အခန်း (၁၄၁) - လစန္ဒာ ဒီဇင်ဘာ
သူမ ကိုယ်ပိုင်အိမ်သို့ အပြန်လမ်းတွင် လင်းချင်းဟယ်က စိတ်ရောကိုယ်ပါ ပေါ့ပါးနေသည်။
လင်းအိမ်ဟောင်းအတွက်မူ သူမ၏ စစ်အင်္ကျီကြောင့် သူတို့ နောက်တစ်လှည့် ရန်စမှာကို စိတ်အနှောင့်အယှက် ဖြစ်ခံစရာ မလိုတော့ပေ။
သူမသည် မူလကိုယ်၏ ခန္ဓာကိုယ် ဆက်ခံထားသောကြောင့် သူမ၏ မိဘများပေါ် သားသမီးဝတ်ကျေပြီး မောင်နှမများကို ဂရုစိုက်လိမ့်မည်ဟု မယူဆလေနှင့်။
သူတို့က ကောင်းလျှင်တော့ သူမက ကူညီပေးမှာပဲ ဖြစ်သည်။ လူသားတစ်ယောက်အနေဖြင့် လွန်ကဲစွာ ရိုင်းပျခြင်း မပြုသင့်ပေ။
သို့သော် ထိုကဲ့သို့ မိဘမောင်ဘွားတို့ကို ကောင်းရမည်လော။
သူတို့ဆီ အကူအညီအချို့ ပေးတာ လိုချင်နေသည်လေ။ ယင်းက မဖြစ်နိုင်၊ လုံး၀ မဖြစ်နိုင်ပေ။
သူမက ကျိုးအိမ်ဟောင်းသို့ ပျော်ရွှင်စွာ ပြန်လာသည်။ ကျိုးချင်းပိုင်က သူမကို အိမ်တွင် စောင့်နေသည်။ သူမ မြန်မြန်ဆန်ဆန် ပြန်ရောက်လာပြီး သူမ၏ စိတ်အခြေအနေက သိသိသာသာ ကောင်းမွန်နေသည်ကို မြင်သောအခါ သူက ပြောလိုက်သည်။
“အားလုံး အဆင်ပြေလား”
“ပြေတယ်” လင်းချင်းဟယ်က စက်ဘီးဒေါက်ထောက်ပြီး မေးလိုက်သည်။
“နေ့လယ်ကျ ရှင် ဘာစားချင်လဲ၊ ရှင့်အတွက် ချက်ပေးမယ်”
“မင်းသဘော” ကျိုးချင်းပိုင်က သူမကို ကြည့်ပြီး ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က စိတ်ကောင်းဝင်နေပြီး မီးဖိုချောင်ထဲ ဝင်သွားတော့သည်။
အေးနေသော်ငြား သူမက ပဲနောက်ရည်နှင့် ခေါက်ဆွဲ လုပ်နိုင်သေးသည်။ သူမသည် ယခင်တည်းက ငရုပ်နှစ်များ လုပ်ထားပြီးဖြစ်ရာ ယခုအချိန်တွင် ခေါက်ဆွဲနှင့် စားရန် အကောင်းဆုံး ဖြစ်သည်။
သူမက အသားအချဉ်ရည်နည်းနည်း လုပ်ပြီး ခေါက်ဆွဲပေါ် ဆမ်းလိုက်သည်။ အစပ်အရသာ စားလိုလျှင် အစပ်ရည်ကို အနည်းငယ် ခပ်ထည့်ရုံပဲ ဖြစ်သည်။ ထိုအခါ အရသာက ပိုတောင် ကောင်းသွားပေမည်။
လင်းချင်းဟယ်က မီးဖိုချောင်အတွင်း သီချင်းလေး တညည်းညည်းဖြင့် အလုပ်များနေစဉ် လောင်တက အပြင်တွင် ကစားပြီး ပြန်လာကာ မေးလိုက်တော့သည်။
“အမေ သားတို့ နေ့လယ်စာ ဘာစားမှာလဲ”
“အသားအချဉ်ရည်ခေါက်ဆွဲ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
“အသား အချဉ်ရည်ခေါက်ဆွဲလား” လောင်တက မျက်လုံး လက်သွားတော့သည်။
“ရှားပါးတဲ့ဟာမှ မဟုတ်တာ၊ ဒါမျိုး တုံ့ပြန်ဖို့ လိုလို့လား” လင်းချင်းဟယ်က အထင်တသေး မှတ်ချက်ချတော့သည်။
“အမေ ဘာကြောင့် ပျော်နေတာလဲ။” လောင်တက ရယ်ရယ်မောမောဖြင့် မေးလိုက်သည်။
လင်းချင်းဟယ်က သူ့ကို တစ်ချက်ကြည့်ပြီး “ ငါပျော်နေတာ ဘယ်လိုသိလဲ”
“အမေ့မျက်နှာပေါ်မှာ ရေးထားတယ်လေ” လောင်တက ပြုံးဖြဲဖြဲဖြစ်နေသည်။ “သားပြောတာမယုံရင် အဖေ့ကို မေးကြည့်၊ ဒါဆို သိရမှာပေါ့”
“မေးဖို့မလိုဘူး၊ အမေ တကယ် စိတ်ကောင်းဝင်နေတာ” လင်းချင်းဟယ်က ထိုသို့ပြောပြီးနောက် မုန့်နှစ် ဆက်လုပ်နေသည်။
မကြာမီတွင် လောင်အာ့နှင့် လောင်စန်းကလည်း ကျိုးအိမ်ဟောင်းကနေ ပြန်လာသည်။ ညီအစ်ကိုနှစ်ယောက်က စုချန်လေးကိုတွေ့ရန် အတွက် သူတို့ အဘိုးအဘွားဆီ သွားကြတာ ဖြစ်သည်။
ကျိုးအိမ်ဟောင်းတွင် ကလေးများ ပိုများလာပြီး စည်ကားလာသောကြောင့်လည်း ဖြစ်သည်။
“အမေ အစ်ကိုရှကို ပြောလိုက်တယ်၊ မနက်ဖြန်ကျ နို့တစ်ငုံစာ ချန်ထားပြီး သူ့ကို ပေးမြည်းမယ်လို့” လောင်စန်းက ရောက်ချလာသည်။
သူပြောသည့် အစ်ကိုရှသည် ဒုတိယအစ်ကိုနှင့် ဒုတိယယောက်မ၏ သား ကျိုးရှပင်ဖြစ်သည်။
လင်းချင်းဟယ်နှင့် ဒုတိယမရီး၏ ဆက်ဆံရေးက မီးနှင့် ရေပမာ ဖြစ်နေသော်လည်း ကလေးများနှင့် ပြဿနာ မရှိပေ။
“သားဝေစုကို သုံးလို့ရတယ်၊ ဘယ်သူနဲ့မဆို မျှဝေနိုင်တယ်၊ သား မသောက်ရင်တောင် ပြဿနာမရှိဘူး”
လင်းချင်းဟယ်က ပြောလိုက်သည်။
“သားသောက်ချင်တယ်” လောင်စန်းက ပြောလိုက်သည်။
“သူက ကြွားရတာ ကြိုက်တယ်လေ။ သူ သွားကြွားတော့ အဲဒီကောင်က သွားရည်ယိုရော၊ သူလဲ သောက်ချင်လာတာလေ” လောင်အာ့က ရှင်းပြသည်။
“ဒီတစ်ခေါက် သားသူ့ကို ကတိပေးထားလို့၊ နောက်တစ်ခါကျ မတိုက်တော့ဘူး” လောင်စန်းက ပြောလိုကသ်ည်။
“ရပါတယ် နို့နည်းနည်းလေးပဲ၊ နေ့လယ်ကျ အမေတို့ အသားအချဉ်ခေါက်ဆွဲစားမှာပဲ” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ညီအစ်ကိုနှစ်ယောက်လုံး၏ မျက်လုံးများ လက်သွားသည်။
“သားတို့ အခန်းထဲ ဝင်တော့၊ အပြင်မှာ အရမ်းအေးတယ်” လင်းချင်းဟယ်က သူတို့ကို သွားခိုင်းလိုက်သည်။
ညီအစ်ကိုနှစ်ယောက်က သူတို့အခန်းအတွင်းသို့ ဝင်သွားကြသည်။ ကျိုးချင်းပိုင်က ရောက်လာပြီး သူမအတွက် မီးမွှေးပေးသည်။ လင်းချင်းဟယ်သည် မီးဖိုရှေ့တွင် ထိုင်နေသော လူကြီးကို တစ်ချက်ကြည့်လိုက်၏။ သူမက မျက်ခုံးတစ်ဖက်ပင့်လျက် ပြုံးကာ ပြောလိုက်သည်။
“လောင်အာ့လင်း(လင်းချင်းဟယ်ရဲ့ ဒုတိယအစ်ကို)က ရှင့်ကို ကြောက်တယ်”
ကျိုးချင်းပိုင်က သူမကို နားမလည်နိုင်သည့်အကြည့်ဖြင့် ကြည့်လာသည်။
စိတ်အခြေအနေ ကောင်းကောင်းဖြင့် သူမက ဒုတိယယောက်မကို ရိုက်နှက်ခဲ့ပုံကို ပြန်ပြောလိုက်သည်။
“လောင်အာ့လင်းက ကျွန်မကို ရင်ဆိုင်ရဲပေမဲ့ ကျွန်မက ရှင့်ကို ဆွဲသွင်းလိုက်တာလေ၊ သူသာ ကျွန်မကို ထိရဲရင် သူ့ခွေးခြေထောက်ကို ရှင့် သွားချိုးခိုင်းမှာ”
ကျိုးချင်းပိုင်က ရယ်မောနေသည်။
သို့သော် လောင်အာ့လင်းက သူ့ဇနီးကို အမှန်တကယ် ထိရဲလျှင် သူက ထိုသူကို သေချာပေါက် အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ပေ။ တစ်နည်းအားဖြင့် သူ့ကိုချီးထွက်အောင် ရိုက်နိုင်သည်။ သို့မှာသာ နောင်ကျ သူ့ဇနီးကို ထိုသူ တွေ့လျှင် ကွေ့ပတ်သွားမှာပဲ ဖြစ်သည်။
လင်းချင်းဟယ်က ကျန်သည့်ကိစ္စများ သယ်မလာပေ။ ပြောရန်မလိုပေ အားလုံး ပြီးသွားပြီဖြစ်သည်။ ခဏတာအတွက် လင်းမိသားစုဟောင်းသည် ဤကျိန်စာသင့်ကြယ်ဖြစ်သည့် သူမကို မြင်လိုမှာ မဟုတ်ပေ။
နေ့လယ်စာအတွက် အသားခေါက်ဆွဲက အလွန်အရသာ ရှိသည်။
ကျိုးချင်းပိုင်က အစပ်စားရတာ နှစ်သက်သည်။ သူက အစပ်များများ ရောစားလိုက်ရာ သူ့နဖူးပေါ်တွင် ချွေးများ သီးနေစေတော့သည်။ သို့သော် ထိုလူက စားသောက်ရတာ အလွန်ကျေနပ်နေတာ မငြင်းနိုင်ပေ။
သူ မပြောနှင့် အဖေကျိုးကလည်း အစပ်များ စားရတာလည်း နှစ်သက်သည်။ လောင်တကလည်း ကြိုက်သည်။ သူတို့အားလုံးက စွဲလမ်းနေကြသည်။
လောင်အာ့နှင့် လောင်စန်းကလည်း ငယ်လွန်းသည်။ ထို့ကြောင့် သူမက သူတို့ကို နည်းနည်းသာ ပေးမြည်းခဲ့သည်။ ညီအစ်ကိုနှစ်ယောက်လုံးက စပ်လွန်းမှန်း သိလိုက်ရသည်။ သူတို့အဖေ ကျိုးချင်းပိုင်က ၎င်းကို ထမင်းသဖွယ် စားနေပြီး တစ်ဇွန်းမောက်မောက်စားနေတာကို တွေ့လိုက်ရသောအခါ သူတို့ညီအစ်ကို၏ မျက်ဝန်းထဲတွင် သူတို့ဖခင်ကို လေးစားသည့်အကြည့်များ ရှိနေသည်။
နေ့လယ်စာက အရသာလေးပင်လေ ညစာက ပေါ့လေ ဖြစ်ရမည်။
ဖက်ထုပ်ဖြူကို အရိုး၊ မုန်လာဥဖြူဟင်းချိုနှင့် စားလိုက်သည်။ ကြက်ဥမွှကြော်လည်း ရှိသည်။
ယခုအချိန်တွင် မုန်လာဥဖြူက အလွန်ချိုသည်။ ဆိုရလျှင် အရိုးများဖြင့် ပွက်ပွက်ဆူအောင်တည်ထားသော ဟင်းချိုက အရသာ အလွန်ရှိသည်။
အရိုးပြုတ်ရည်နှင့် မုန်လာဥဖြူအရောကို ပေါက်စီဖြင့် ရောစားကာ ကြက်ဥမွှကြော်ပါ ပါသည်က ရိုးရှင်းသော်ငြား အာဟာရက မဆိုးပေ။
အနည်းဆုံးတော့ အဖေကျိုးနှင့် အမေကျိုးက ကျေနပ်သည်။
တစ်ချိန်တည်းတွင် သူတို့၏ အငယ်ဆုံးသားလေး မပိန်ရသည့်အကြောင်းအရင်းကို နားလည်သွားသည်။
စတုတ္ထလေး၏ အချက်အပြုတ်တော်သော ဇနီးက အိမ်တွင် အမာခံ ရှိနေလေရာ မည်ကဲ့သို့ ဆိုးနိုင်မည်နည်း။
မျက်တောင်တစ်ခတ်အတွင်း ဒီဇင်ဘာရောက်လာချေပြီ။ တစ်ဆယ့်နှစ်လမြောက် ဒီဇင်ဘာက အမှန်တကယ် ပေးသည်။
နှင်းကျသည်က များလှသည်။
အဖေကျိုးနှင့် အမေကျိုးက အလွန် ကျေးဇူးတင်နေကြသည်။ ယခုနှစ်တွင် စတုတ္ထလေး၏ဇနီးက သူတို့ကို ဂွမ်းစောင်ကြီးပေးထားသောကြောင့် အလွန်နွေးသည်။
အနွေးခုတင်ရှိသော်ငြား ၎င်းက ညလယ်တွင် အေးသွားလိမ့်မည်။ နွေးနေစေရန်က ဂွမ်းစောင်ပေါ် မူတည်နေသည်။ ဂွမ်းစောင်က လုံလောက်အောင် မနွေးလျှင် သူတို့က အေးစိမ့်မှုကြောင့် သေချာပေါက် နိုးလာပေမည်။
စုချန်လေးကို တတိယမရီးနှင့် သိပ်ရန်အတွက် သူတို့အခန်းထဲတွင် ထားထားသည်။ သွားခေါ်လိုက်၊ ပြန်ပို့လိုက် လုပ်ရန်က အေးလွန်းနေသောကြောင့် ထိုနေရာတွင် ထားလိုက်တာပဲ ဖြစ်သည်။
တတိယချွေးမက စိတ်ထဲမထားပေ။ ကလေးတစ်ယောက် ပိုလာရုံသာ ဖြစ်ပြီး ပြဿနာကြီးတစ်ရပ် မဟုတ်ပေ။
စုတာ့လင်းက မည်သို့ ပြုမူရမည်မှန်း သိနေသောကြောင့် သူမက လက်ခံတာလည်း ပါသည်။
သူ စကားထစ်ပြီး ရှင်းရှင်းလင်းလင်း မပြောနိုင်တာကို မကြည့်လေနှင့်။ မြို့ကနေ သူ သယ်လာသော ဝက်သား၊ ကြက်သား၊ ငါး၊ ဥတို့က မပြတ်လပ်ပေ။
တစ်ပတ်အတွင်း သူက ကြက်ဥတစ်ခြင်း။ အဆီပြင်အသားတစ်ပိုင်း၊ ငါးအချို့ သယ်လာလိမ့်မည်။ ထို့အပြင် တစ်လလျှင် ကြက်တစ်ကောင် ပို့သေးသည်။
ထိုကဲ့သို့ ဆက်ဆံမှုမျိုးဖြင့် တတိယမရီးက စုချန်လေးကို မည်ကဲ့သို့ ကောင်းကောင်းမွန်မွန် မဆက်ဆံဘဲ နေမည်နည်း။ ဆိုရလျှင် စုချိန်လေးကို သူမ နို့ချိုတိုက်ကျွေးရန်သာ လိုအပ်သည်။
သူကလည်း သူမနှင့် ညဘက် အတူအိပ်လိုက်သည်။ နေ့လယ်တွင် သူ့ယောက္ခမက ကလေး ကြည့်ပေးနေရာ သူမအတွက် မလိုအပ်ပေ။
မည်မျှ အဆင်ပြေသနည်း။
ဘေးအိမ်မှ ဒုတိယမရီးက မနာလိုဖြစ်တာ အံ့ဩစရာ မရှိပေ။ အချဉ်ဓာတ်များက ပျံ့ပြီး ဘေးရွာကို ရောက်နိုင်သည်။
သို့သော် မနာလိုဖြစ်ခြင်းက အသုံးမဝင်ပေ။ ကျိုးရှောင်မိန်က သူမနှင့် ဆက်ဆံရေး မကောင်းပေ။ အကူအညီတောင်းရမည့်သူ မရှိလျှင် ရွေးချယ်စရာမရှိဘဲ သူမကို အကူအညီတောင်းရမှာပဲ ဖြစ်သည်။
သို့သော် တတိယမရီးကို အကူအညီတောင်းနိုင်သောကြောင့် ကျိုးရှောင်မိန်သည် ပေကပ်သော ဒုတိယယောက်မကို နို့တိုက်ခွင့် သေချာပေါက် ပေးမှာ မဟုတ်ပေ။
သူမသား ရိက္ခာ၏ အရည်အသွေးအတွက် ကျိုးရှောင်မိန်၏ လိုအပ်ချက်ကလည်း မြင့်သည်။