အခန်း ၁၃၈
Viewers 43k

အခန်း (၁၃၈) - သွေးစုပ်မျှော့


ကျိုးချင်းပိုင်သည် သူမရဲ့ ဆုံးဖြတ်ချက်ကို မည်သည့်အခါမျှ ငြင်းပယ်ခြင်း မရှိပေ။ ပြီးတော့ သူ့မိဘတွေနှင့် နှိုင်းယှဥ်လျှင် သူ့ဇနီးသည်က ဝက်သားမှောင်ခို ရောင်းချနေတုန်းဆိုတာကို သူ သိပြီး အစေ့အဆန်တွေကိုလည်း ထိုနည်း၎င်း‌ကောင်း ရောင်းချခဲ့တာကိုပါ သူ သိသည်။


တကယ်တော့၊ သူက ကူကယ်ရာမဲ့သလို ခံစားနေရသည်။ သူမက သူ ပြောတာကို နားမထောင်ပေမယ့် အနည်းဆုံးတော့ နှစ်ယောက်ကြား သဘောတူညီမှုတစ်ခုတော့ ရှိသည်။ မတော်တဆမှု တစ်ကြိမ်နဲ့ ကြုံလာရရင် နောက်တစ်ကြိမ် ထပ်မလုပ်ဖို့ ပြောထားရသည်။


အခုအချိန်ထိတော့ ဘာပြဿာနာမှ မကြုံသေးဘူး။ သူမသည် အမှန်တကယ် အရည်အချင်း ရှိသည်။


သူမ ဝက်သားမှောင်ခိုကို ဘယ်လိုရောင်းချလဲ ဆိုတာကို သူ မသိဘူး။


သို့ရာတွင် သူ့ဇနီးသည်က အလွန်ထက်မြက်တယ် ဆိုတာကို ငြင်းဆို၍ မရသော်လည်း အလွန်ထက်မြက်သော အရည်အချင်းကို မှန်ကန်သော နည်းလမ်းဖြင့် ဘယ်တော့မှ အသုံးမချပေ။

 

ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူမမှာ သူ ရှိသည်။ မည်သည့်ပြဿနာ ကြီးကြီးမားမားမှ ဖြစ်လာမှ မဟုတ်ဘူး။


လင်မယားနှစ်ယောက် အိမ်ပြန်ရောက်လာခဲ့သည်။


တစ်ဖက်တွင်မူ ဒုတိယယောင်းမလင်းက သူမတစ်ယောက်တည်း အိမ်သို့ လမ်းလျှောက်ပြန်ခဲ့ရသည်။


သူမတစ်ကိုယ်လုံး ဒေါသတွေ ပြည့်နှက်နေခဲ့သည်။


အိမ်ပြန်ရောက်သည်နှင့် အဖေလင်းနှင့် အမေလင်းတို့ထံ ဒီနေ့ အငယ်ဆုံးယောင်းမ လင်းချင်းဟယ်နှင့် တွေ့ဆုံခဲ့ပြီး အလွန်ကောင်းမွန်သည့် ဘဝမျိုးမှာ ရှိနေကြောင်း ဖြစ်ပျက်ခဲ့သမျှ အကြောင်းစုံကို ပြောပြခဲ့သည်။


“ဒါကို ကြည့်ပါလား။ အဲ့ဒီနို့မှုန့် တစ်ထုပ်ကို သုံးယွမ်နဲ့ သူမ နို့မှုန့် ၂ထုပ်ကို တစ်ခါတည်း ဝယ်လိုက်တာ။ အဲ့တာတွေအပြင် သကြားလုံးတွေနဲ့ တရုတ်ဆီးသီးပါ ပါသေးတယ်။ သူမ ဘယ်လောက် သုံးစွဲခဲ့လဲ ဆိုတာကို ငါ မှန်းတောင် မမှန်းနိုင်ဘူး။” ဒုတိယယောင်းမလင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

 

“မဖြစ်နိုင်ဘူး။ အခု ချင်းပိုင်က လစာလည်း မရတော့ဘူး။ သူမက ဘယ်ကနေ ဒီလောက် ပိုက်ဆံတွေ အများကြီး ရနိုင်မှာလဲ။” အမေလင်းက ပြောသည်။


“အမေ၊ မေ့နေတာလား။ ကျိုးချင်းပိုင်မှာ ပင်စင်လုပ်သက်စုငွေ ကျန်သေးတာပဲ။ အဲ့တာ ဘယ်လောက်ရှိလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ ယောင်းမလေး အရင် အလည်လာတုန်းက ငါတို့ သူ့ကို အကျိုးအမြတ်ထုတ်မှာကို စိတ်ပူနေတာပဲ ဖြစ်လိမ့်မယ်။ ဒါ့ကြောင့် သူမက ငါတို့နဲ့ ဆက်ဆံရေး ဖြတ်တောက်ဖို့ ပြန်လာခဲ့တာပဲ။ အမေ၊ အမေ့သမီးက တကယ့်ကို ကြောက်စရာကောင်းတာပဲ...” ဒုတိယယောင်းမလင်းက ကြောင်းကျိုးဆင်ခြင် ကောက်ချက်ချသည်။


“ချင်းဟယ်က ဘာဖြစ်လို့ အဲ့လို တွေးနိုင်ရတာလဲ။” အကြီးဆုံးလင်းက ပြောသည်။


“ဘယ်သူ သိမှာလဲ။ သူမ ပြီးခဲ့တဲ့ တစ်ခေါက် ပြန်လာတုန်းက လာချေးငှားထားပြီး ငါတို့ဆီ အကြွေးတင်နေတဲ့ ပစ္စည်းတွေ သူမဆီကနေ ပြန်တောင်းလိုက်။ အခုအချိန်ထိ သူမက ငါတို့ကို ပြန်လာမပေးသေးဘူး။ တကယ်လို့ သူမ အနိုင်ကျင့်ခံရရင်၊ ဘယ်သူက သူမဖက်ကနေ ရပ်တည်ပေးနိုင်မှာလဲ။” ဒုတိယအစ်ကိုလင်းက ပြောသည်။


“ဘယ်သူမဆို ရပ်တည်ပေးလိမ့်မယ်၊ ဒါပေမယ့် မင်းကတော့ မဟုတ်ဘူး။ မင်းက တစ်စုံတစ်ဦးထက်တောင် အပုန်းမြန်သေးတယ်။” တတိယမောင်လေးလင်းက ပြောသည်။


“မင်း ဘာစကားပြောလိုက်တာလဲ။” ဒုတိယအစ်ကိုလင်းက စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။


“ဘယ်သူ့ကို ပြောတာလည်း မသိလို မပြောပါနဲ့။ ကျွန်မတို့အားလုံးက တစ်မိသားစုတည်းပဲ၊ ဘယ်သူ့ကို ပြောတာလဲ ဆိုတာ ဘယ်သူက မသိပဲ နေမှာလဲ။” တတိယယောင်းမလင်းက အရေးမကြီးသလို ခပ်ပေါ့ပေါ့ ကြားဖြတ်ပြောလိုက်သည်။


“နင်တို့နှစ်ယောက်က သူမဆီကနေ အကျိုးအမြတ်တွေ ရနေတာ ဆိုတော့ သဘာဝအတိုင်း သူမဖက်ကနေ ရပ်တည်ပြောပေးနေတာပေါ့လေ။” ဒုတိယယောင်းလင်းက ဒေါသတကြီးပြောဆိုခဲ့သည်။


“တတိယအစ်မရဲ့ စိတ်နေစိတ်ထားကို ငါ နားလည်နေတုန်းပဲ။ အရင်က သူမမှာ ပိုက်ဆံရှိပေမယ့် အခု သူမက အရင်ကထက်စာရင် ချွေတာသုံးစွဲနေရတယ်။ တကယ်လို့ နင်တို့သာ သူမဆီကနေ ပိုက်ဆံတောင်းချင်တယ်ဆိုရင် အဲ့တာက ကြောက်စရာကောင်းတဲ့ အစီအစဥ်ပဲ။” တတိယယောင်းမလင်းက သူမဗိုက်ကို ပွတ်သပ်ရင်း ပြောလိုက်သည်။


ဟုတ်တယ်၊ အရင်က သူမ သမီးမိန်းကလေးနှစ်ယောက် မွေးထားတယ်၊ အခု သူမမှာ ကိုယ်ဝန် ထပ်ရလာခဲ့သည်။ အခုဆို ကိုယ်ဝန်က ခုနစ်လကျော်နေပြီ။ ပုံမှန်အားဖြင့် သူမ နောက်နှစ်လလောက်ဆို ကလေးမီးဖွားလိမ့်မည်။


“ဘာကို ကြောက်စရာကောင်းတဲ့ အစီအစဥ်လဲ။ အဖေနဲ့ အမေက သူမကို မွေးဖွားပေးပြီး ပြုစုပျိုးထောင်ပေးခဲ့တယ်။ သူမက သမီးတစ်ယောက်လို ပြုမူနေလို့လား။ သူမက အိမ်မပြန်လာတာ နှစ်အတော်ကြာနေပြီ။ သူမ ခင်ပွန်းအိမ်မှာပဲ ကောင်းကောင်းစားသောက်၊ ကောင်းကောင်းဝတ်ဆင်နေပြီး အိမ်ကို ပြန်မကြည့်ရှုဘူး။ ဒါကမှ တကယ့်ကို ရက်စက်တဲ့ အပြုအမူပဲ။” ဒုတိယယောင်းမလင်းက လှောင်ပြောင်ပြောဆိုသည်။


“ဒါဆို နင်လည်း နင့်ယောက္ခမအိမ်မှာ ကောင်းကောင်း စားသောက်နေရရင် ဒီလင်းအိမ်ဟောင်းက ပစ္စည်းတွေကို နင့်ရဲ့မိခင်ဖက် မိသားစုဆီ ပြန်ယူသွားမှာလား။” တတိယယောင်းမလင်းက ပြန်ပြောသည်။


“နင် ဘာဝင်ပြောနေတာလဲ။ နင်နဲ့ မတ်လေးလင်းတို့က အိမ်ထောင်စု ခွဲပြီးကြပြီ။ လင်းအိမ်ဟောင်းရဲ့ ကိစ္စတွေထဲ နင်က ဘာဖြစ်လို့ ဝင်နှောင့်ယှက်နေရတာလဲ။” ဒုတိယယောင်းမလင်းက အော်ထုတ်လိုက်သည်။


တတိယယောင်းမလင်းက ခေါင်းညိတ်ကာ “ဒါက ကျိုးကြောင်းဆီလျော်မှုရှိတယ်”၊ ထို့နောက် သူမသည် သူမဗိုက်လေးကို ကိုင်ရင်း သူမအခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ တတိယမောင်လေးလင်းကလည်း သူ့အစ်မဆီကနေ ပစ္စည်းတွေ ဘယ်လိုတောင်းယူရင် ကောင်းမလဲဟု ဆွေးနွေးနေကြသည့် ဒီနေရာမှာ ဆက်နေဖို့ စိတ်မဝင်စားတော့သည့်အတွက် သူလည်း အခန်းထဲသို့ ပြန်သွားခဲ့သည်။


“ခဏနေရင်၊ ရှင် တတိယအစ်မဆီ သွားပြီး ဒီအကြောင်းကို ကြိုပြောထားဦး။ အမေရဲ့ တုံ့ပြန်မှုအရတော့ အဲ့ကို သိပ်မကြာခင် သွားမှာ သေချာတယ်။” တတိယယောင်းမလင်းက ညွှန်ကြားသည်။


သူမယောက္ခမရဲ့ စိတ်နေစိတ်ထားကို သူမ ဘယ်လိုလုပ်ပြီး မသိပဲ နေမှာလဲ။


တတိယမောင်လေးလင်းက မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်သည်။ “ဒါဆိုရင် ကိုယ် ဒီနေ့ နေ့လည်ပိုင်းလောက် သွားပြောလိုက်မယ်။”


ဒါပေါ့၊ အမေလင်းသည် သူမချွေးမဖြစ်သူ ပြောတာကို နားထောင်ပြီးနောက် ထိုကဲ့သို့ လုပ်ရန် စီစဥ်ခဲ့သည်။


“ငါ အဲ့လို သမီးမျိုးကို လုံးဝ မတွေ့ဖူးဘူး၊ သူမက ဒီအရိုးအိုကြီးကိုယ်တိုင် သွားလည်ဖို့ လိုအပ်နေတာပဲ။” အမေလင်းက အေးစက်စွာ မှတ်ချက်ပြုသည်။

 

“မင်း သူတို့အိမ်သွားတဲ့အခါကျရင် သူမကို ကောင်းကောင်းပြောခဲ့။ သူမရဲ့ စိတ်နေစိတ်ထားအရ သူမမှာ ငါတို့လင်းမိသားစုမရှိရင် တခြားသူတွေက စော်ကားပြောဆိုတဲ့အခါ ဘယ်သူက သူမကို ထောက်ပံ့ပေးမှာလဲ။” အဖေလင်းက ဆေးပေါ့လိပ်ကြီးကို ဖွာရင်း ပြောလိုက်သည်။


“အမေ၊ တတိယလေးရဲ့ ဇနီး ပြောတာကို နားမထောင်နဲ့။ သူမ လက်ထဲမှာ ပိုက်ဆံတွေ အများကြီး ရှိနေလိမ့်မယ်လို့ သမီး လုံးဝ ပြောနိုင်တယ်။ အမေ၊ အမေ အဲ့အိမ်ကို သွားတဲ့အခါကျရင် ကျွန်မတို့ လင်းအိမ်ဟောင်း အရမ်းဟောင်းနွမ်းနေပြီး ပြုပြင်ဖို့ လိုအပ်နေတဲ့ အကြောင်းကို ပြောပြရမယ်။ မဟုတ်ရင် ဒီနှစ်ဆောင်းကျရင် ရှင်သန်ဖို့ မလွယ်ကူဘူး။” ဒုတိယယောင်းမလင်းက ပြောသည်။


“သူမ ပစ္စည်းတွေ အများကြီး ဝယ်လာတာကို နင် တကယ် တွေ့ခဲ့တာလား။” အမေလင်းက သူမကို မေးသည်။


“ဘယ်လိုလုပ်ပြီး မှားမြင်နိုင်မှာလဲ။ ပြီးတော့၊ သူ ကျိုးချင်းပိုင်အတွက် အာဟာရပြည့်ဝအောင် ချက်ပြုတ်ကျွေးမွေးနေတာ၊ ကျိုးချင်းပိုင်က လယ်သမားတစ်ယောက်လို့တောင် မထင်ရဘူး။ အစားအသောက် ဘယ်လောက် ကောင်းကောင်း စားနေရလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ သေချာပေါက် သူတို့ဆီမှာ နို့မှုန့် မချို့တဲ့နေဘူး။ အမေ၊ အမေ အဲ့အိမ်ကို သွားရင်၊ သေချာပေါက် နို့မှုန့်တစ်ထုပ်လောက်တော့ ရအောင် ယူခဲ့နော်။ အမေနဲ့ အဖေတို့ အာဟာရ ပိုရအောင် အဲ့တာကို ရအောင် ယူသင့်တယ်။” ဒုတိယယောင်းမလင်းက တုံ့ပြန်ပြောဆိုသည်။


“နင် ဘာဖြစ်လို့ နင့်ယောင်းမဆီကနေ လု,မလာတာလဲ။” အမေလင်းက သူမကို ပြောသည်။


“အမေ၊ ကျွန်မတို့ရဲ့ ယောင်းမလေးက ဘယ်လောက် ကြောက်စရာကောင်းလဲ ဆိုတာ အမေ မသိလို့နော်။ ကျွန်မ သူမဆီကနေ ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး လုယူဝံ့မှာလဲ။” ဤသို့ ပြောတာကို ကြားလိုက်သည်နှင့် ချက်ချင်း ဒုတိယယောင်းမလင်းက ‌ပြောသည်။


အမေလင်းက ဘာမှ မပြောဘူး၊ သူမရဲ့ အငယ်ဆုံးသမီးအကြောင်းကို သူမ ကောင်းကောင်းသိသည်။ သူမ အခုထိ အိမ်ကို ပြန်မလာသေးတာ သူမစိတ်ထဲမှာ ဒေါသအချို့ ကျန်ရှိသေးတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။


မနက်ဖြန် သူမ အဲ့အိမ်ကို သွားတဲ့အခါကျရင် ဒီအကြောင်းကို ထုတ်ပြောလိုက်တာ အရမ်းကောင်းတဲ့ စိတ်ကူး ဖြစ်လိမ့်မည်။ လင်းချင်းဟယ်က သူမကို တကယ်ပဲ မိခင်အဖြစ် အသိအမှတ်မပြုဘူးဆိုရင် သူမကို ကျင့်ဝတ်မသိတတ်တဲ့သူလို့ တစ်ရွာလုံးရှေ့မှောက်မှာ ဆူပူကြိမ်းမောင်းလိုက်မယ်။ သူမမျက်နှာ အပျက်ခံနိုင်လား ဆိုတာကို စောင့်ကြည့်ရတာပေါ့။


တတိယမောင်လေးလင်းက နေ့လည်ခင်းတွင် လင်းချင်းဟယ်တို့အိမ်သို့ သွားရောက်ခဲ့သည်။

 

လင်းချင်းဟယ်သည် တတိယမောင်လေးလင်း ပြောပြသည့် အကြောင်းအရာအားလုံးကို သေသေချာချာ နားထောင်ပြီးနောက်တွင် လှောင်ရယ် ရယ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ဒုတိယယောင်းမလင်းက သူမ ပြန်ရောက်တာနဲ့ သူမ မြင်တွေ့ခဲ့ရသည့် လင်းချင်းဟယ် ဝယ်ခြမ်းထားသော ပစ္စည်းတွေအကြောင်းကို ပါးစပ် မပိတ်ထားခဲ့ပေ။ “အဲ့တာ အဆင်ပြေပါတယ်။ အဖွားကြီး ဒီကို လာချင်ရင် လာပါစေ။ ဒီရွာမှာ ငါ့ကောင်းသတင်းလည်း ရှိတာမှ မဟုတ်တာ၊ ဒါ့ကြောင့် ငါ သူမကို လုံးဝ မကြောက်ဘူး။”


ဒီသွေးစုပ်မျှော့တွေက သူမသွေးကို စုပ်ချင်တယ်ပေါ့၊ ဒါဆိုရင်လည်း ကြိုးစားကြည့်ကြပေါ့။


“ဒီမှာ ကလေးတွေလည်း ရှိတယ်လေ။” တတိယမောင်လေးလင်းက သက်ပြင်းအသာချမိသည်။


လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။ သူမက ဒီကိစ္စကို သိပ်ဂရုမစိုက်ပေမယ့် သူတို့ရွာမှာ တကယ်တမ်း ဒီမြင်ကွင်းကို တွေ့ကြုံစေရင် ကျိုးချင်းပိုင်နဲ့ ကလေးတွေအတွက် သိပ်မကောင်းဘူး။


ဒါ့ကြောင့် သူမက “ငါ မနက်ဖြန် မနက်စောစော ပြန်လာခဲ့မယ်။”


တတိယမောင်လေးလင်းက ခေါင်းညိတ်ကာ “အစ်မ၊ အိမ်မှာ စားစရာ လုံလုံလောက်လောက် ရှိရဲ့လား။”


“လုံ‌လောက်တယ်။ ငါ လယ်ထဲ မဆင်းရင်တောင်မှ နင့်ယောက်ဖက ငါ့ကို ဗိုက်ပြည့်အောင် ကျွေးမွေးနိုင်တယ်။ နင်ရော ဘယ်လိုလဲ။” လင်းချင်းဟယ်က မေးသည်။


“ကျွန်တော်တို့လည်း လုံလောက်ပါတယ်။” တတိယမောင်လေးလင်းက အပြုံးလေးဖြင့် ပြောလိုက်သည်။


“ဒီအသားက အသားတော့ သိပ်မကောင်းဘူး။ ငါ့တူမနှစ်ယောက်စားဖို့ နင် ပြန်ရင် ယူသွားလိုက်။” လင်းချင်းဟယ်က သူ့ကို အသားတစ်ပိုင်း ထုတ်ပိုးပြီး ပေးလိုက်သည်။ အသားက မရှိဘူးဆိုရင်၊ အနည်းဆုံး ၂-၃လျန် (၁၀၀-၁၅၀)ဂရမ်လောက် ရှိမည်။


“အစ်မ၊ မလိုပါဘူး။ လောင်တတို့ ညီအစ်ကိုတွေ စားဖို့ ချန်ထားလိုက်ပါ။ ဘာမှ ပေးစရာ မလိုဘူး၊ ဒါဆိုရင် ကျွန်တော် အရင် ပြန်နှင့်တော့မယ်။” တတိယမောင်လေးလင်းက အလျင်အမြန် ပြောလိုက်သည်။


ထိုသို့ ပြောပြီးသည်နှင့် သူက အမြန်ပြန်သွားခဲ့သည်။ လင်းချင်းဟယ်က သူ့ကို နောက်ကနေ စက်ဘီးဖြင့် အသားတစ်ပိုင်းကို အတင်း လိုက်ပေးခဲ့သည်။ တတိယမောင်လေးလင်းသည် ကူကယ်ရာမဲ့စွာဖြင့် ထိုအသားတစ်ပိုင်းကို လက်ခံခဲ့ရသည်။


“သွား ပြန်တော့။” လင်းချင်းဟယ်က လက်ပြနှုတ်ဆက်လိုက်သည်။


တတိယမောင်လေးလင်းက အိမ်ပြန်လာသည်။ တတိယယောင်းမလင်းသည် သူက အသားတစ်ပိုင်း ပြန်ယူလာသည်ကို တွေ့လိုက်ရသောအခါတွင် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။


“တတိယအစ်မကို ပြောခဲ့လား။” တတိယယောင်းမလင်းက အသားကို သိမ်းဆည်းနေရင်း မေးလိုက်သည်။ သူမသည် ဒီည ဝက်သားနှင့် ဂေါ်ဖီထုပ်ဖက်ထုပ် ချက်စားဖို့ စီစဥ်လိုက်သည်။


“ငါ ပြောခဲ့တယ်။ အစ်မ မနက်ဖြန်စောစော ဒီကို လာလိမ့်မယ်။” တတိယမောင်လေးလင်းက ခေါင်းညိတ်သည်။


“တတိယအစ်မ ဒီတစ်ခေါက် ပြန်လာရင် သေချာပေါက် ရန်ဖြစ်ကြလိမ်မ့ယ်။ အဲ့ကျရင် ရှင် အစ်ကို ကာကွယ်ပေးရမယ်။ ကျွန်မ ခပ်ဝေးဝေးမှာ နေပေးမယ်၊ ရှင် ကျွန်မကို စိတ်ပူနေစရာ မလိုဘူး။” တတိယယောင်းမလင်းက စီစဥ်ညွှန်ကြားသည်။


“အဲ့လောက်ကြီးတော့ မဆိုးနိုင်ပါဘူး။” တတိယမောင်လေးလင်းက အံ့အားသင့်စွာ ပြောသည်။


“အဲ့လောက် မဆိုးပါစေနဲ့လို့ပဲ ကျွန်မ ပြောချင်ပါတယ်။ သူတို့သာ လောဘမကြီးဘူးဆိုရင် အဲ့လောက် ကြီးကြီးမားမား မဖြစ်နိုင်ဘူး။ ဒါပေမယ့် ကျွန်မအမြင်အရ၊ တတိယအစ်မက ဒီမိသားစုနဲ့ တကယ်ပဲ အဆက်အသွယ် ဖြတ်နေတာ။ သူမ ဒီကို လာရင် သေချာပေါက် ပြဿနာဖြစ်လိမ့်မယ်။” တတိယယောင်းမလင်းက ပြောသည်။