အခန်း ၁၃၉
Viewers 38k

အခန်း (၁၃၉) – သူမယောကျာ်း၏ အစွမ်းကို အားကိုးပြီး မိခင်ဖက်မှအိမ်သို့ ပြန်သွားခဲ့သည်


ကျိုးချင်းပိုင်တစ်ယောက် အိမ်ပြန်ရောက်တော့ တတိယမောင်လေး အိမ်လည်လာသွားကြောင်း ကြားလိုက်ရသည်။


“ကျွန်မ မနက်ဖြန်ကျရင် ဟိုအိမ်ကို ပြန်သွားမယ်။” လင်းချင်းဟယ်က ပြောသည်။


“ကိုယ် မင်းနဲ့အတူ လိုက်ခဲ့ရမလား။” ကျိုးချင်းပိုင် ပြန်မေးသည်။


လင်းချင်းဟယ်က အပြုံးလေးဖြင့် “မလိုဘူး၊ ရှင် မလိုက်ခဲ့နဲ့။ တကယ်လို့ ရှင် ကျွန်မနောက်ကို လိုက်ခဲ့မယ်ဆိုရင် ကျွန်မ အသာစီးမရပဲ နေလိမ့်မယ်။”


ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်နေရင်း ဘာဖြစ်လို့လဲဆိုသည့် အကြည့်တွေဖြင့် သူမကို မေးလိုက်သည်။


“ဘာပဲဖြစ်ဖြစ်၊ ဒါကို ထားလိုက်ပါ။ ဒါက ကျွန်မရဲ့ မိခင်ဖက်မိသားစုရဲ့ ကိစ္စဆိုတော့ ကျွန်မတစ်ယောက်တည်း ဒါကို ဖြေရှင်းနိုင်လိမ့်မယ်။” လင်းချင်းဟယ်က ပြောသည်။


“အရမ်း စိတ်ပင်ပန်းမခံနဲ့။” ကျိုးချင်းပိုင်က ပြောသည်။


လင်းချင်းဟယ်က တခစ်ခစ်ရယ်ရင်း သူ့ကို ကြည့်ကာ “အခု ကျွန်မရင်ထဲမှာ ကျွန်မအမျိုးသားနဲ့ ကျွန်မကလေးတွေပဲ ရှိတယ်၊ ကျွန်မဘဝကို နှောင့်ယှက်ဝံ့တဲ့သူရှိရင် ကျွန်မ သနားငဲ့ညှာနေမှာ မဟုတ်ဘူး။”


သေချာပေါက် သူမ သနားငဲ့ညှာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် နောက်တစ်နေ့ မနက်စာ စားပြီးတာနဲ့ သူမ လင်းအိမ်ဟောင်းသို့ ထွက်လာခဲ့သည်။


သူမ ရောက်သွားသည့်အချိန်မှာ အမေလင်းက သူမပစ္စည်းတွေကို ထုပ်ပိုးပြီး ထိုကျင့်ဝတ်မသိတတ်သည့် မိန်းကလေးကို သင်ကြားပြသပေးဖို့ အပြင်ထွက်ဖို့ ပြင်ဆင်နေသည်။


“အိုး... ဒါက တတိယညီမလေး မဟုတ်လား။ နင်က ငါတို့မိသားစုရဲ့ တံခါးပေါက်ကို ဖြတ်ကျော်လာလိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး...”


“ဖြန်း...”


လင်းချင်းဟယ်က စက်ဘီးကို ဒေါက်ထောက်ပြီးပြီးချင်း ရန်စ စကားပြောသည့် ဒုတိယယောင်းမလင်းကို ပါးတစ်ချက် ချပစ်လိုက်သည်။ ဒီရိုက်ချက်က ဒုတိယယောင်းမလင်းကို ခေါင်းမူးသွားစေသည်။


ဒုတိယယောင်းမလင်း တစ်ဦးတည်းသာ အံ့အားသင့်သွား မဟုတ်သည့်အပြင် လင်းအိမ်ဟောင်းက တခြားသူတွေကလည်း သူမလုပ်ရပ်ကြောင့် အံ့အားသင့်သွားကြသည်။


အမေလင်း၊ အကြီးဆုံးအစ်ကိုလင်း၊ အကြီးဆုံးယောင်းမလင်း၊ ဒုတိယအစ်ကိုလင်း၊ တတိယမောင်လေးလင်းနှင့် တတိယယောင်းမလင်းတို့သည် မိဘအိမ်သို့ အချိန်အတော်ကြာ အလည်ပြန်မလာသော လင်းချင်းဟယ်က ဒုတိယယောင်းမလင်းကို ရောက်ရောက်ချင်းမှာပင် ပါးရိုက်လိုက်လိမ့်မည်ဟု တစ်ယောက်မှ မမျှော်လင့်ထားခဲ့ပေ။ 


“နင် ငါ့ကို ရိုက်တယ်ပေါ့လေ။” ဒုတိယယောင်းမလင်းက သူမပါးပြင်ကို လက်ဖြင့်ဖုံးအုပ်ရင်း နောက်ဆုံး၌ အသိပြန်ဝင်လာခဲ့သည်။ သူမသည် လင်းချင်းဟယ်ကို မျက်လုံးပြူး မျက်စံပြူးဖြင့် စိုက်ကြည့်နေခဲ့သည်၊ “နင် ခွေးမ၊ နင်က ငါ့ကို ရိုက်ရဲတယ်ပေါ့။ ငါ နင့်ကို မသေမချင်း ရိုက်ပစ် မပစ် နင် စောင့်ကြည့်စမ်း။”


ထိုသို့ပြောပြီးသည်နှင့် သူမသည် လင်းချင်းဟယ်ဆီသို့ ပြေးသွားခဲ့သည်။


လင်းချင်းဟယ်က သူမကို ဘယ်လိုလုပ်ပြီး ကြောက်နေမှာတဲ့လဲ။ လင်းချင်းဟယ်က သူမလက်ကို ရှောင်ပြီး ဆံပင်ကို ဆောင့်ဆွဲကာ ဒုတိယယောင်းမလင်းကို ပခုံးပေါ်ကနေ ကိုင်ပေါက်ပစ်ချခဲ့သည်။


“ဘန်း” ဟူသော အသံနှင့်အတူ ဒုတိယယောင်းမလင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး အော်ဟစ်သံ ပေါ်လာသည်။


လင်းချင်းဟယ်သည် ဒီအကွက်ကို အရင်က တစ်ခါ အသုံးပြုခဲ့ဖူးပြီး ဒုတိယယောင်းမလင်းက သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည့်အတွက် ဒီအကွက်ကို မဆိုင်းမတွ အသုံးပြုလိုက်တာပဲ ဖြစ်သည်။


နောက်တဖန်၊ လင်းအိမ်ဟောင်းက လူတွေက သူမရဲ့ လုပ်ရပ်ကြောင့် ကျောက်ရုပ်တွေ ဖြစ်ကုန်သည်။


“ငါဆိုတဲ့ လင်းချင်းဟယ်ရဲ့ အတင်းအဖျင်းတွေကို နင် လီကွေ့ဟွားက ဘယ်လို ပြောရဲရတာလဲ။ ငါ နင့်ကို သင်ခန်းစာ မပေးခဲ့လို့ နင်က ငါ့ဒေါသကို မသိဘူးပေါ့လေ။” လင်းချင်းဟယ်က ဒုတိယယောင်းမလင်းကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။


“ဒုတိယလင်း၊ နင် သေပြီလား။ နင့်မိန်းမ အရိုက်ခံနေရတာကို နင်က အဲ့နေရာမှာပဲ ရပ်ပြီး ကြည့်နေတုန်းလား။” မြေကြီးပေါ်မှ ပြန်မထရသေးသည့် ဒုတိယယောင်းမလင်းသည် ဒုတိယအစ်ကိုလင်းအား ဆူပူကြိမ်းမောင်းလိုက်သည်။


“ဒါက ငါတို့မိန်းမတွေကြားက ကိစ္စပဲ။ ဒုတိယအစ်ကိုလင်း၊ တကယ်လို့ နင် ငါ့ကို ထိရဲရင်၊ ငါ့ချင်းပိုင်က နင့်ရဲ့ခွေးခြေထောက်တွေကို တစ်ခါတည်း ရိုက်ချိုးပစ်နိုင်တယ်။ နင် မယုံဘူးဆိုရင် နင် စမ်းကြည့်နိုင်တယ်။” လင်းချင်းဟယ်က ဒုတိယအစ်ကိုလင်းအား အကြည့်တစ်ချက် ပစ်ခွင်းရင်း အေးစက်စွာ ပြောလိုက်သည်။


အခုမှပဲ၊ ဒုတိယအစ်ကိုလင်းက တုံ့ပြန်လာသည်။ သူ့မျက်နှာဟာ လုံးဝ မည်းမှောင်နေသည်။ သူ တကယ်ပဲ သူ့ညီမကို သင်ပြပေးချင်ပေမယ့် လင်းချင်းဟယ်က ဒီလို ပြောလိုက်သည့်အခါမှာတော့ သူ တကယ်ပဲ မလုပ်ရဲတော့ဘူး။


ကျိုးချင်းပိုင်က ဘယ်သူလဲ။ သူက စစ်သားအဖြစ်မှာ အငြိမ်းစားယူခဲ့တာ ဖြစ်ပြီး တကယ်တမ်း တိုက်ခိုက်ကြမယ်ဆိုရင် သူ့ကို အရုပ်တစ်ရုပ်လို အသာလေး ရိုက်နှက်ပစ်နိုင်သည်။


ဒါ့အပြင်၊ အခု လင်းချင်းဟယ် အသုံးပြုသွားသည့် ပခုံးပေါ်ကနေ ကိုင်ပေါက်သည့် နည်းလမ်းကို ဘယ်သူ သင်ပေးတာလဲ ဆိုတာကို မေးနေစရာ မလိုဘူး။


“ဒုတိယလင်း၊ နင် ငါ ဒီလိုအရိုက်ခံရတာကို နင်က ရပ်ပဲ ကြည့်နေတော့မှာလား။” ဒုတိယယောင်းမလင်းသည် ဒေါသထွက်သွားသည်။


“ဒါက နင့်မိန်းမက နင့်ရဲ့ခွေးခြေထောက်တွေ ကျိုးသွားမှာကို ကြည့်ချင်နေတာပဲ။ ဒုတိယအစ်ကို၊ နင် ဘယ်လိုလုပ်ပြီး ဒီလိုရက်စက်ကြမ်းတမ်းတဲ့ မိန်းမမျိုးကို လက်ထပ်ထားရတာလဲ။ နင် ဒီလိုမိန်းမမျိုး ကွာပြီး နောက်တစ်ယောက်ကို လက်ထပ်သင့်တယ်။ နင် ဒီလို ပြဿနာရှာတတ်တဲ့ မိန်းမမျိုးကို လက်မထပ်သင့်ဘူး။ လင်းမိသားစုက သူမကြောင့် ဖျက်စီးခံရနိုင်တယ်။” လင်းချင်းဟယ်က ပြောသည်။


“နင့်ဖင်တောင် နင်ပြောင်အောင် မသုတ်ရသေးပဲ နင့်မိဘအိမ်ကို လက်ညှိုးပြန်ထိုးစရာ မလိုအပ်ဘူး။” ဒုတိယအစ်ကိုလင်းက ချက်ချင်းပြန်ပက်သည်။


“ဒုတိယအစ်ကိုလင်း၊ နင် စကားပြောတဲ့အခါ ငါ့ကို ယဥ်ယဥ်ကျေးကျေးပြောတာ ပိုကောင်းလိမ့်မယ်။ နင် ဒီလို ရိုင်းရိုင်းစိုင်းစိုင်းသာ ဆက်ပြောနေမယ်ဆိုရင်၊ ငါ နင့်ကို နင့်မစင်တွေ ပြန်ကျွေးလိုက်မယ်ဆိုတာ နင် ယုံနိုင်မလား။” လင်းချင်းဟယ်က သူ့ကို အကြည့်စူးစူးတစ်ချက် ပစ်ခွင်းလိုက်သည်။


ဒုတိယအစ်ကိုလင်းသည် ဒေါသထွက်လွန်းလို့ ရူးတော့မလိုပဲ။


ကလေးတွေ အပြင်မှာ ရန်ဖြစ်ရင် လူကြီးတွေ အားကိုးကြောင့်ဖြစ်ပြီး အမျိုးသမီးတွေ အပြင်မှာ မောက်မာနေရင် အိမ်က ယောကျာ်းရဲ့အစွမ်းကြောင့် ဖြစ်တယ်လို့ ကျေးလက်ဒေသတွေမှာ ဆိုရိုးရှိကြပါသည်။


ပြီးတော့ အခုလည်း လင်းချင်းဟယ်က ကျိုးချင်းပိုင် အားကိုးကြောင့် ဒီလူတွေကို သူမမျက်လုံးထဲ လုံးဝ မထည့်တာ ဖြစ်သည်။


ဒုတိယအစ်ကိုလင်းသည် မျက်နှာထားတည်သော ကျိုးချင်းပိုင်ကို တကယ်ကိုပင် ကြောက်ရွံ့နေခဲ့သည်။ သူက ကျိုးချင်းပိုင်ကို အမြဲတမ်း ကြောက်ရွံ့နေခဲ့တာ ဖြစ်သည်။


“အဖေ၊ အမေ၊ အမေတို့ရဲ့ အိမ်ထောင်ကျပြီး သမီးဖြစ်သူက အမေ့ရဲ့ချွေးမကို အနိုင်ကျင့်ဖို့ အိမ်ကို ပြန်လာခွင့် ပေးတာလား။ ကျွန်မရဲ့ လီအိမ်ဟောင်းမှာ အားကိုးစရာ တစ်ယောက်မှ မရှိလို့လား။” ဒုတိယယောင်းမလင်းသည် သူမခင်ပွန်းကို အားကိုး၍ မရသည်ကို မြင်လိုက်ရသဖြင့် သူမရဲ့ ယောက္ခမတွေကို ချက်ချင်း တိုင်တန်းလိုက်သည်။


“နင် မိုးကောင်ကင်ကို တကယ် ဆန့်ကျင်နေတာပဲ။ မိုးကောင်းကင်ကို ဆန့်ကျင်နေတာပဲ။” အမေလင်းက အသိပြန်ဝင်လာပြီး လင်းချင်းဟယ်ကို လက်ညှိုးတထိုးထိုးဖြင့် ဆူပူကြိမ်းမောင်းလိုက်သည်။


“အိုင်းယိုး... အမယ်အိုကြီး၊ ဒေါသ အရမ်းမထွက်ပါနဲ့။ ‌ဒေါသအရမ်းထွက်ပြီးတော့ လေဖြတ်သွားပါဦးမယ်။ ရှင် တကယ်လို့ လေဖြတ်သွားမယ်ဆိုရင် ရှင့်သားနှစ်ယောက်နဲ့ ချွေးမတွေက ရှင့်ကို ပြုစုစောင့်ရှောက်ပေးမယ်လို့ ထင်နေလား။ သူတို့တွေရဲ့ အကျင့်စရိုက်တွေနဲ့ အဲ့လို ပြုစုပေးဖို့ မဖြစ်နိုင်ဘူး။” လင်းချင်းဟယ်က သဘောတကျ ရယ်မောလိုက်သည်။


အမေလင်းရဲ့ မျက်လုံးတွေက ပြူးကျယ်သွားသည်။ “နင် ငါ့ကို ဒီလို ပြောရဲတယ်လား။ နင့်မျက်လုံးထဲမှာ ငါအမေဆိုတာရော ရှိသေးရဲ့လား။”


“ဒါပေါ့၊ ကျွန်မမျက်လုံးထဲမှာ ရှိသေးတာပေါ့။ မဟုတ်ရင်၊ ကျွန်မ ရှင်နဲ့ ကျွန်မအဖေကို သတိရပြီး ဒီကို အပြေးလာပါ့မလဲ။ နောင်နှစ်ကျရင် လောင်တ ကျောင်းတက်ဖို့ ကျူရှင်စရိတ် မပေးရသေးဘူး။ အရင်တုန်းက ကျွန်မ အမေတို့နှစ်ယောက်အတွက် အိမ်ကနေ ပစ္စည်းတွေ အများကြီး ယူလာပြီး ပေးခဲ့ဖူးတယ်လေ၊ အဲ့တာကြောင့် ကျွန်မလိုအပ်တဲ့အချိန်ကျ နည်းနည်းလောက် ပြန်ကြည့်သင့်တယ် မဟုတ်လား။” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။


“နင်က အိမ်ပြန်လာပြီး ပိုက်ဆံတောင်းဖို့ မျက်နှာရှိသေးတယ်လား။” အဖေလင်းက လေးနက်တည်ကြည်စွာ ပြောလိုက်သည်။


သူလည်း အမြဲတမ်း မပြုံးမရယ်နှင့် အလွန်တည်ကြည်လေးနက်သော သူ့သမက်လေးအား နည်းနည်းလေး ကြောက်ရွံ့သည်။


အထူးသဖြင့် သူ့အငယ်ဆုံး သမက်က သူတို့လင်းအိမ်ဟောင်းကို လုံးဝ အမြင်မကြည်ဘူး ဆိုတာကို သူ သိသည်။


“ဘာဖြစ်လို့ အိမ်ကနေ ပိုက်ဆံ ပြန်မတောင်းရဲရမှာလဲ။ လူအိုကြီး၊ အဖေ သတိမေ့နေတာလား။ အရင်တုန်းက ကျွန်မ အိမ်ကို ပိုက်ဆံ ဘယ်လောက် ပြန်ယူလာပေးခဲ့မှန်း မမှတ်မိတော့ဘူးလား။ အဲ့တာတွေကို စားသောက်သုံးစွဲပြီးတာနဲ့ မေ့လိုက်တာလား။ တခြားအကြောင်းတွေကို မပြောသေးနဲ့ဦး၊ အဖေရဲ့ အနွေးကုတင်ပေါ်က လက်ရှိစောင်ကိုပဲ ကြည့်လေ။ အဲ့တာတွေ အားလုံးကို ကျွန်မ ပြန်ယူလာပေးတဲ့ ဂွမ်းတွေနဲ့ လုပ်ထားတာ။ အခု ကျွန်မက အိမ်ကနေ ပိုက်ဆံလိုလို့ နည်းနည်းလောက် ပြန်တောင်းတဲ့အခါကျ အဲ့တာ ဘာမှားနေလို့လဲ။” လင်းချင်းဟယ်က ယုံကြည်မှုအပြည့်နှင့် ပြောလိုက်သည်။


“ညီမလေး၊ ရယ်စရာတွေ မပြောပါနဲ့။ နင့်ဒုတိယယောင်းမက နင် မနေ့တုန်းက မြို့ထဲမှာ ပစ္စည်းတွေ အများကြီး ဝယ်နေတာကို တွေ့ခဲ့တယ်။ နင်က ရှားပါးတဲ့ နို့မှုန့်တွေကိုတောင် အများကြီး ဝယ်နိုင်သေးတယ်။ ဒါနဲ့ နင့်မှာ ပိုက်ဆံ မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။” အကြီးဆုံးယောင်းမက အပြုံးလေးဖြင့် စကားဝိုင်းထဲ ဝင်လာကာ ထောက်ပြခဲ့သည်။


“အကြီးဆုံးယောင်းမက တကယ့်ကို သူတော်ကောင်း ယောင်ဆောင်တာပဲနောင်။ အကြီးဆုံးယောင်းမက ရိုးရိုးရှင်းရှင်းပဲ ဒုတိယယောင်းမလင်းကို ရှေ့ထုတ်လိုက်တာပဲ။” လင်းချင်းဟယ်က ပြောသည်။

 

အကြီးဆုံးယောင်းမရဲ့ မျက်နှာက တင်းမာလာပြီး “ညီမလေး၊ နင် နင့်မိခင်ဖက်မိသားစုရဲ့ အိမ်တွင်းရေးကို ကြားမဝင်ပါနဲ့။”


“ဒီနေရာမှာ ဘယ်သူက စိတ်ဆိုးအမျက်ထွက်အောင် လှုံ့ဆော်နေလဲဆိုတာ နင်ကိုယ်တိုင် ကောင်းကောင်းသိမှာပါ။” လင်းချင်းဟယ်က လှောင်ပြောင်ပြောဆိုခဲ့သည် “မနေ့က ကိစ္စတွေက ငါနဲ့ တကယ်မဆိုင်ဘူး။ ငါ့ကလေးတွေက အသက်ကြီးနေပြီ၊ သူတို့က နို့မှုန့်သောက်စရာ လိုအပ်ပါတော့မလား။ မြို့ပေါ်ကလူနဲ့ လက်ထပ်သွားတဲ့ ငါ့ယောင်းမလေးက သူ့သားကို ငါ့ယောက္ခမအိမ်မှာ ထိန်း‌ကျောင်းဖို့ ပို့ထားတယ်လေ၊ နို့မှုန့်ကို သူ့ကလေးအတွက် ဝယ်ပေးရတာ၊ ဒါကို အရူးတောင် နားလည်သဘောပေါက်လိမ့်မယ် သိလား။”


သူမသည် လီကွေ့ဟွားကို ခေါင်းအစ ခြေအဆုံး တစ်ချက်ကြည့်လိုက်သည်။


လီကွေ့ဟွားက ဒီကိစ္စကို ဘယ်လိုလုပ်ပြီး သိမှာလဲ။ ဒါပေမယ့် လင်းချင်းဟယ်က ဒီလိုကိစ္စမျိုးအတွက် မလိမ်လောက်ဘူး၊ ဒီလိုကိစ္စမျိုးဆိုတာ မေးလိုက်တာနဲ့ တန်းသိရလိမ့်မည်။


သူမက အံတင်းတင်းကြိတ်ရင်း “နို့မှုန့်က နင် ဝယ်တာ မဟုတ်ရင်တောင်၊ တခြားပစ္စည်းတွေကရော ဘာတွေလဲ။ နင့်မှာ ပစ္စည်းတွေ အများကြီး ဝယ်ဖို့ကျ ပိုက်ဆံရှိတယ်၊ နင့်မိဘရင်းတွေကို သိတတ်ဖို့ကျ နင့်မှာ နည်းနည်းတောင် မရှိဘူးလား။”


“မျှော်လင့်ထားတဲ့အတိုင်း လင်းအိမ်ဟောင်းက ငါ့အကြောင်းကို သိပ်စိတ်မဝင်စားဘူးပဲ။ ငါ့ယောက္ခမတွေက ငါတို့နဲ့ အတူ ထမင်းပေါင်းစားနေတယ် ဆိုတာကိုတောင် မသိဘူး။ လူကြီးတွေက သူတို့ စားချင်တာရှိရင် ငါတို့ကို ပိုက်ဆံပေးပြီး ဝယ်ခိုင်းတယ်။ တကယ်လို့ နင်တို့ ပြောချင်ဆိုချင်တာရှိရင် ကျိုးအိမ်ဟောင်းကိုသွားပြီး သူတို့ကို သွားပြောနိုင်တယ်။” လင်းချင်းဟယ်က ရယ်မောလိုက်သည်။

 

“ညီမလေးက တကယ်သိတတ်တာပဲ၊ နင်က နင့်ယောက္ခမတွေကိုတောင် ကောင်းကောင်းဆက်ဆံပေးတယ်...” ဒါပေမယ့် သူမမိဘရင်းတွေကိုကျ ဂရုမစိုက်ဘူး။