အခန်း ၁၄၀
Viewers 38k

အိမ်တွင်းအောင်းနေရတဲ့ FA လေးတွေအတွက် ဒီနေ့ 3ပိုင်း တင်ပေးထားပါတယ်ရှင့်


အခန်း (၁၄၀) – သေလောက်အောင် ဒေါသထွက်ရတယ်


ဒုတိယယောင်းမလင်း ပြောလို့ မဆုံးခင်မှာပင် လင်းချင်းဟယ်က သူမစကားကို ကြားဝင်ဖြတ်ပြောသည်၊ “အဲ့တာက မှန်တာပဲ မဟုတ်ဘူးလား။ လက်ထပ်ပြီးသွားရင်၊ နင်က နင့်မိဘအိမ်က မိသားစုဝင် မဟုတ်တော့ပဲ နင့်ယောက္ခမရဲ့ အိမ်သား ဖြစ်သွားပြီ။ ထုံးစံအတိုင်း၊ နင်က နင့်ယောက္ခမရဲ့ မိသားစုကိုပဲ အားကိုးရတော့မှာလေ။ နင့်ရဲ့ မိဘအိမ်ဖက်ကို မျက်နှာသာပေးရမယ့် အကြောင်းပြချက် ရှိလို့လား။ နင့်မိဘအိမ်ကိုပဲ အမြဲတမ်း အာရုံစိုက်မနေနဲ့၊ နင့်ယောက္ခမမိသားစုကို စိတ်ထဲမထည့်တာက ချွေးမတစ်ယောက် လုပ်သင့်တဲ့ အပြုအမူ မဟုတ်ဘူး။”


အကြီးဆုံးယောင်းမလင်းသည် လုံးဝ ရူးသွပ်သွားသလို ခံစားလိုက်ရသည်။ ဒီအငယ်ဆုံးယောင်းမကို ဘာက ဖမ်းစားထားလို့ပဲ။ သူမကို ကြည့်ရတာ လုံးဝ မတူညီတဲ့ လူတစ်ယောက်လိုပဲ။


သူမသည် အရင်ကလည်း အပြောဆို ထက်မြက်ပေမယ့် အခုလောက် အစွမ်းထွက်ခြင်း မရှိခဲ့ပေ။


“ငါ့ယောက္ခမတွေလည်း အသက်ရှင်နေသေးတဲ့အပြင် ငါကလည်း ဒါကို ရှင်းရှင်းလင်းလင်း နားလည်လိုက်ပါပြီ။ တကယ်တမ်း ငါ့လက်ထဲမှာ ပိုက်ဆံမရှိရင်၊ ငါ ဘာမှ မလုပ်နိုင်ဘူး။ ငါ့မိဘအိမ်ပြန်ပြီး ပိုက်ဆံနည်းနည်းလောက် ပြန်တောင်းမိတာနဲ့ နင်တို့ရဲ့ သဘောထားက ဒီလိုမျိုး ဖြစ်သွားခဲ့တယ် မဟုတ်လား။” လင်းချင်းဟယ်က အပြစ်သာ မြင်တတ်တဲ့ သဘောထားရှိသလို မှတ်ချက်ပြုကာ “မျှော်လင့်ထားသလိုပဲ၊ ပိုက်ဆံသာ ရှိရင် တောနက်တောင်နက်ထဲမှာ နေရင်တောင် ဆွေမျိုးတွေက အိမ်လည်လာတတ်ကြတယ်၊ ပိုက်ဆံသာ မရှိရင် လူရှုပ်တဲ့ မြို့လယ်ခေါင်မှာ နေရင်တောင် အိမ်လည်လာမယ့်သူ တစ်ယောက်မှ မရှိဘူး။ အခု ငါက ဆင်းရဲပြီး လက်ထဲမှာ ပိုက်ဆံတစ်ပြားမှ မရှိတော့၊ နင့်တို့အားလုံးက ငါ့ကို ပုလိပ်ရောဂါသည်လို ရှောင်ရှားကြတယ်မလား။ မနေ့က ငါ့မှာ ပိုက်ဆံ ရှိသေးတယ်လို့ အထင်မြင်လွဲတဲ့အခါကျတော့၊ နင်တို့က ငါ့ဆီကို အပြေးလာပြီး ငါ့မှာ ရှိသမျှကို အတင်းခွာယူဖို့ ကြိုးစားချင်နေကြတာမလား။”


“ညီမလေး၊ နင် အိမ်ကို ပြန်မလာတာ သုံးနှစ်ရှိပြီ။” အကြီးဆုံးအစ်ကိုလင်းက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။


“ထွီ...” လင်းချင်းဟယ်က သူ့ကို တံတွေး လှမ်းထွေးလိုက်သည်၊ “နင် ဘယ်လိုထင်လဲ။ နင်က ငါ့ကို ညီမလေးလို့ ခေါ်ရဲသေးတယ်ပေါ့လေ။ နင် ငါ့ကို ညီမလေးလို့ ခေါ်တာ လုံးဝ မကြားချင်ဘူး။ ငါ့နာမည်က လင်းချင်းဟယ်၊ ငါ့ကို လင်းချင်းဟယ်လို့ပဲခေါ်။”


အကြီးဆုံးအစ်ကိုလင်းရဲ့ မျက်နှာဟာ ချက်ချင်းပင် ပျက်ယွင်းသွားခဲ့လေ၏။


“လူတိုင်းကို ငါ သေချာပြောပြီးသား၊ တောင်က တောင်၊ ရေက ရေပဲ။ ဘာမှ ရောထွေးလိုက်လို့ မရဘူး။ ငါ နင်တို့ကို ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား၊ နင်တို့လင်းအိမ်ဟောင်းက ခွေးရူးတစ်ကောင်လို ငါ့ကို တွယ်ကပ်ချင်နေသေးတာပဲ။” လင်းချင်းဟယ်က အေးစက်စွာ ပြောလိုက်သည်။


“နင်... နင်...” အမေလင်းသည် သေလုနီးပါး ဒေါသထွက်သွားသည်။


အဖေလင်းရဲ့ မျက်နှာသည် ပို၍‌တောင် ညိုမည်းပြာလာခဲ့သည်.


အကြီးဆုံးအစ်ကိုလင်း၊ အကြီးဆုံးယောင်းမလင်း၊ ဒုတိယအစ်ကိုလင်း၊ ဒုတိယယောင်းမလင်းနှင့် အခြား တူ၊ တူမတွေကပါ သူမ ဒီလိုစကားမျိုးကို ပြောလိမ့်မည်ဟု လုံးဝ မမျှော်လင့်ထားခဲ့ပေ။


သူမက သူတို့နှင့် ဆက်ဆံရေးကို တကယ် ဖြတ်တောက်ပစ်ချင်နေတာလား။


“နင်တို့ ငါနဲ့ ဆက်ဆံရေး ဖြတ်တောက်စရာ မလိုပါဘူး။ နင်တို့ ငါ့ကို ပိုက်ဆံ နည်းနည်းလောက် ပေးလိုက်မယ်ဆိုရင် ငါ ဒါကို ဒီအတိုင်းပဲ ထားလိုက်ပြီး နင်တို့ကို ငါ့ဆွေမျိုးတွေအဖြစ် အသိအမှတ်ပြုပေးမယ်လေ။” လင်းချင်းဟယ်က သူတို့ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။


“အခုချက်ချင်း ဒီက ထွက်သွား။ နင် ဒီကနေ တတ်နိုင်သမျှ အမြန်ပြန်သွားလိုက်တော့။” အမေလင်းသည် နောက်ဆုံးတွင် လုံးဝ ပေါက်ကွဲသွားခဲ့သည်။ သူမသည် လင်းချင်းဟယ်ကို အိမ်ထဲကနေ အော်ထုတ်ခဲ့သည်။


“ငါက နင်တို့လင်းအိမ်ဟောင်းရဲ့ ပျက်စီးနေတဲ့ မြေပေါ်မှာ နေချင်တယ်လို့များ ထင်နေလား။ ဒါက ငါ့ကို ကံဆိုးစေလိမ့်မယ်။ ဒါပေမယ့်၊ ငါ ဒီကို ရောက်လာမှတော့ ငါ ဒီအတိုင်း မပြန်နိုင်ဘူး။ ဒုတိယအစ်ကိုလင်း၊ အခုချက်ချင်း အဲ့ဒီစစ်အင်္ကျီကို ချွတ်ပေး၊ ငါ မေးပြီးပြီ၊ အဲ့ဒီအင်္ကျီကို ယွမ်တစ်ဒါဇင်နဲ့ချီပြီး ရောင်းလို့ရတယ်။” လင်းချင်းဟယ်က ဒုတိယအစ်ကိုလင်းကို ပြောလိုက်သည်။


“ဒီစစ်အင်္ကျီက နင် ငါ့ကို ပေးခဲ့ပြီးသား။ ဒါက ငါ့ဥစ္စာပဲ။” ဒုတိယအစ်ကိုလင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်မိသည်။


သူမက အရှုံးမပေးပဲ ဒီစစ်အင်္ကျီကို ပြန်တောင်းလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။


သူ ဒီစစ်အင်္ကျီကို တကယ် ကြိုက်နှစ်သက်သည်။ ဒါက အရမ်းနွေးထွေးပြီး အကြမ်းခံသည်။ ဒီထက် ပိုကောင်းတဲ့ ကုတ်အင်္ကျီ လုံးဝ မရှိဘူး၊ ဒါ့ကြောင့် ပြန်ပေးဖို့အကြောင်း လုံးဝ မတွေးဘူး။

 

“ကြည့်ရတာ နင်က အဖွဲ့ဆီ နင့်ကို တိုင်တန်းတာ ခံချင်နေပုံရတယ်၊ ဒုတိယအစ်ကိုလင်း၊ နင်က စစ်မှုထမ်းဟောင်းမိသားစုရဲ့ ပစ္စည်းတွေကို အတင်းအဓမ္မ သိမ်းပိုက်ထားချင်နေတာလား။” လင်းချင်းဟယ်က လှောင်ပြောင်ပြောဆိုလိုက်သည်။


“နင် ဘာပြောလိုက်တာလဲ။ ဘယ်သူက အတင်းအဓမ္မ သိမ်းပိုက်လို့လဲ။ နင့်ရဲ့ ပစ္စည်းတွေကို ဘယ်သူက အတင်းအဓမ္မ သိမ်းပိုက်ထားလို့လဲ။ အဓိပ္ပါယ်မရှိတာတွေ မပြောနဲ့။” အဖေလင်းရဲ့ မျက်နှာအမူအရာက ပြောင်းသွားပြီး ချက်ချင်း တုံ့ပြန်ပြောဆိုခဲ့သည်။


“ညီမလေး၊ ဒီလိုစကားမျိုးကို ဖြစ်သလို ပြောလို့ မရဘူးလေ။” အကြီးဆုံးယောင်းမလင်းရဲ့ မျက်နှာအမူအရာပါ ပြောင်းသွားခဲ့သည်။


“ကျိုးချင်းပိုင်က စစ်တပ်မှာ အကျိုးတော်ဆောင်ကိစ္စတွေ အများကြီး လုပ်ခဲ့ပြီးမှ ဒီလို စစ်အင်္ကျီကို ပြန်ရခဲ့တာ။ ဟိုတုန်းက မသိနားမလည်လို့ ဒုတိယအစ်ကိုလင်းရဲ့ လှည့်ဖြားတာကို ခံခဲ့ရတယ်။ အခု ကျွန်မက ဒီစစ်အင်္ကျီကို ပြန်တောင်းတာ ဘာဖြစ်လဲ။ အဲ့တာက ဘာမှားနေလို့လဲ။ ဒုတိယအစ်ကိုလင်း၊ သူက ရွာကို အနုကြမ်းစီးတုန်းက ကျူးကျော်သူတွေ ပြုလုပ်တဲ့ အပြုအမူကို သူက သင်ယူထားတာ မဟုတ်ဘူးလား။” လင်းချင်းဟယ်က သူမအသံကို မြှင့်လိုက်သည်။


“နင် ငါ့ကို ဒေါသထွက်ပြီး သေအောင် လုပ်နေတာလား။ နင် ငါ့ကို ဒေါသထွက်ပြီး သေစေချင်နေတာပဲ။” အမေလင်းက ဒေါသတကြီး ခြေဆောင့်ရင်း ဆိုသည်။


“ကျွန်မက အမယ်အိုကြီးကို အသက်ရှည်ရှည်နေနိုင်ဖို့ တကယ်မျှော်လင့်တာပါ။” လင်းချင်းဟယ်က ဤသို့ ပြောလိုက်သည့်အခါမှာ လုံးဝ ရိုးသားနေတာမျိုး မဟုတ်ပေ။ ထို့နောက် သူမအကြည့်တွေကို ဒုတိယအစ်ကိုလင်းထံသို့ အကြည့်လွှဲလိုက်ရင်း “ဒုတိယအစ်ကိုလင်း၊ ငါ နင့်ကို နောက်ဆုံးအနေနဲ့ အခွင့်အရေးတစ်ခု ပေးမယ်။ တကယ်လို့ နင် အထဲကို ပြန်ဝင်ပြီး စစ်အင်္ကျီကို ပြန်မယူလာပေးဘူးဆိုရင် လက်ပတ်နီဝတ် စစ်သားတွေ နင့်အိမ်ထဲ ဝင်လာပြီး ဖျက်ဆီးတာကိုပဲ စောင့်နေလိုက်တော့။ ချင်းပိုင်က မြို့ထဲက တစ်စုံတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်တယ်။”


“နင်က ဒါကို အရင်ဆုံး နင့်မိဘအိမ်ကို ပြန်ယူလာခဲ့တာ။ အဲ့တာက နင်ပဲ၊ နင်ကိုယ်တိုင် ဒါကို ပြန်ယူလာခဲ့တာ။ နင့်ကို ဘယ်သူက ဒါကိုပေးဖို့ အတင်းခိုင်းစေခဲ့လို့လဲ။” ဒုတိယယောင်းမလင်းက ခေါင်းမာမာနဲ့ ပြောပေမယ့် လက်ပတ်နီဝတ် စစ်သားတွေ သူမတို့အိမ်ကို ရောက်လာမှာကို တကယ်ကြောက်နေခဲ့သည်။


တကယ်လို့ သူတို့ ရောက်လာတယ်ဆိုရင်၊ ဒါက ကိစ္စသေးသေးလေး မဟုတ်တော့ဘူး။


“နဂိုက ငါ ဒါကို ဒီအတိုင်း ထားလိုက်ဖို့ပဲ စိတ်ကူးထားခဲ့တာ၊ နင်တို့က ငါ့ကို ဒီလောက် နှိမ့်ချပြောဆိုလိမ့်မယ်လို့ မထင်ခဲ့ဘူး။ နင်တို့က ငါ့အကြောင်း အတင်းအဖျင်း ပြောရဲလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ နင်တို့က ဒီလိုမျိုး လုပ်ထားပြီးမှ‌တော့ ငါ့ဆီက သနားငဲ့ညှာမှုကို မမျှော်လင့်နဲ့တော့လေ။ ဒုတိယအစ်ကိုလင်း၊ ငါ နင့်ကို ထပ်မေးမယ်၊ နင် ပြန်ပေးမှာလား ပြန်မပေးဘူးလား။” လင်းချင်းဟယ်က ဒုတိယအစ်ကိုလင်းကို အေးစက်စွာ ကြည့်လိုက်သည်။


“နင် အရမ်းအနိုင်မကျင့်နဲ့။” ဒုတိယအစ်ကိုလင်းက ရှုံ့မဲ့နေသောမျက်နှာဖြင့် ပြောလိုက်သည်၊ “နင် နင့်မိဘအိမ်ကို တကယ်ပဲ ဆန့်ကျင်မယ်လို့ ဆုံးဖြတ်ထားပြီးရင် နောင်အနာဂတ်မှာ ကျိုးအိမ်ဟောင်းကလူတွေ နင့်ကို အနိုင်ကျင့်တဲ့အခါ နင့်ဖက်ကနေ ဘယ်သူမှ ရပ်တည်ပေးမှာ မဟုတ်ဘူး။”


“ရယ်စရာတွေ မပြောစမ်းပါနဲ့။ အရင်က ငါ အနိုင်ကျင့်ခံရတုန်းက နင်တို့ ဘယ်သူကမှ ငါ့ဖက် မရပ်တည်ပေးကြဘူး။ အခု ငါက နင်တို့ကို အားကိုးနေသေးတယ်လို့ နင် ထင်နေသေးတာလား။ ငါ့မှာ သားသုံးယောက်နဲ့ ငါ့ယောကျာ်းရှိတယ်။ ငါ့ကို ထောက်ပံ့ပေးဖို့ နင်တို့ကို လိုအပ်နေသေးတယ်လို့ ထင်လား။ တကယ်တမ်း နင့်ကိုယ်နင်ပဲ ပြန်ထောက်ပံ့ပေးလိုက်ပါဦး။” လင်းချင်းဟယ်က အေးစက်သော လေသံဖြင့် လှောင်ပြောင်ပြောဆိုကာ “နင် ဒီစကားကို တကယ် ပြောရဲတယ်နော်။”


“ဘယ်သူက နင့်ပစ္စည်းကို လိုချင်နေလို့လဲ။” ဒုတိယအစ်ကိုလင်းက အလွန်အမင်း ဒေါသထွက်သွားကာ အိမ်ထဲပြန်ဝင်ပြီး စစ်အင်္ကျီကို ထုတ်လာခဲ့သည်။


“ရှင် ရူးနေတာလား။ ကျွန်မတို့မိသားစုရဲ့ ပစ္စည်းတွေကို ပေးလိုက်စရာလား။ ငါတို့က သူမကို ဒီစစ်အင်္ကျီ ဘာဖြစ်လို့ ပြန်ပေးရမှာလဲ။” ဒုတိယယောင်းမလင်းက ချက်ချင်း တုံ့ပြန်လိုက်သည်။


“လက်ပတ်နီ စစ်သားတွေကို သွားတိုင်မယ်လို့ သူမ ပြောလိုက်တာကို နင် မကြားလို့လား။” ဒုတိယအစ်ကိုလင်းက မှုန်ကုတ်ကုတ် ပြောပြီးနောက် ဆူပူကြိမ်းမောင်းလိုက်သည်၊ “ပြီးတော့ နင်သာ သူမကို အိမ်ပြန်လာအောင် မလုပ်ဘူးဆိုရင် သူမက ဒီကိုရောက်လာပြီး ဒီစစ်အင်္ကျီကို ပြန်တောင်းမှာ မဟုတ်ဘူး။”


ဒုတိယယောင်းမလင်း ဒေါသစိတ်ကြောင့် မျက်ရည်တောင် ဝဲသွားသည်။


“အကျင့်မကောင်းတဲ့ မိန်းမကြီး” ဒုတိယယောင်းမရဲ့ သားတစ်ယောက်က လင်းချင်းဟယ်ကို ဆူပူကြိမ်းမောင်းခဲ့သည်။


“အိုး... အခုတော့ လူတစ်ယောက်ကို ဘယ်လို ဆဲဆိုရမလဲ ဆိုတာကို သိသွားပြီပေါ့။” လင်းချင်းဟယ်က ရယ်မောလိုက်ပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်သည်၊ “ငါ့ပစ္စည်းတွေကို ခွေးတစ်ကောင်ကိုပဲ ကျွေးလိုက်သင့်တယ်။ ငါကျွေးတဲ့ သကြားလုံးတွေ စားတုန်းက နင် ငါ့ကို ဒီလိုရိုင်းရိုင်းစိုင်းစိုင်း ပြောတာမျိုး တစ်ခါမှ မတွေ့ဖူးဘူး။”


“နင့်ကို ပြန်ပေးပြီးပြီ၊ ဒါကို ယူပြီး ဒီကနေ ထွက်သွားလိုက်တော့။ နောင်အနာဂတ်မှာ၊ နင် ငါတို့လင်းအိမ်ဟောင်းကို ခြေတစ်လှမ်း လှမ်းလာရဲ လှမ်းလာကြည့်၊ အဲ့အခါကျ ငါ နင့်ခြေထောက်ရိုက်ချိုးရင် ငါ့ကို အပြစ်မဆိုနဲ့။” ဒုတိယအစ်ကိုလင်းက စစ်အင်္ကျီကို ပစ်ပေးလိုက်သည်။ သူ ထိုသို့ပြောပြီး လင်းချင်းဟယ်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေခဲ့သည်။


လင်းချင်းဟယ်က အပြုံးလေးဖြင့် “အခု နင်ပြောတာ မှန်တယ်။ နင်တို့ ငါ့ကို ပြန်ခေါ်တုန်းက ခေါ်ပြီး အခု ငါ့ကို ဘယ်လိုလုပ်ပြီး လက်ဗလာနဲ့ ပြန်စေချင်ရတာလဲ။” ထို့နောက် လင်းချင်းဟယ်က စစ်အင်္ကျီကို ကောက်ယူလိုက်ပြီး စက်ဆုပ်ရွံ့ရှာစွာ ပြောလိုက်သည်၊ “ဒါပေမယ့် ဒီလို ကောင်းမွန်တဲ့ စစ်အင်္ကျီကို ခွေးတစ်ကောင် ဝတ်ပြီးသွားပြီ၊ ငါ တကယ်ပဲ ဒါကို မလိုချင်တော့ဘူး။”


သူမက အကြီးဆုံးယောင်းမလင်းဆီသို့ တိုက်ရိုက်လျှောက်သွားကာ သူမလက်မောင်းထဲသို့ ထိုစစ်အင်္ကျီကို ထည့်ပေးလိုက်ကာ “အကြီးဆုံးယောင်းမ၊ ဒီစစ်အင်္ကျီကို ငါ နင်တို့ ပထမအိမ်ကိုပဲ ပေးလိုက်တော့မယ်။ ဒီတစ်ခါ ငါ ပြောတာ အတည်ပဲ၊ ငါ ဘယ်တော့မှ ဒါကို ပြန်မတောင်းဘူး၊ ဒီမှာ ရှိတဲ့လူတိုင်းက သက်သေပဲလေ၊ ငါ...”


“ညီမလေး၊ ဒီလိုမလုပ်ပါနဲ့။ ငါတို့မိသားစုနှစ်စုအကြား ဘာပြဿနာ မရှိဘူးလေ။” အကြီးဆုံးယောင်းမလင်းသည် သူမ ကိုင်ထားသော စစ်အင်္ကျီကို ကောင်းမွန်တယ်လို့ မထင်ပဲ သူမရဲ့ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။


“ငါတို့ကြား ရန်ငြိုးမရှိလို့ အကြီးဆုံးယောင်းမကို ငါ အခု ပေးနေတာပေါ့။ ငါ နင့်ကို ဒီစစ်အင်္ကျီ မပေးလို့ နင် ငါ့ကို အပြစ်တင်ခဲ့ဖူးတာကို ငါသိတယ်။ ငါ နင့်ကို အခု ဒီစစ်အင်္ကျီကို ပေးနေတာပဲလေ။ ဘာလဲ၊ နင်တို့ ပထမအိမ်က သူတို့ ဒုတိယအိမ်ကို ကြောက်နေတာလား။ ပြီးတော့ ဒီစစ်အင်္ကျီကို လက်မခံရဲဘူးလား။ ဒါပေမယ့် နင့်မျက်လုံးကို ဖွင့်ပြီး သေချာကြည့်ကြည့်ဦး။ ဒီစစ်အင်္ကျီကို ခွေးဝတ်ထားလို့ ငါက မကြိုက်တော့ပေမယ့် အရည်အသွေးက အရမ်းကောင်းနေတုန်းပဲ။” လင်းချင်းဟယ်က အပြုံးလေးဖြင့် ဆိုသည်။

 

လင်းချင်းဟယ်သည် ထိုစစ်အင်္ကျီကို အကြီးဆုံးယောင်းမလင်းလက်ထဲသို့ အတင်းထည့်ပေးပြီးနောက် သူမစက်ဘီးလေးကို တွန်းကာ လင်းအိမ်ဟောင်းရဲ့ ခြံဝန်းထဲကနေ ရယ်ကာမောကာဖြင့် ထွက်သွားခဲ့သည်။ နောက်ဆုံး၌ သူမသည် အဖေလင်းနှင့် အမေလင်းတို့ကို့ “လူအိုကြီးစုံတွဲရေ၊ ကောင်းသော နှစ်သစ်လေးပါ။ အမေတို့နှစ်ယောက် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည် နေရပါစေလို့ သမီး မျှော်လင့်တယ်။”

 

ဒေါသတွေနဲ့ တုန်ယင်နေတဲ့ အဖေလင်းနဲ့ အမေလင်းတို့ကို သူမ လျစ်လျူရှုထားခဲ့သလို အကြီးဆုံးယောင်းမလင်းက စစ်အင်္ကျီကို ကိုင်ရင်း ဘယ်လို ကျန်ခဲ့မလဲ ဆိုတာကို သူမ လျစ်လျူရှုထားခဲ့ကာ စက်ဘီးလေးစီးပြီး အိမ်ပြန်သွားခဲ့သည်။