အခန်း ၁၄၈
Viewers 38k

အခန်း (၁၄၈) – မြှောက်ပင့်ပေးခြင်း


လင်းချင်းဟယ်က ထိုသို့ဆိုလိုက်သည်တွင် အမေကျိုးက ထုံးစံအတိုင်း သူမကို စနောက်နေတာလို့ပဲ ထင်ခဲ့မိသည်။


လင်းချင်းဟယ်ဟာ မိခင်တစ်ဦး ဖြစ်နေပြီဖြစ်ပြီး ကောလိပ်စာမေးပွဲကို ဝင်ခွင့်ဖြေဆိုဖို့ လုပ်နေဆဲ ဖြစ်သည်။ စတုတ္ထရဲ့ ဇနီးသည်က ဟာသလုပ်ရတာ အရမ်းကြိုက်နေတာပဲ။


ကျိုးချင်းပိုင်တို့ သားအဖတစ်တွေဟာ မွန်းတည့်ချိန်လောက်မှာ အိမ်ပြန်ရောက်လာကြသည်။ သူတို့ ဘာသားကောင်မှ မရခဲ့သော်လည်း သားအဖတွေရဲ့ ကောင်းမွန်နေသည့် စိတ်အခြေအနေကို မည်သည့် သက်ရောက်မှုမှ မရှိပေ။


သူတို့အိမ်ပြန်ရောက်သောအခါတွင်ပင် လောင်အာ့နှင့် လောင်စန်းလေးတို့ဟာ ငှက်တွေကို ဘယ်လို ဖမ်းစီးရမလဲ ဆိုတာကို ဆက်လက် ဆွေးနွေးနေတုန်းပါပဲ။ အိမ်နောက်ဖေးမှာ ငှက်တွေကို ဆွဲဆောင်ဖို့ ဂျုံစပါး လက်တစ်ဆုပ်စာလောက် ပေးရန်ကိုပင် တောင်းလိုက်သေးသည်။


လင်းချင်းဟယ်က သူတို့ စိတ်ကြိုက် လုပ်ချင်ရာ လုပ်ခွင့် ပေးထားလိုက်သည်။


ဒီခေတ်ဒီအခါမှာ ဖျော်ဖြေရေး သိပ်မရှိဘူး။ ဒါက သူတို့တွေရဲ့ ကစားနည်းထဲက တစ်ခုပါပင်။


ကျိုးချင်းပိုင်ကတော့ နေ့ခင်းဖက် ပြန်ထွက်သွားပေမယ့် ဘာမှ ရမလာခဲ့ပါဘူး။ ထိုတောရိုင်းတိရိစ္ဆာန်တွေက အလွန်လိမ္မာပါးနပ်နေသဖြင့် အမဲလိုက်ရန် မလွယ်ကူဘူး။


ဒါပေမယ့် အဆုံးမှာတော့ သူက စစ်သားတစ်ယောက် ဖြစ်ခဲ့သည်ပင်၊ ရက်အနည်းငယ်ကြာပြီးနောက်၊ ဒီလူက ရစ်ငှက်တစ်ကောင် ပြန်ရလာသည်။


လင်းချင်းဟယ်သည်လည်း သဘာဝအတိုင်း အံ့အားသင့်သွားသည်။ လင်းချင်းဟယ်က အံ့အားသင့်နေသေးသော်လည်း ထိုနေ့တွင်ပင် ကျိုးချင်းပိုင်က ရစ်ငှက်ကို သတ်ပြီး ကြော်လိုက်သည်။


ရစ်ငှက် တစ်ဝက်ကို ကြော်ပြီး တစ်ဝက်ကို စွပ်ပြုတ် ချက်လိုက်သည်။


အရသာကတော့ အံ့မခန်းပါပဲ။


ဒါပေမယ့် ဒီရစ်ငှက်ကို ရပြီးနောက် ကျိုးချင်းပိုင်က အပြင်သို့ ထပ်မထွက်တော့ဘူး။ ဒီကောင်တွေကို ဖမ်းစီးရတာ မလွယ်ကူဘူး။ အခု တစ်ကောင်လောက် ဖမ်းမိပြီဆိုတော့ သူ့မျက်နှာကို ကယ်တင်ဖို့ လုံလောက်သွားပြီ။


လင်းချင်းဟယ်က ဒါကို သိပေမယ့် ထုတ်မပြောဘူး။ သူမရဲ့မိသားစု ဒီလူကြီးက တစ်ခါတစ်လေကျ သူ့မျက်နှာကို အရမ်းအလေးပေးတာပဲ။


ကျိုးချင်းပိုင် အိမ်မှာ ရှိနေ၍ လင်းချင်းဟယ်က ဘာမှ လုပ်စရာ မလိုဘူး။ ကျိုးချင်းပိုင်ရဲ့ ဟင်းချက်လက်ရာကို အမှန်တကယ် မြှင့်တင်ပေးဖို့ လိုအပ်သည်၊ လင်းချင်းဟယ်က ရိုးရိုးရှင်းရှင်းပဲ သူ့ကို တိုက်ရိုက်ချက်ပြုတ်ခိုင်းလိုက်သည်။


ကျိုးချင်းပိုင်က ချက်ပြုတ်လိုစိတ် ရှိပေမယ့် ခက်တာက စိတ်ရှိတိုင်း ချက်ပြုတ်တတ်တာ မဟုတ်ပေ။ မန်ထိုပေါင်းတာမျိုး ဆန်ပြုတ်၊ စွပ်ပြုတ်ချက်တာမျိုး ဖက်ထုတ်တွေပြုလုပ်ခြင်း ကဲ့သို့သော အရာမျိုးကို သူ့ကို လုပ်ခိုင်းလျှင် ကောင်းသေးသည်။ ဒါပေမယ့် ဟင်းချက်ခိုင်းသည့်အခါမှာတော့ သူ မလုပ်နိုင်ဘူး။


လင်းချင်းဟယ်ကသာ အချိန်မီ မကယ်တင်နိုင်ခဲ့ရင် ဒီနေ့အဖို့ သူတို့ စားစရာ ကျန်တော့မှာ မဟုတ်ဘူး။


ဒီခေတ်ဒီအခါမှာ ပစ္စည်းတွေက ရှားပါးလွန်းတော့ လင်းချင်းဟယ်က သူ့ကြောင့် ပျက်စီးသွားမှာကို လက်မခံနိုင်သည့်အတွက် သူမကိုယ်တိုင် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။


သူမ အားလပ်နေသည့်အခါတွင် လင်းချင်းဟယ်က ကိုယ်တိုင်ကိုယ်ကျ စာလေ့လာခဲ့သည်။


ကျိုးချင်းပိုင်က သူ့ဇနီးသည် စာလေ့လာနေတာကို ထိုင်ကြည့်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှဦပင် သူ့ဇနီးသည်က အလယ်တန်းအဆင့် သင်ခန်းစားများကို စတင် လေ့လာနေပြီ ဖြစ်သည်။


ပြီးတော့ သူ မြင်နေရသည့် ရလဒ်တွေကလည်း ကောင်းမွန်နေပြီး သူ့ဇနီးလေး ဒီသင်ခန်းစာတွေကို နားလည်သဘောပေါက်ပြီး ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူနိုင်သည်။


“ဇနီးလေး၊ မင်း ဘယ်သူ့ဆီက စာသင်ယူခဲ့တာလဲ။” ကျိုးချင်းပိုင်က ရုတ်တရတ် ထမေးသည်။


“ကျွန်မကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူနေတာလေ။” လင်းချင်းဟယ်က သူ့ကို မကြည့်ပဲ ပြန်ဖြေခဲ့သည်။


သူမရဲ့ မျက်ဝန်းတွေက စာအုပ်မှာသာ ရှိနေပေမယ့် သူမစိတ်ထဲမှာတော့ ရယ်ချင်နေခဲ့သည်။ ဒီလူက သူမကို စမ်းသပ်ချင်နေတာပဲ။


ဒါပေမယ့် လင်းချင်းဟယ်အတွက် ဒီလိုစမ်းသပ်မှုမျိုးက အရမ်းလွယ်ကူလွန်းတယ် မဟုတ်ပါလား။


ကျိုးချင်းပိုင်က သူမေးသမျှ အဖြေ ပြန်မရနိုင်တာကို မြင်လိုက်ရသည့်အတွက် ထပ်မံ မမေးတော့ဘူး။ တစ်ခါတစ်ရံမှာ သူ့ဇနီးသည်ကို သူ တစ်ခါမှ မရင်းနှီးဖူးသေးသလို ခံစားရသည်။


သူက သူမကို မသိတာ မဟုတ်ပေယ့် သူမမှာ သူ မသိသေးသည့် တစ်ဖက်ခြမ်း ရှိနေသေးတာကို ခံစားရပြီး အချိန်အတိုင်းအတာတစ်ခုအထိ ရောက်မှ သူမက သူ့ကို ပြသလိမ့်မယ်လို့ ခံစားခဲ့ရသည်။


အဲ့တာက သူ့ကို ထပ်မံ စူးစမ်းလေ့လာဖို့ တိုက်တွန်းခဲ့ပြန်သည်။


လင်းချင်းဟယ်က ဒီလူကို ဂရုမစိုက်တော့ဘူး။ သူက သူမကို အစစ်အမှန်ကို ဖမ်းဆုပ်နိုင်စွမ်းရှိလျှင် သူမကိုယ်တိုင် အရှုံးပေး ဝန်ခံလိုက်မည်။ မဟုတ်ရင် သူ ဆက်လက်ပြီး ပဟေဠိဆန်နေပါစေ။


တစ်နှစ်တာက အကုန်မြန်လွန်းသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အလုပ်ပြန်ဆင်းရမည့် နေ့ရက်တွေ ပြန်ရောက်လာပြီ။ ရာသီဥတုက အနည်းငယ် အေးစက်နေသေးပေမယ့် လယ်ယာလုပ်ငန်းခွင် ဝင်ချင်သူတိုင်းရဲ့ စိတ်အားထက်သန်မှုကိုတော့ မတားဆီးနိုင်ခဲ့ပါ။


အခြားထုတ်လုပ်ရေးအဖွဲ့တွေနှင့် နှိုင်းယှဥ်ပါက၊ သူတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့၏ လေထုသည် အမှန်တကယ် ကောင်းမွန်သည်ဟု ဆိုရပေမည် ဖြစ်သည်။ အပျင်းထူတဲ့သူတွေ ရှိပေမယ့် ရှားပါးနေဆဲပါပဲ။


ဒါပေါ့၊ လင်းချင်းဟယ်သည်လည်း ထိုသို့ ပျင်းရိနေသည့် လူတွေထဲမှာ ပါဝင်ပေသည်။


အိမ်ထောင်ကျပြီးကတည်းက၊ သူမ အလုပ်မှတ် တစ်မှတ် ရတာမျိုးကိုတောင် တစ်ခါမှ မတွေ့ဖူးကြဘူး။ သူမသည် ပျင်းရိသူ မဟုတ်ပါက၊ သူမက အဘယ်နည်း။ ဒါပေမယ့် ကံမကောင်းစွာပဲ၊ သူမကို ဘယ်သူမှ မပြောနိုင်ကြပါဘူး။


အရင်တုန်းကတော့ သူမယောကျာ်းရဲ့ လစာဝင်ငွေ ရရှိခဲ့သဖြင့် သူမသည် အစားအသောက်နှင့် အဝတ်အစားအတွက် စိတ်ပူစရာမလိုသည့်အတွက် လူတိုင်းအပေါ် မာနကြီးပြီး နှိမ့်ချလို့ရသည်။


နောက်ပိုင်း သူမယောကျာ်းက အငြိမ်းစားယူပြီး ပြန်လာခဲ့ပေမယ့် သူမကို ထောက်ပံ့ပေးနိုင်တုန်းပါပဲ။ သူမ အလုပ်ဆင်းလုပ်စရာမလိုပဲ တစ်နေ့ ထမင်းသုံးနပ်တောင် စားနေနိုင်သေးသည်။ နေ့တိုင်း အစားအသောက်ကောင်းတွေ ချက်စားပြီး ဟင်းလျာ မထပ်တဲ့ အမူအကျင့်တွေကို ဆက်လက်ကျင့်သုံးနေတုန်းပါပဲ။ ဒါတောင်မှ ဆင်းရဲနွမ်းပါးသွားမယ့် အရိပ်အမြွတ်မျှ မတွေ့ခဲ့ရပေ။


ဒါက စိတ်ဆိုးသင့်လား ဒါမှမဟုတ် ဒေါသထွက်သင့်လား။


မှတ်သားထိုက်သည်မှာ ဒီဆောင်းတွင်းတစ်ခုလုံး အာဟာရ ဖြည့်တင်းပြီးနောက်၊ အဖေကျိုးရဲ့ အသားအရေသည် များစွာ တိုးတက်ကောင်းမွန်လာသည်ကို လူတိုင်း တွေ့မြင်နိုင်ပေသည်။


သူ့ရဲ့ စိတ်ဝိညာဥ်ကလည်း အထူးတက်ကြွလွန်းသည်။


“ဘာမှ မဟုတ်ပါဘူး။ ဒီဆောင်းတွင်း စတုတ္ထရဲ့ ဇနီးသည်က ခန္ဓာကိုယ် နွေးထွေးအောင် သကြားညိုနဲ့ ဂျင်းစွပ်ပြုတ်ကို အမြဲလုပ်ပေးတယ်လေ။” အဖေကျိုးက ဘွင်းဘွင်းရှင်းရှင်း ပြောသည်။


အခြားအဖိုးကြီးတွေက အနည်းငယ် မနာလို မဖြစ်ပဲ မနေနိုင်တော့ဘူး။


ချင်းပိုင်ရဲ့ ဇနီးသည်က လယ်ယာထဲဆင်း၍ အလုပ်မလုပ်ပေမယ့် လူတွေကို ပြုစုစောင့်‌ရှောက်သည့် သူမရဲ့ အရည်အချင်းကိုတော့ ချီးကျူးရမည် ဖြစ်သည်။


အရင်က ချင်းပိုင်နဲ့ သူ့သားတွေပင်။ အခုတော့ လူအိုကြီးကျိုးသည်လည်း ထို့အတိုင်းပါပဲ။ အစားအသောက်တွေက ဘယ်လောက် ကောင်းမွန်လဲ ဆိုတာကို သူတို့ မမြင်ရပေမယ့် ခန့်မှန်းသိနိုင်သည်။


အမေကျိုးသည်လည်း ထမင်းခြေထားသည့် ပန်းကန်လုံးကို ကောက်ကိုင်ကာ စုချန်လေးကို အနည်းငယ် ကျွေးလိုက်သည်။ လောင်အာ့နှင့် လောင်စန်းတို့သည်လည်း ထိုအရာကို စားကြသော်လည်း သူတို့စားတာကတော့ နှမ်းနက်ယာဂု ဖြစ်ပေသည်။


“နှမ်းနက်ယာဂုဆိုတာ ဘာလဲ။” အခြားကလေးတွေက ဒါကို မသိကြပေ။


“နှမ်းနက်ယာဂုဆိုတာက နှမ်းစေ့တွေကို အမှုန့်ကြိတ်ပြီး ပွက်ပွက်ဆူနေတဲ့ ရေနဲ့ လောင်းပြီး လုပ်ထားတဲ့ ယာဂုပဲ။” လောင်အာ့က မိတ်ဆက်ပေးသည်။


“အဲ့တာက အရသာရှိလား။” ကျိုးရှားက မေးသည်။


“အရသာ ရှိတာပေါ့။ မင်း အိမ်ပြန်ရောက်ရင် မင်းအမေကို မင်းအတွက် လုပ်ခိုင်းလိုက်လေ။” လောင်အာ့က ခေါင်းညိတ်ကာ စကားဆိုသည်။


နှမ်းနက်ယာဂုတွင် သကြားအနည်းငယ် ထည့်ထားတာကြောင့် ဘယ်လောက်တောင် အရသာရှိလဲ ဆိုတာ မပြောပြနိုင်အောင်ပင်။


ဒုတိယမရီးရဲ့ သားဖြစ်သူ ကျိုးရှားက သက်ပြင်းချသည်။ သူ့အမေက သူ့အတွက် ဘယ်လိုလုပ်ပြီး နှမ်းနက်ယာဂု လုပ်ပေးနိုင်မလဲ။


“ပါးစပ်ဟ” လောင်စန်းက ပြောသည်။


ကျိုးရှားက ထိုသို့ ကြားလိုက်သည်နှင့် သူ့ရှေ့မှာ ငုတ်တုတ်ထိုင်ပြီး အကျင့်ပါနေသည့်အတိုင်း ပါးစပ်ဖွင့်ပေးလိုက်သည်။ လောင်စန်းက သူ့အတွက် တစ်ဇွန်းခပ်လိုက်ပြီး သူ့ပါးစပ်နှင့် ဇွန်းကို မထိစေအောင် သပ်သပ်ရပ်ရပ် လောင်းထည့်ပေးလိုက်သည်၊ “အခု ဒါက ဘယ်လောက် အရသာရှိလဲ ဆိုတာ မင်း သိသွားပြီလား။”


“အရမ်း အရသာရှိတာပဲ။” ကျိုးရှားက ခေါင်းညိတ်သည်။


“မင်းကို တစ်လုပ်ပဲ ပေးနိုင်မယ်၊ ငါ့အတွက်လည်း အများကြီး မရဘူး။” လောင်စန်းက ပြောရင်း ကျန်ဝေစုကို စားသောက်လိုက်သည်။ တခြားကလေးတွေနဲ့ ‌ဂေါ်လီရိုက်မသွားခင် အကုန်ကုန်အောင် စားပြီး ပန်းကန်ကို ဘေးဖယ်ထားခဲ့သည်။


“လောင်အာ့၊ မင်းလည်း နောက်နှစ်ဆို ကျောင်းတက်ရတော့မှာလား။” ကျိုးရှားက လောင်အာ့ကို မေးသည်။


“ဒါပေါ့။” လောင်အာ့က ပြန်ဖြေရင်း သူ့ကို ကြည့်လိုက်သည်။ “မင်းရော ငါနဲ့အတူ မတက်ဘူးလား။” လောင်အာ့က သူ့ကို မေးသည်။


“ငါ့အမေက ငါ့ကို မလွှတ်ဘူး။” ကျိုးရှားက သက်ပြင်းချသည်။


“စာလေ့လာတာက ကောင်းတဲ့ကိစ္စပဲ၊ မင်းအမေက ဘာဖြစ်လို့ မလွှတ်တာလဲ။” လောင်အာ့က ပြန်မေးသည်။


“ငါ့အမေက စာသင်တာက အသုံးမဝင်ဘူးလို့ ပြောတယ်။” ကျိုးရှားက ပြောသည်။


လောင်အာ့က မှတ်ချက်ပြုသည်၊ “စာလေ့လာရတာက ဘာဖြစ်လို့ အသုံးမဝင်ရမှာလဲ။ တကယ်လို့ မင်းသာ ကောလိပ်တက်နိုင်ရင် နောင်မှာ အိမ်အတွက် ငွေအများကြီး ရှာပေးနိုင်လိမ့်မယ်။ အဲ့တာက ဘယ်လောက် အသုံးဝင်လဲ ဆိုတာ မင်း မမြင်ဘူးလား။”


စုချန်လေးကို ယာဂုကျွေးနေသည့် အမေကျိုးက ဒါကို ကြားပြီး‌နောက် “လောင်အာ့၊ မင်းလည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေချင်လို့လား။”

 

“ဒါပေါ့၊ ကျွန်တော်လည်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေမှာလဲ။ ကောလိပ်တက်ပြီးရင်၊ ကျွန်တော် အလုပ်တစ်ခု ရှာနိုင်မယ်၊ လတိုင်း ပိုက်ဆံအများကြီး ရှာနိုင်လိမ့်မယ်။ ပြီး‌တော့ အမေ့အတွက် ပစ္စည်းတွေ အများကြီး ဝယ်ပေးနိုင်လိမ့်မယ်။” လောင်အာ့က ထိုသို့ ပြောပြီးနောက် နောက်ဆုံးစာကြောင်းတစ်ခုကို အချည်းနှီး ထပ်ထည့်လိုက်သေးသည်၊ “ပြီးတော့ အဖွားအတွက် ပစ္စည်းတွေ အများကြီး ဝယ်ပေးမယ်။”


အသက်ငယ်ငယ်လေးသာ ရှိသေးပေမယ့် သူ့အပြောကတော့ ချောမွတ်နေတာပဲ။ ဒါပေမယ့် ဒါက အမေကျိုးရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုကို မထိခိုက်စေဘူး၊ “ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ ဒါဆို အဖွားက သား ကောလိပ်တက်ပြီး အဖွားအတွက် ပစ္စည်းတွေ ဝယ်ပေးဖို့ ပိုက်ဆံရှာနိုင်တဲ့အထိ စောင့်နေမယ်နော်။”


ထိုသို့ပြောပြီးနောက် အမေကျိုးက ကျိုးရှားဖက်သို့ လှည့်ကာ “အဖွားက ဒီလိုပြောလိုက်တယ်လို့ နင့်အမေကို သွားပြောချေ။ နင် ဒီနှစ် လောင်အာ့နဲ့အတူ ကျောင်းသွားတက်ပြီး အလုပ်သမား၊ တောင်သူလယ်သမားနဲ့ စစ်သား တက္ကသိုလ်ကို ဝင်ခွင့်ရမလားလို့ စောင့်ကြည့်ရ‌အောင်လို့။ နင်သာ ဝင်ခွင့်ရရင် နင့်အမေကို ကြည့်ရှုစောင့်ရှောက်ပေးနိုင်လိမ့်မယ်။”

 

“ကောင်းပါပြီ။” ကျိုးရှားရဲ့ မျက်လုံးတွေက တလက်လက် တောက်ပသွားပြီး အိမ်သို့ ပြန်ပြေးကာာ သူ့အမေကို ပြောပြခဲ့သည်။


ဒုတိယမရီးက သူမသားဖြစ်သူထံမှ ဒီအကြောင်းကို နားထောင်အပြီး “နင့်အဖွားက စကားကို အရမ်း ပေါ့ပေါ့တန်တန်‌ ပြောလိုက်တာပဲ။ စာသင်နှစ်တစ်နှစ်အတွက်တောင် စာသင်ဖို့ ပိုက်ဆံ အများကြီး ကုန်တယ်။ ငါတို့မိသားစုက အရမ်းဆင်းရဲတယ်၊ ပိုက်ဆံက ဘယ်မှာ ရှိလို့လဲ။”


“အမေ၊ သမီးမောင်လေးကို စာလေ့လာခိုင်းလိုက်ပါ။” စန်းနီကို သူမနှုတ်ခမ်းကို တင်းတင်းစေ့ရင်း နားချသည်။


“ဘာကို စာသင်ဖို့လဲ။ ပိုက်ဆံ မရှိဘူး။” ဒုတိယမရီးက အော်ထုတ်လိုက်သည်။