အခန်း ၁၅၂
Viewers 38k

အခန်း (၁၅၂)- ဒါကို သောက်ရတာ ကြောက်ဖို့ကောင်းတယ်


အကြီးဆုံးအစ်ကိုနှင့် တခြားသူတွေနှင့် နှိုင်းယှဥ်ပါက ကျိုးချင်းပိုင်ရဲ့ အခြေအနေဟာ အလွန်ကောင်းမွန်ကြောင်း သိသာထင်ရှားသည်။


ဒါပေမယ့် ဒါက အံ့သြစရာ မဟုတ်ပါဘူး။


နံနက်စောစောတွင် လူတိုင်း အေးစက်နေသည့် မန်ထိုနှင့် ဟင်းရွက်ချဥ်တွေကိုသာ စားနေရသည့်အချိန်တွင် လင်းချင်းဟယ်က မနက်စောစော ထကာ မန်ထိုကိုပေါင်းပေးပြီး ဆန်ပြုတ် ဒါမှမဟုတ် ဂျုံယာဂုကို ချက်ပြုတ်ပြင်ဆင်ပေးလေ့ရှိသည်။ ထို့နောက် သူမသည် သခွားသီးကြက်ဥမွှေကြော်ကိုပါ ပြင်ဆင်ပေးခဲ့သေးသည်။


စားစရာ မရှိသောအခါတွင်သာ ဤကဲ့သို့ ချက်ပြုတ်ပေးတာ ဖြစ်ပြီး များသောအားဖြင့် ထမင်းအနပ်တိုင်းတွင် အသားတစ်ပန်းကန် ပါဝင်လေ့ရှိသည်။


ဝက်သားနှင့်ပဲသီးဟင်း ဒါမှမဟုတ် အသားနှင့်ပန်းငရုတ်ပွကြော်တို့ပင် ဖြစ်ကြသည်။


မနက်ခင်း သူ အလုပ်မဆင်းခင် ဗိုက်ပြည့်တင်းအောင် စားရသည်။


နေ့လည်ခင်းတွင်လည်း အလားတူပင်။ လင်းချင်းဟယ်က ထမင်းဟင်းချက်ပြုတ်ပြီးစီးတာနဲ့ သူ့ထံ ထမင်းသွားပို့ပေးသည်။ ပြီးတော့ သူမ ပြန်သွားချိန်တွင် မတ်ပဲစွပ်ပြုတ်တစ်ခွက် ချန်ခဲ့သေးသည်။


အနားယူချိန်မှာ ဒါလေးကို ရင်အေးအောင် သောက်သုံးဖို့အတွက် ဖြစ်သည်။


ညနေခင်း အိမ်ပြန်ရောက်တော့ ပိုပြီး အရသာရှိတဲ့ ဟင်းလျာတွေက သူ့ကို စောင့်ဆိုင်းနေသေးသည်။


အသား နှစ်တုံး၊ အသီးအရွက်ဟင်း နှစ်ခွက်နှင့် စွပ်ပြုတ် တစ်ခွက်တို့ပင်။


စားသောက်ပြီးရင် သောက်သုံးဖို့ မတ်ပဲစွပ်ပြုတ်က ကျန်သေးသည်။ လူတစ်ဦးစီအတွက် တစ်ပန်းကန်စီသာ ရသော်လည်း အေးမြသည့် အကျိုးသက်ရောက်မှုကို ရရှိခံစားနေရဆဲ ဖြစ်သည်။ ချိုမြမြ မတ်ပဲစွပ်ပြုတ် တစ်ခွက်ကို သောက်သုံးပြီးတော့ အလုပ်များခဲ့သည့် နေ့လည်နေ့ခင်းဖက်ရဲ့ အပူရှိန်တွေ ပျောက်ကင်းသွားသလို ခံစားလိုက်ရသည်။


ရေမိုးချိုးပြီး အိပ်ပျော်သွားတဲ့အခါမှာ သူ့စိတ်ဝိညာဥ်က ပြန်လည်ကောင်းမွန်လာပါလိမ့်မည်။


လင်းချင်းဟယ်ရဲ့ အဓိကတာဝန်မှာ ကျိုးချင်းပိုင်ကို ပြုစုစောင့်ရှောက်ပေးဖို့ရန် ဖြစ်ပြီး ကျန်သည့်သူများကတော့ ဒုတိယ ဦးစားပေးဖြစ်သည်။


သို့ရာတွင် အဖေကျိုး၊ လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည်လည်း ကံကောင်းကြသည်။ အခြေခံအားဖြင့် ကျိုးချင်းပိုင်အတွက် ဝေစု တစ်စု ရသည့်အခါတိုင်း သူတို့အတွက်လည်း ပျက်ကွက်မည် မဟုတ်ပေ။


လောင်တာတောင်မှ အကုန်လုံး ကောက်ယူပြီး အမေ့ရဲ့ အချစ်ဆုံးက အဖေပဲလေလို့ မှတ်ချက် ချခဲ့သည်။


နွေစပါးရိတ်သိမ်းပြီးသောအခါ လင်းချင်းဟယ်ဟာ သူမ ခဏတာ စုစည်းသိမ်းဆည်းထားတဲ့ လက်ကျန်အသားတွေကို ရောင်းချဖို့ မြို့တက်သွားခဲ့သည်။ အပြန်တွင် ဖရဲသီးအကြီးကြီး တစ်လုံးကိုပါ ဝယ်ယူလာခဲ့သည်။


ဒီဖရဲသီးကြီးကို အကုန်လုံး ကြိုက်မှာ သေချာပြီး တစ်မိသားစုလုံး ဒါကို စားရတာ အလွန်ပျော်ရွှင်ကြသည်။


သူတို့သားလင်မယားနှင့် အတူ နေထိုင်ပြီးကတည်းက အဖေကျိုးနှင့် အမေကျိုးတို့ရဲ့ အစားအသောက် အနေအထိုင်တွေက တဟုန်ထိုး တိုးတက်လာခဲ့သည်။


အဲ့ဒီည အဖေကျိုးက အိပ်ခါနီးမှာ သူ့ဇနီးသည်ကို ပြောခဲ့သည်၊ “စတုတ္ထရဲ့ ဇနီးသည်က ပိုက်ဆံအသုံးကြမ်းတယ်လို့ မင်း ပြောခဲ့တယ်၊ သူမမှာ သုံးစွဲဖို့ ပိုက်ဆံမကျန်တော့ဘူးလို့ ငါ ဘာဖြစ်လို့ ခံစားနေရတာလဲ။”


ဒါပေါ့၊ စတုတ္ထရဲ့ ဇနီးသည်၏ သုံးဖြုန်းပုံနဲ့ဆို အသက်ရှင် နေထိုင်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ အဖြစ်ကို အဖေကျိုးက မကြိုက်ရုံပါပဲ။ စတုတ္ထလေးရဲ့ ဇနီးသည်က ဘယ်လို ရှင်သန်နေထိုင်ရမလဲဆိုတာကို မသိဘူးဆိုရင် ကမ္ဘာပေါ်မှာ ဘယ်လိုရှင်သန်နေထိုင်ရမလဲ ဆိုတာ သိတဲ့သူ ရှိပါတော့မလား။

 

သူတို့မှာ သံသယတွေ ရှိနေရုံသာ ဖြစ်သည်။


အဆုံး၌ စတုတ္တလေးဟာ အိမ်ကို ပြန်ရောက်တာ နှစ်အတော်ကြာပြီ ဖြစ်ကာ စတုတ္ထရဲ့ ဇနီးသည်က သူမ အရင်လို သုံးစွဲနေတုန်းပဲလား။


“ကျွန်မလည်း မသိဘူး၊ မနက်ဖြန်ကျရင် ကျွန်မ မေးကြည့်လိုက်မယ်။” အမေကျိုးက တုံ့ပြန်ပြောဆိုသည်။


“စတုတ္ထရဲ့ ဇနီးသည်ကို စိတ်ဆိုးစေလောက်မလား။” အဖေကျိုးက ‌ပြောသည်။


“ဘာကို စိတ်ဆိုးရမှာလဲ။ ကျွန်မက သူမကို ပိုက်ဆံတောင်းမှာမှ မဟုတ်လား။ ကျွန်မက မေးကြည့်ရုံပဲလေ။ စတုတ္ထရဲ့ ဇနီးသည်က သိပ်အများကြီး‌တွေးမှာ မဟုတ်ဘူး။” အမေကျိုးက ပြောသည်။


အဖေကျိုးက ဘာမှ ပြန်မပြောဘူး။


နောက်တစ်နေ့တွင် အမေကျိုးက လင်းချင်းဟယ်ကို မေးမြန်းခဲ့သည်။

 

“ချင်းပိုင် ပင်စင်ယူပြီး အိမ်ပြန်လာတုန်းက ပိုက်ဆံအများကြီး ပြန်ပါလာခဲ့တယ်။ သိပ်မသုံးရသေးပါဘူး၊ အမေရဲ့။ သိပ်ပြီး စိတ်ပူမနေနဲ့။” လင်းချင်းဟယ်က ပြန်ဖြေသည်။


ကြည့်ပါလား၊ သေချာတာပေါ့၊ သူတို့နှစ်ယောက် ဒီမှာ အတူလာစားနေတော့ အနှေးနှင့် အမြန်ဆိုသလို မေးခွန်းထုတ်လာလိမ့်မယ် ဆိုတာ အမှန်ပဲ မဟုတ်ပါလား။


“အဲ့တာဆို ကောင်းပြီ။” သူမ ပြောတာကို ကြားတော့ အမေကျိုးက ‌ခေါင်းညိတ်သည်။


ငွေကြေး မည်မျှ ရှိလဲ ဆိုတာကို သူမ မေးမြန်းခြင်း မရှိပေ။


အစပိုင်းမှာတော့ လင်းချင်းဟယ်က ယွမ် ၁၅၀၀လောက်ရှိတယ်လို့ အမေကျိုးကို ပြောပြချင်ပေမယ့် အမေကျိုးက မမေးတော့ သူမ ဒါကို ပြောပြဖို့ မေ့ထားလိုက်သည်။


တကယ်တော့ အခုလောလောဆယ် သူမလက်ထဲမှာ ယွမ် ၃၅၀၀လောက်ရှိသည်။


သူမ ဒါကို ဖြည်းဖြည်းချင်း စုဆောင်းသိမ်းဆည်းထားခဲ့တာ ဖြစ်သည်။ သူမရဲ့ ကြီးမားသော အသုံးစရိတ်ကြောင့် မဟုတ်လျှင် ဒီထက် ယွမ် ၁၀၀၀လောက် ပိုစုဆောင်းမိပေလိမ့်မည်။


ဒါပေါ့၊ သူမမောင်လေးကို ချေးထားတဲ့ ယွမ် ၁၀၀လည်း ရှိသေးသည်။


ကျိုးချင်းပိုင် ပြန်ရောက်သည့်အခါမှာ လင်းချင်းဟယ်က သူ့ကိုမေးသည်၊ “ဒီနှစ်မှာ နွားနို့ထောက်ပံ့ရေးစခန်းတစ်ခု ဖွင့်လှစ်မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒီအကြောင်း သတင်းမရသေးတာလဲ။”


နွေဦးအစပိုင်းမှာ ရရှိလိမ့်မယ်လို့ သူမ ထင်ခဲ့သော်လည်း ယခုအခါ ပူပြင်းလွန်းလှတဲ့ နွေဥတု အလယ်ပိုင်းသို့ပင် ရောက်ရှိနေခဲ့ပြီ။


“ဟိုမှာ တစ်ခုခုတော့ မှားနေတာ ဖြစ်မယ်၊ ဒါပေမယ့် အခုရက်ပိုင်းတော့ ဖွင့်ဖြစ်မှာပါ။” ကျိုးချင်းပိုင် ပြောသည်။


ကျိုးချင်းပိုင် ပြောတာ မှန်ပေသည်၊ နွေစပါးရိတ်သိမ်းပြီးချိန်မှာ နွားနို့ထောက်ပံ့ရေးစခန်းတစ်ခု ရောက်ရှိလာခဲ့သည်။

 

လာမယ့်နှစ် မတ်လကနေ နိုဝင်လာအထိ နွားနို့ထောက်ပံ့ရေးစခန်းကို ကိုယ်တိုင် သွားဝယ်လို့ ရသည်။ နွားနို့တစ်ပုလင်းအတွက် ဆယ်ပြားသာ ကျသင့်ပြီး အတော်လေး စျေးသက်သာတယ်လို့ ဆိုရမည်။ သို့သော် သူတို့ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးရမည် ဆိုပါက ၁၁ပြား ကျသင့်သည်။


လင်းချင်းဟယ်သည် နေ့တိုင်း နွားနို့ ၃ပုလင်း လာပို့ပေးရန် နွားနို့ပို့ပေးသော ကောင်လေးအား တိုက်ရိုက် ပြောခဲ့သည်။


အမေကျိုးက ဒီစကားကို ကြားတော့ ကြက်သေ သေသွားသည်၊ “သုံးပုလင်းက အရမ်းမများဘူးလား။”


“တစ်ပုလင်းက စုချန်လေးအတွက်လေ။ လောင်တရဲ့ဦးလေးက ကျွန်မကို စုချန်းလေးကို ဝယ်တိုက်ပေးဖို့ မှာခဲ့တယ်။ ကျွန်မတို့မိသားစုအတွက် ကလေးတွေသောက်ဖို့ နှစ်ပုလင်း မှာခဲ့တာ။” လင်းချင်းဟယ်က ပြန်ဖြေသည်။


အတည်ပြုပြီးနောက် လူငယ်လေးက မှတ်စုစာအုပ်တွင် ရေးမှတ်ခဲ့ပြီး မနက်ဖြန်မနက်မှစ၍ သေတ္တာတစ်လုံး လာပို့ထားပြီး နွားနို့လာပို့ပေးမည်ဟု အသိပေးပြောခဲ့ကာ ထွက်သွားခဲ့သည်။


အမေကျိုးရဲ့ မျက်နှာအမူအရာကို ကြည့်ရင်း လင်းချင်းဟယ်က နည်းနည်းလောက် ရှင်းပြခဲ့သည်။ “ဒီနွားနို့က တော်တော်လေး ကောင်းမွန်ပြီး အာဟာရပြည့်တယ်။ ဒါကို သောက်ရင် အရပ်ပိုရှည်နိုင်တယ်လို့ မြို့ပေါ်က လူတွေပြောတာ ကျွန်မ ကြားဖူးခဲ့တယ်။ ကလေးတွေ ဒါကို သောက်ရင် အကျိုးကျေးဇူးတွေ အများကြီး ရလိမ့်မယ်။”


“ချန်ချန်က ဒီလောက် မသောက်နိုင်ဘူးလေ။” အမေကျိုးက ထောက်ပြသည်။


“တကယ်လို့ ချန်ချန်လေးက တစ်ပုလင်း မသောက်နိုင်ဘူးဆိုရင် ပုလင်းတစ်ဝက်တော့ သောက်နိုင်မှာပါ။ လောင်တရဲ့ ဦးလေးကို ငါးပြားပဲ ပေးခိုင်းပြီး ကျန်တဲ့ နို့ပုလင်းတစ်ဝက်အတွက် ကျွန်မ ခြောက်ပြား ပေးမှာမို့ အညီအမျှ ခွဲဝေယူကြတာပေါ့။ အဖေနဲ့ အမေရော နွားနို့ သောက်ချင်လား။” လင်းချင်းဟယ်က ပြောသည်။


“နင့်အဖေနဲ့ ငါက ဒါသောက်ဖို့ မလိုအပ်သေးပါဘူး။” အမေကျိုးက တခစ်ခစ်ရယ်ရင်း ပြောသည်။


“ဒါက သောက်လို့ ကောင်းပါတယ်။” လင်းချင်းဟယ်က ပြောသည်။


ပြီးတော့ တခြား ဘာမှ ထပ်မပြောတော့ဘူး။


လင်းချင်းဟယ်သည် ဒီခေတ်ဒီအခါက နို့မှုန့်ကို မြင်ခဲ့ဖူးသော်လည်း ဒီခေတ်ဒီအခါက လတ်ဆတ်တဲ့ နွားနို့ကို မတွေ့ဖူးသေးပေ။


နောက်တစ်နေ့ မနက်ခင်းတွင် နွားနို့ သုံးပုလင်း လာပို့ပေးသည်။ ထို့အပြင် တံခါးဝတွင် သေတ္တာတစ်လုံး ချိတ်ဆွဲထားသည်။ အခုမှစ၍ နံနက်တိုင်း အချိန်မှန် ပို့ဆောင်ပေးမှာဖြစ်ပြီး အာရုဏ်မတက်မီ ပို့ဆောင်ပေးခဲ့သည်။


ငွေ‌ပေးချေမှုကို တစ်လလျှင် တစ်ကြိမ် ပေးချေရမှာ ဖြစ်ပြီး ကုန်ပစ္စည်း မပို့ဆောင်ခင် ကြိုတင်ပေးချေရတာ ဖြစ်သည်။ မနေ့တုန်းက လင်းချင်းဟယ်သည် တစ်လစာ နွားနို့ဖိုးငွေ ပေးချေခဲ့သည်။


လင်းချင်းဟယ်သည် နွားနို့ကြိုဖို့ သွားယူခဲ့သည်။ တစ်ခါတည်း လက်ကိုင်နှစ်ဖက်ပါသည့် အိုးထဲသို့ထည့်ကာ တည်ထားလိုက်သည်။


ပြောရမယ်ဆိုရင် ဒီခေတ်ဒီအခါက နွားနို့က တကယ့်ကို အာဟာရပြည့်ဝပြီး ကျန်းမာစေသည်။ နွားနို့အပေါ်ယံလွှာကို ကြည့်ရတာပင် အရမ်း ဆွဲဆောင်မှုရှိတယ်လို့ ပြောရမည်။


လင်းချင်းဟယ်သည် သဘာဝအတိုင်း မြည်းစမ်းကြည့်ချင်လာသည်။ သူမသည် ဇွန်းတစ်ဇွန်းဖြင့် အနည်းငယ် ခပ်ယူပြီး မြည်းစမ်းကြည့်ခဲ့သည်။ အရသာက အလွန်သန့်ရှင်းသည်။


ကျိုးချင်းပိုင် အိပ်ရာနိုးလာတော့ သူ မျက်နှာသစ်၊ သွားတိုက်ပြီးချိန်တွင် လင်းချင်းဟယ်က သူ့ကို အနည်းငယ် ခပ်တိုက်လိုက်သည်။


“မင်းကြိုက်ရင်၊ တစ်ပုလင်းလောက် ပိုမှာလိုက်ပါလား။” ကျိုးချင်းပိုင်က သူမကိုကြည့်ကာ ပြောသည်။


“မလိုပါဘူး။” လင်းချင်းဟယ်က ခေါင်းခါသည်။


အဖေကျိုးနှင့် အမေကျိုးတို့ရဲ့ အမြင်ကို သူမ သိပ်ဂရုစိုက်သော်လည်း သူတို့ရဲ့ စိတ်သဘောထားကို အမြဲ စိန်မခေါ်သင့်ဘူး။


ကလေးတွေ နိုးလာတော့ လင်းချင်းဟယ်က သူတို့ကို မြည်းစမ်းခွင့်ပေးလိုက်သည်။ သူမသည် စုချန်လေးရဲ့ ဝေစုကို ဘေးဖယ်ထားပြီး ကျန်တာကို ကလေးသုံးယောက်အတွက် အညီအမျှ ခွဲဝေပေးလိုက်သည်။


ဒါကို မန်ထိုနှင့် ကျွေးမွေးခဲ့သည်။


“ဒါကို သောက်ရတာ ကြောက်ဖို့ကောင်းတယ်။”


လောင်စန်းက တစ်ကျိုက်သောက်ပြီး လျှာထုတ်ကာ မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

 

“မဆိုးပါဘူး၊ အနံ့လေးလည်း ကောင်းတယ်။” လောင်တက နှုတ်ခမ်းသပ်ကာ အကဲဖြတ်သည်။


“ဒီအရသာက အရမ်း-အရမ်း...” လောင်အာ့က အရသာကို မည်သို့မျှ မပြောနိုင်ခဲ့ဘူး။


“လောင်တပဲ ဒါကို သောက်လိုက်တော့။” လောင်စန်းက ပန်းကန်လုံးကို ချက်ချင်း တွန်းထုတ်လိုက်ပြီး ပြောသည်။


“တစ်ကျိုက်တည်း မော့သောက်လိုက်။” လင်းချင်းဟယ်က သူ့ကို အကြည့်စူးစူးဖြင့် ကြည့်သည်။


“အမေ၊ သားအတွက် သကြားနည်းနည်းလောက် ဖြူးပေးပါလား။” လောင်အာ့က အပြုံးလေးဖြင့် စကားဆိုသည်။


“မင်းရဲ့ သွားတွေ ပျက်စီးမှာကို မကြောက်ဘူးလို့ ငါ မထင်ဘူး။” လင်းချင်းဟယ်က နှာမှုတ်လိုက်သည်။

 

လောင်အာ့လည်း ပါးစပ်ပိတ်ပြီး နွားနို့ကို မဆိုင်းမတွ မော့ချကာ မန်ထိုကို စားလိုက်သည်။


လောင်စန်းသည်လည်း ကြီးမားသော ခါးသီးမှုနှင့် မုန်းတီးမှုဒဏ်ကို သည်းခံပြီး အမြန်သောက်ခဲ့သည်


ကျောင်းတက်ဖို့ လောင်အာ့နှင့် လောင်တကို လာရှာသည့် ကျိုးရှားက အိမ်သို့ ရောက်လာခဲ့သည်။ သူတို့ နွားနို့သောက်နေတာကို မြင်လိုက်ရသဖြင့် အရမ်းမနာလိုဖြစ်မိသည်။


တစ်ရွာလုံးမှာ သူ့စတုတ္ထဒေါ်လေး တစ်ဦးတည်းသာ နွားနို့သောက်ဖို့ မှာယူခဲ့တာဖြစ်ပြီး အခြားမည်သူမျှ မရှိတာကို သူ သိသည်။


“အစ်ကိုလောင်တ၊ နွားနို့က အရသာရှိလား။” ကျိုးရှားသည် ကျောင်းသို့သွားရာလမ်းတွင် ‌လောင်တကို မေးသည်။