အခန်း (၁၃၆) – လင်မယားနှစ်ယောက်အတူ မြို့ပေါ်မှာ စျေးသွားဝယ်မယ်
အသင်းတွေရဲ့ အထွက်နှုန်းတိုးတက်မှု အကဲဖြတ်ခြင်းသည် နှစ်စဥ်နှစ်တိုင်း ကျင်းပသော ပွဲတစ်ခု ဖြစ်သည်။
မြို့မှာ လူထုတွေ့ဆုံပွဲ သွားရောက်ရသည်။
အကောင်းဆုံး အဆင့်သတ်မှတ်ချက် ရရှိထားရင် သဘာဝအတိုင်း မျက်နှာပွင့်လန်းစေသည်။
သို့သော် လင်းချင်းဟယ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အထွက်နှုန်းတွေနှင့် ယခုနှစ်ရဲ့ အထွက်နှုန်းကို တွက်ချက်ကြည့်လျှင် ဒီနှစ် အသင်းရဲ့ အထွက်နှုန်းသည် အထူးကောင်းမွန်ခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့ရဲ့ အထွက်နှုန်းသည် အခြေခံလောက်သာ ရရှိခဲ့သည်။
စုပေါင်းရိတ်သိမ်းမှုအတွက် ဂုဏ်ယူဝံ့ကြွားမှု မရှိသည့် လင်းချင်းဟယ်သည် ဒါကို သိပ်ဂရုမစိုက်ပေ။ သူမက ရိုးရှင်းစွာ မေးမြန်းခဲ့သည်၊ “ဒီနှစ် ကျွန်မတို့ဝက်တွေ ထပ်ပေါ်(သတ်)ဦးမှာလား။”
“မပေါ်(သတ်)ဘူး။” ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။
လင်းချင်းဟယ်က သူ့ကို တစ်ယောက်တည်း ထားခဲ့သည်။
အမှန်တိုင်းပြောရရင်၊ ဘာအကျိုးမှ မရရှိဘူး ဆိုတော့ တခြားဘာပြောစရာ ရှိဦးမှာလဲ။
ကျိုးချင်းပိုင်သည် သူမကို ဤကဲ့သို့ မြင်ရသည့်အတွက် ကူကယ်ရာမဲ့သလို ခံစားခဲ့ရပြီး ထိုဂုဏ်ကျက်သရေအကြောင်းကို ပြောပြရန် စီစဥ်ခဲ့သည်။
“ကျွန်မ သိပါတယ်၊။ ဒါက ဂုဏ်ယူစရာတစ်ခုမှန်းကို ကျွန်မ သိတာပေါ့။ ကျွန်မတို့ရဲ့ရွာက အဆင့်သတ်မှတ်ချက်ကောင်း ရရှိတော့ ရွာက အမျိုးသားတွေနဲ့ အမျိုးသမီးလေးတွေ အိမ်ထောင်ဖက်ရှာဖွေတဲ့အခါမျိုး ဘယ်နေရာကိုသွားသွား သူတို့ မျက်နှာပန်းလှသလို ခံစားရလိမ့်မယ်။ ကျွန်မ ဒါကို နားလည်ပါတယ်။” လင်းချင်းဟယ်က ဒီနေ့ ညစာအတွက် ဖက်ထုပ်ထုပ်ရန် စီစဥ်ထားသည့်အတိုင်း မုန့်ညက်ကို နှပ်ထားလိုက်သည်။ သူမက ပါးစပ်လှုပ်ကာ တုံ့ပြန်လိုက်သည်။
ကျိုးချင်းပိုင်က ဘာမှ မပြောပေ။
လင်းချင်းဟယ်က ခဏလောက် အလုပ်များနေပြီးနောက် သူ့ကို မော့ကြည့်ကာ “တကယ်လို့ ရှင် ဘာမှ လုပ်စရာ မရှိဘူးဆိုရင်၊ ကျွန်မကိုကူညီပြီး ဟင်းသီးဟင်းရွက်ချဥ်တွေကို လှီးဖြတ်ထားပေး။”
ကျိုးချင်းပိုင်က ဟင်းသီးအရွက်ချဥ်တွေကို လှီးဖြတ်ပေးရန်သာ တတ်နိုင်သည်။
သူ့ဇနီးသည်က တကယ့်ကို မတူညီကွဲပြားမှန်း တွေ့လိုက်ရသည်။ သူ သူမကို နားလည်တယ်လို့ ပြောနိုင်ပေမယ့် တစ်ခါတစ်ရံမှာတော့ သူမကို မှန်းမဆနိုင်ပေ။
မြို့တော်လို နေရာမျိုးတွင် သူမဟာ ခပ်မိုက်မိုက် အစ်မကြီးတစ်ယောက်လို မကြောက်ရွံ့ပဲ တစ်ယောက်တည်း သွားရဲလာရဲသည်။
ဒါပေမယ့် သူမကို သူ နားမလည်ဘူးလို့ ပြောရမယ်ဆိုရင် ဆက်ဆံရ ခက်ခဲပေလိမ့်မည်။
သူမသည် အရာအားလုံးကို သိနားလည်သည်။ သူမသည် စည်းမျဥ်းမျာကို မလိုက်နာပေမယ့် သူမသည် စည်းမျဥ်းများကို မချိူးဖောက်ပေ။ သူမသည် အရာအားလုံးကို စည်းမျဥ်းဘောင်အတွင်းထဲမှသာ လုပ်ကိုင်ပြီးတော့ သူမနည်း သူမဟန်နှင့် ဖြစ်သည်။ အထူးသဖြင့် အရမ်းလွတ်လပ်သည်။
ကျိုးချင်းပိုင်သည် ဟင်းသီးဟင်းရွက်ချဥ်တွေကို လှီးဖြတ်ပေးရင်း သူ့ဇနီးသည်ကို ခိုးကြည့်လိုက်သည်။
လင်းချင်းဟယ်က “ရှင်တို့၊ ညကျရင် အစားကို များများစားကြ၊ ကျွန်မ ဟင်းရွက်ချဥ်တွေကို မကြိုက်ဘူး။”
သူမသည် ဒီနေ့ညစာအတွက် စီစဥ်ထားသည့် ဝက်သားနှင့် ဟင်းရွက်ချဥ် ဖက်ထုပ်တွေကို မကြိုက်ပေ။ တကယ်တော့ သူမသည် ဝက်သားနှင့် မှို ဖက်ထုပ်တွေကို စားရတာ ကြိုက်နှစ်သက်ပေမယ့် မှိုတွေ မရှိတော့သည့်အတွက် ဝက်သားနှင့် ဟင်းရွက်ချဥ် ဖက်ထုပ်တွေကိုပဲ စားနိုင်တော့သည်။
ဟုတ်တာပေါ့၊ ဝက်သားနှင့် ဟင်းရွက်ချဥ်ဖက်ထုပ်တွေက အထူးသဖြင့် ကျိုးချင်းပိုင်နှင့် ကလေးတွေရဲ့ အကြိုက်ဆုံး အစားအစာထဲတွင် ပါဝင်ပေသည်။
“အရံဟင်းလျာအချို့ ချက်လိုက်ပါလား။” ကျိုးချင်းပိုင်က ပြောသည်။
“အခုရက်ပိုင်းအတွင်း အိမ်အတွက် လိုအပ်တာတွေ ဝယ်ဖို့ မြို့ပေါ် ကျွန်မ သွားလိုက်ဦးမယ်။ အိမ်မှာ ဘာမှ မကျန်တော့ဘူး။” လင်းချင်းဟယ်က ပြောသည်။
သူမနှင့် ကျိုးချင်းပိုင် မြို့တော်သို့ သွားသည့် အချိန်အတွင်းမှာ အမေကျိုးသည် ပိုက်ဆံကို နည်းနည်းလေးမှ မသုံးစွဲထားခဲ့ပေ။ စားစရာနှင့် သောက်စရာတွေ အားလုံး အိမ်တွင် ထားရှိခဲ့သည့်အတိုင်းပင်။ အခု ကလေးတွေက တစ်နေ့ထက် တစ်နေ့ ပိုကြီးလာတော့ ပိုပိုပြီး စားနိုင် သောက်နိုင်လာတာ ပုံမှန်ပင်။
မနေ့က ကားဖြင့် ပြန်လာသည့် တစ်လျှောက်လုံး သူမ အရမ်းပင်ပန်းပြီး ဖျားနာချင်သလို ဖြစ်နေခဲ့သည်။ အဲ့ဒီအချိန်အတွင်း ကားထဲက မီးခိုးနံ့တွေက လူကို သေစေနိုင်လောက်တာမို့ လင်းချင်းဟယ်က အိမ်ပြန်ရင် စားသောက်ဖို့ မြို့ပေါ်ကနေ ဘာပစ္စည်းမှ ဝယ်ချင်စိတ် မရှိတော့ဘူး။
“ကိုယ်တို့ အတူသွားရအောင်။” ကျိုးချင်းပိုင် ပြောသည်။
“ကောင်းပြီ။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။
ညစာကတော့ ဝက်သားနှင့် ဟင်းရွက်ချဥ် ဖက်ထုပ်တွေပဲ ဖြစ်သည်။
အဖေကျိုးနှင့် အမေကျိုးတို့သည် ပါးစပ်တစ်ခုလုံး ဆီကွင်းအောင် စားသောက်ခဲ့ကြသည်။
အမေကျိုးက သူမကို မေးသည်၊ “အိမ်မှာ အသားကျန်သေးလား။”
မနက်ခင်းမှာ သူမ အပြင်ထွက်သွားတာကြောင့် မေးမြန်းတာ ဖြစ်သဖြင့် လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်၊ “အိမ်မှာရှိတဲ့ အသားတွေကို လက်ကျန်ဖြတ်လိုက်တာ။”
အမေကျိုးက ဘာမှ ပြန်မပြေဘူး။
အခုအချိန် ရာသီဥတုဟာ နေ့တိုင်း အအေးပိုလာခဲ့သည်။ လင်းချင်းဟယ်သည် ညဖက် အိပ်စက်တဲ့အခါမှာ ကျိုးချင်းပိုင်နှင့်အတူ ပူးကပ်အိပ်စက်ရတာကို သဘောကျနှစ်ခြိုက်သည်။ ဒီလူရဲ့ ကိုယ်အပူချိန်က အလွန်နွေးထွေးသဖြင့် မီးဖိုကြီးတစ်ခုလိုပါပဲ။
“မနေ့ညက ရှင် အများကြီး ယူခဲ့တာပဲ၊ ရှင် အနားယူပါဦး။” သိပ်မကြာခင်မှာပဲ လင်းချင်းဟယ်သည် ဒီလူရဲ့ အချစ်ကြမ်းမှုကို ခံစားလိုက်ရသည်။
သူက အသက်သိပ်မငယ်တော့သော်လည်း ဤကိစ္စအပေါ် သူ့ရဲ့ စိတ်ပါဝင်စားမှုဟာ လုံးဝ မကျဆင်းသွားခဲ့ပေ။ သူက သူမကို အခါတိုင်းလို သုံးဆောင်နေဆဲပါပင်။
တကယ်လို့ သူမသာ တခါတရံ မငြင်းပယ်မိပါက အခြေခံအားဖြင့် သူက အနည်းဆုံး တစ်နေ့လျှင် တစ်ကြိမ် သုံးဆောင်တတ်ပြီး သူ့ရဲ့ စွမ်းအင်က ပြင်းထန်သည်။
“တကြိမ်တည်းပါ။” ကျိုးချင်းပိုင်က အက်ရှရှအသံဖြင့် ပြောသည်။
ဒါက တစ်ကြိမ်တစ်ခါဟုသာ ဆိုသော်လည်း သူ့တစ်ခါက တစ်နာရီဝန်းကျင်ခန့် ကြာမြင့်သည်။
လင်းချင်းဟယ်က ဒီလူ ဘယ်တော့မှ အသားမစားဖူးသကဲ့သို့ အပြုအမူမျိုးကို လက်လျှော့ထားခဲ့ပြီးပြီ ဖြစ်သည်။
သူက စိတ်ကျေနပ်သွားသည့်အချိန်တွင် လင်းချင်းဟယ်ကတော့ မောဟိုက်သွားခဲ့သည်။
နောက်ထပ် ရက်အနည်းငယ်ကြာတော့ လင်းချင်းဟယ်က နေ့စဥ် အသားစုဆောင်းဖို့ မိန့်ကျဲထံ သွားရောက်ခဲ့သည်။ အသား ဆယ်ကျင်းခန့် စုဆောင်းပြီးနောက် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်နှင့်အတူ မြို့ပေါ် တက်သွားသည်။
ကလေးသုံးယောက်က လိုက်ချင်ပေမယ့် လင်းချင်းဟယ်က သူတို့ကို မခေါ်ခဲ့ဘူး။
မူလက သူတို့ကို ကျွေးမွေးရန် သကြားလုံးနှင့် နို့မှုန့်ကို ဝယ်လေ့ရှိသော်လည်း သူတို့ဟာ ထိုအရာများကို အကြိမ်ရေ တော်တော်များများ စားသောက်ဖူးတာကြောင့် ဒါတွေဟာ သူတို့အတွက် ထူးဆန်းသော အရာများ မဟုတ်တော့ပေ။
ဒါ့ကြောင့် သူတို့ကို ထိုအရာတွေဖြင့် ချော့မြူလို့ မရတော့ဘူး။
“ဒီတစ်ခါ နင်တို့ပါ လိုက်မယ်ဆိုရင် အခုနှစ်သစ်ကူးကျရင် ဓာတ်ပုံရိုက်တာနဲ့ ရုပ်ရှင်တွေ ကြည့်ရမှာ မဟုတ်ဘူးနော်။ နင်တို့ကိုယ်တိုင်ပဲ ကိုယ်လိုချင်တာကို ရွေးချယ်ကြ။” လင်းချင်းဟယ်က ပြောသည်။
ဒီစကားလုံးတွေက အလွန် အကျိုးသက်ရောက်မှုရှိပြီး ညီအစ်ကိုသုံးယောက်ဟာ အမျိုးမျိုးသော တောင်းဆိုမှုမျာကိုသာ ပြလုပ်လာခဲ့ကြသည်။
ကလေးလေ့ကျင့်ခန်းစာအုပ်၊ ကျောက်ဒိုး၊ ယုန်ဖြူသကြားလုံးကြီးနဲ့ နို့မှုန့်တို့ပင် ဖြစ်ကာ သူတို့က အဲ့တာတွေ အကုန်လုံးကို လိုချင်ကြသည်။
လင်းချင်းဟယ်က ဒီကောင်စုတ်လေးတွေကို ထုနှက်ပစ်ချင်သွားသည်။
“ဒီမှာ နို့ဝယ်လို့ရမယ့်ဆိုင် ဘယ်မှာ ရှိလဲ မသိဘူး။” လင်းချင်းဟယ်က ကျိုးချင်းပိုင်နင်းလာသည့် စက်ဘီးနောက်တွင် ထိုင်စီးနေရင်း မြို့ပေါ်သို့ သွားရာလမ်းတွင် မေးလိုက်သည်။
ကျိုးချင်းပိုင်က စက်ဘီးကို အလွန်တည်ငြိမ်စွာ စီးနိုင်တာကြောင့် သူ့ခါးကို ဖက်ပြီး စီးလို့ အဆင်ပြေသည်။
ဒါ့ပေါ့၊ ဒါက သူတို့အနားမှာ တစ်ယောက်မှ မရှိတဲ့အချိန်မှာ ဤသို့ ဖက်ထားတာ ဖြစ်သည်။ တကယ်လို့ လူတွေရှိရင်၊ သူမ ကောင်းကောင်းပဲ ထိုင်စီးရလိမ့်မည်။
“မင်း သောက်ချင်လို့လား။” ကျိုးချင်းပိုင်က မေးသည်။
သူ့ဇနီးသည်ရဲ့ လက်က သူ့ခါးကို ဖက်တွယ်ထားသဖြင့် ကျိုးချင်းပိုင်ဟာ အလွန်စိတ်ကျေနပ်နေသည်။ သူ့ဇနီးသည်ရဲ အပြုအမူလေးတွေကို သူ အရမ်း သဘောကျတယ်။
ရံဖန်ရံခါ သူ့ကို နမ်းသလို တစ်ခါတစ်ရံမှာ သူ့ကို ကလေးလေးလို ချွဲနွဲ့တတ်သည်။
“ကလေးတွေက နို့သောက်သင့်တယ်။ နို့က သူတို့အရွယ်တွေအတွက် အကောင်းဆုံးပဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
သူမ အစားအစာတိုင်းမှာ အာဟာရ ပြည့်ဝစွာ ပါဝင်အောင် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့်လည်း ဒီအတိုင်းသာ ဖြစ်နေသေးသည်။
“ကိုယ် ကိုယ့်ရဲဘော်ဆီ သွားမေးကြည့်လိုက်မယ်။” ကျိုးချင်းပိုင်က ပြောသည်။
လင်းချင်းဟယ်က ခေါင်းညိတ်သည်။ “ဒါဆို ရှင် မြို့ပေါ်ကို ရောက်တဲ့အခါ သွားမေးလိုက်လေ။ ကျွန်မ စျေးနည်းနည်းလောက် ပတ်ဝယ်ထားလိုက်မယ်။ ပြီးရင် ကျွန်မ ရှင့်ကို ရောင်းလိုအားနဲ့ ဝယ်လိုအား သမဝါယမအသင်းမှာ စောင့်နေမယ်။ ရှင် ကျွန်မကို အဲ့မှာ မတွေ့ရင် ကျွန်မ စျေးဝယ်နေသေးလို့ပဲ။ ရှင် ကျွန်မကို အဲ့မှာပဲ စောင့်နေပေးနော်။”
“ကောင်းပြီ။” ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်သည်။
ဒါက ခရိုင်မြို့တော်ပဲမို့ ထုံးစံအတိုင်း စိတ်ပူစရာ မလိုပေ။ အပြင်လောကနှင့် နှိုင်းယှဥ်လိုက်ရင် ဒီခရိုင်မြို့တော်မှာ တစ်ခုခု ဖြစ်သွားရင်တောင် သူ သူမကို ဂရုစိုက်ပေးနိုင်သည်။
သူတို့ ခရိုင်မြို့တော်သို့ ရောက်သည်နှင့် ကျိုးချင်းပိုင်က သူ လုပ်စရာရှိသည့် ကိစ္စများကို လုပ်ဆောင်ရန် သွားခဲ့ပြီး လင်းချင်းဟယ်က ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းသို့ မသွားခင် ဝက်သားတွေကို ရောင်းချခဲ့သည်။
“ဒီမှာ နို့မှုန့်ရှိလား။” နို့မှုန့်ရှိနေတာကို မြင်လိုက်ရသောအခါ လင်းချင်းဟယ်ရဲ့ မျက်လုံးတွေက တောက်ပသွားသည်။
“ဒါတွေပဲ ကျန်တော့တာ။” အရောင်းသမားက ခေါင်းညိတ်ထောက်ခံသည်။
“ကျွန်မကို နှစ်ထုပ်လောက်ပေးပါ။” လင်းချင်းဟယ်က ပုံမှန်အတိုင်း ပြောလိုက်သည်။
ဒါက နို့မှုန့် အမျိုးအစား အသစ်ဖြစ်ပြီး တစ်ထုပ်လျှင် ၅၀၀ဂရမ်ပါဝင်ကာ သုံးယွမ်ကျသင့်ပါသည်။
ဒါက ချိုမြိန်သည့် အမျိုးအစား မဟုတ်ပေ။ တကယ်လို့ ဒါကို သောက်သုံးမယ်ဆိုလျှင် သကြားထပ်ထည့်လို့ရပြီး တစ်ထုပ်လျှင် သုံးယွမ်ထက် ပိုကုန်ကျလိမ့်မည်။
ဒါပေမယ့် ဒါက နို့မှုန့်စစ်စစ်ပါ။ ဘာလို့ သကြားထည့်ဖို့ လိုအပ်မှာလဲ။ နို့အရသာစစ်စစ်က အကောင်းဆုံးပဲ။
လင်းချင်းဟယ်သည် မျက်တောင်မခတ်ပဲ နို့မှုန့် နှစ်ထုပ်ကို ခြောက်ယွမ်ဖြင့် ဝယ်ယူလိုက်သည်။
သူမသည် နို့မှုန့်နှစ်ထုပ်ကို ဝယ်ယူပြီးနောက် နို့သကြားလုံး၊ မှိုတွေ၊ ပုစွန်ဆိတ်၊ ရေညှိနှင့် တရုတ်ဆီးသီးတို့အပါအဝင် အခြားမီးဖိုချောင်သုံးပစ္စည်းများကို ဝယ်ယူခဲ့သည်။
“စျေးသက်သာတဲ့ အထည်စတွေ ကျန်သေးတယ်၊ အဲ့တာတွေကိုရော လိုချင်သေးလား။” အရောင်းဝန်ထမ်းက သူမကို မေးမြန်းခဲ့သည်။
“မလိုသေးဘူး။” လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။ အိမ်မှာ အဝတ်တွေ အများကြီး ရှိနေသေးသည်။
ဒီပစ္စည်းတွေကို ဝယ်ယူပြီးသောအခါ လင်းချင်းဟယ်သည် အကုန်ထုပ်ပိုးပြီး ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှာပဲ ထားရှိခဲ့သည်။ ထို့နောက် သူမသည် လောင်အာ့အတွက် ကလေးလေ့ကျင့်ခန်းစာအုပ်နှင့် လောင်စန်းအတွက် ကျောက်ဒိုးတွေကို သွားဝယ်ခဲ့သည်။
သူမ ထွက်သွားသည်နှင့် တပြိုင်နက် သူမ ဝယ်ယူထားသော ထုပ်ပိုးထားသည့် ပစ္စည်းများကို တစ်စုံတစ်ယောက်က သိချင်နေမှန်း သူမ သတိမထားမိလိုက်ပေ။
သို့သော်၊ ထိုလူသည် အရောင်းဝန်ထမ်းရဲ့ အော်သံကြောင့် ရပ်တန့်သွားရသည် “ဟေး၊ ဒီအမျိုးသမီး၊ နင် ဘာလုပ်နေတာလဲ။ အဲ့တာက နင့်ဟာတွေ မဟုတ်ဘူး။”
“အထင်မလွဲပါနဲ့။ ဒါက ငါ့ယောင်းမဟာတွေမို့ပါ။” ထိုအမျိုးသမီးသည် ချက်ချင်းပင် တောင်းပန်သည့်အပြုံးလေးဖြင့် စကားအမြန်ဆိုလိုက်သည်။