုတ်ပြီးတော့ နေ့လည်စာအတွက် အဆင်သင့် ဖြစ်သွားခဲ့ပြီ။


သို့သော် ကျိုးချင်းပိုင်က နေ့လည်စာ စားဖို့ ပြန်မလာခဲ့ဘူး။ သူက ညနေထိတိုင်အောင် ပြန်မရောက်လာသေးပေ။ ရွာလူကြီးနှင့် အတွင်းရေးမှုးတို့ရဲ့ မျက်နှာကို ကြည့်လျှင် သူမမိသားစု ချင်းပိုင်က ကိစ္စကောင်းတစ်ခုကို အကျိုးတော်ဆောင်ပေးခဲ့ပုံပေါ်သည်။

 

အတွင်းရေးမှုး ပြန်သွားသည်နှင့် လင်းချင်းဟယ်က မေးမြန်းသည်၊ “ရှင်တို့ ဒီနေ့ ဘာသွားလုပ်တာလဲ။ ရွာလူကြီးနဲ့ အတွင်းရေးမှုး ကြည့်ရတာ တော်တော်ပျော်နေတဲ့ပုံပဲ။ အသင်းအတွက် ဘယ်လိုဂုဏ်ယူစရာမျိုး ရရှိခဲ့လို့လဲ။”


ရွာလူကြီးနှင့် အတွင်းရေးမှုးတို့ကို အရမ်းပျော်ရွှင်စေသည့် အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။


“ကိုယ်တို့အသင်းရဲ့ ရိတ်သိမ်းမှုက ကောင်းမွန်တဲ့ အကဲဖြတ်မှု ရရှိခဲ့တယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်ပြီး ပြန်ဖြေပေးသည်။